← Chapters

အခန်း (၁၇၆)

Vol. 12 Ch. 176

အခန်း (၁၇၆)

Vol. 12 Ch. 176

သို့သော် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဝတ်ရုံဝတ်ထားသော ဆွဲဆောင်မှုရှိသည့် မိန်းမပျိုက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏ အနားတွင် ရှိနေသော လူငယ်ကို မြင်းပေါ်မှ ဆွဲချလိုက်သည်။

သူမ၏လက်က သံညှပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

"နင်တို့တွေက အနည်းဆုံးတော့ အဲဒီလူတွေကို ခဏလောက် တားဆီးပေးသင့်တယ်။ ဒါပေမယ့် နင်တို့အားလုံးက အမှိုက်တွေ ၊ ပိုးကောင်တွေ ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီလိုဆိုမှတော့ သစ်ပင်စိမ်းတောင်တန်းက မိန်းကလေးက ခဏလောက် ကူပေးလို့မရဘူးလား…"

သို့သော် သူမက လူငယ်၏သွေးအဆီအနှစ်များကို ထုတ်ယူပြီး သူမ၏သွေးကြောမှတ်များထဲတွင် အားဖြည့်ရန်အတွက် ပြောင်းလဲတော့မည့်အချိန်တွင် သူမ၏မျက်လုံးထောင့်မှနေ၍ မြက်ဖိနပ်စီး လူငယ်၏ လှုပ်ရှားမှုကို သတိထားမိခဲ့သည်။

ထိုလူငယ်က ပျက်စီးနေသော ကျောင်းဆောင်၏ အတွင်းထဲမှနေ၍ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ ထိုအချိန်တွင် သူက သူမ မျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေသော ခွန်အားနှင့် အရှိန်အဝါကို ပြသခဲ့သည်။ ယုန်တစ်ကောင်ကဲ့သို့ လျင်မြန်သော အရှိန်နှင့် သူမ၏အနားကို ချက်ချင်း ရောက်လာပြီး သူမ၏ခေါင်းကို လက်သီးနှင့်ထိုးလိုက်သည်။

ထိုမိန်းမပျိုက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်ပြီး သူ့ကို ရူးမိုက်သော လူငယ်လေး တစ်ယောက်အဖြစ်သာ ရိုးရှင်းစွာ သတ်မှတ်ထားခဲ့၏။ သူမက သူ၏လက်သီးကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ သူ့လက်သီးချက်က သူမ၏အဝတ်အစားများကို လှုပ်ရှားသွားအောင် လုပ်နိုင်သည်ဟုပင် မယုံကြည်ခဲ့ပေ။

သို့သော် သူမက အစွမ်းထက်သော လူငယ်လေး၏ သွေးအဆီအနှစ်များကို ယစ်မူးခံစားတော့မည့်အချိန်တွင် သူမ၏ခေါင်းကို ဦးတည်လာနေသော လက်သီးချက်က သံတူကြီးတစ်ချောင်းကဲ့သို့ သူမ၏ ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။ ဆွဲဆောင်မှုရှိသော မိန်းမပျို၏ ဦးခေါင်းက ချက်ချင်း နောက်ကို ပြင်းထန်စွာ လန်သွားခဲ့၏။

ချန်းပင်အန်း၏ တိုက်ခိုက်မှုက သူမ၏အရေပြားကို ဖျက်ဆီးနိုင်ခြင်း မရှိသော်လည်း သူမ၏ဦးခေါင်းမှနေ၍ နာကျင်မှုတစ်ခု ပေါ်လာခဲ့သည်။ ထို့ကြောင့် သူမက လူငယ်၏လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိ၏။

သူမ၏ လက်သည်းလေးများက သူ၏တံတောင်ဆစ်ထဲသို့ ဝင်ရောက်သွားသည့်အတွက် လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်က တစ်စစီပျက်စီးသွားသလို ခံစားလိုက်ရ၏။

ဆွဲဆောင်မှုရှိသော မိန်းမပျိုကို အောင်အောင်မြင်မြင် တိုက်ခိုက်လိုက်ပြီးနောက် ချန်းပင်အန်းက အခွင့်အရေးကို အရယူပြီး နောက်သို့ပြန်ခုန်လိုက်သည်။ ထို့ကြောင့် သူနှင့်ပြိုင်ဘက်၏ အကွာအဝေးက ဝေးကွာသွားခဲ့၏။ မြေပြင်ပေါ်သို့ ပြန်ဆင်းလိုက်ပြီးနောက် သူက သူ၏ချီစွမ်းအင်များကို လျင်မြန်စွာ ယူဆောင်လိုက်ပြီး ပထမဆုံး ရပ်တန့်ခြင်း(၆)သွယ်ကိုဖြတ်၍ သူ၏ချီစွမ်းအားများကို လျင်မြန်စွာ စီးဆင်းစေခဲ့သည်။

သူက နောက်ထပ်လက်သီးတစ်ချက် တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သူ့ကို အတူတူဝိုင်းပြီးတော့ တိုက်ခိုက်ကြ..."

လူသန်ကြီးကတော့ မြက်ဖိနပ်နှင့်လူငယ်လေးထက် ခြေတစ်လှမ်းပို၍ နှေးကွေးနေသည်။ အလွန်လျင်မြန်ပြီး ကြောက်စရာကောင်းသော လူငယ်လေး၏ တိုက်ခိုက်မှုကြောင့် သူကတော့ ပို၍ပင် အံ့ဩသွားခဲ့၏။ တစ်ချိန်တည်းတွင် သူနှင့် သူ့လက်အောက်ငယ်သားများ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများက အပြစ်မဲ့သော လူငယ်လေးကို ထိခိုက်အောင် လုပ်မိသွားမှာကိုလည်း စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက တွေဝေနေခဲ့၏။

အဆုံးတွင်တော့ သူလည်း စဉ်းစားနေ၍ မရတော့ဘဲ ထိုနတ်ဆိုးအိုကြီးကို အရင်ဆုံး ချုပ်နှောင်ထားရန် လက်အောက်ငယ်သားများကို အရင်ဆုံး အချက်ပြလိုက်ရသည်။ ထိုအချိန်တွင် သူက ဆွဲဆောင်မှုရှိသော မိန်းမပျို၏အနားကို ကပ်သွားခဲ့၏။ ထိုလူငယ်လေးက နတ်ဆိုးမကို မသတ်နိုင်ဘဲ သူမ၏အစာဖြစ်သွားမှာကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

မြင်းပေါ်တွင် ရှိနေသော လူငယ်ကျင့်ကြံသူများနှင့် ယှဉ်လိုက်မည်ဆိုလျှင် အဝေးမှနေ၍ အခြေအနေကို အကြာကြီး တိတ်တဆိတ် စောင့်ကြည့်နေသော ထိုလူငယ်လေးအပေါ် ထိုလူသန်ကြီးက ပို၍ကောင်းမွန်သော ခံစားချက်ရှိသည်။ နောက်ဆုံးတွင်တော့ သူက လျင်မြန်ပြီး အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

တိတ်ဆိတ်ခြောက်ကပ်သော တောင်တန်းများကို ဖြတ်သန်းသွားလာနေသည့် အချိန်တွင် ဝိညာဉ်များ ၊ သရဲတစ္ဆေများ ၊ မကောင်းဆိုးဝါးများကို တွေ့ရသည်မှာ သာမန်သာဖြစ်သည်။

တစ်ခါတစ်ရံ ကောင်းမွန်သော လေ့လာနိုင်စွမ်းနှင့် ဆုံးဖြတ်ချက်များက အစွမ်းထက်ခြင်းထက် အဆပေါင်းများစွာ ပို၍အရေးကြီး၏။ လူတစ်ယောက်က သူတို့၏ စွမ်းအားကန့်သတ်ချက်ကို နားလည်ပြီး သူတို့၏ ကန့်သတ်ချက်အတိုင်း လှုပ်ရှားရန်လည်း လိုအပ်သည်။ မဟုတ်လျှင် ပြဿနာရှာရုံသက်သက်သာ ဖြစ်ပါလိမ့်မည်။ ထိုအရာက အသက်ရှင်ရက် နေထိုင်နိုင်သော သော့ချက်လည်းဖြစ်၏။

ထိုလူငယ်များ၏ အမှန်တရားဆန်ပြီး နွေးထွေးသောသဘာဝကို လူသန်ကြီးက အမှန်တကယ် သဘောကျသည်။ သို့သော် တစ်ချိန်တည်းတွင် သူတို့၏ သဘောထားသေးသိမ်မှုကိုတော့ အလွန်စိတ်ပျက်သွားမိခဲ့၏။

ဆွဲဆောင်မှုရှိသော မိန်းမပျိုကတော့ လူငယ်၏လက်မောင်းကို လွှတ်ပေးရန် ဆန္ဒမရှိချေ။ ချန်းပင်အန်း၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံစားလိုက်ရပြီးနောက် သူမက ဂရုမစိုက်ဘဲ မနေရဲတော့ပေ။ သူမက သူ့အနားသို့ လျင်မြန်စွာ ပြန်လှည့်သွားခဲ့သည်။

မုန်းစရာကောင်းသော လူငယ်က နောက်တစ်ကြိမ် လက်သီးနှင့် ထိုးလိုက်ကြောင်း မြင်သည့်အခါ သူမကလည်း အစွမ်းထက်သော ခြေကန်ချက်ကို အသုံးပြုလိုက်သည်။ သူမ၏ တိုက်ခိုက်မှုထဲတွင် လေလှိုင်းသံများပင် ပေါ်လာနေပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့၏။ ထိုအရာက တောင်တန်းကြီးတစ်ခုကိုပင် ချိုင့်ဝင်သွားစေနိုင်လောက်အောင် အစွမ်းထက်သည်။

ချန်းပင်အန်း၏ မျက်နှာပေါ်တွင် ဆုံးဖြတ်ချက် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာပြီး သူ၏ခြေလှမ်းများက အလွန်အမင်းကို ပေါ့ပါးနေခဲ့၏။ သူက နေရာမှ သွေဖယ်သွားခဲ့ပြီး ဘေးဖက်သို့ ရုတ်တရက် နေရာရွှေ့လိုက်သည်။ ထို့နောက် ဆွဲဆောင်မှုရှိသော မိန်းမပျို၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။

တစ်ချိန်တည်းတွင် အောက်သို့ငုံ့လိုက်ပြီး လက်မောင်းတစ်ဖက်ကို မြှောက်၍ မိန်းမပျိုဆီမှ နောက်ထပ် ရောက်လာနိုင်သော တိုက်ခိုက်မှုများကို ကာကွယ်ထားခဲ့သည်။ သူက ရှေ့ကို ဆက်၍ပြေးသွားပြီး မိန်းမပျိုကို လက်သီးနှင့်ထိုးလိုက်၏။

ထိုအချိန်ကျမှသာ ထိုလူငယ်၏ ထူးဆန်းသော အစွမ်းများကို နတ်ဆိုးမကလည်း နားလည်လာခဲ့ရသည်။ သူ့လက်သီးချက်က အပေါ်ယံတွင် ရိုးရှင်းပြီး သာမန်သာ ဖြစ်သော်လည်း အစစ်အမှန် လက်သီးအနှစ်သာရများ ပေါင်းစပ်ထားသည်။ ထို့ကြောင့်လည်း သူက သူမကို ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်၏။

“မင်းက ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်ဖို့ မစဉ်းစားနဲ့တော့..”

လူသန်ကြီးက အော်ဟစ်လိုက်သည်။ သူက လေထဲသို့ ခုန်လိုက်ပြီး လက်သီးနှင့် တစ်ချက်ထိုးလိုက်၏။ လေထဲကို ဖြတ်သန်းလာသော လက်သီးအငွေ့အသက်များက မိန်းမပျို၏ ဦးခေါင်းကို ရောက်လာခဲ့သည်။

တစ်ချိန်တည်းတွင် အဖြူရောင်သံကြိုးပုံရိပ်တစ်ခုကလည်း လူသန်ကြီး၏နောက်တွင် ရပ်နေသော လူတစ်ယောက်၏ အင်္ကျီလက်ထဲမှ ပျံသန်းလာခဲ့၏။ ထိုအရာတွင်သာမက နောက်ကျောတွင် မက်မွန်သစ်သားဓားတစ်ချောင်း လွယ်ထားသော လူကလည်း သူ၏လက်ညှိုးနှစ်ချောင်းကို ဓားတစ်ချောင်းသဏ္ဍာန် ဖန်တီးလိုက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

စွမ်းအားအလုံအလောက် စုစည်းလိုက်ပြီးနောက် သူ့နောက်ကျောတွင် ရှိနေသော မက်မွန်သစ်သားဓားက ဓားအိမ်ထဲမှ အလိုလို ပျံသန်းလာပြီး လေထဲသို့ မြောက်တက်သွားခဲ့သည်။ ထိုအရာက လေထဲတွင် အလွန်လှပစွာ လှုပ်ရှားလိုက်ပြီး မိန်းမပျို၏ လည်ပင်းကို ခုတ်ချလိုက်၏။

“ငါက အလွယ်တကူ လှည့်စားခံရမယ်လို့ နင်တို့လူသားတွေက ထင်နေတာလား။ ငါက ကီလိုမီတာ (၁၀၀)ပတ်လည်မှာရှိတဲ့လူတွေကို ဘာကြောင့်နှိပ်စက်ခဲ့ရတာလဲ။ ငါက ဘာလုပ်နေတယ်လို့ နင်တို့က ထင်နေတာလဲ…”

နတ်ဆိုးမက အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။

ချန်းပင်အန်း တွေးထားသည့်အတိုင်း ပထမဆုံး တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် သူ့ရှေ့တွင် ရှိနေသော မိန်းမပျိုက ပြောင်းလဲလိုက်ပြီး ခြေထောက်မှသိမ်း၍ ကန်လိုက်သည်။ တစ်ချိန်တည်းတွင် အနီရောင်မြေခွေးအမြီး(၃)ချောင်းကလည်း သူမ၏နောက်ဘက်မှ ထွက်ပေါ်လာခဲ့၏။

ထိုအမြီးများက လူသန်ကြီး၏ လက်သီးအငွေ့အသက်၊ အဖြူရောင်သံကြိုး တိုက်ခိုက်မှုနှင့် မက်မွန်သစ်သားဓား၏ တိုက်ခိုက်မှုများကိုလည်း တားဆီးထားခဲ့သည်။ အမြီး(၃)ချောင်းက သွေးများရဲသွားသော်လည်း သူမကတော့ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှု(၃)ခုကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။

နတ်ဆိုးမက အရိုးပင် မြင်ရလောက်အောင် ဒဏ်ရာရသွားသော လူငယ်လေး၏ လက်မောင်းကို ဘေးသို့ ပစ်ထုတ်လိုက်သည်။ သူမကို ချုပ်နှောင်ထားသော အရာမရှိတော့သည့်အတွက် နောက်ဆုံးတွင်တော့ သူမက လွတ်လပ်စွာ တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။

သူမက လက်တစ်ဖက်နှင့် ချန်းပင်အန်း၏ လက်သီးကို ချုပ်ကိုင်ထားလိုက်ပြီး သူမ၏ လက်ထဲမှ စိမ့်ဝင်လာသော နာကျင်မှုကို အံကြိတ်၍ သည်းခံလိုက်သည်။ ထို့နောက် လူငယ်လေး၏နဖူးကို ကျန်လက်တစ်ဖက်နှင့် တိုက်ခိုက်လိုက်၏။ ထိုမိန်းမပျိုက ထိုလူငယ်လေးကို အလွန်ဒေါသထွက်နေခဲ့သည့်အတွက် သူ့ခေါင်းထဲမှ ဦးနှောက်များကို ထုတ်ယူပစ်ရန် စဉ်းစားနေခဲ့သည်။

သူမက ထိုလူငယ်လေးကို ကြောက်လန့်နေသော်လည်း သူမ၏ အစစ်အမှန်ရန်သူက တစ်ခြားတစ်ယောက်ဖြစ်သည်။ သူမက အဝေးကို လှမ်းကြည့်လိုက်ပြီး ပျက်စီးနေသော ကျောင်းဆောင်ကိုကျော်၍ တစ်နေရာကို ကြည့်လိုက်၏။

သူမက အပြုံးနှင့်ပြောလိုက်သည်။

“အချစ်ကလေး….

ရှင်က ဒီလိုပဲ စိုက်ကြည့်နေတော့မှာလား။ ရှင့်ရဲ့မိန်းကလေးကို အပြင်လူတွေက အနိုင်ကျင့်နေတာကို ဘာမှမလုပ်တော့ဘူးလား..”

သို့သော် မထင်မှတ်ထားစွာပင် သူမ၏ရှေ့၌ ရှိနေသော လူငယ်လေးက အလွန်အမင်းကို ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်သည်။ ချန်းပင်အန်း၏ လက်သီးကို ဖမ်းထားခံလိုက်ရပြီးနောက် သူက နောက်သို့ လှန်ချလိုက်ပြီး သူမ၏ဗိုက်ကို ခြေထောက်နှစ်ဖက်နှင့် ကန်ချလိုက်၏။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကို ခံစားလိုက်ရသည်။

မိန်းမပျိုက ချုပ်ကိုင်ထားခြင်းကို မထင်မှတ်ဘဲ လွှတ်လိုက်မိသော်လည်း လူငယ်၏နောက်မှ လိုက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း မရှိချေ။ ထိုအစား သူမက သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီး ပြောလိုက်၏။

“ငါက ပြီးမှပဲ မင်းနဲ့ရင်ဆိုင်တော့မယ်။ ငါက ဗုဒ္ဒ္ဓလို သနားကြင်နာတတ်တယ်လို့ နာမည်ကျော်ကြားတဲ့ မိန်းမတစ်ယောက်ပဲ..။ ငါက မင်းရဲ့အသက်ကို အဆုံးမသတ်ရသေးခင် မင်းကို ပျော်ရွှင်မှု အတွေ့အကြုံတွေ ပေးရဦးမယ်။ မင်းမသေခင် ငါ့ရဲ့ဖျော်ဖြေမှုတွေကို ဘဝပေါင်းများစွာ မျှော်လင့်နေရဦးမှာပါ…”

လူသန်ကြီးကတော့ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သူက လူငယ်လေးကို လက်မထောင်ပြလိုက်ပြီး အားရပါးရရယ်၍ ချီးကျူးလိုက်၏။

“လုပ်တာကောင်းတယ်…”

အဝေးသို့ပြန်ဆုတ်သွားလိုက်ပြီးနောက် ချန်းပင်အန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ပျက်စီးနေသော ကျောင်းဆောင်ထဲမှ ထွက်လာသည့် ပန်းရောင်ဝတ် ကလေးမလေးကတော့ မျက်ရည်များစီးကျမတတ် အခြေအနေကို ရောက်နေပြီဖြစ်၏။

“ဆရာ…

ဆရာ့ကို ကာကွယ်ပေးဖို့ ရေမြွေက ကျွန်မကို ပြောခဲ့တယ်။ သူကတော့ ပိုပြီးအစွမ်းထက်တဲ့ ရန်သူကို ရင်ဆိုင်ဖို့ ထွက်သွားတယ်။ ဒါပေမယ့် ဘယ်လိုတိုက်ခိုက်နေလဲဆိုတာတော့ ကျွန်မလည်း မသိဘူး။ ဒါကြောင့် ကျွန်မက အရမ်းစိုးရိမ်နေတာ။ ကျွန်မ တောင်းပန်ပါတယ် ဆရာ။ ကျွန်မက ဘာမှအသုံးမဝင်တာ ကျွန်မရဲ့အမှားပါပဲ…”

ချန်းပင်အန်း၏ မျက်လုံးများက ဆွဲဆောင်မှုရှိသော မိန်းမပျိုကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။ သို့သော် သူက ပန်းရောင်ဝတ် ကလေးမလေး၏ခေါင်းကို ညင်သာစွာပုတ်လိုက်၏။

“အဆင်ပြေပါတယ်..နောက်တစ်ကြိမ် ပိုပြီးဂရုစိုက်တာပေါ့…”

သူက စိတ်ချစေရန် ပြောလိုက်သည်။

ကျမ်းစာ စာကြည့်တိုက်ထဲတွင်သာ ဘဝတစ်လျှောက်လုံးနီးပါး လေ့ကျင့်ထားခဲ့သော ပန်းရောင်ဝတ် ကလေးမလေးကတော့ ထိုစကားကို ကြားသည့်အခါ ပို၍အပြစ်ရှိလာသလို ခံစားလိုက်ရသည်။ သူမက စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာခဲ့၏။

“ကင်းခြေများတောင်တန်းထဲမှာ တစ်ခြားအစွမ်းထက်တဲ့ နတ်ဆိုးကျင့်ကြံသူတွေလည်း ရှိနေသေးတယ်…”

လူသန်ကြီးက သတိပေးလိုက်သည်။

“မင်က အခြေအနေကိုကြည့်ပြီး လှုပ်ရှားဖို့ လိုအပ်တယ်။ တကယ်လို့ ငါတို့က သူ့ကို တကယ်ပဲ တွန်းအားမပေးနိုင်ဘူးဆိုရင်တော့ အနည်းဆုံး ဒီလူငယ်တွေ လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်အောင် စောင့်ရှောက်ပေးဖို့ လိုတယ်…”

လူတိုင်းက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သူတို့က ထိုလူငယ်လေးများကို ကာကွယ်ရန် ကြိုးစားနေခြင်းက ကောင်းကင်ဘုံကို တက်လှမ်းရန် ကြိုးစားခြင်းကဲ့သို့ ခက်ခဲမည်ဖြစ်ကြောင်း လူတိုင်းက နားလည်နေခဲ့သည်။ အကယ်၍ အဆိုးဆုံး အခြေအနေများသာ ဖြစ်လာလျှင်ပင် သူတို့က အကောင်းဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသေး၏။

သူတို့ နတ်ဆိုးမကို လိုက်လံတိုက်ခိုက်မှုက အန္တရာယ်များ ပြည့်နှက်နေသည်။ အကယ်၍ စိမ်းပြာဝတ်အဘိုးအို၏ ပြန်လည်ကုစားမှုကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် သူတို့အဖွဲ့က ဒဏ်ရာအနာတရများ ရနေကြပြီဖြစ်သည်။

သူတို့က သူမကို ဖမ်းဆီးမိတော့မည့်အချိန်တွင် ဘာကြောင့် ထိုကဲ့သို့ ကြောက်စရာကောင်းပြီး ရိုင်းစိုင်းသောစကားများ သူမကို အော်ဟစ်နေရသနည်း။ အဘယ်ကြောင့်ဆိုသော် သူမက ပြစ်မှုပေါင်းမြောက်များစွာ ကျူးလွန်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုလူများက သူတို့ဒေါသများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြပေ။ သူတို့က ဒေါသကို ဖြေဖျောက်ရန်အတွက် သူမကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေကြသည်။

ချန်းပင်အန်းကို အပြုံးနှင့် စနောက်လိုက်ပြီးနောက် မိန်းမပျိုက အဝေးမှလှုပ်ရှားမှု ၊ တုံ့ပြန်မှုမရှိကြောင်း နားလည်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် အရူးဝက်ဝံ၏ အကျင့်စရိုက်အရ သူက အလွန်ကြီးကျယ်ခမ်းနားသော အမူအရာနှင့် ပြေးလာသင့်နေပြီ ဖြစ်သည်။

နတ်ဆိုးမက ဒေါသတကြီး အော်ဟစ်လိုက်၏။

“နင် ဘယ်မှာလဲ…”

ပျက်စီးနေသော ကျောင်းဆောင်၏ နောက်တွင် ရှိနေသော တောင်တန်းထဲတွင်..

(၃)မီတာနီးပါးခန့် အရပ်ရှိပြီး လက်ထဲတွင် ပုဆိန်နှစ်လက်ကိုင်ထားသော လူငယ်လေး တစ်ယောက်က သူ့ရှေ့တွင် ရပ်နေသော စိမ်းပြာဝတ်ကောင်လေးကို ကြည့်နေခဲ့သည်။

ထိုကောင်လေးက သူ့ကို ပြုံး၍ကြည့်နေခဲ့၏။ သူ့ပုံစံက အရသာရှိသော စားစရာတစ်ခုကို ကြည့်နေသလို ထင်မှတ်ရသည်။ ထိုအရာကို မြင်သည့်အချိန်တွင် တောင်တန်းငယ်လေးတစ်ခုကဲ့သို့ ကြံ့ခိုင်သန်စွမ်းသော အစွမ်းထက်ဝိညာဉ်က တံထွေးမြိုချလိုက်မိသည်။ သူက ပြန်လှည့်ပြီး ချက်ချင်းပင် ထွက်ပြေးသွားခဲ့၏။

သူ ပြေးသွားသည်မှာ အလွန်လျင်မြန်လွန်းလှသည့်အတွက် လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ရှင်းပစ်ခဲ့ပြီး သစ်ပင်များအားလုံးကိုပင် ခုတ်ချပစ်ခဲ့သည်။ ခဏကြာပြီးနောက် သူက သူ၏ပုဆိန်များကို လွှတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီး သူ၏မူလပုံစံသို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့၏။ သူက ဧရာမဝက်ဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရူးသွပ်နေသော အမူအရာနှင့် ထွက်ပြေးသွားခဲ့သည်။

နတ်ဆိုးမ၏အစီအစဉ်က ဆိုးရွားသွားခဲ့ပြီး သူမက မျှော်လင့်ထားသလို အစွမ်းထက်သော ဝက်ဝံဝိညာဉ်၏ အကူအညီကို မရတော့ပေ။ သူမက စိုးရိမ်ထိတ်လန့်နေသော အခြေအနေကို ကျရောက်သွားခဲ့ပြီး လူသန်ကြီး၏အစွမ်းထက်သော လက်သီးအငွေ့အသက်များကြောင့် တဖြည်းဖြည်း ရှုံးနိမ့်သွားခဲ့ရသည်။

သူမက မြေပေါ်သို့ လဲကျသွားခဲ့ပြီး သူမ၏ပုခုံးကိုတော့ တစ်ခြားတစ်ယောက်၏ မက်မွန်သစ်သားဓားက လျင်မြန်စွာ ထိုးဖောက်သွားခဲ့၏။ ထို့ပြင် သူမက အဖြူရောင်သံကြိုး၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ သူမက အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများနှင့် ချုပ်နှောင်ခံထားရ၏။

အဆုံးတွင်တော့ လူသန်ကြီးက သူမ၏နဖူးပေါ်ကို အကြိမ်ပေါင်းများစွာ ခြေထောက်နှင့် နင်းခဲ့ပြီး သူမ၏ သွေးကြောမှတ်များထဲမှ စီးဆင်းနေသော ချီစွမ်းအားများကို ဖျက်ဆီးပစ်ခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူ၏နင်းခြေမှုက အလွန်အစွမ်းထက်လွန်းလှသည့်အတွက် သူမ၏ခေါင်းတစ်ခုလုံး လမ်းမထဲသို့ပင် နစ်မြှုပ်သွားခဲ့ရသည်။ ထို့နောက် လူသန်ကြီးက ငွေရောင်ဓားငယ်လေး တစ်ချောင်းကို ထုတ်ယူပြီး နတ်ဆိုးမ၏နှလုံးသားကို ထိုးစိုက်လိုက်သည်။

သူက ထိုသို့လုပ်ဆောင်ပြီးမှသာ သူမ၏လည်ပင်းမှနေ၍ ကိုင်ပြီး မြှောက်လိုက်သည်။ သူမကို ပုခုံးပေါ်တွင် တင်သွားခဲ့ပြီးနောက် သူက သူမကို မြင်းတစ်ကောင်၏ နောက်ကျောပေါ်သို့ ပစ်တင်လိုက်သည်။

ထိုအချိန်တွင် ပျက်စီးနေသော ကျောင်းဆောင်၏ အမိုးပေါ်၌ ထိုင်နေသော စိမ်းပြာဝတ်ကောင်လေးကိုကြည့်ပြီး သူ၏အမူအရာများက အလွန်ရှုပ်ထွေးနေခဲ့၏။ အဆုံးတွင်တော့ သူက ပန်းရောင်ကလေးမလေး၏အနားတွင် ရပ်နေသော ပိန်ပိန်ပါးပါးလူငယ်ကို စိုက်ကြည့်၍ လက်နှစ်ဖက်ဆုပ်ပြီး ပြုံးလိုက်သည်။

“သခင်လေး..

နောက်ပိုင်း လောကကြီးထဲကို ခရီးသွားလာတဲ့အချိန် ပိုပြီးတော့ ဂရုစိုက်ဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံသူတွေအားလုံးက ငါတို့လိုမျိုး မဟုတ်ကြဘူး…”

ချန်းပင်အန်းကတော့ လူသန်ကြီး ပြောလိုသောစကားလုံးများ၏ နောက်ကွယ်တွင် ရှိနေသည့် အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်နေခဲ့သည်။ သာမန်အင်မော်တယ်များက သူနှင့်ကလေးနှစ်ယောက်ကို တွေ့သည့်အချိန်တွင် သူတို့၏ အဆင့်အတန်းကို မြင်လိုက်သည်နှင့် ရေမြွေနှင့် မီးစပါးအုံးမြွေတို့ကို ချက်ချင်း တိုက်ခိုက်ကြပါလိမ့်မည်။ ထိုအင်မော်တယ်များက လူသန်ကြီးနှင့် သူ့အဖော်များကဲ့သို့ အပြစ်လုပ်ထားသော ဝိညာဉ်များကိုသာ တိုက်ခိုက်သူများ မဟုတ်နိုင်ပေ။

ချန်းပင်အန်းက လက်နှစ်ဖက်ဆုပ်ပြီး ပြန်ဖြေလိုက်၏။

“ကျွန်တော် ဂရုစိုက်ပါ့မယ်…"

လူသန်ကြီးက သူ့မြင်းပေါ်သို့ ပြန်ခုန်တက်သွားခဲ့သည်။ အမျိုးသမီးက သတိပြန်ဝင်လာသည့် လက္ခဏာမျိုး မရှိကြောင်း သေချာသွားသည့်နောက် သူက အားရပါးရရယ်ပြီး ချန်းပင်အန်းကို ပြောလိုက်သည်။

"မင်းရဲ့လက်သီးသိုင်းက တော်တော်လေးစားဖို့ကောင်းတယ်...ကြိုးစားထား..."

လူသန်ကြီးက သူ့ကို‌စနောက်နေသည်ဟု တွေးမိသည့်အတွက် ချန်းပင်အန်းက ရှက်ရွံ့ပြီး သူ့ကို ပြုံးပြလိုက်သည်။

"အဲဒီလောက် မဟုတ်ပါဘူးဗျာ..။ ဒီက မိတ်ဆွေရဲ့ လက်သီးသိုင်းကသာ အတော်အံ့ဩဖို့ ကောင်းတာပါ…"

လူသန်ကြီးက အားရပါးရ ရယ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။ သူက လူငယ်လေးကို နောက်တစ်ကြိမ် လက်နှစ်ဖက် ဆုပ်ပြလိုက်ပြီး သူ့အဖော်များနှင့်အတူ ပြန်လှည့်သွားခဲ့၏။ သူတို့က လာခဲ့သောလမ်းအတိုင်း ပြန်လှည့်သွားခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးမကို လိုက်လံဖမ်းဆီးမှုက ချော့မွေ့ခဲ့ခြင်းမရှိချေ။ သူမကို မျှားခေါ်လာရန်ပင် အချိန်နှစ်ပတ်ကျော် ပေးခဲ့ရသည်။ ထို့နောက် သူတို့က (၂)ရက်နှင့် (၂)ညတိတ် သူမ၏နောက်ကို လိုက်လာခဲ့ကြရ၏။ လူသန်ကြီးက အဆင့်(၅) သိုင်းပညာရှင် တစ်ယောက် ဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ အနည်းငယ် ပင်ပန်းနေသလို ခံစားနေခဲ့ရသည်။

သူ့အဖွဲ့ထဲတွင် ရှိနေသော တစ်ခြားချီကျင့်ကြံသူများကိုတော့ ပြောနေရန်ပင် မလိုတော့ချေ။ သူတို့က သူတို့၏ဆုကြေးကို ထုတ်ယူရန် ရုံးတော်သို့ အလျင်အမြန် သွားရောက်ရန် လိုအပ်သည်။ ခုံရုံးဝါတိုင်းပြည်နန်းတွင်းမှ ပေးအပ်သောဆုများကို မပြောနှင့်။ သူတို့၏ကိုယ်ပိုင်အဖွဲ့အစည်းနှင့် ဂိုဏ်းများကို ပြန်ရောက်သွားလျှင်ပင် အလွန်ကြီးမားသော အကျိုးအမြတ်များ သေချာပေါက် ရကြပါလိမ့်မည်။

မိန်းမပျိုကို ဖြတ်ကျော်သွားသည့်အချိန်တွင် လူသန်ကြီးက ပြောလိုက်၏။

"လူကောင်းတွေ ၊ လူဆိုးတွေဆိုတာက မင်းတို့ကို သတိပေးဖို့ နဖူးပေါ်မှာ ရေးထားမှာ မဟုတ်ဘူး။ နောက်ပိုင်းကျရင် အလျင်စလိုမလုပ်နဲ့။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့အတွက် လောကကြီးထဲမှာ ခရီးသွားလာဖို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ သတ္တိရှိမှုကတော့ ရှိသင့်ပါတယ်။ ဒါပေမယ့် မင်းနောက်ကနေ မင်းရဲ့ဂိုဏ်းက ပြဿနာကို လိုက်မရှင်းပေးရအောင်လို့ ရူးမိုက်တဲ့အလုပ်မျိုးကိုတော့ ရှောင်ကြဉ်ရမယ်.."

အဖွဲ့နှစ်ဖွဲ့က အချင်းချင်း ဖြတ်ကျော်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ မုတ်ဆိတ်နှင့် လူငယ်လေးက သူ့ဓားကို ပြန်သိမ်းလိုက်သည်။ နတ်ဆိုးမကြောင့် လက်မောင်းတစ်ဖက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော လူငယ်လေးကတော့ သနားစဖွယ် အခြေအနေမျိုး ဖြစ်နေခဲ့၏။ သွေးထွက်နေသော ဒဏ်ရာကို ဆေးလိမ်းထားခဲ့သော်လည်း လူငယ်ကတော့ နာနာကျင်ကျင် အော်ဟစ်နေရသေးသည်။ အသွေးအသားများ ပြန်ရပြီးနောက်ပိုင်းတွင် ထိုလက်က သုံးစားမရ ဖြစ်သွားနိုင်၏။

လူငယ်တစ်ယောက်ကတော့ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူက သူ့မိတ်ဆွေ၏ ဆိုးဆိုးရွားရွား အခြေအနေကို မကြည့်နိုင်ပေ။ ရုတ်တရက်ဆိုသလို ပျက်စီးနေသော ကျောင်းဆောင်ကြီးသို့ ပြန်လျှောက်သွားသော လူငယ်လေးကိုကြည့်ပြီး သူက ဒေါသတကြီး အပြစ်တင်လိုက်၏။

"မင်းက ဘာလုပ်တာလဲ။ ဘာလို့ ငါတို့ကို စောစော မကူညီရတာလဲ။ တကယ်လို့ မင်းသာ အဲဒီနတ်ဆိုးမကို စောစောတွေ့ခဲ့တယ်ဆိုရင် ဘာလို့ ငါတို့ကို သတိမပေးရတာလဲ။ မင်းက အဲဒီမှာထိုင်ပြီး ပြပွဲတစ်ခု ကြည့်ချင်နေတာလား…"

တစ်ချိန်တည်းတွင် နောက်တစ်ယောက်ကလည်း တုန်ယင်နေသောအသံနှင့် အော်ဟစ်လိုက်သည်။

"မင်းကြောင့် အစ်ကိုမာက ဒဏ်ရာရသွားခဲ့တာ…"

ချန်းပင်အန်းက ရပ်လိုက်ပြီး ပြန်လှည့်လာခဲ့သည်။ သူက ထိုလူနှစ်ယောက်ကိုကြည့်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

တစ်ယောက်ကတော့ ကြောက်လန့်တကြား နောက်ဆုတ်သွားခဲ့ပြီး တစ်ယောက်ကတော့ အားတင်း၍ ချန်းပင်အန်းကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

"ဘာလဲ...မင်းက မှားနေတာလေ။ ဒါတောင် ငါတို့ကို ထိခိုက်အောင် လုပ်ချင်သေးတာလား…"

ချန်းပင်အန်းက တိတ်ဆိတ်နေပြီး သူ့ခေါင်းနှင့် ရင်ဘတ်ကို လက်ညှိုးထိုးပြလိုက်၏။ ထိုသို့လုပ်ဆောင်လိုက်ပြီးနောက် သူက ဖိုထားသော မီးပုံဆီသို့ ပြန်လှည့်သွားခဲ့သည်။ သူက ထိုနေရာတွင် ထိုင်ပြီး သူ တည်ထား‌‌သော ထမင်းအိုးလေးကို စစ်ဆေးနေခဲ့၏။ သို့သော် ထိုလူများကတော့ လက်မလျော့သေးဘဲ ရုံးတော်မှ ရဲမက်များကဲ့သို့ ဆက်လက်ကြိမ်းဝါးနေကြသေးသည်။ အဆုံးတွင်တော့ သူတို့ကို ငွေရောင်ဓားနှင့် သခင်လေးက တားဆီးထားလိုက်မှသာ သူတို့လည်း ရပ်သွားကြသည်။

သူတို့အားလုံးက မြင်းပေါ်သို့ တက်လိုက်ပြီး လူငယ်တစ်ယောက်ကတော့ သူတို့၏မြင်းကို ဒဏ်ရာရနေသော လူငယ်နှင့် မျှဝေ၍ စီးနင်းသွားကြသည်။ နှစ်ယောက်က ကြိုးကို အသုံးပြု၍ ချည်နှောင်ထားကြသည့်အတွက် လူငယ်က နာကျင်မှုကြောင့် မြင်းပေါ်မှ ပြုတ်ကျသွားခြင်းကို ကာကွယ်ထားနိုင်သည်။

ပျောက်ကွယ်သွားသော လူငယ်အဖွဲ့ကိုကြည့်ပြီး လူငယ်လေး၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု တောက်ပနေခဲ့၏။ သူက မေးလိုက်သည်။

"ဆရာ..

ဘာလို့ကျေးဇူးမသိတတ်တဲ့ကောင်တွေကို သင်ခန်းစာပေး ခွင့်မပြုရတာလဲ။ ကျွန်တော်က ဒေါသအရမ်းထွက်နေပြီ။ ဒါက တော်တော်ဒေါသထွက်ဖို့ ကောင်းတယ်။ မဟုတ်ဘူး...ကျွန်တော်က ဒေါသတွေကို ဖြေဖျောက်ဖို့ လိုအပ်တယ်…"

စိမ်းပြာဝတ်ကောင်လေးက သူ၏လျှို့ဝှက်ဆန်းကြယ်သောအစွမ်းများကိုသုံး၍ လေထဲတွင် စွမ်းအင်တစ်ခု စုစည်းလိုက်ပြီး ရေလုံးကြီးတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် ထိုရေလုံးကြီးကို သူ့ခေါင်းပေါ်တွင် လွှတ်ချလိုက်ရာ တစ်ကိုယ်လုံး စိုရွှဲသွားခဲ့၏။

ရှားရှားပါးပါးအနေနှင့် ပန်းရောင်ကလေးမလေးကလည်း ချန်းပင်အန်း၏ဘေးတွင်ထိုင်ပြီး စိမ်းပြာဝတ်ကောင်လေး၏ စကားကိုထောက်ခံ၍ ပြောလိုက်သည်။

"ဟုတ်တယ်...ဒါက တော်တော် ဒေါသထွက်ဖို့ကောင်းတယ်…"

"တစ်ခြားသူတွေက ငါတို့ကို မတရားဘူးလို့ ပြောတယ်ဆိုရင်တောင် ငါတို့က ကောင်းကောင်းနေရမယ်။ ငါတို့မှာ ရှင်းလင်းတဲ့သိစိတ်တစ်ခုရှိဖို့ လိုအပ်တယ်…"

ချန်းပင်အန်းက အသံတိုးတိုးနှင့် ပြောလိုက်သည်။

လူငယ်လေးက ရုတ်တရက်ပြုံးပြီး ဆက်ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို နောက်ပိုင်းထပ်တွေ့စရာ မလိုတော့ဘူးလေ။ ပြီးတော့ ကျွန်တော်တို့က သူတို့ရဲ့မိဘတွေလည်း မဟုတ်ဘူး။ ဒါကြောင့် တွေ့တဲ့သူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားဖို့ မလိုဘူး။ ကျွန်တော်တို့က အရေးကြီးတဲ့ စည်းမျဉ်းတစ်ချို့ကို နားလည်ထားဖို့ပဲ လိုအပ်တယ်။ အဲဒါတွေကို စာအုပ်ထဲကနေ သင်ယူဖို့ကတော့ တော်တော်လေးကို ကြိုးစားရဦးမယ်။ ကျွန်တော်က သူတို့ကို သင်ပေးသင့်တယ် မဟုတ်ဘူးလား.."

စိမ်းပြာဝတ်ကောင်လေးက လက်ချောင်းလေးများကို တင်းတင်းဆုပ်လိုက်ရာ ရေစိုနေသည့် အဝတ်အစားများက ချက်ချင်းခြောက်ကပ်သွားပြန်သည်။ သူက ပြန်လှည့်ပြီး လက်နှစ်ဖက်ကို နွေးထွေးသွားစေရန် မီးဖိုဘေးသို့ ရောက်လာခဲ့၏။

"ဆရာ...

ကျွန်တော်က သူတို့နဲ့ လိုက်လျောညီထွေ မနေချင်တာမဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်က သူတို့ကို တစ်လုပ်တည်းနဲ့ စားပစ်ချင်တာ…"

ချန်းပင်အန်းက သူ့ကို မော့ကြည့်လိုက်ကြောင်း မြင်သည့်အခါ သူက စကားကိုပြန်ပြင်ပြီး ပြောလိုက်သည်။

"ကျွန်တော်က စနောက်ပြီး ပြောတာပါ။ ကျွန်တော်က သူတို့ကို သင်ခန်းစာနည်းနည်းလောက် သင်ပေးချင်ရုံပါပဲ ဆရာ...ဥပမာအနေနဲ့ပြောရရင် သူတို့ရဲ့မျက်နှာတွေ ဖူးယောင်သွားအောင် ရိုက်လိုက်မယ်ဆိုရင် သူတို့မိဘတွေတောင် မှတ်မိမှာ မဟုတ်တော့ဘူး။ ကျွန်တော်က ခြေတံရှည်ရှည်နဲ့ မိန်းမလှလေးကိုတော့ အလွတ်ပေးလိုက်မယ်။ သူ့ကိုတော့ ဆရာ့အတွက် ချန်ထားပေးလို့ရတယ်…"

ချန်းပင်အန်းက အိုးအဖုံးကို လှပ်လိုက်ရာ မွှေးပျံ့သော ရနံ့များက လေထဲသို့ ပျံ့နှံ့လာခဲ့သည်။ ပန်းရောင်ဝတ် ကလေးမလေးက ဇွန်းတစ်ခုနှင့် သပ်သပ်ရပ်ရပ် စီထည့်ထားသော အဖြူရောင်ပန်းကန်လုံး‌လေး(၃)ခုကို ချန်းပင်အန်းဆီသို့ ပေးလိုက်၏။ ဆားရည်စိမ်ထားသော ဟင်းသီးဟင်းရွက်တစ်ချို့ကို အရသာပေါင်းထည့်လိုက်ပြီးနောက် သူတို့(၃)ယောက်က မီးပုံဘေးတွင် စားသောက်နေကြသည်။

ဘာကြောင့်မှန်း မသိသော်လည်း ချန်းပင်အန်းက တူတစ်စုံကိုသုံးပြီး ထမင်းစားနေသည့်အချိန်၌ ဝါးဦးထုပ်နှင့်လူကို အမှတ်ရသွားခဲ့ပြီး အသားစားချင်သည်ဟု အော်ဟစ်နေသောပုံစံကို ပြန်လည်ကြားယောင်လာခဲ့သည်။ ထိုလူပြောခဲ့သော စကားလုံးများကိုလည်း အမှတ်ရနေသေး၏။

ထိုအရာကို ခေါင်းထဲတွင်စဉ်းစားမိသည့်အတွက် သူက စိမ်းပြာဝတ်ကောင်လေးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ရဲ့ လွတ်လပ်မှုက အားနည်းတဲ့ ပညာရှင်တစ်ယောက်ရဲ့ လွတ်လပ်မှုမှာ အတားအဆီးဖြစ်နိုင်တယ်…"

စိမ်းပြာဝတ်ကောင်လေးကတော့ တူတစ်စုံကိုသုံးပြီး ထမင်းကို လျင်မြန်စွာ စားနေခဲ့သည်။ တူနှင့်ပန်ကန်လုံးထိသည့်အသံကပင် ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ သူက စားစရာများကို မဝါးဘဲ မြိုချနေသလို ထင်မှတ်ရသည်။ အမှန်အတိုင်း ပြောရလျင်တော့ သူက အနည်းငယ်လေးသာ စားနေခြင်းဖြစ်၏။

သူက နှစ်နှစ်ကာကာ အမူအရာနှင့် ချီးကျူးလိုက်သည်။

"ဆရာ့ရဲ့ကျယ်ပြန့်တဲ့စိတ်က တော်ဝင်မြစ်ထက်တောင် ပိုပြီးတော့ ကျယ်ပြန့်နေပြီ။ တော်တော်လေးစားဖို့ကောင်းတယ်။ တော်တော်စိတ်လှုပ်ရှားစရာကောင်းတယ်။ ဆရာက စာသင်သားတစ်ယောက် မဟုတ်တာ ရှက်စရာပဲ။ မဟုတ်ရင် ဆရာက ကွန်ဖြူးရှပ်ကျောင်းတော်တစ်ခုမှာ အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ရဲ့ အခြေအနေမျိုး ရောက်နိုင်တယ်…"

လူငယ်လေး၏ စနောက်သော စကားလုံးများကို ကြားလိုက်ရသော်လည်း ချန်းပင်အန်းကတော့ သက်ပြင်းချမိပြီး အတိတ်တွင်ဖြစ်ခဲ့သော အရာများကို စဉ်းစားမိနေသည်။

"အဲဒီစကားတွေကို ငါ ပြောခဲ့တာ မဟုတ်ဘူး…"

သူက ဖြည်းညင်းစွာ ပြောလိုက်၏။

စိမ်းပြာဝတ်ကောင်လေးကတော့ သူ၏ ကံတရားကို တွန်းပို့ရဲခြင်းမရှိချေ။ သူ‌နောက်ပိုင်း ပြောလိုက်သော မှတ်ချက်များက ပို၍စိတ်ထဲကပါသည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ဆရာက အဲဒီစကားတွေကို ပြောတယ်လို့ပဲ ကျွန်တော်က သတ်မှတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်မြင့်တဲ့ ဆရာ့ရဲ့ကိုယ်ကျင့်တရားက အဲဒီစကားလုံးတွေနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်…"

ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်သည်။

"မင်းက ဒီလိုချီးကျူးတဲ့စကားတွေကို ဘယ်က သင်လာတာလဲ။ မင်းက အားလပ်ချိန်မှာ မလေ့ကျင့်ဘူးလား…"

"လေ့ကျင့်ဖို့လား။ ကျွန်တော်က စိတ်နှစ်ပြီး လေ့ကျင့်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် ကြောက်လာတယ်လေ…"

စိမ်းပြာဝတ်ကောင်လေးက ပြန်ဖြေလိုက်သည်။ သူက နှာခေါင်းရှုံ့၍ ဆက်ပြောလိုက်၏။

"ကျွန်တော်က တော်တော်လေးကို ကြိုးစားအားထုတ်ခဲ့ဖူးတယ်။ အတိတ်တုန်းက ကျွန်တော်က အပြင်သွားတဲ့ အချိန်မျိုးမှာပဲ လေ့ကျင့်တာကို ရပ်တန့်ခဲ့တယ်။ ပြီးတော့ လတ်ဆတ်တဲ့လေတွေကိုရှုပြီး ကျွန်တော့်ရဲ့အစ်ကို မြစ်နတ်ဘုရားနဲ့အတူ အသားစားတယ် အရက်သောက်တယ်။ သူ့ရဲ့လက်အောက်ငယ်သားတွေ အားလုံးက ကျွန်တော့်အကြောင်းပဲပြောနေကြတာ...ကျွန်တော်က သူ့ရဲ့စကားလုံးတွေကို မှတ်ထားတာလေ…"

ချန်းပင်အန်းကိုကြည့်ပြီး စိမ်းပြာဝတ်ကောင်လေးက ခေါင်းငုံ့၍ ရှင်းပြလိုက်သည်။

"အတိတ်တုန်းကတော့ အောက်ခြေမှာရှိတဲ့သူတွေက အကျိုးအမြတ်ရဖို့ ကြိုးစားနေတာဆိုပြီး ကျွန်တော်က နည်းနည်းသံသယရှိခဲ့တယ်။ အဲဒါတွေကလည်း သူတို့ရဲ့မကောင်းတဲ့လုပ်ရပ်တွေ ၊ သူတို့ပြောတဲ့ စကားလုံးတွေကြောင့်ပဲ။ ဒါပေမယ့် ဆရာနဲ့တွေ့ပြီးသွားတဲ့အချိန်မှာတော့ အဲဒီအရာတွေက သူတို့ရဲ့ ရင်ထဲကလာတာဆိုတာ ခံစားမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာ့ရဲ့ချီးကျူးမှုကို ရတဲ့အချိန် ပိုပြီးတော့ လှိုက်လှိုက်လှဲလှဲ မရှိနိုင်ဘူး။ ဟူး...တကယ်လို့ ကျွန်တော်သာ ဒါကိုစောစောသိခဲ့မယ်ဆိုရင် ကျွန်တော်က တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သူတို့ကို ဆုလာဘ်တွေ ပေးခဲ့မိမှာပဲ။ တကယ်လို့ ကျွန်တော်က အစ်ကိုရေနတ်ဘုရားအပေါ် အကြွေးတင်နေမယ်ဆိုရင်တောင် တန်ပါတယ်…”

“ကျွန်တော့်ရဲ့လုပ်ရပ်တွေက အဲဒီလက်အောက်ငယ်သားတွေကို သေချာပေါက် စိတ်ပျက်သွားစေလိမ့်မယ်။ အဲဒီလိုမဟုတ်လား ဆရာ..။ လက်အောက်ငယ်သားတွေက လှိုက်လှိုက်လှဲလှဲရှိတဲ့ အချိန်မှပဲ လူတစ်ယောက်က သူတို့ရဲ့လှိုက်လှဲမှုနဲ့ သစ္စာရှိမှုကိုရမှာလေ…"

ထိုမျှကွေ့ပတ်ပြီး စကားပြောလိုက်ပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်းဆီမှ ဆုလာဘ်များပိုတောင်းရန် ကြိုးစားနေခြင်း မဟုတ်ပေလော။

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

"မင်းက နောက်ထပ်မြွေကျောက်တုံးတစ်တုံး လိုချင်တာလား။ မြို့ငယ်လေးထဲမှာရှိတဲ့ ငါ့အိမ်မှာတော့ ရှိသေးတယ်။ အမှန်အတိုင်းပြောရရင် ငါ့မှာတစ်တုံးထက်မက ရှိတယ်။ ဒါပေမယ့် ငါ မင်းကိုတော့ ထပ်ပြီးတော့ မပေးဘူး…"

စိမ်းပြာဝတ်ကောင်လေးက ချက်ချင်းဒူးထောက်ပြီး ထမင်းပန်းကန်ကို ခေါင်းပေါ်သို့ မြှောက်လိုက်သည်။

"ကောင်ကင်ကြီးကို သက်သေထားပါတယ် ဆရာ..ကျေးဇူးပြုပြီး နည်းနည်းလောက်တော့ သနားပါဦး။ လမ်းတစ်လျှောက်မှာ ကျွန်တော် လုပ်ပေးခဲ့တဲ့အရာတွေနဲ့ အနည်းဆုံးတော့ ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသင့်ပါတယ်။ကျွန်တော်က အဲဒီအရူးမလေးကို မစားမိအောင် ကြိုးစားရတာ တော်တော်လေးခက်ခဲတယ်…"

ပန်းရောင်ဝတ် ကလေးမလေးကတော့ ချန်းပင်အန်း၏နောက်တွင် ချက်ချင်းပုန်းနေခဲ့သည်။

"ကောင်းပြီလေ။ မြို့ကိုရောက်တဲ့အချိန်ကျရင် မင်းတို့တစ်ယောက်ဆီကို မြွေကျောက်တုံး တစ်တုံးဆီ ပေးမယ်…"

ချန်းပင်အန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

စိမ်းပြာဝတ်ကောင်လေးက ရုတ်တရက် မော့ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မတင်မကျ အမူအရာတစ်ခု ပေါ်လာခဲ့၏။

"ဘာလို့ သူကရော တစ်တုံးရတာလဲ...ဆရာ။ တကယ်လို့ သူ့ကိုတစ်တုံးပေးမယ်ဆိုရင် ကျွန်တော့်ကို နှစ်တုံးပေးဖို့လိုတာပေါ့…"

ပန်းရောင်ဝတ် ကလေးမလေးကတော့ စကားတစ်ခွန်းမျှ မပြောရဲပေ။ သို့သော် သူမ၏မျက်နှာပေါ်တွင် မကျေမနပ် အမူအရာတစ်ခုပေါ်လာပြီး မျက်လုံးထဲတွင်လည်း မျက်ရည်များ စီးကျလာခဲ့၏။

ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေးကို လက်‌နှစ်ချောင်းထောင်ပြပြီး မေးလိုက်သည်။

"နှစ်တုံးလား...မင်းက နှစ်တုံးလိုချင်တာလား..."

စိမ်းပြာဝတ်ကောင်လေးက ခေါင်းညိတ်ပြလိုက်သည်။

ချန်းပင်အန်းက လက်ချောင်းလေးများကို ရုတ်သိမ်းပြီး ပြောလိုက်၏။

"ကောင်းပြီလေ...အခုဘာမှမရတော့ဘူး…"

စိမ်းပြာဝတ်ကောင်လေးက သူ၏ပန်းကန်လုံးကို ခြေထောက်အောက်တွင် ပစ်ချပြီး ချန်းပင်အန်း၏ ခြေထောက်ကို ပြေးဖက်လိုက်သည်။သူက မြေပေါ်တွင် လူးလိမ့်ပြီး အော်ဟစ်နေခဲ့၏။

"ဆရာ ကျွန်တော်မှားပါပြီ။ တစ်တုံးတည်းဆိုလည်း ကျွန်တော် ကျေနပ်ပါတယ်…"

ချန်းပင်အန်းက သူ့ကို လျစ်လျူရှုလိုက်ပြီး ပျက်စီးနေသော ကျောင်းဆောင်၏ အပေါ်ဘက် ကောင်းကင်ကြီးကို မော့ကြည့်၍ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"နှင်းကျမယ့် အချိန်ရောက်ပြီ.."

Translated by Hein Htet.

All Chapters