အခန်း (၁၇၇)
Vol. 12 Ch. 177
လောကသံသရာတွင် တွေ့ဆုံမှုရှိသလို ခွဲခွာမှုများလည်း ရှိသည်။ ဘဝဟူသည်မှာ မိုးမခသစ်ကိုင်းများ ပြည့်နှက်နေသလို ထင်မှတ်ရ၏။ ရှည်လျားသော အချိန်ကာလ အတောအတွင်း လူပေါင်းများစွာက သူတို့၏မိတ်ဆွေများနှင့် တွေဝေစွာ ခွဲခွာခဲ့ရသော အခြေအနေများစွာလည်း ရှိခဲ့သည်။
တချို့အရာက ခရီးတိုလေးတစ်ခု ဖြစ်ကြပြီး လှေပေါ်သို့ တက်သွားသူများလည်း ရှိသည်။ လှေပေါ်မှ ဆင်းလာသူများလည်း ရှိတတ်၏။ လှေက နောက်ထပ် လှေဆိပ်တစ်ခုကို ရောက်သည့်အချိန်တွင်တော့ နောက်ထပ်တွေ့ဆုံကြုံကွဲအသစ်များ ထပ်မံပေါ်ပေါက်လာပါလိမ့်မည်။
အမှန်အတိုင်းပြောရလျှင် အလွန်အလုပ်ကြိုးစားသော ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးက သူ၏အခြေအနေနှင့် ပတ်သက်ပြီး လုံးဝအပြစ်တင်ခဲ့ခြင်း မရှိချေ။ သူက ယခင်လှေဆိပ်များထဲတွင် ခွဲခွာမှုပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးသား ဖြစ်သည်။
…………..
အရုဏ်တက်သို့ ရောက်သည့်အချိန်တွင် လီအာ့က သူ့မိန်းမ၊ သူ့သမီးတို့နှင့်အတူ အထုပ်အပိုးများ ပြင်ဆင်ပြီးသွားခဲ့သည်။ သူက အရှေ့ပိုင်းခမ်းနားခြင်းတောင်ခြေတွင် လူတိုင်းကို နှုတ်ဆက်လိုက်သည်။
မြို့ငယ်လေးထဲမှ နှုတ်ဆက်ခွဲခွာမှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် လီဟွိုင်ကတော့ ယခင်တုန်းကလို ရိုးရှင်းသော စိတ်အခြေအနေမျိုး မရှိတော့ချေ။ မြို့ငယ်လေးထဲတွင်တော့ သူ့မိဘများနှင့် အစ်မထွက်ခွာသွားခြင်းကြောင့် သူက ပို၍ လွတ်လပ်သွားပြီး နေ့စဉ်နေ့တိုင်း ဒုတ်ထိုးသကြားလုံးများနှင့် ကြက်ပေါင်များ စားနိုင်သည်ဟု တွေးမိခဲ့သည်။
သို့သော် ယခုတော့ အနည်းငယ် ဝမ်းနည်းနေသလို ခံစားခဲ့ရ၏။ မည်သို့ဖြစ်စေကာမူ ထိုကောင်လေးကလည်း အနည်းငယ် အသက်ကြီးလာခဲ့သည်။ လီပေါင်ဖျင်၊ လင်းရှို့ယီ၊ ယုလု၊ ရှဲ့ရှဲ့နှင့် အလွန်ချောမောခန့်ညားသော ချွေးတုံရှန်းတို့အားလုံးက လီဟွိုင်၏ မိသားစုနှုတ်ဆက်ပွဲကို ရောက်လာခဲ့ကြ၏။
အမေဖြစ်သူ၏ မျက်လုံးများက နီရဲနေပြီး သူမကတော့ သူ့သား၏ လက်ကို မလွှတ်ချင်ခဲ့ပေ။ သူမက ဆောင်းရာသီတွင် နွေးနွေးထွေးထွေးဝတ်ရန်၊ အစားအသောက်ကို ပုံမှန်စားသောက်ရန် အကြိမ်ကြိမ် မှာကြားပြောဆိုနေခဲ့၏။ လီဟွိုင်က သူ့အမေ၏စကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။
ထိုအချိန်တွင် လီအာ့ကတော့ သူတို့၏ဘေးတွင် ငြိမ်သက်စွာ ရပ်နေပုံရ၏။ လီလျှိုက သူမ၏မောင်လေးကို ကူညီပေးပြီး တွန့်ကြေနေသော အဝတ်အစားသစ်များကို သေချာပြင်ဆင်ပေးနေခဲ့သည်။ ထို့နောက် သူမက ချောက်ကမ်းပါးကျောင်းတော်၏ ရှေ့တံခါးတွင် ချိတ်ထားသော ဆိုင်းဘုတ်ကို ပြန်လှည့်ကြည့်လိုက်ပြီး ယုလုနှင့် ရှဲ့ရှဲ့တို့၏ အကြည့်များကိုတော့ လုံးဝလျစ်လျူရှုထားခဲ့သည်။
နောက်ဆုံးတွင်တော့ လီဟွိုင်၏အမေက သူ့သားကို စကားပြောဆိုမှုပြီးဆုံးသွားခဲ့ပြီး တွေဝေစွာနှင့် ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမက သူ့ကို ပြန်လှည့်ကြည့်လိုက်ပြီး အဝေးသို့ ထွက်သွားခဲ့၏။
လီအာ့က လီဟွိုင်၏ခေါင်းကိုပုတ်လိုက်ပြီး သူ့မိန်းမ၏နောက်မှ အပြုံးနှင့် လိုက်သွားခဲ့သည်။ သူတို့၏နောက်တွင်တော့ လီလျှိုက သူ့မောင်လေး၏ ပုခုံးကို ပုတ်လိုက်ပြီး သူ့သူငယ်ချင်းများကို လက်ပြနှုတ်ဆက်၍ တည်ငြိမ်အေးချမ်းစွာ ထွက်ခွာလာခဲ့သည်။
လီဟွိုင်က လင်းရှို့ယီကို ညင်သာစွာ ကန်လိုက်၏။ အလွန်နူးညံ့သိမ်မွေ့သော လူငယ်လေးက လက်ထဲတွင် စာတစ်စောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပျောက်ကွယ်သွားသော အမေဖြစ်သူ၏ နောက်ကျောကို ငေးကြည့်နေခဲ့၏။ "နောက်တစ်ကြိမ်ပေါ့"
သူက တီးတိုးရေရွတ်လိုက်သည်။
လီဟွိုင်က သူ့မိတ်ဆွေများ၏ရှေ့တွင် ဝမ်းနည်းနေသည့်ပုံမျိုး မရှိချေ။ သူက ဝမ်းနည်းနေသော ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး စိုးရိမ်မှုများလည်း ပေါ်မလာခဲ့ပေ။ သူက စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်တစ်ခုကို ပြောလိုက်၏။
"ချွေးတုံရှန်း…
တကယ်လို့ မင်းက ချန်းပင်အန်းရဲ့ တပည့်ဆိုရင် ငါတို့အားလုံးက ဆရာချီရဲ့ တပည့်တွေပဲ။ လီပေါင်ဖျင်က ချန်းပင်အန်းကို ဦးလေးငယ်လို့ခေါ်မှတော့ ငါတို့ရဲ့ ပတ်သက်မှုက ဘာလဲ…"
သူက အပြုံးနှင့် မေးလိုက်သည်။
ချွေးတုံရှန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အလွန်ချောမောခန့်ညားသော အမူအရာနှင့် ပြောလိုက်သည်။
"ငါက ငါ့ဆရာရဲ့ ပထမဆုံးတပည့်ပဲ။ ဒါကြောင့် ငါ့ရဲ့ဝါစဉ်က အရမ်းမြင့်တယ်။ အမှန်အတိုင်းပြောရရင် ဒီအရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ထက်တောင် မိုင်ပေါင်းတစ်သောင်းကျော် ပိုပြီးတော့မြင့်သေးတယ်…"
ထိုစကားကိုကြားသည့်အခါ လီဟွိုင်က အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ သူက မေးလိုက်၏။
"ဒါဆိုရင် ငါတို့က မင်းကို အစ်ကိုကြီးလို့ ခေါ်ရမှာလား…”
“အစ်ကိုကြီးလား…"
ချွေးတုံရှန်းက ပြန်ပြောလိုက်သည်။
သူက ချက်ချင်းပင် စိုးရိမ်သွားခဲ့ပြီး ပြန်ပြောလိုက်၏။
"မင်းတို့မိသားစုတစ်စုလုံးမှာ အစ်ကိုကြီးတွေနဲ့ ပြည့်နေတယ်။ ငါက မင်းရဲ့အစ်ကိုကြီး မဖြစ်ချင်ဘူး။ အဲဒါကလွဲရင် မင်းတို့က ကြိုက်တဲ့နာမည်ခေါ်လို့ရတယ်…"
လီဟွိုင်က အနည်းငယ် အံ့ဩသွားခဲ့ပြီး အကြံပေးလိုက်သည်။
"ဒါဆိုလည်း အစ်ကိုငယ်လို့ခေါ်လို့ရမလား။ ဒါပေမဲ့ ဒါကတော့ နည်းနည်းလေး အိုးတိုးအမ်းတမ်းနိုင်တယ်…"
ချွေးတုံရှန်းက မျက်ခုံးပင့်လိုက်မိပြီး ပြောလိုက်သည်။
"အစ်ကိုငယ်ဆိုတာကမှ နည်းနည်းလေးတော်သေးတယ်။ အဲဒါက လေးစားမှုရှိတဲ့အပြင် ဒီနာမည်နဲ့ ဝါစဉ်ကိုလည်း ပြသနိုင်တယ်။ နောက်ပိုင်းမှာ မင်းတို့တွေက ငါ့ကို အစ်ကိုငယ်လို့ခေါ်လို့ရတယ်။ မင်းတို့နှစ်ယောက်လည်း အတူတူပဲ ယုလုနဲ့ ရှဲ့ရှဲ့။ မင်းတို့က ငါ့ကို နောက်ပိုင်းသခင်လေးလို့ခေါ်ဖို့ မလိုတော့ဘူး။ အဲဒီနာမည်က အရမ်းကို တင်းကျပ်လွန်းတယ်။ ဒါကြောင့် ပေါင်ဖျင်နဲ့ တခြားသူတွေလိုပဲ အစ်ကိုငယ်လို့ပဲခေါ်လို့ရတယ်…"
လီပေါင်ဖျင်က နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။
"ကျွန်မက ခုထိ သဘောမတူရသေးဘူး…"
ထိုကလေးမလေးက အနီရောင်အပေါ်ထပ်ဝတ်စုံလေးကို ဝတ်ပြီး ရှေ့သို့အနည်းငယ် ခါးကုန်းလိုက်သည်။
"လီပေါင်ဖျင်…
ငါတို့မှာ အတန်းရှိသေးတယ်လေ…"
လီဟွိုင်က အော်ပြောလိုက်၏။
"ငါက အပြစ်ပေးခံရမယ်ဆိုတာကို သိတဲ့အတွက် အဲဒီကျမ်းစာတွေကို ကူးရေးပြီးသွားပြီ။ ငါက ညကတည်းက ရေးပြီးသွားတာ။ ငါက ဘာကိုကြောက်ရမှာလဲ။ ငါက အရင်ဆုံးလှည့်ပတ်သွားလာပြီး ဒီနေရာနဲ့ ရင်းနှီးအောင်ကြိုးစားလိုက်ဦးမယ်။ မဟုတ်ရင် နောက်ပိုင်း ချန်းပင်အန်းကို မြို့ထဲမှာ ဘယ်လိုလိုက်ပြီးပြရမှာလဲ…"
လီပေါင်ဖျင်က ခေါင်းမော့ပြီး တုံ့ပြန်လိုက်သည်။ ထို့နောက် အဝေးသို့ ထွက်ခွာသွားခဲ့၏။ သူမက ကောင်းကင်ပေါ်တွင် ရှိနေသော ခိုတစ်အုပ် နောက်မှလိုက်သွားပြီး တာ့ဆွေတိုင်းပြည်၏ မြို့တော်ထဲသို့ ပြေးထွက်သွားခဲ့သည်။
"ဒါဆိုလည်း ငါ့ကို နင်နဲ့အတူခေါ်သွားဦး…"
လီဟွိုင်က အော်ပြောလိုက်သည်။
လီပေါင်ဖျင်ကတော့ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့၏။ ကျောင်းတော်နှင့် တဖြည်းဖြည်း ဝေးကွာသွားသော သူမနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမ၏စိတ်ကတော့ ပို၍ဝေးကွာသောနေရာကို ရောက်နေသလို ထင်မှတ်ရသည်။
……………
ခုံရုံးဝါတိုင်းပြည်၏ နယ်စပ်တွင် ရှိနေသော တောင်တန်းတစ်ခုပေါ်သို့ ရောက်လာပြီးနောက် ချန်းပင်အန်းက အနားယူလိုက်ပြီး တောင်တန်းထဲတွင် စီးဆင်းနေသော စမ်းချောင်းငယ်လေးထဲတွင် မျက်နှာသစ်လိုက်သည်။
တစ်စုံတစ်ယောက်၏ စာအုပ်သေတ္တာကို သယ်ဆောင်ပေးနေသော ပန်းရောင်ဝတ် ကလေးမလေးကဲ့သို့ မဟုတ်ဘဲ စိမ်းပြာဝတ်ကောင်လေးကတော့ ထူးဆန်းပြီး အံ့ဩစရာကောင်းသော ပစ္စည်းမျိုးစုံ ပြည့်နှက်နေသည့် အိတ်ဆောင်ရတနာတစ်ခု ပိုင်ဆိုင်ထားသည်။
ပထမတွင်တော့ သူက သူ၏ပိုင်ဆိုင်မှုများကို သူ့ဆရာဆီ မပြသချင်ခဲ့ပေ။ သူက မြွေကျောက်တုံးတစ်တုံး ရနိုင်မည်ဖြစ်ကြောင်း သေချာသွားပြီးနောက် သူလည်း နေ့စဉ်နှင့်အမျှ ထိုကိစ္စများအကြောင်းကိုသာ တွေးနေမိခဲ့သည်။ ထို့ကြောင့် သူက သူ၏ပိုင်ဆိုင်မှုများကို ထုတ်ယူလာပြီး မြွေကျောက်တုံးတစ်တုံးနှင့် အလဲအလှယ်လုပ်ရန် ချန်းပင်အန်းကို တောင်းပန်နေခဲ့သည်။
လက်ရှိအချိန်တွင် စိမ်းပြာဝတ်ကောင်လေးက ပုံသဏ္ဌာန်၊ အရွယ်အစားမျိုးစုံ ရှိနေသော ပုလင်းငယ်လေးများကို ထုတ်လာခဲ့သည်။ သူက ချန်းပင်အန်း၏ဘေးတွင် ထိုင်ချလိုက်ပြီး ထိုပုလင်းငယ်လေးများ၏ စိတ်ဝင်စားစရာကောင်းသော သဘာဝကို သူ့ဆရာသိအောင် ရှင်းပြနေခဲ့သည်။
ပန်းဆီရောင်ရွှံ့ပုလင်းလေးတစ်လုံးကို ထုတ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်ပြီးနောက် စိမ်းပြာဝတ်ကောင်လေးက ပါဝင်ပစ္စည်းများကို သူ့ရှေ့တွင် ရှိနေသော စမ်းချောင်းထဲသို့ သွန်ချလိုက်သည်။ သိပ်မကြာခင် စမ်းချောင်းထဲတွင် သိမ်မွေ့ညင်သာသော လရောင်တစ်ခု ထွက်လာပြီး ထိုအရာက အလွန်အိပ်မက်ဆန်၍ ပုံရိပ်ယောင်ကဲ့သို့ ထင်မှတ်ရသည်။
စိမ်းပြာဝတ်ကောင်လေးက အပြုံးနှင့် မေးလိုက်၏။
"ဘယ်လိုလဲဆရာ၊ အရမ်းလှတယ် မဟုတ်လား။ ဒါက ကျင့်ကြံသူတွေ အရမ်းလိုချင်နေကြတဲ့ စမ်းကြယ်လပုလင်းလေ။ အဲဒီအရာကလွဲရင် တိမ်တိုက်နီပုလင်း၊ နေအလင်းရောင်ပုလင်းနဲ့ တခြားပုလင်းတွေလည်း အများကြီးရှိသေးတယ်…”
“အဲဒီပုလင်းတွေက တောင်(၅)တောင်က ကောင်းကင်အလင်းတန်းတွေကို စုဆောင်းပြီး အတွင်းထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေကို စုစည်းထားတယ်။ ဒါက ကမ္ဘာငယ်လေးတွေ၊ သုခဘုံတွေထဲမှာရှိတဲ့ စွမ်းအားတွေထက်တော့ ပိုပြီးတော့ နိမ့်ကျတယ်။ ဒါပေမဲ့ အဲဒီပုလင်းတွေထဲမှာ ပါဝင်နေတဲ့အရာတွေကတော့ အပြင်ဘက်ကို သွန်ချလိုက်တဲ့အချိန် အရမ်းလှတယ် မဟုတ်လား။ ဘယ်လိုသဘောရလဲဆရာ…"
ချန်းပင်အန်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ နေ့အချိန် ရောက်နေသည့်အတွက် အလွန်သိပ်သည်းသော သစ်တောကြီးက အနည်းငယ်မှောင်မည်းနေပြီး အရိပ်များ ပြည့်နှက်နေသော်လည်း စမ်းချောင်းလေးထဲတွင် လရောင်များ ပေါ်လာခဲ့သည်။ ချန်းပင်အန်းကတော့ ဤကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ ထူးခြားပြီး အံ့ဩစရာကောင်းသည့်အရာများလည်း ရှိနေသည်ဟု ခံစားနေမိခဲ့၏။
စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်းကို ဖြောင်းဖြပြီး ပြောလိုက်သည်။ "ပုလင်းတစ်လုံးကို မြွေကျောက်တုံးတစ်တုံးနဲ့ လဲလှယ်တာက မတရားတဲ့ အပေးအယူတစ်ခုဆိုတာ သိပါတယ်။ ကျွန်တော့်မှာ ဒီလိုပုလင်း(၃)လုံးရှိတယ်။ အဲဒီပုလင်းတွေရဲ့နာမည်ကတော့ ‘အခန်းထဲမှာ ပြန့်လွင့်နေတဲ့ ဂီတသံ၊ (၃)ရက်တိတိတောင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး’ဆိုတဲ့ စကားပုံကနေ ဆင်းသက်လာတာ။ အဲဒီပုလင်းတွေအားလုံးက ဒီကမ္ဘာကြီးထဲမှာ အထူးခြားဆုံး အသံတွေနဲ့ ပြည့်နှက်နေတယ်။ ဒီပုလင်းထဲမှာ ဖားအော်သံတွေ ပြည့်နေတယ်။ ဒီပုလင်းထဲမှာတော့ ဒီရေလှိုင်းသံတွေ ပြည့်နေတယ်။ ဒီပုလင်းထဲမှာတော့ တောင်မြင့်ကြီးပေါ်မှာရှိတဲ့ သစ်ချပင်ရဲ့ လေတိုးသံတွေနဲ့ ပြည့်နေတယ်..”
“စဉ်းစားကြည့်ပါဦးဆရာ။ ဆရာက အိပ်ခါနီး အဲဒီပုလင်းတစ်ခုကို ဖွင့်လိုက်မယ်ဆိုရင် ခေါင်းအုံးဘေးမှာ ရေစီးသံတွေကို ကြားနေရလိမ့်မယ်။ ဒါက ဘယ်လောက်တောင် စိတ်အေးချမ်းမလဲ။ ဆရာက စိတ်မဝင်စားဘူးလား။ ကျွန်တော့်မှာ အဖိုးတန်ပုလင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်က မြွေကျောက်တုံးတစ်တုံးကိုပဲ တောင်းဆိုနေတာ။ တစ်တုံးတည်းပဲဆရာ။ တကယ်လို့ ဆရာသာ ခေါင်းညိတ်ပြီး သဘောတူလိုက်မယ်ဆိုရင် ဒီပုလင်းလေး(၇)ခု၊ (၈)ခုလောက်က ဆရာ့အပိုင်ဖြစ်သွားပြီ။ တကယ်လို့ ဆရာက ဒီလိုရက်ရောတဲ့ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံရဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရလိမ့်မယ်…"
ချန်းပင်အန်းက မြို့ငယ်လေးထဲတွင် ကျန်ရှိနေသော မြွေကျောက်တုံးအရေအတွက်ကို တိတ်တဆိတ် တွက်ချက်နေခဲ့သည်။ သူ့ဆီတွင် အရည်အသွေးမြင့်မားသော မြွေကျောက်တုံးအချို့လည်း ကျန်နေသေး၏။ ထို့ကြောင့် သူက ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ကောင်းပြီလေ၊ အပေးအယူလုပ်မယ်…"
ပန်းရောင်ဝတ် ကလေးမလေးကတော့ သူတို့၏ဘေးတွင် ထိုင်နေပြီး လက်နှစ်ဖက်ကို ဒေါသတကြီး လှုပ်ရှားပြနေခဲ့သည်။ သူမက ထိုကောင်လေး၏ကမ်းလှမ်းမှုကို လက်မခံရန် ချန်းပင်အန်းကို ဖြောင်းဖြလိုခြင်း ဖြစ်သည်။
သို့သော် စိမ်းပြာဝတ်ကောင်လေးကတော့ ပုလင်းများအားလုံးကို ချန်းပင်အန်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ဝမ်းသာအားရ ခုန်ပေါက်နေခဲ့၏။ သူက ပန်းရောင်ဝတ် ကလေးမလေးကို လက်နှစ်ချောင်းထောင်ပြပြီး စနောက်၍ ပြောလိုက်သည်။
"ငါ့မှာ နင့်ထက် မြွေကျောက်တုံးတစ်တုံး ပိုသွားပြီ။ အခု ငါက နင့်ထက်ပိုပြီး အဆင့်တစ်ဆင့် မြင့်နိုင်သွားပြီ။ ဒါကြောင့် ငါတို့က ဆရာ့ရဲ့မွေးရပ်မြေကို ရောက်တဲ့အချိန် ငါ့ရဲ့မြွေကျောက်တုံးတွေကို စားပြီးသွားရင် ငါက နင့်လို အရူးမလေးထက် အနည်းဆုံးအဆင့်(၂)ဆင့် ပိုမြင့်သွားပြီ။ အဲဒီအချိန်ကျရင် မင်းက ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ဆရာ့ရဲ့နောက်ကနေ လိုက်မနေနဲ့တော့။ ဆရာ့အတွက် စာသင်သားလက်ထောက်တစ်ယောက်ဆိုရင် လုံလောက်ပြီ။ သူက နင့်လို အရူးမအစေခံတစ်ယောက်ကို မလိုအပ်ဘူး…"
ကလေးမလေးက ကျိန်ဆဲနေပြီး သူမက ငိုတော့မည်လား မျက်နှာလေးက ရှုံ့မဲ့လာခဲ့သည်။
"တကယ်လို့ မင်းသာ သူ့ကို အနိုင်ကျင့်နေဦးမယ်ဆိုရင် ငါက ငါ့ရဲ့ကတိကို ရုပ်သိမ်းရလိမ့်မယ်…"
ချန်းပင်အန်းက ပြောလိုက်သည်။
စိမ်းပြာဝတ်ကောင်လေးက အနည်းငယ်ချောင်းဟန့်လိုက်ပြီး လေးလေးနက်နက် အမူအရာနှင့် ကလေးမလေးကို ပြောလိုက်သည်။
"နင်က နောက်ပိုင်းဆရာ့ရဲ့အဝတ်အစားတွေ၊ စားစရာတွေကို စောင့်ရှောက်တဲ့အချိန် ပိုပြီးဂရုစိုက်ဖို့လိုတယ်။ နားလည်လား။ ဥပမာအနေနဲ့ ပြောရရင် နင်က မြွေကျောက်တုံးတွေကို စားပြီးသွားရင် မိန်းမလှလေးအဖြစ် ချက်ချင်း ပြောင်းလဲသင့်တယ်။ ဆရာက အနာဂတ်မှာ ဆန္ဒတွေရှိလာရင် အိပ်ယာထဲမှာ သူ့ကိုဖျော်ဖြေပေးရမယ်။ ဒါဆိုရင် နင်တို့နှစ်ယောက်က ရှည်လျားပြီး အံ့ဩစရာကောင်းတဲ့ ညအချိန်တွေကို ပျော်ရွှင်နိုင်ကြမှာပေါ့…"
အဖိုးတန်ပုလင်းများကို သိမ်းလိုက်ပြီးနောက် ချန်းပင်အန်းက စိမ်းပြာဝတ်ကောင်လေး၏ နောက်စေ့ကို လက်နှင့်ရိုက်ပြီး ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
"ပေါက်တတ်ကရစကားတွေ ပြောမနေနဲ့…"
စိမ်းပြာဝတ်ကောင်လေးက ရိုရိုသေသေ ဦးညွတ်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ဆရာ့ရဲ့အမိန့်အတိုင်းပါပဲ…"
ချန်းပင်အန်းက စမ်းချောင်းထဲတွင် ရှိနေသော ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်ပြီး မုန့်တစ်ခုကို ထုတ်၍ ဝါးနေခဲ့သည်။
"နဂါးဘုရင်ခြင်းတောင်းက ဘယ်လိုအရာမျိုးလဲဆိုတာ မင်းတို့သိလား…"
သူက အေးအေးဆေးဆေး မေးလိုက်သည်။
သို့သော် ကလေးနှစ်ယောက်၏ မျက်နှာအမူအရာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ စိမ်းပြာဝတ်ကောင်လေးကတော့ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး သူက ဟာသတစ်ခု ပြောနိုင်ခြင်းပင် မရှိတော့ချေ။ သူက လမ်းလျှောက်ရန် အစွမ်းမျိုးပင် မရှိတော့ချေ။
ပန်းရောင်ဝတ် ကလေးမလေးက သေချာရှင်းပြလိုက်သည်။
"ကျွန်မက အဲဒီအကြောင်းကို ရှေးဟောင်းစာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးတယ်။ ချီကျင့်ကြံသူ တစ်ယောက်ကသာ မြစ်ထဲကို အဲဒီလိုရတနာတစ်ခု ပစ်ချလိုက်မယ်ဆိုရင် သူတို့က ရေနဂါးတစ်ကောင်ကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်လိမ့်မယ်..”
“ကြောက်စရာအကောင်းဆုံးအရာကတော့ ဒီရတနာက ရေနဂါးတွေနဲ့ ဆက်စပ်နေတဲ့ မျိုးနွယ်စုတွေအပေါ် အတော်လေးကို အကျိုးသက်ရောက်မှုရှိတယ်။ အမှန်အတိုင်း ပြောရရင် သူတို့တွေက ချီကျင့်ကြံသူတွေထက် အဆင့်(၁)ဆင့်၊ ဒါမှမဟုတ် (၂)ဆင့်လောက် မြင့်နေမယ်ဆိုရင်တောင် အသာစီးရမှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ချီကျင့်ကြံသူတွေက ကျွန်မတို့ကို အေးအေးဆေးဆေး ဖမ်းဆီးနိုင်တယ်…"
စိမ်းပြာဝတ်ကောင်လေးက ချန်းပင်အန်းနှင့် ခြေလှမ်းပေါင်းများစွာအကွာသို့ နောက်ဆုတ်သွားခဲ့သည်။ သူက အဝေးတွင် ထိုင်ချလိုက်ပြီး ထပ်ပြောလိုက်၏။ "အဲဒီလိုလည်း မရိုးရှင်းဘူး။ နဂါးဘုရင်ခြင်းတောင်းထဲမှာ ဖမ်းဆီးချုပ်နှောင်ခံလိုက်ရမယ်ဆိုရင် ငါတို့ခံစားရမယ့် နာကျင်မှုက လူတစ်ယောက်ကို ပွက်ပွက်ဆူနေတဲ့အိုးထဲ ပစ်ထည့်လိုက်တဲ့ နာကျင်မှုထက် နိမ့်မှာတော့ မဟုတ်ဘူး။ ငါတို့က ဓားပေါင်းတစ်သောင်းလောက်နဲ့ တိုက်ခိုက်ခံနေရသလို ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားရလိမ့်မယ်…”
“ဒါက အပြင်လူတွေကို လုံးဝထုတ်မပြတဲ့ ရှေးဟောင်းရှုတိုင်းပြည်မှာရှိတဲ့ အကြီးဆုံးဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ။ သူတို့တွေကပဲ နဂါးဘုရင်ခြင်းတောင်းကို ယက်နိုင်ကြတယ်။ သူတို့က ငါတို့လို ရေနဂါးနဲ့ ပတ်သက်တဲ့ မျိုးနွယ်စုတွေ အပေါ်မှာတော့ အတော်လေးကို အကျိုးသက်ရောက်မှုရှိတယ်။ အမှန်အတိုင်းပြောရရင် သူတို့တွေက ချီကျင့်ကြံသူတွေထက် အဆင့်(၁)ဆင့် ဒါမှမဟုတ် (၂)ဆင့်လောက် မြင့်နေမယ်ဆိုရင်တောင် အသာစီးရမှာ မဟုတ်ဘူး။ ရေနဂါးတွေကို ဖမ်းဆီးချင်တဲ့ ချီကျင့်ကြံသူတွေကို အဲဒီရတနာတွေ ရောင်းကြတယ်လေ..”
သူ့အသံက လှုပ်ရှားနေပြီး သူက လက်သီးကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
"နဂါးဘုရင် ခြင်းတောင်း ဒီလောက်သေးသေးလေးကတောင် ကျွန်တော့်ကို ဖမ်းဖို့ လုံလောက်တယ်…"
ချန်းပင်အန်က သူ့လက်ကို ကားပြလိုက်ပြီး လေထဲတွင် အမူအရာ လုပ်ပြ၍ မေးလိုက်သည်။
"ဒါဆိုရင် ဒီလောက်ကြီးရင်ကော…"
နဂါးဘုရင် ခြင်းတောင်း၏ ကြောက်စရာကောင်းသော သဘာဝကို နားလည်နေသော စိမ်းပြာဝတ် ကောင်လေးကို မပြောနှင့် ၊ ပန်းရောင်ကလေးမလေးကပင် တိတ်ဆိတ် ကြောက်လန့်သွားခဲ့သည်။
ထိုကောင်လေးက ဆူပုတ်ပုတ်မျက်နှာနှင့် ပြောလိုက်၏။
"ဆရာ...
ကျွန်တော်က ဒီကမ္ဘာကြီးထဲမှာ အဲဒီလောက်ကြီးတဲ့ နဂါးဘုရင် ခြင်းတောင်းတစ်ခု ရှိနေတာကို ကြားတောင် မကြားဖူးဘူး။ မြင်ဖူးဖို့ကတော့ မပြောနဲ့တော့။ ဆရာ့ဆီမှာ အဲဒီလိုတစ်ခု မရှိနိုင်ဘူး မဟုတ်လား…"
သူက ဒုတိယမြောက် မြွေကျောက်တုံး လက်လျှော့ချင်စိတ်ကို ဖိနှိပ်ထားလိုက်ပြီး မသက်မသာ အသံနှင့် ရှင်းပြလိုက်သည်။
"တကယ်လို့ အဲဒီလောက်ကြီးတဲ့ နဂါးဘုရင် ခြင်းတောင်းကသာ အမှန်တကယ် ရှိနေမယ်ဆိုရင် နှစ်ပေါင်းတစ်သောင်းလောက် ရေနဂါးအဖြစ် ပြောင်းလဲနေတဲ့ ဘိုးဘေးအိုကြီးကတောင် အညံ့ခံရလိမ့်မယ်…”
“ဆရာ… အဲဒီပုလင်းတွေက မလှဘူးလို့ ခံစားနေရတာလား။ အဆင်ပြေပါတယ်။ ဆရာက အဲဒါကို သိမ်းထားပြီး စိတ်ကြိုက်ကစားလို့ရတယ်။ တကယ်လို့ ဆရာ မကြိုက်သေးဘူးဆိုရင် ဆရာ့ရဲ့မြို့ကို ရောက်တဲ့အချိန်ကျရင် ကျွန်တော့်ကို ရိုးရိုးရှင်းရှင်း ပြန်ပေးလို့ရတယ်။ အဲဒီမြွေကျောက်တုံးကိုတော့ ဆရာပေးမလား မပေးဘူးလားဆိုတာ ဆရာ့ရဲ့ခံစားချက်အတိုင်းပဲ ဆုံးဖြတ်ပါ…"
ချန်းပင်အန်းက ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
"ငါ့မှာ နဂါးဘုရင် ခြင်းတောင်း မရှိဘူး။ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင် မင်းတို့နှစ်ယောက်က ဘာမှ စိုးရိမ်နေဖို့ မလိုဘူး…"
ထို့ကြောင့်လည်း တာ့ဆွေတိုင်းပြည်မှ မင်းသား ကောင်းရွှမ်က ရွှေငါးနှင့် နဂါးဘုရင် ခြင်းတောင်းကို ဝယ်ယူသွားခဲ့ပြီးနောက် သူ့ကို အလွန်ကျေးဇူးတင်နေခဲ့ခြင်း ဖြစ်သည်။ သူက ချန်းပင်အန်းကို ရွှေအဆီအနှစ် ကြေးပြားတစ်ထုပ် ပေးခဲ့သည့်အပြင် တာ့ဆွေတိုင်းပြည် မြို့တော်ထဲ၌ နေထိုင်ခဲ့သည့်အချိန်တွင်လည်း ချန်းပင်အန်းကို ကျေးဇူးတင်ခဲ့သည်။
ထိုအချိန်တွင် မြို့ငယ်လေးထဲ၌ ငါးနှင့် ခြင်းတောင်း ရောင်းနေသောလူကို မြင်လိုက်ရသည့်အခါ ချန်းပင်အန်းက ထိုပစ္စည်းနှစ်ခုနှင့် ပတ်သက်ပြီး အလွန်ထူးခြားကြောင်း ချက်ချင်း သတိထားမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ ရေထဲမှ ဖမ်းပြီးသား ငါးတစ်ကောင်က ထိုမျှ အချိန်ကြာမြင့်စွာ မည်သို့ ရှင်သန်နိုင်သနည်း။
သို့သော် သူကတော့ အလွန်ဆင်းရဲသည့်အတွက် သူ့ကိုယ်သူ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရန်ပင် ခက်ခဲခဲ့သည်။ ထို့ကြောင့် သူက ငွေကြေးများကို မည်သို့ အလေးမဲ့ အသုံးပြုရဲမည်နည်း။ နဂါးမီးဖိုကြီးထဲတွင် အလုပ်လုပ်ပြီး ကြေးပြားတချို့ ရရှိလာပြီးနောက် ချန်းပင်အန်းက မလိုအပ်သော ဝယ်ယူမှုများကို မလုပ်ရဲခဲ့ပေ။ ထို့သို့ဆိုရာတွင် သူက စားစရာနှင့် လိုအပ်သည်များကို ရရှိရန် အလွန်ခက်ခဲနေသေးသည်။ မည်သို့ဖြစ်စေကာမူ ကောင်းရွှမ်နှင့် အဘိုးအို ရောက်လာသည့်အတွက်ကြောင့် သူက ငါးနှင့် ခြင်းတောင်းကို ဝယ်ယူ၍ မရခဲ့ပေ။
ချန်းပင်အန်းက စမ်းချောင်းထဲသို့ ကျောက်ခဲလေးတစ်လုံး ပစ်လိုက်သည်။ ထိုအချိန်တွင် သူက အနည်းငယ် စိတ်ပျက်နေမိခဲ့၏။ ထိုအရာကတော့ အလွန်ကြီးမားသော အခွင့်အရေးကြီးတစ်ခုကို ဆုံးရှုံးသွားရခြင်းကြောင့် မဟုတ်ချေ။ ထိုအစား သူက အလွန်ကြီးမားသော ရွှေနှင့်ငွေတောင်ကြီးတစ်ခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။ အဆုံးတွင်တော့ သူ ဂရုစိုက်သည်မှာ ငွေကြေးများသာ ဖြစ်၏။
အမှန်အတိုင်းပြောရလျှင် ထိုလူက လီဟွိုင်၏ အဖေဖြစ်ပြီး အဘိုးကြီးယန်၏ တပည့် တစ်ယောက်ဖြစ်သော လီအာ့ ဖြစ်ကြောင်း သူ မသိခဲ့ပေ။ ထိုအချိန်တွင် လီအာက အဆင့်(၉)အထွဋ်အထိပ် ဖြစ်၏။ ထို့ပြင် ရွှေအဆီအနှစ် ကြေးပြားများကို စုဆောင်းရန် တာဝန်ရှိသော မြို့ငယ်လေး၏ တံခါးစောင့်နှင့် ယှဉ်လိုက်မည်ဆိုလျှင် လီအာ့က ချန်းပင်အန်းအပေါ် ပို၍ကောင်းမွန်သော ခံစားချက်ရှိသည်။ ထို့ကြောင့်လည်း သူက ငါးနှင့် ခြင်းတောင်းကို ချန်းပင်အန်းဆီသို့ တိုက်ရိုက်လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ နောက်ကွယ်တွင်တော့ ပို၍လေးနက်သော အကြောင်းပြချက်တစ်ခု ရှိသည်။
အဘိုးကြီးယန် ကဲ့သို့သော တူညီသည့်တာအိုကို လေ့ကျင့်ထားသူများက တရားမျှတမှုကို အလွန်အလေးထားကြသည်။ ထို့ကြောင့် လီအာ့က တန်ဖိုးတစ်ခုကို သတ်မှတ်လိုက်ပြီး ချန်းပင်အန်းကို အခွင့်အရေးကြီး ပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ထိုအရာက ပို၍တရားမျှတပြီး အစစ်အမှန် ဖြစ်လာပါလိမ့်မည်။ သို့သော် တာ့ဆွေတိုင်းပြည်မှ မင်းသားက လမ်းတစ်ဝက်တွင် ပေါ်လာခဲ့သည်မှာ နှမြောစရာကောင်းသည်။ လီအာ့က ထိုစည်းမျဉ်းများကို သတ်မှတ်ထားသည့်အတွက် မင်းသားနှင့် အဘိုးအိုတို့ ပေါ်လာသည့်အခါ သူလည်း ချက်ချင်း သတိထားမိခဲ့သည်။ သူက ထိုအခွင့်အရေးကို ချန်းပင်အန်းဆီသို့ မပေးရဲခဲ့ပေ။
ထို့နောက် သူက အဘိုးကြီးယန်၏ ပြစ်တင်ကြိမ်းမောင်းမှုကိုပင် ခံခဲ့ရသေးသည်။ ထိုအရာတွင်သာမက အဘိုးကြီးယန်က သူ့ကို အလွန်ရက်စက်ကြမ်းကြုတ်သော အမှန်တရားတစ်ခု ပြောပြခဲ့သည်။ အကယ်၍ ချန်းပင်အန်းကသာ ရွှေငါးနှင့် နဂါးဘုရင်ခြင်းတောင်းတို့ကို ရရှိသွားမည်ဆိုလျှင် မြို့ငယ်လေးထဲမှ အသက်ရှင်ရက် ထွက်သွားရန်ပင် အလွန်ခက်ခဲသည်ဟု ပြောခဲ့၏။
နောက်ကွယ်တွင် ဖြစ်ပျက်နေသော အကြောင်းအရာမျိုးစုံက မြို့ငယ်လေး၏ ပတ်ပတ်လည်တွင် လည်ပတ်နေပြီး ယနေ့ထိ ချန်းပင်အန်းကတော့ သူ့မြို့လေး၏ အစစ်အမှန်သဘာဝကို နားမလည်နိုင်သေးပေ။
မဟာတာအိုနှင့် ပတ်သက်လာသည့် အချိန်၌ နေရာတိုင်းတွင် အန္တရာယ်နှင့် အခွင့်အရေးများ ရှိနေခဲ့သည်။ လုပ်ရပ်တစ်ခုက မိတ်ဆွေတစ်ယောက်ကို ဒဏ်ရာရသွားစေနိုင်ပြီး ရန်သူတစ်ယောက်ကပင် အကူအညီ ပေးလာတတ်၏။ မည်သည့်အရာကိုမျှ တသမတ်တည်း တွက်ဆထား၍ မရနိုင်ပေ။
ချန်းပင်အန်းနှင့် ကလေးနှစ်ယောက်က နောက်တစ်ကြိမ် ထိုင်လိုက်၏။ သူတို့က ညအချိန် တောင်ထိပ်ပေါ်၌ စခန်းချထားပြီး ချန်းပင်အန်းကတော့ မတ်တပ်ကျင့်စဉ်ကို ဆက်၍ ကျင့်နေသေးသည်။ သူက မီးဖိုလေး၏ အနားတွင် ခဏကြာ ထိုင်နေခဲ့၏။ ထို့နောက်တွင်မှ သူလည်း အိပ်ပျော်သွားခဲ့သည်။ သူက ထိုအရာကို အလေ့အကျင့်တစ်ခုကဲ့သို့ ပြောင်းလဲနေပြီ ဖြစ်၏။ သူက ညအချိန် စောင့်ကြပ်နေရန်လည်း မလိုတော့ပေ။
ညနက်လာသည့်အချိန်တွင် တောင်တန်းကြီးတစ်ခုလုံး တိတ်ဆိတ်မှုကသာ လွှမ်းခြုံနေခဲ့၏။ မီးပုံဘေးတွင် ထိုင်နေသော စိမ်းပြာဝတ်ကောင်လေးက မီးဖိုထဲသို့ သစ်ကိုင်းခြောက်တချို့ ထပ်ဖြည့်လိုက်သည်။ သူက ပန်းရောင်ဝတ် ကလေးမလေးကို အချက်ပြပြီး ပြောလိုက်၏။
"အရူးမလေး ဒီကို လာခဲ့ဦး…"
ပန်းရောင်ဝတ် ကလေးမလေးက နောက်ကျောတွင် လွယ်ထားသော ချွေးတုံရှန်း၏ စာအုပ်သေတ္တာကို မှီထားခဲ့သည်။ သူမက ဒေါသတကြီး ခေါင်းခါပြီး ပြန်ဖြေလိုက်၏။ "မလာဘူး…"
စိမ်းပြာရောင်ကောင်လေးက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါနင့်ကို မစားဘူးလို့ ကတိပေးတယ်…"
ပန်းရောင်ဝတ် ကလေးမလေးကတော့ သူ့ဆီကို သွားရန် ခေါင်းမာမာနှင့် ငြင်းဆန်နေခဲ့သေးသည်။
စိမ်းပြာရောင်ကောင်လေးက အနည်းငယ် ဒေါသထွက်သွားပြီး ခြိမ်းခြောက်လိုက်၏။
"တကယ်လို့ နင် ဒီကိုမလာရင် ငါ နင့်ဆီကိုလာပြီး နင့်ကို ဝါးစားပစ်မယ်။ နင်က ဘာဖြစ်နေတာလဲ။ နင်က ငါ့ရဲ့တောင်းဆိုမှုကိုတောင် ငြင်းဆန်ရဲတယ်ဆိုတော့ အရိုက်ခံပြီးမှပဲ စကားနားထောင်မှာလား…"
ပန်းရောင်ဝတ် ကလေးမလေးက ရွေးချယ်စရာမရှိတော့ဘဲ အားတင်း၍ လျှောက်သွားခဲ့သည်။
"ပြော...”
“ဆရာက စိတ်ဝင်စားစရာမကောင်းတဲ့ သာမန်လူတစ်ယောက်ပဲ။ သူ့မှာ ဘာလို့ ဒီလောက်ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ တပည့်တစ်ယောက် ရှိနေရတာလဲ.."
ကောင်လေးက မေးလိုက်သည်။
ကလေးမလေးက ထိုအကြောင်းကို ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"ဆရာက စိတ်နှလုံးသားနူးညံ့တဲ့ လူတစ်ယောက်ပဲ။ လူကောင်းတွေက အမြဲတမ်း ကံကောင်းတယ်လေ…"
စိမ်းပြာရောင်ကောင်လေးက အေးစက်စွာပြုံးပြီး ပြန်ဖြေလိုက်၏။ "သနားကြင်နာတတ်တဲ့ နှလုံးသားက လူတစ်ယောက်ကိုရော ဗိုက်ဝအောင် လုပ်ပေးနိုင်လား…"
ကလေးမလေးက နောက်သို့ တွန့်သွားခဲ့သည်။
"နင်က အဆင့်(၅) မီးစပါးအုံးမြွေ တစ်ကောင် မဟုတ်လား…"
ကောင်လေးက ခနဲ့သလို ပြောလိုက်၏။
"အဲဒီအပြင် နင့်မှာ ထူးခြားတဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင်ထားသေးတယ်။ နင်က နည်းနည်းလောက်တော့ မာနထားလို့ မရဘူးလား…"
ထိုအချိန်တွင် ကလေးမလေးက သူမ၏ခေါင်းမာမှုကို ပြသခဲ့သည်။ သူမက အသံတိုးတိုးနှင့် ပြန်ပြောလိုက်၏။
"နင်က ဝိညာဉ်အဆောင်ဂိုဏ်းက အဆင့်မြင့် အကြီးအကဲရဲ့ လိုက်လံတိုက်ခိုက်မှုကြောင့် ကီလိုမီတာ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရတယ်။ ဘာလို့ အဲဒီအချိန်မှာရော နင့်ရဲ့အစွမ်းကို မပြခဲ့ရတာလဲ…"
ထိုစကားကို ကြားသည့်အခါ ရှားရှားပါးပါး အဖြစ်အပျက်အဖြစ် စိမ်းပြာရောင်ကောင်လေးကတော့ ဒေါသထွက်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက စိတ်ရှည်လက်ရှည်နှင့် ရှင်းပြခဲ့၏။
"ငါက အဲဒီစုန်းမကို မကြောက်ဘူး။ သူက တော်တော်လေးကို အရှက်မရှိတဲ့ လူတစ်ယောက်ပဲ။ သူက ဒီလောက်အသက်ကြီးနေတာကိုတောင် မျက်နှာပေါ်မှာ မိတ်ကပ်တွေ လိမ်းထားသေးတယ်။ ဒီတော့ ငါ့ရဲ့အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးနိုင်ဘူး။ တကယ်လို့ ငါသာ အဲဒီစုန်းမကြီးကို စားပစ်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် ငါက ဝိညာဉ်အဆောင်ဂိုဏ်း တစ်ခုလုံး ဒေါသထွက်တာကို ခံရလိမ့်မယ်။ သူတို့ရဲ့ ဒေါသကို ငါ့ရဲ့အစ်ကို မြစ်နတ်ဘုရားက ခံစားရလိမ့်မယ်။ ငါက ဒီလိုအရာမျိုးကို မလုပ်နိုင်ဘူး.."
ပန်းရောင်ဝတ် ကလေးမလေးက တိတ်တဆိတ် ပြန်လှည့်သွားပြီး မျက်ခုံးပင့်လိုက်သည်။ သူမက ထိုသို့သာ လုပ်ဆောင်ရဲ၏။
"အရူးမလေး နင်က ဆန့်ကျင်ချင်နေတာလား…"
စိမ်းပြာဝတ် ကောင်လေးက ဒေါသတကြီး ပြောလိုက်၏။
"နင်က အရိုက်မခံဘဲ (၃)ရက်လောက်တောင် မနေနိုင်ဘူးလား။ အခု ဆရာ့ရဲ့ အထောက်အပံ့ ရှိနေလို့ နင်က နင့်ရဲ့ အစစ်အမှန်သခင်ကို လျစ်လျူရှုချင်နေတာလား.."
ကလေးမလေးက ကြောက်လန့်သွားခဲ့ပြီး ချန်းပင်အန်းကို အော်ခေါ်ရန် ကြိုးစားလိုက်သည်။ သို့သော် စိမ်းပြာဝတ် ကောင်လေးက အလျင်အမြန် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး သူမကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။
သူက သက်ပြင်းချပြီး ခေါင်းစဉ်ပြောင်း၍ ပြောလိုက်သည်။
"ဆရာက အဆင့်(၂) သိုင်းပညာရှင် တစ်ယောက်ပဲ ဖြစ်နေသေးတယ်။ သူက သာမန်အဆင့်(၃) သိုင်းပညာရှင်တွေထက် အားမနည်းပေမယ့် သူက အရမ်းကို အားနည်းတယ်ဆိုတာ ငါတို့နှစ်ယောက်လုံး သိနေတာပဲ။ ပြီးတော့ သူ့ရဲ့နေထိုင်မှုပုံစံနဲ့ စကားပြောဆိုမှုတွေကြောင့် သူက ချမ်းသာတဲ့ မိသားစုက မဟုတ်ဘူးဆိုတာလည်း ပြသနေတယ်။ သူက တကယ်ပဲ သူ့ရဲ့မွေးရပ်မြေမှာ တောင်(၅)တောင် ပိုင်ဆိုင်ထားပါ့မလား။ သူက ဒီလောက်များတဲ့ မြွေကျောက်တုံးတွေကိုရော အမှန်တကယ် ပိုင်ဆိုင်ထားမှာလား။ သူ့ရဲ့တပည့်က ငါတို့ကို ရည်ရွယ်ချက်ရှိရှိ လိမ်နေတာများ ဖြစ်နိုင်မလား။ သူက သေးငယ်တဲ့ တောင်တန်းလေးတွေနဲ့ ငါတို့ကို လှည့်စားချင်နေတာများ ဖြစ်မလား…"
ပန်းရောင်ဝတ် ကလေးမလေးကတော့ သူမနှင့် အလွန်ရင်းနှီးနေသော မီးတောက်များကို ငေးကြည့်နေမိခဲ့သည်။ သူမက အနွေးဓာတ်တစ်ခုကို ခံစားမိခဲ့ပြီး တီးတိုးပြောလိုက်၏။
"ငါတော့ ဘာမှ မစဉ်းစားဘူး…"
"ကျိလန် ချောင်ကလန်မှာရှိတဲ့ လက်ရှိမျိုးဆက်တွေ အားလုံးမှာ အကောက်ကြံမှုတွေ ရှိကြတယ်။ သူတို့တွေက သူတို့ရဲ့ဘိုးဘေးတွေ ကြိုးစားပမ်းစား လေ့ကျင့်ထားခဲ့တဲ့ စာသင်သားတွေရဲ့ အခြေအနေနဲ့ မနေနိုင်ကြဘူး။ ငါက အဲဒီနေရာကို နဂိုကတည်းက မကြိုက်ဘူးလေ။ ဒီတော့ ဆရာ့ရဲ့နောက်ကနေ မြို့ငယ်လေးကို လိုက်သွားတာက တော်တော်လေး အဆင်ပြေတယ်…"
စိမ်းပြာဝတ်ကောင်လေးက တည်ငြိမ်သော အမူအရာတစ်ခု ရှိနေသည်။ သူ၏ မျက်နှာပေါ်တွင် မူလတုန်းကကဲ့သို့ အပြုံးတစ်ခုလည်း မရှိတော့ချေ။ သူက ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချ၍ ပြောလိုက်၏။
"ချောင်ကလန်က တကယ်ပဲ လမ်းမှားကို လျှောက်နေတာ။ ဒါပေမယ့်... အဲဒီလိုလုပ်ဖို့အတွက် ထင်မြင်ချက် နည်းနည်းလေးပဲ ရှိတယ်။ တကယ်လို့ အဲဒါက တခြားတစ်ယောက်သာဆိုရင် သူတို့ကလည်း ဒီလမ်းကိုပဲ ရွေးချယ်ကြမှာပဲ။ တကယ်လို့ လူတစ်ယောက်ကသာ အင်မော်တယ်တစ်ယောက် ဖြစ်နိုင်မယ်ဆိုရင် ဘာလို့ နန်းတွင်းစာပေပဲ လေ့လာပြီး နန်းတွင်းစာမေးပွဲကို ဖြေနေရဦးမှာလဲ။ ကျင့်ကြံခြင်းကြောင့် လူတစ်ယောက်က အဆင့်မြင့်တဲ့ ကိုယ်ကျင့်တရားတစ်ခုကို ပိုင်ဆိုင်ထားနိုင်တယ်။ အဲဒီကိုယ်ကျင့်တရားကို ကမ္ဘာကြီးဆီ သယ်ဆောင်သွားပြီး လူထုကို ပညာပေးနိုင်မှာလား။ အဲဒါက ကွန်ဖြူးရှပ်သူတော်စင်တွေ ပြောခဲ့တဲ့ အလိမ်အညာတွေ သက်သက်ပဲ…”
“တော်ဝင်မြစ်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးတဲ့နောက် ငါက ကွန်ဖြူးရှပ်လမ်းစဉ်ကို ဆန့်ကျင်ပြီး ပြုမူလုပ်ဆောင်နေကြတဲ့ စာသင်သားတွေ အများကြီးကို မြင်ခဲ့ဖူးတယ်။ သူတို့က လူတိုင်းကို လျစ်လျူရှုထားပြီး အုပ်ချုပ်သူတွေကိုပဲ အလေးထားကြတယ်။ သူတို့တွေက အစ်ကိုမြစ်နတ်ဘုရားကို မြင်တဲ့အချိန်မှာ သနားစရာကောင်းတဲ့ နောက်လိုက်ငယ်လေးတွေလိုပဲ။ အမှန်အတိုင်းပြောရရင် သူတို့က မြို့တော်ထဲမှာရှိတဲ့ နန်းတွင်းအရာရှိတွေကို မြင်တဲ့အချိန်မှာ ပိုပြီးတော့တောင် ကြောက်လန့်နေသေးတယ်။ တကယ်လို့ ကျင့်ကြံသူတစ်ယောက်က ပြဿနာရှာရင် အဲဒီလူတွေက ချက်ချင်း ဖြေရှင်းပေးဖို့ ညီအစ်ကို မြစ်နတ်ဘုရားကို ချက်ချင်း လာပြီး တောင်းဆိုကြတယ်။ တကယ်လို့ ငါ့အစ်ကိုကသာ ခံစားချက်ဆိုးနေရင် သူတို့ကို လျစ်လျူရှုထားတဲ့အတွက် သူတို့က ကျောင်းဆောင်အပြင်ဘက်မှာ ရက်ပေါင်းများစွာ စောင့်နေကြရတယ်။ အဲဒီအချိန်အတောအတွင်း သူတို့တွေက အထဲကို ကြည့်တောင် မကြည့်ရဲဘူး။ တော်တော်ပျင်းစရာကောင်းတယ်…"
ပန်းရောင်ဝတ် ကလေးမလေးက တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။
စိမ်းပြာရောင်ကောင်လေးက အပြုံးနှင့် ပြောလိုက်၏။
"ဆရာ အိပ်ပျော်သွားပြီ။ ဒါပေမယ့် ဒီညကတော့ ငါ့အတွက် အဆင်ပြေနေသေးတယ်။ ငါက အိပ်ချင်တယ်လို့ မခံစားရသေးဘူး။ ကြည့်ရတာ နွေဦးရာသီ ညအချိန်က ရွှေစတစ်ထောင်လောက် တန်ကြေးရှိမယ်ထင်တယ်။ အရူးမလေး... နင်က ငါ့မိန်းမ မလုပ်ချင်ဘူးလား…"
ပန်းရောင်ဝတ် ကလေးမလေး၏ မျက်လုံးများက ချက်ချင်းနီရဲလာပြီး အပြစ်ပြောလိုက်၏။
"အရူးကောင်…"
စိမ်းပြာဝတ်ကောင်လေးက မျက်လုံးပြူးကာ ပြန်ဖြေလိုက်၏။
"ဘာဖြစ်လို့လဲ။ ဒါက နင့်အတွက် ကံကောင်းမှုကြီးတစ်ခုပဲလေ။ အမှန်အတိုင်း ပြောရရင် နင့်ရဲ့ဘိုးဘေးတွေ ဦးခေါင်းထဲကနေ ကံကောင်းမှုတွေ ထွက်လာမှာလား။ ငါက နင့်ကို တကယ်သဘောကျတယ်လို့ ထင်နေတာလား။ တကယ်လို့ ငါကသာ မရသေးတဲ့ နင့်ရဲ့မြွေကျောက်တုံးတွေကို မက်မောနေတာ မဟုတ်ရင်..."
ကလေးမလေးက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"ငါ ဆရာ့ကို သွားပြောမယ်…"
ကောင်လေးက ချက်ချင်းပင် စကားပြန်ပြင်ပြောလိုက်ရသည်။ သူက ဒေါသတကြီး လက်နှစ်ဖက်ကို ဝှေ့ယမ်း၍ တောင်းပန်လိုက်၏။
"ဒီလိုမလုပ်ပါနဲ့။ အဆင်ပြေလား။ ဒါဆိုလည်း ငါတို့က မောင်နှမတွေ လုပ်ရင် မကောင်းဘူးလား။ သွေးသောက်မောင်နှမတွေ ဖြစ်သွားရင် နင့်ရဲ့ပစ္စည်းတွေက ငါ့ပစ္စည်း ဖြစ်လာလိမ့်မယ်။ ငါ့ပစ္စည်းတွေကလည်း ငါ့ပစ္စည်းပဲ ဖြစ်လာလိမ့်မယ်လေ.."
ပန်းရောင်ဝတ် ကလေးမလေးက နောက်ကျောတွင် စာအုပ်သေတ္တာလေးကို သယ်ဆောင်ပြီး ထိုကောင်လေး၏ အဝေးသို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
စိမ်းပြာဝတ်ကောင်လေးကတော့ မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ တင်၍ ကျယ်လောင်စွာ ရယ်မောနေခဲ့၏။ ထို့နောက် သူက စိတ်မဝင်စားတော့သည့် ပုံစံနှင့် တီးတိုးရေရွတ်လိုက်သည်။
"သူက တကယ်ကို အရူးမလေးပဲ…"
သူက တောင်ထိပ်ပေါ်သို့ ပြေးထွက်သွားခဲ့ပြီး အားရပါးရ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဒီလောကကြီးထဲမှာ မင်းနဲ့ငါက ယာယီရပ်တန့်နေရတဲ့ ခရီးသွားတွေပဲ။ ဒီအရူးမလေးကို ငါနဲ့အတူ ခေါ်ထားရပြီး ငါက ဆရာနဲ့အတူ မြို့ကို ပြန်သွားရလိမ့်မယ်…"
ချန်းပင်အန်းက လျင်မြန်စွာ အိပ်ပျော်နေသင့်သော်လည်း ထိုစကားကို ကြားသည့်အခါ သူ၏နှုတ်ခမ်းလေးက ပြုံးနေခဲ့သည်။ ထိုအချိန်ကျမှသာ သူက ရပ်တန့်ခြင်း (၁၈)သွယ် ကျင့်စဉ်လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပြီး အမှန်တကယ် အိပ်ပျော်သွားခဲ့၏။
Translated by Hein Htet.