အခန်း (၁၈၀)
Vol. 12 Ch. 180
ချန်းပင်အန်းက နှင်း လက်တစ်ဆုပ်ကို ဖမ်းလိုက်ပြီးနောက် လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး အပြုံးနှင့် လိုဏ်ဂူထဲသို့ ပြန်လာခဲ့သည်။ သူက သူ့လက်နှစ်ဖက်ကို အနွေးဓာတ်ရစေရန် ခဏကြာ မီးလှုံလိုက်၏။
ထို့နောက် သူ၏ခြင်းတောင်းထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး မီးရောင်အောက်တွင် စတင်ဖတ်ရှုနေခဲ့သည်။ ထိုအရာက စာသင်သားသူတော်စင် သူ့ကို လက်ဆောင်ပေးခဲ့သော ကွန်ဖြူးရှပ်ကျမ်းစာအုပ်ဖြစ်သည်။
ချန်းပင်အန်းဆီတွင် အလွန်ကောင်းမွန်သော မှတ်ဉာဏ်တစ်ခုရှိပြီး လမ်းတစ်လျှောက်တွင် ထိုစာအုပ်ကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးသွားသည့်အတွက် စာအုပ်ထဲရှိ စကားလုံးတိုင်းကို လုံးဝမှတ်မိနေခဲ့သည်။ သို့သော် သူက စာရွက်များကို လှန်ပြီး တစ်ယောက်တည်း တိတ်တဆိတ် ကျယ်လောင်စွာ ဖတ်နေသေး၏။
စာအုပ်တစ်အုပ်၏ အဓိပ္ပာယ်က အကြိမ်ပေါင်းများစွာ ဖတ်ရှုမှသာ ရှင်းလင်းလာနိုင်ကြောင်း လီပေါင်ဖျင်က သူ့ကို တစ်ကြိမ်ပြောခဲ့ဖူးသည်။ ချန်းပင်အန်းက ထိုစကားကို ပို၍သဘောတူလက်ခံခဲ့သည်။
ထို့ကြောင့် သူက ယောင်ရှန်သိုင်းကျမ်းအတိုင်း လမ်းလျှောက်ကျင့်စဉ်နှင့် မတ်တပ်ကျင့်စဉ်တို့ကို လေ့ကျင့်ပြီးသွားသည့်အချိန်တိုင်း စာဖတ်ခြင်းနှင့် လက်သီးကျင့်ကြံမှုကို တူညီသော စည်းမျဉ်းတစ်ခုအတိုင်း လုပ်ဆောင်ရန် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေခဲ့သည်။
လက်သီးသိုင်းကို အကြိမ်တစ်သန်း လေ့ကျင့်ပြီးနောက် သူက အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာမည် ဖြစ်သည်။ သူက နေ့ရောညပါ လက်သီးသိုင်းကို ဇွဲရှိရှိနှင့် လေ့ကျင့်နေပြီး တစ်နေ့လျှင် (၁၄) နာရီ၊ (၁၅) နာရီနီးပါးခန့် လုပ်ဆောင်တတ်၏။ ထိုအရာက အိမ်ပျက်တစ်လုံးကဲ့သို့ ဖြစ်နေသော သူ့ခန္ဓာကိုယ်ကို ပြင်ဆင်ရန်အတွက် အလွန်အကျိုးသက်ရောက်မှုရှိသည်။
တစ်ဖက်တွင်တော့ ချန်းပင်အန်းက အဘိုးကြီးယန် သင်ပေးထားခဲ့သော အသက်ရှုလေ့ကျင့်ခန်းနှင့် ရပ်တန့်ခြင်း (၁၈) သွယ် ကျင့်စဉ်တို့ကို လက်သီးသိုင်းနှင့် ပေါင်းစပ်လေ့ကျင့်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း တိုးတက်လာကြောင်း ခံစားမိခဲ့သည်။ ထို့ကြောင့် အသက်ရှင်ရပ်တည်ရေးက သူ့အတွက် အဓိကဦးတည်ချက်တစ်ခု မဟုတ်တော့ပေ။
လက်ရှိအချိန်တွင် ချန်းပင်အန်းက အနည်းငယ်ပို၍ လိုချင်လာခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် တစ်နေ့နေ့ သူက မိန်းကလေးတစ်ယောက်နှင့် ပြန်လည်ဆုံစည်းရမည်ဆိုလျှင် သူက ရွှံ့ပုလင်းလမ်းကြားထဲရှိ အိမ်ငယ်လေးကကဲ့သို့ မဟုတ်တော့ကြောင်း ပြသချင်ခဲ့သည်။
ထိုအချိန်တွင် သူမက သူ့ကို အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေသော်လည်း နောက်တစ်ချိန်တွင်တော့ သူမက သူ့ကို လက်မထောင်ပြီး ချီးကျူးမည့်အခြေအနေကို မြင်တွေ့ချင်ခဲ့သည်။
ချန်းပင်အန်းက လက်ထဲတွင် ကိုင်ထားသော စာအုပ်၏ စာမျက်နှာလေးများကို ဖြည်းညင်းစွာ လှန်နေပြီး စာရွက်တစ်ခုချင်းဆီတိုင်းကို အသေးစိတ် ဖတ်ရှုနေခဲ့သည်။ မည်းမှောင်နေသော သူ၏မျက်နှာက မီးရောင်အောက်တွင် လင်းထိန်နေပြီး လူတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ထင်ရ၏။ သူတို့ကတော့ ပထမဆုံး မျက်လုံးနှင့် ဆုံရသည်ထက်ပင် ပို၍နားလည်နိုင်ခဲ့သည်။
ပန်းရောင်ဝတ် ကလေးမလေးက အလွန်အစွမ်းထက်သော မီးစပါးအုံးမြွေတစ်ကောင် ဖြစ်သော်လည်း သူမဆီတွင် ကလေးတစ်ယောက်၏ နှလုံးသားသာ ရှိနေသေးသည်။ ကျိလန် ချောင်ကလန်၏ စံအိမ်ထဲတွင် သူမ၏အချိန်အများစုက ကျမ်းစာ စာကြည့်တိုက်ထဲတွင်သာ နေခဲ့ရပြီး ကံဆိုးမှုများ ကျရောက်လာမှာ စိုးသည့်အတွက် အပြင်ဘက်ကို မထွက်ရဲပေ။
ချန်းပင်အန်း၏ အိမ်အပြန်လမ်းတွင် သူမကတော့ ကလေးဆန်သော သဘာဝနှင့် တဖြည်းဖြည်း ပို၍အသားကျလာခဲ့၏။ လက်ရှိအချိန်တွင် သူမက လမ်းမဘေး၌ နှင်းရုပ်တစ်ခု လုပ်ဆောင်ရန် အလုပ်များနေပြီး ကောင်းကင်ပေါ်မှ ပို၍များပြားသော နှင်းများ ကျဆင်းလာရန် မျှော်လင့်နေခဲ့သည်။
စိမ်းပြာဝတ်ကောင်လေးက ရေမြွေတစ်ကောင်ဖြစ်၏။ ထို့ကြောင့် သူ့ဆီတွင် ရေနှင့် ပတ်သက်သော သဘာဝစွမ်းအင်မျိုးရှိပြီး သူကတော့ နှင်းရုပ်များ လုပ်ဆောင်မှုကဲ့သို့ အရာမျိုးကို စိတ်မဝင်စားချေ။ သူက မီးပုံဘေးတွင် ထိုင်နေပြီး ထိုကဲ့သို့ စိတ်ပျက်စရာကောင်းသော လူနှစ်ယောက်နှင့် ခရီးသွားလာနေရသည့်အတွက် အတော်လေး စိတ်ပျက်နေမိခဲ့သည်။
ပန်းရောင်ကလေးမလေးက ချန်းပင်အန်း၏ ပုံသဏ္ဌာန် နှင်းလူရုပ်တစ်ခုကို ဖန်တီးနေခဲ့သည်။ သူမက သူ့ဆီကို သွားပြီး ပြသတော့မည့်အချိန်တွင် သူမ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူမက အလွန်စိုးရိမ်ထိတ်လန့်နေသော အမူအရာနှင့် လိုဏ်ဂူထဲသို့ ပြန်ဝင်လာခဲ့သည်။
“ဆရာ လမ်းမပေါ်မှာ လူတစ်ယောက်နှင့် မိန်းမတစ်ယောက် ပေါ်လာတယ်။ အဲဒီလူက ဘာမှထူးခြားတဲ့ပုံမရပေမယ့် အဲဒီမိန်းမကတော့ နတ်ဆိုးစွမ်းအားတွေ တော်တော်လေးများတယ်။ ကျွန်မတို့ ဘာလုပ်သင့်လဲ…”
စိမ်းပြာဝတ်ကောင်လေးက လေထဲတွင် ခဏကြာအနံ့ခံကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“တကယ့်ကို အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင်ပဲ။ သူ့မှာ မြေခွေးတစ်ကောင်ရဲ့ ရနံ့မျိုး ရနေတယ်။ ဆရာ …ဆရာက သိမှာ မဟုတ်ပေမယ့် မြေခွေးနတ်ဆိုးတွေက ဒီကမ္ဘာကြီးထဲမှာ အလှဆုံးနတ်ဆိုးတွေထဲက တချို့ပဲ။ ကျွန်တော် ဒီကနေ ထွက်သွားပြီး ဆရာ့ရဲ့အိပ်ယာထဲမှာ ဖျော်ဖြေပေးဖို့အတွက် သူ့ကို အစေခံမလေးအဖြစ် ဖမ်းပေးမယ်။ သူက ဒီအရူးမလေးထက်တော့ အဆပေါင်းများစွာ ပိုပြီးတော့ ကောင်းနိုင်တယ်…”
ချန်းပင်အန်းက စာအုပ်ကိုပိတ်ပြီး ပြောလိုက်သည်။
“တကယ်လို့ သူတို့က ဖြတ်သွားရုံပဲဆိုရင်တော့ ငါတို့က လမ်းမကနေ ဖယ်ပေးလိုက်ပြီး သူတို့ကို သွားခိုင်းလိုက်ပါ။ တကယ်လို့ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေမယ်ဆိုရင်တော့ ငါတို့က သူတို့ကို တိုက်ခိုက်ကြတာပေါ့…”
စိမ်းပြာဝတ်ကောင်လေး၏ စိတ်လှုပ်ရှားမှုများအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး သူက ရိုးရိုးကျိုးကျိုးနှင့် ပြန်ထိုင်၍ သက်ပြင်းချလိုက်မိသည်။
“ဆရာ …
အကျိုးဆောင်ဖို့ ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက်တော့ ပေးသင့်တယ်..”
ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ငါတို့အားလုံး အိမ်ကို လုံလုံခြုံခြုံ ပြန်ရောက်နိုင်တယ်ဆိုရင်ပဲ လမ်းတစ်လျှောက်မှာ မင်းရဲ့အကျိုးဆောင်မှုက အရမ်းကြီးတယ်…”
“ကျွန်တော်တို့က တာ့လီအင်ပါယာရဲ့ ပိုင်နက်ထဲကိုတောင် ရောက်နေပြီလေ။ ဒါပေမယ့် တစ်ချိန်လုံး သတိထားနေတုန်းပဲ…”
စိမ်းပြာဝတ်ကောင်လေးက မကျေမနပ်ဖြစ်နေသော အမူအရာနှင့် ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းတွေကို ဘယ်အချိန်ပြသခွင့်ရမှာလဲ…”
မျက်နှာပြင်ပေါ်တွင် ဆောက်နှင့် ထွင်းထားသကဲ့သို့ ဖြစ်နေသော ရှေးဟောင်းလမ်းမပေါ်တွင် လူတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က လမ်းလျှောက်နေကြပြီး တစ်ယောက်က ရှေ့မှလျှောက်၍ တစ်ယောက်က နောက်မှလျှောက်လာခဲ့သည်။
အမျိုးသမီးက ပိုးဖဲဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည့်အတွက် အလွန်ထူးခြားသော သူမ၏ခန္ဓာကိုယ်ကို ပြသနေခဲ့သည်။ သူမ၏မျက်နှာကို ဖုံးကွယ်ထားသော ဦးထုပ်တစ်ခုလည်း ရှိနေသေး၏။
လူကြီးကတော့ အတော်လေးကို အရပ်မြင့်ပြီး ချောမောခန့်ညားသည်။ သူက အဖြူရောင် သားမွေးဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားခဲ့၏။ သူ့ခါးတွင် အနီရောင် အရက်ဘူးတစ်ခု ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက သဘာဝတရားကြီး၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်နေသည်။
သူတို့နှစ်ယောက်က လိုဏ်ဂူကို ဖြတ်သန်းသွားသည့်အချိန်တွင် အမျိုးသမီးက အတွင်းထဲ၌ ရှိနေသော ချန်းပင်အန်းတို့ (၃)ယောက်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူတို့ကို လျစ်လျူရှုထားခဲ့၏။
စိမ်းပြာဝတ်ကောင်လေးက ပြဿနာရှာရန် ဆန္ဒပြင်းပြနေသော်လည်း ထိုအမျိုးသမီး၏ အကြည့်ကို မြင်လိုက်ရသည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့၏။ သူက ချန်းပင်အန်းထက်ပင် ပို၍မတ်မတ်ထိုင်နေမိခဲ့သည်။
တစ်ဖက်တွင်တော့ ပို၍နိမ့်ကျသော ကျင့်စဉ်အဆင့်ရှိနေသည့် ပန်းရောင်ဝတ် ကလေးမလေးက ထိုအမျိုးသမီး မည်မျှအစွမ်းထက်ကြောင်း ခံစားမိခဲ့ခြင်း မရှိချေ။ သူမက သတိထားနေသော အမူအရာနှင့် လမ်းသွားလမ်းလာစုံတွဲကိုသာ ကြည့်နေခဲ့သည်။
ချန်းပင်အန်းကတော့ လက်ထဲတွင် ကိုင်ထားသော စာအုပ်ကို ပေါင်ပေါ်သို့ တင်ထားလိုက်ပြီး လက်နှစ်ဖက်ကို မီးလှုံနေခဲ့သည်။ သူက ဖြတ်သွားသော စုံတွဲကို အာရုံစိုက်နေခြင်း မရှိချေ။
လူကြီးက နှင်းလူသားရုပ်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ ပျော်ရွှင်သွားသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ခဏစဉ်းစားပြီးနောက် လိုဏ်ဂူထဲသို့ ဝင်လာခဲ့၏။
သို့သော် သူက အပေါက်ဝကို ကျော်မလာခဲ့ဘဲ လိုဏ်ဂူ၏ ဝင်ပေါက်တွင် ရပ်ပြီး ချန်းပင်အန်းကို ကြည့်၍ အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားနှင့် ပြောလိုက်သည်။
“ငါ့ရဲ့အစေခံနဲ့ ငါက နှင်းကျနေတဲ့ ညအချိန် ခရီးသွားလာခဲ့ရတော့ တော်တော်လေး ပင်ပန်းနေပြီ။ ငါတို့ရော အထဲကို ဝင်လာပြီး မင်းတို့နဲ့အတူ ခဏအနားယူလို့ရမလား..”
လိုဏ်ဂူဝင်ပေါက်တွင် ရပ်နေသော ထိုလူက နွေးထွေးပြီး ဖော်ရွေသော လူတစ်ယောက် ဖြစ်ကြောင်း ချန်းပင်အန်းက သတိထားလိုက်မိသည်။ ထိုအရာက လုံးဝ တားဆီး၍ မရနိုင်သော ပြဿနာတစ်ခုဖြစ်ကြောင်း သိနေခဲ့၏။ အကယ်၍ ထိုလူကသာ သူတို့အပေါ် မကောင်းကြံလိုသော ဆန္ဒများရှိလျှင် သူတို့ကို လိုဏ်ဂူထဲသို့ ဝင်ခွင့်ပေးမပေးက ကိစ္စမရှိချေ။
ခေါင်းထဲတွင် ထိုအရာကို စဉ်းစားမိသည့်အတွက် သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
“ရပါတယ်…”
ထိုလူက လိုဏ်ဂူထဲသို့ ဝင်လာခဲ့ပြီး သူ့အစေခံဟု ခေါ်သော အမျိုးသမီးကတော့ လိုဏ်ဂူဝင်ပေါက်တွင် ရပ်နေခဲ့သည်။ ထိုလူကြီးက တင်ပျဉ်ခွေထိုင်လိုက်ပြီး လိုဏ်ဂူ၏ အတွင်းနံရံကို မှီထားလိုက်၏။ သူ၏ခါးတွင် ချိတ်ထားသော အရက်ဘူးကို ဖွင့်ပြီး အရက်အနည်းငယ် သောက်လိုက်၏။
ထိုသို့မလုပ်ခင် သူက ထူးဆန်းစွာ ပြောလိုက်သည်။
“ငါ့ရဲ့အစေခံက မြေခွေးနတ်ဆိုးတစ်ကောင်လေ။ သူက မင်းတို့(၃)ယောက်လုံးကို အစောကြီးကတည်းက သတိထားမိခဲ့တယ်။ ဒါကြောင့် မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် သူ့ရဲ့နတ်ဆိုးစွမ်းအားတွေကို ထုတ်လွှတ်ဖို့ ငါ ကိုယ်တိုင် ညွှန်ကြားလိုက်တာ။ စိတ်မပူပါနဲ့။ ငါတို့ဆီမှာ မကောင်းကြံတဲ့စိတ် မရှိပါဘူး…”
သူတို့က အင်မော်တယ်များဖြစ်စေ နတ်ဆိုးများဖြစ်စေ သူတို့၏ အစစ်အမှန် ရည်ရွယ်ချက်ကို ပြောပြရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် ချန်းပင်အန်းကတော့ သူသေကိုယ်သေ တိုက်ပွဲများနှင့် မရင်းနှီးခြင်း မဟုတ်ချေ။ သူက ထိုကဲ့သို့ တိုက်ပွဲမျိုးကို တစ်ကြိမ်ထက်မက ရင်ဆိုင်ခဲ့ဖူးသည်။
ဥပမာ လမ်းကြားလေးထဲတွင် ချိုက်ကျင်းကျန့်နှင့် ဖူနန်းဟွာတို့ကို ရင်ဆိုင်ခဲ့ပြီး ကျန့်ယန်တောင်မှ လူဝံကြီး၊ အင်မော်တယ်အုတ်ဂူထဲတွင် မာခူရွှမ်၊ သွားစားပွဲတောင်တွင် အဖြူရောင်စပါးအုံးမြွေနှင့် ခေါင်းအုံးဆက်သွယ်ရေးစခန်းတွင် ကျူးလု၏ လုပ်ကြံသတ်ဖြတ်မှုများကို ကြုံခဲ့ဖူးသည်။ ထိုအရာများအားလုံးတွင် ခက်ခဲသော အခြေအနေ၌ သူ၏တည်ငြိမ်နိုင်စွမ်းက သူ၏အသက်ရှင်သန်ရေးတွင် အဓိကအချက်တစ်ခုလည်း ဖြစ်သည်။
ထိုလူက အရက်တစ်ငုံသောက်လိုက်ပြီး အလွန်တောက်ပသော မျက်လုံးများနှင့် ချန်းပင်အန်းကို လှည့်ကြည့်လိုက်သည်။ သူက အပြုံးနှင့် တည့်တည့်သာ မှတ်ချက်ပေးလိုက်၏။
“မင်းရဲ့သိုင်းပညာကျင့်စဉ်အဆင့်က သိပ်ပြီးတော့ မမြင့်သေးတာ ငါသိတယ်။ ဒါပေမယ့် မင်းရဲ့လက်သီးဆန္ဒတွေကတော့ တော်တော်လေးကို ခိုင်မာတဲ့ အုတ်မြစ်တစ်ခုရှိတယ်။ တကယ်လို့ မင်းသာ ဒီလိုဆက်ပြီးသွားမယ်ဆိုရင် မင်းက နောက်ဆုံးအဆင့်ကိုတောင် သေချာပေါက် ရောက်ပါလိမ့်မယ်…”
စိမ်းပြာဝတ်ကောင်လေးက အနည်းငယ်လေး စိုးရိမ်ထိတ်လန့်နေပြီး အနည်းငယ်လေးပင် လှုပ်ရှားရဲခြင်း မရှိချေ။
“ဒီလူက နတ်ဆိုးကြီးတွေထဲမှာ တကယ့်နတ်ဆိုးတစ်ကောင်ပဲ…”
လက်ရှိအချိန်တွင် သူ ရောက်လာရသည့် အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။ ကမ္ဘာကြီးထဲတွင် မြေခွေးနတ်ဆိုးများက သူတို့၏သွေးဆောင်ဖြားယောင်းနိုင်သော အရည်အချင်းကြောင့် နာမည်ကျော်ကြားပြီး သူတို့က တခြားသောနတ်ဆိုးများထက် သူတို့၏နတ်ဆိုးစွမ်းအားများကို ပို၍ဖုံးကွယ်ထားနိုင်ကြသည်။
ထို့ကြောင့် နတ်ဆိုးသုတ်သင်ရေးတာဝန်များကို သွားကြသော ကျင့်ကြံသူ ပါရမီရှင်များက မြေခွေးနတ်ဆိုးများကို လိုက်လံတိုက်ခိုက်ကြသော်လည်း သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် အစွမ်းမျိုး ရှိကြသည်။ အပြင်ဘက်တွင် ရှိနေသော မြေခွေးနတ်ဆိုးက လိုဏ်ဂူအနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် သူမ၏မြေခွေးနတ်ဆိုးအငွေ့အသက်များက တဖြည်းဖြည်းပို၍ ထင်ရှားလာခဲ့သည်။
သို့သော် သူမက လိုဏ်ဂူ၏ဝင်ပေါက်ကို ဖြတ်သွားခဲ့သည့်အချိန်တွင် သူမ၏အငွေ့အသက်က လုံးဝကို ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် သူမက သာမန်လူသားတစ်ယောက်ကဲ့သို့သာ မှားယွင်းယူဆမိခဲ့သော စိမ်းပြာဝတ်ကောင်လေးက အလွန်ကြောက်လန့်သွားခဲ့သည်။ သူမက သူ့ကို လက်ညှိုးတစ်ချောင်းနှင့်ပင် သတ်ပစ်နိုင်စွမ်းရှိ၏။
စိမ်းပြာဝတ်ကောင်လေးကိုယ်တိုင်က နတ်ဆိုးတစ်ကောင်ဖြစ်သည်။ လူသားပုံသဏ္ဌာန်ကို ပြောင်းလဲထားခြင်းက မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းရာတွင် နတ်ဆိုးကျင့်ကြံသူများ၏ ပထမခြေလှမ်းလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် သူကတော့ အစစ်အမှန်လူသားတစ်ယောက် ဖြစ်လာရန် အတော်လေး အလှမ်းကွာနေသေး၏။
သူက တိုက်ခိုက်စွမ်းရည်အရ အဆင့်(၇) မြစ်နတ်ဘုရားကို ယှဉ်နိုင်သော အဆင့်(၆) ရေမြွေလေးတစ်ကောင်သာ ဖြစ်သည်။ သူက မြေခွေးနတ်ဆိုး၏ အငွေ့အသက်ကို လုံးဝခံစားမိခဲ့ခြင်း မရှိသော်လည်း သူတို့နှစ်ယောက်က သွားရှုပ်၍ မရကြောင်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူတို့ကသာ သူ့ကို အလွတ်ပေးမည်ဆိုလျှင် သူတို့၏ မြေးတပည့်ပင် ဖြစ်ချင်ခဲ့၏။ မြေခွေးနတ်ဆိုးမက အနည်းဆုံး အဆင့်(၉) ဖြစ်နိုင်သည်ဟု စိမ်းပြာဝတ်ကောင်လေးက တွက်ချက်မိခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူမက အစွမ်းထက်သော အဆင့် (၁၀) ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်နိုင်ချေများသည်။
ကောင်းကင်ဘုံအောက်တွင် ရှိနေသော နတ်ဆိုးများအားလုံးထဲတွင် အဆင့် (၁၀) ကို ရောက်ရှိရန်အတွက် အလွန်ကြီးမားသော အတားအဆီးတစ်ခုရှိသည်။ ထိုအရာက အလွန်အင်မတန်ကို ခက်ခဲပြီး ခန့်မှန်း၍ မရနိုင်သော ကံကောင်းမှုများကို ရရှိနိုင်၏။ ရေခဲစားစရာ မဟာမြစ်နတ်ဘုရား၏ အဖေဖြစ်သော ရေနဂါးအိုကြီးက အဆင့် (၁၀) ဖြစ်သော်လည်း သူ၏အစွမ်းက အဆင့် (၁၁) ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်သည်။
ချန်းပင်အန်းကတော့ ထိုအရာအားလုံးကို မသိခဲ့ပေ။ သို့သော် ပြဿနာတစ်ခု ကြုံနေရပြီဖြစ်ကြောင်း သိနေခဲ့၏။ ထို့ကြောင့် သူက သတိမလွတ်ခဲ့ပေ။ ထိုလူက ချီးကျူးလိုက်သော်လည်း ချန်းပင်အန်းကတော့ ဝမ်းသာမနေနိုင်ဘဲ တလေးတစားသာ ပြန်ဖြေလိုက်သည်။
“ဒီက မိတ်ဆွေရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်…”
ထိုလူက အရက်တစ်ငုံသောက်ပြီး ဆက်ပြောလိုက်၏။
“မင်းရဲ့သက်ရှည်တံတားက ပျက်စီးသွားတာတော့ နှမြောစရာပဲ။ မင်းက အဲဒါကို ပြန်ပြင်ဖို့ လုံးဝမဖြစ်နိုင်သေးဘူး။ ဒီတော့ မင်းက မတူညီတဲ့ လမ်းကြောင်းကို လျှောက်လှမ်းပြီး သက်ရှည်တံတားအသစ်တစ်ခုကို ပြန်ပြီးတော့ တည်ဆောက်လိုက်ပေါ့…”
ထိုလူ၏အသံက ဤနေရာတွင် ပျောက်ကွယ်သွားခဲ့ပြီး ထိုင်နေသော ချန်းပင်အန်း၏ ရှေ့တွင် ရှိနေသော စာအုပ်ကိုမြင်သည့်အခါ သူ၏မျက်လုံးထဲ၌ အံ့ဩနေသော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုပေါ်လာခဲ့၏။
“ကောင်းပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရေစက်ပါပဲ…”
ထို့နောက် သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။ သူ လိုဏ်ဂူထဲမှ ထွက်လာသည့်အချိန်တွင် အမျိုးသမီးက ရှေ့မှ တိတ်တဆိတ် ဦးဆောင်သွားခဲ့၏။ ရှေ့တွင် ရှိနေသော နှင်းရုပ်ထုကိုကြည့်ပြီး သူက အပြုံးနှင့် ထပ်ပြောလိုက်သည်။
“ရေစက်ပါပဲ…”
သူတို့နှစ်ယောက်က လေလှိုင်းနှင့် နှင်းများကြားထဲတွင် ဆက်လက်သွားလာနေကြပြီး ပိုးဖဲဝတ်ရုံဝတ်ထားသည့် အမျိုးသမီးက တလေးတစားအသံနှင့် ပြောလိုက်သည်။
“ဆရာကြီးပိုင်…
ဒီတွေ့ဆုံမှုရေစက်က နှစ်ဖက်စလုံးမှာရှိတဲ့ သူတော်စင်တွေ စီစဉ်ထားတာများ ဖြစ်နိုင်မလား…”
ထိုလူက ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။
“ငါက အနားယူဖို့ ရည်ရွယ်ချက်နဲ့ ဒီခရီးကို ရောက်လာခဲ့တာ။ ငါ့မှာ ဘာဦးတည်ချက်မှ မရှိဘူး။ ငါက ခြေရာလက်ရာတွေကို ဖုံးကွယ်ထားပြီး ဘယ်သူ့ကိုမှ သတိမပေးမိတာ သေချာတယ်။ ဒါကိုမှ သူတို့က ငါ့ကို လှည့်စားဖို့ ကြိုးစားဦးမယ်ဆိုရင်တောင် ငါက ဘာလုပ်နိုင်ဦးမှာလဲ..”
နှင်းများက ဆက်လက်ကျဆင်းလာပြီး အဖြူရောင်ခြုံလွှာကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ (၂)မိုင်ခန့် သွားလာခဲ့ပြီးနောက် ထိုလူကြီးက ရုတ်တရက် ရပ်လိုက်၏။ ထို့နောက် သူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်သည်။
ပိုးဖဲဝတ်ရုံနှင့် အမျိုးသမီးကလည်း ခြေလှမ်းများကို ရပ်လိုက်၏။ ထိုလူက ရှေ့ဆက်သွားရန် ဆန္ဒမရှိကြောင်း သိနိုင်သည်။ ထို့ကြောင့် သူမက ဂရုတစိုက် လှမ်းခေါ်လိုက်၏။
“ဆရာကြီးပိုင်…”
ထိုလူက ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး တိတ်တဆိတ် ပြောလိုက်၏။
“ငါ လိုချင်တာက တိတ်ဆိတ်ငြိမ်သက်မှုပဲ။ ကြည့်ရတာတော့ အရမ်းတောင်းဆိုမိသွားတယ် ထင်တယ်။ မင်းက ဒီကမ္ဘာကြီးထဲမှာပဲ ဘဝတစ်လျှောက်လုံး ကြီးပြင်းခဲ့တယ်။ ဘာလို့ မင်းက ကျောက်စက်ပန်းဆွဲ တောင်တန်းကို ဖြတ်ကျော်ဖို့အတွက် စဉ်းစားနေရတာလဲ။ တကယ်လို့ မင်းက မင်းရဲ့အိမ်ကို အရမ်းလွမ်းနေပြီး မင်းရဲ့မွေးရပ်မြေကို ပြန်ချင်တယ်ဆိုရင်တောင် ငါက နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့မွေးရပ်မြေက ဒီနေရာမှာ ရှိနေတယ်။ ဒီတော့ မင်းက ဘာကို ဆန္ဒရှိနေတာလဲ။ မင်းက ဒီလို ကံကြမ္မာမျိုးကို တကယ်ပဲ ပျော်ရွှင်နေတာလား…”
ထိုစကားကိုကြားသည့်အခါ ပိုးဖဲဝတ်ရုံနှင့် အမျိုးသမီးက အလွန်ကြောက်လန့်သွားခဲ့သည်။ သူမက ချက်ချင်း မြေပေါ်တွင် ဒူးထောက်လိုက်၏။ သူမကို အပေါ်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်ခါနေပြီး အကြောက်တရားများ ပြည့်နှက်နေသည်ကို တွေ့ရပါလိမ့်မည်။
“ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ ဆရာကြီးပိုင်…”
ထိုလူက သူမကို အလေးမထားဘဲ သူ့မေးခွန်းကို ကိုယ်တိုင် ပြန်ဖြေလိုက်သည်။
“တကယ်လို့ ငါ့ကိုမေးမယ်ဆိုရင်တော့ ဒါက ပျော်စရာမကောင်းဘူး…”
ပိုးဖဲဝတ်ရုံဝတ်ထားသော အမျိုးသမီး၏ ရင်ထဲတွင် ရှိနေသော အကြောက်တရားများက စက္ကန့်နှင့်အမျှ ကြီးထွားလာနေခဲ့သည်။ သူမက အံကြိတ်လိုက်ရာ ခန္ဓာကိုယ်ထဲမှနေ၍ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်လာခဲ့၏။
တခဏအတွင်း အမြီး(၈)ချောင်း ရှိနေသော မြွေခွေးကြီးတစ်ကောင်က လမ်းမပေါ်တွင် ပေါ်လာခဲ့သည်။ သူက တောင်မျက်နှာပြင်ပေါ်သို့ ကုတ်လိုက်ပြီး အလွန်စိုးရိမ်ထိတ်လန့်နေသော အမူအရာနှင့် အဝေးကို ထွက်ပြေးသွားခဲ့သည်။
ထိုလူကတော့ နေရာတွင်သာ ရပ်နေပြီး နာမည်ကိုသာ ညင်သာစွာ ခေါ်လိုက်၏။ “ချင်းရင်…”
ကျယ်လောင်သော အသံတစ်ခုထွက်လာပြီး တောင်ကုန်းပေါ်တွင် သွေးမုန်တိုင်းတစ်ခု ကျဆင်းလာခဲ့သည်။ အမြီး(၈)ချောင်းမြွေခွေး၏ အမြီးတစ်ချောင်းက ပေါက်ကွဲသွားခဲ့၏။ နှင်းပွင့်လေးပေါင်း မြောက်များစွာက သွေးများနီရဲသွားခဲ့ပြီး လမ်းတစ်လျှောက်လုံးက သွေးပျက်ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တုန်းက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနေသော နတ်ဆိုးပေါင်း မြောက်များစွာ ရှိခဲ့သည်။ ထိုနတ်ဆိုးများက မည်သည့်အရာများဖြစ်ကြောင်း သာမန်လူများကတော့ မသိခဲ့ပေ။ ထို့ကြောင့် သူတို့က ခုခံနိုင်စွမ်း မရှိကြဘဲ ထိုနတ်ဆိုးများဆီမှ သနားညှာတာမှုကိုသာ တောင်းပန်ခဲ့ရသည်။
နောက်ပိုင်းတွင်တော့ သူတော်စင်က အလွန်ကြီးမားသော မီးဖိုကြီးတစ်ခုကို ဖန်တီးခဲ့ပြီး နတ်ဆိုးများအားလုံး၏ နာမည်နှင့် သူတို့၏ ဇစ်မြစ်ကြောင်းကို မီးဖိုကြီးပေါ်တွင် ရေးမှတ်ထားခဲ့သည်။ ထို့နောက် သူတော်စင်က မီးဖိုကြီးပုံတူ တစ်ထောင်ခန့် ဖန်တီးလိုက်ပြီး ကုန်းမြေအသီးသီးပေါ်တွင် ရှိနေသော တောင်ထိပ်များပေါ်တွင် နေရာချထားခဲ့သည်။
သတ္တိကောင်းသော သာမန်လူမြောက်များစွာက ထိုတောင်ထိပ်ပေါ်သို့ တက်လှမ်း၍ ပထမဆုံး ကျင့်ကြံသူများ ဖြစ်လာကြသည်။ နောက်ပိုင်းတွင်တော့ ထိုတောင်အများစုက တိုင်းပြည်အသီးသီး၏ တောင်(၅)တောင် ဖြစ်လာပြီး သာမန်လူမြောက်များစွာ၏ လေးစားမှုကို ခံခဲ့ရသည်။
အလွန်ကြီးမားသော တောင်ထိပ်ပေါ်တွင် ရှိနေသော ဧရာမ မြွေခွေးနတ်ဆိုးကြီးက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ သူမအတွက် အမြီးတစ်ချောင်း ဆုံးရှုံးသွားရသည်မှာ ရိုးရှင်းသော အရာတစ်ခုတော့ မဟုတ်ချေ။ ထိုအရာက သူမ၏ ကျင့်ကြံမှုကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေခဲ့၏။
နတ်ဆိုးသတ္တဝါများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ကြမ်းတမ်းခက်ထန်သော အခြေအနေမျိုးတွင် သူတို့က သေအံ့ဆဲဆဲ အခြေအနေတွင် ကြောက်စရာကောင်းသည်မှာ ကတိမတည်သည့်အရာမျိုး ဖြစ်သည်။ ‘ချင်းရင်’ ဟူသော နာမည်လေးကို ခေါ်လိုက်ရုံနှင့် ထိုလူက အရာအားလုံးကို ဖျက်ဆီးနိုင်ခဲ့သည်။
မြွေခွေးနတ်ဆိုးက တောင်ခြေသို့ ပြုတ်ကျလာခဲ့ပြီး နှင်းပွင့်လေးများအားလုံးက ပတ်ပတ်လည်သို့ လွင့်သွားခဲ့၏။ သူမက သေလုဆဲဆဲ အခြေအနေသို့ ရောက်သွားခဲ့ပြီး အသက်ကို အမောတကော ရှူနေရသည်။ ပတ်ပတ်လည်တွင်လည်း နှင်းပွင့်လေးများအားလုံး ပျက်စီးသွားခဲ့၏။ သူမက ရှုပ်ထွေးနေသော မြေသားအောက်တွင် ပေါ်လာခဲ့ရသည်။
ရုတ်တရက်ဆိုသလို ထိုလူက မြွေခွေးနတ်ဆိုး၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထို့နောက် သူ၏အနီရောင်အရက်ဘူးကို မြှောက်လိုက်ပြီး အရက်တစ်ငုံ သောက်လိုက်၏။ အလွန်ကြီးမားသော မြွေခွေးနတ်ဆိုးနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက လူသားတစ်ယောက်၏ရှေ့တွင် ရပ်နေသော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
“မင်းက (၈)ချောင်းမြောက် အမြီးအသစ် ပြန်ပေါ်လာတဲ့အထိ မလေ့ကျင့်နိုင်သေးခင် ငါ့ဘေးမှာပဲ နေပြီး တခြားဘာကိုမှ မစဉ်းစားနဲ့။ အခုချိန်မှာ မင်း ဝင်ပါလို့ မရနိုင်သေးတဲ့ အရာတချို့ ရှိနေသေးတယ်…”
ထိုလူက ပြောလိုက်သည်။
“တကယ်လို့ မင်းက ငါ့အနားမှာ ဒီနေ့အထိ ကောင်းကောင်းမနေခဲ့ဘူးဆိုရင် အခုအချိန် သေသွားလောက်ပြီ။ မင်းက အသက်ရှင်နေတာကို ကောင်းကောင်းကြီး နားလည်ဖို့ လိုအပ်တယ်…”
အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် ထိုလူက နယ်မြေထဲတွင် ရှိနေသော ကန့်သတ်ချက်များကို ဖယ်ရှားလိုက်သည်။ ထိုအချိန်တွင် သူကိုယ်တိုင် ဖန်တီးထားခဲ့သော ကမ္ဘာငယ်လေးက အပြင်ဘက်ကမ္ဘာကြီးဆီသို့ ပြန်ရောက်လာခဲ့၏။
မြွေခွေးနတ်ဆိုးက လူသားပုံသဏ္ဌာန် ပြန်ပြောင်းသွားခဲ့ပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်၍ ထိုလူ၏နောက်မှ တရွေ့ရွေ့ လိုက်လာခဲ့ရသည်။ အမြီးတစ်ချောင်း ကွာခြားမှုက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွဲပြားလှသည်။ ထိုအရာရှိနေမှုကြောင့် သူမက အရာအားလုံးကို မောက်မာနိုင်ပြီး ထိုအရာမရှိသည့်အတွက် သူမက နိမ့်ကျသွားသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် သူမကတော့ လက်တုံ့ပြန်ရန် စဉ်းစားရဲခြင်း မရှိချေ။ သူမလို ဤကမ္ဘာထဲတွင် မွေးဖွားကြီးပြင်းလာသူ တစ်ယောက်အတွက် ဆရာကြီးပိုင်ကတော့ ကောင်းကင်ဘုံကဲ့သို့ ဖြစ်နေခဲ့သည်။
…………
လိုဏ်ဂူထဲတွင် စိမ်းပြာဝတ်ကောင်လေးက နဖူးပေါ်မှ ကျလာသော ချွေးများကို သုတ်လိုက်ပြီး မျက်နှာပေါ်တွင် အကြောက်တရားများ ရှိနေသေးသည်။
“ဒါက တော်တော်ကြောက်စရာကောင်းတယ်…”
“အဲဒီမိန်းမက ဒီလောက်တောင် အစွမ်းထက်ထားတာလား…”
ပန်းရောင်ဝတ် ကလေးမလေးက အပြုံးနှင့် မေးလိုက်၏။
စိမ်းပြာဝတ်ကောင်လေးက ချက်ချင်း ဒေါသတကြီး ပျံသန်းလာခဲ့သည်။
“မင်းက တကယ့်အရူးပဲ။ အဲဒီမိန်းမက အနိမ့်ဆုံး အဆင့်(၉) မြွေခွေးနတ်ဆိုးတစ်ကောင်ပဲ။ တကယ်လို့ သူသာ ဆန္ဒရှိတယ်ဆိုရင် ငါတို့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်။ အဲဒီအပြင် သူက အဲဒီလူရဲ့ အစေခံအဖြစ်ပဲ ရှိသေးတယ်။ သူက ဘယ်လောက် အစွမ်းထက်မလဲဆိုတာ စဉ်းစားကြည့်လိုက်..”
“ဒါပေမဲ့ ငါတို့ရဲ့ဆရာကတော့ ငါတို့လောက်တောင် အစွမ်းမထက်ဘူး…” ပန်းရောင်ဝတ်ကလေးမလေးက ကြောက်လန့်နေသော အသံနှင့် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ စိမ်းပြာဝတ်ကောင်လေး၏ မျက်လုံးများက အနည်းငယ် ဝင်းလက်လာခဲ့သည်။
“နေဦး။ နင်ပြောတာ မှန်တယ်…”
ထို့နောက် ကောင်လေးက အားရပါးရ ရယ်လိုက်ပြီး သူ့ဆရာကို တောင်းပန်သော အသံနှင့် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး ဆရာ။ ကျွန်တော်က ဆရာ့ကို ရယ်ဖို့ မရည်ရွယ်ပါဘူး။ ဘယ်သူကမှ မပြည့်စုံနိုင်ဘူးလေ။ ဒီတော့ ကျွန်တော့်ရဲ့ အားနည်းချက်ကို ခွင့်လွှတ်ပေးပါ…”
ချန်းပင်အန်းက စာအုပ်ကို ဆက်၍ဖတ်နေသော်လည်း ထိုအရာကို အာရုံမစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် အဆုံးတွင်တော့ ဘေးသို့ ပြန်ချထားလိုက်ရ၏။ ခဏကြာ စဉ်းစားကြည့်နေပြီးနောက် သူက တာအိုသခင်လု ပေးခဲ့သော ဆေးအညွှန်း စာရွက်ကို ထုတ်ယူလိုက်သည်။ စာအုပ်ထဲတွင် ရေးထားသော အရာအားလုံးက အစီအစဉ်ကျပြီး ကျစ်လျစ်သိပ်သည်းသော ဆေးစာရွက်တစ်ခု ဖြစ်၏။
ချန်းပင်အန်းက သစ်ကိုင်းလေးတစ်ခုကို ယူပြီး တာအိုသခင်လု၏ လက်ရေးအတိုင်း နှင်းပြင်ပေါ်တွင် ရေးသားနေခဲ့သည်။ နှင်းပွင့်လေးများကြောင့် စာရွက်စိုသွားခြင်းမှ ကာကွယ်ရန် သူက ထိုအရာများကို ဂရုစိုက်နေရသည်။ ထို့ကြောင့် သူက တစ်ကြိမ်လျှင် စကားလုံးတစ်လုံးသာ ရေးသားနိုင်ခဲ့၏။
အစောပိုင်းတွင် အရှက်ရသွားခဲ့ပြီးနောက် စိမ်းပြာဝတ်ကောင်လေးက သူ၏ အရှက်ရမှုကို မေ့လျော့ရန် အိပ်ယာသို့ စောစော သွားချင်ခဲ့သည်။ ပန်းရောင်ဝတ် ကလေးမလေးကတော့ သူမ၏ နှင်းရုပ်ထုကို ပြည့်စုံအောင်လုပ်ရန် ဂူထဲမှာ ထွက်သွားခဲ့သည်။
ဆေးစာရွက်အဆုံးတွင်တော့ တာအိုသခင်လုက သူ့အင်္ကျီအိတ်ထဲမှ ထုတ်ထားသော စိမ်းပြာရောင် ကျောက်စိမ်းတံဆိပ်ကို ထုထားခဲ့သည်။ ထို့နောက် လုချန်းဟူသော စကားလုံးက စာရွက်၏အောက်ခြေတွင် ပေါ်လာခဲ့၏။
ထိုညတွင် ချန်းပင်အန်းက ဆေးစာရွက်တစ်ခုလုံးတွင် ရှိနေသော စကားလုံးများအားလုံးကို ရေးနိုင်ခဲ့သည်။ အနီရောင်တံဆိပ်တုံးထဲရှိ စကားလုံးများပင် ပါဝင်နေခဲ့၏။
ချန်းပင်အန်းက သစ်ကိုင်းနှင့် လုချန်း ဟူသော စကားလုံးကို ရေးသားပြီးသွားသည့်အချိန်တွင် ဆရာကြီးပိုင် ဟုခေါ်သော လူက ပြန်လှည့်ကြည့်လိုက်သည်။ သူက လိုဏ်ဂူနှင့်အဝေးတွင် ရှိနေသော်လည်း တစ်စုံတစ်ခုကို ခံစားမိနေပုံရ၏။ ချန်းပင်အန်းက လုချန်း၏ နာမည်ကို ရေးပြီးသွားသည့်အချိန်တွင် ကောင်းကင်နှင့်မြေကြီးက ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ထိုလူ၏ မျက်နှာပေါ်တွင်တော့ အလွန်တည်ငြိမ်သော အမူအရာတစ်ခုရှိနေပြီး ပိုးဖဲဝတ်ရုံဝတ်ထားသော မိန်းမပျိုကတော့ ခြေထောက်ကို ရပ်နိုင်ရုံသာ ဖြစ်သည်။ သူမက အလွန်အမင်းကို မသက်မသာ ခံစားနေခဲ့ရ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။
သူမက ထိုလူ၏အနားကို သတိလက်လွတ် ကပ်လာပြီး ကြောက်လန့်နေသော အသံနှင့် ခေါ်လိုက်၏။
“ဆရာကြီးပိုင်…”
ထိုလူက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရှေ့ကိုဆက်၍ လျှောက်သွားခဲ့၏။
“အဆင်ပြေပါတယ်။ ဒါက ငါတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်ဘူး။ ရေတွင်းထဲမှာရှိတဲ့ ရေတွေက မြစ်ထဲမှာရှိတဲ့ ရေတွေနဲ့ ဘာများသက်ဆိုင်ဦးမှာလဲ…”
မည်သူက ရေတွင်းငယ်လေး၊ မည်သူက မြစ်ကြီးဟူသည်မှာတော့ ကောင်းကင်ဘုံကသာ သိပါလိမ့်မည်။
Translated by Hein Htet.