ကြွေးရှင်နှင့် တွေ့ကြုံရခြင်း ... ။
Vol. 31 Ch. 361
စုရီကိုရယ်မောရန် ပြင်ဆင်နေကြသော လူအုပ်ကြီးသည် မျက်မမြင်အဘိုးအိုမျက်နှာ၏ ပြောင်းလဲမှုအပေါ် သတိထားမိသဖြင့် တိတ်ဆိတ်သွားကုန်သည်။
တစ္ဆေမြို့တော်၏ အဆန်းကြယ်ဆုံးသော ဤမြေခွေးအိုကြီးကို စိတ်တည်ငြိမ်မှု ဆုံးရှုံးသွား စေနိုင်သည့် လျှို့ဝှက်ချက်ဟူသည် မည်သည့် အရာများ ဖြစ်မည်ဟု သိချင်လာကြ၏။
“ ခေါင်းတလားထမ်းသူ ... လမ်းစဉ်ခြောက်ပါးခေါင်းတလားကို ဘယ်တော့ ပေးမှာလဲ။ ”
ကျောက်စိမ်းပြားအတွင်းရှိ ဝါကျကိုဖတ်ရှုပြီးနောက် မျက်မမြင်အဘိုးကြီး တစ်ယောက် အသက်မဲ့သွား၏။
အဘယ့်ကြောင့်ဆိုသော် ဤစာကြောင်းသည် ဘိုးဘေးများမှာကြားသော အမိန့်များကို ပြန်သတိရစေသည်။
ခေါင်းတလားထမ်းသူ မျိုးရိုးသည် ခေါင်းတလားအကြွေးရှင်ကို စော်ကားခြင်းဖြင့် သေခြင်းမည်ပေမည်။
သူ့ရှေ့မှ ဤလူငယ်သည် ဘိုးဘေး ရည်ညွှန်းသော ‘ကြွေးတောင်းသူ’မျိုးရိုးထံမှ ဆင်းသက်လာသူ ဖြစ်နိုင်၏။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ‘ကြွေးတောင်းသူ’မျိုးဆက် ရှိနေသေးသည်မှာ မယုံနိုင်စရာပေပင်။
သည့်ပြင် ထိုလူငယ်သည် ထိုကြွေးတောင်းသူမျိုးရိုးမှ ဆင်းသက်လာပါက အဘယ်ကြောင့် ဤအရပ်၌ ပေါ်လာရသနည်း။
ဘေးဒုက္ခများမှ လွတ်မြောက် လိုသောကြောင့် မရဏကမ္ဘာမှ လွတ်မြောက်ရန် သူ့ဘဝသက်တမ်းကို ပေးအပ်ခဲ့ရသည်။ သို့တိုင် ဤအရပ်၌ ကြွေးရှင်ဖြင့် ဆုံနေရသည်မှာ ကံဆိုးလှချေပြီ။
ထို့အပြင် တစ်ဖက်လူငယ်သည် အတွင်းပိုင်းသန့်စင်ခြင်း အဆင့်တွင်သာရှိသည်။ သံသယများသည် ဒီရေလှိုင်းများကဲ့သို့ တိုးဝင်လာ၏။
“ အဖိုးကြီး မင်းဘာဖြစ်နေတာလဲ။ ”
မျက်မမြင်အဘိုးအိုတစ်ယောက် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သဖြင့် ချင်းယာက သတိပေးလိုက်၏။
“ ဖြန်း ... ။ ”
သို့မှသာ မျက်မမြင် အဘိုးအိုသည် အိပ်မက်မှနိုးလာသကဲ့သို့ ချက်ချင်းထရပ်ကာ သူ့ကိုယ်သူ ပါးရိုက်ချလိုက်ပြီး၊
“ ငါက မျက်ကန်းဖြစ်ပြီး ရိုင်းစိုင်းပါတယ် သခင်ငယ်ကို စော်ကားလိုက်တဲ့ အပြစ်အတွက် ဒီပါးရိုက်ချက်နဲ့ တောင်းပန်ပါတယ်။ ”
-ဟု ဦးညွှတ်လာတော့သည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
“ အခု လုံလောက်ပြီလား။ ”
စုရီမှ မေးသည်။ မျက်မမြင်အဘိုးအို၏ မျက်နှာမှာ ပြုံးလျက်၊
“ လုံလောက်ပြီ ... လုံလောက်ပါပြီ ... ။ ”
-ဟု ပြန်ဖြေ၏။
စုရီက ဘယ်ဘက်ရှိ ဒုတိယမြောက် တစ္ဆေမီးအိမ်ကို လှမ်းကိုင်ကာ ချင်းယာထံ ပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အစ်ကိုစု ... ။ ”
ချင်းယာက တစ္ဆေမီးအိမ်ထိပ်ကို လက်ညိုးထိုးကာ ခေါင်းတလားထုတ်ယူလျက် ဖွင့်ရန်ပြင်လိုက်ရာ လင်းယွင်ဟဲမှ ဟန့်တားလိုက်၏။
ဤနေရာတွင် လူများစွာရှိသောကြောင့် ရတနာတစ်ခု အမှန်တကယ်ရှိသော် ပစ်မှတ် ထားခံရပေလိမ့်မည်။
မီးခိုးရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မကျေမနပ် လှမ်းတက် လာပြီး၊
“ သခင်လေးထောင်ကျင်းတျန်တောင် ငါတို့မျက်လုံးတွေ ရှေ့မှာ ဖွင့်ပြသေးတယ် မင်းက ဘာလို့တားနေရတာလဲ။ ”
-ဟု မေးမြန်းလာသည်။
“ ဖြန်း ... ။ ”
သို့သော် ပါးရိုက်သံထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ် လူလတ်ပိုင်း အမျိုးသားခမျာ ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်သွား၏။
လှုပ်ရှားခဲ့သူမှာ မျက်မမြင်အဘိုးကြီး ဖြစ်ချေပြီ။ ထို့ကြောင့် လူတိုင်းအံ့အားသင့်သွား ကြတော့သည်။
“ ငါမျက်မမြင် အဘိုးကြီးအတွက် အမုန်းဆုံးအရာက အတင်းအကြပ်ခိုင်းစေတာပဲ ထွက်သွားစမ်း ... ။”
မျက်မမြင်အဘိုးအိုက လူသတ်လိုသော ရောင်ဝါများ ထုတ်ဖော်ခြိမ်းခြောက်လျက် စုရီကို ပြုံးကာ ပြန်လှည့်ကြည့်သည်။
“ ငါအရမ်း ဒေါသထွက်ပြီး ဒီလူကို မင်းအတွက် သင်ခန်းစာ သင်ပေးလိုက်မိတယ် ငါ့ကိုအပြစ်မတင်ပါနဲ့ သခင်လေး။ ”
သူ့အမူအရာနှင့် အသွင်အပြင်သည် စုရီအပေါ် ချော့မော့ရာ ရောက်နေ၏။ စုရီမှ ပြုံးပြီး၊
“ မင်းဆီကနေ အကြွေးတောင်းမှာ ကြောက်နေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
ထိုမေးခွန်းကြောင့် မျက်မမြင်အဘိုးအိုခမျာ တစ်ကိုယ်လုံးတုန်ရင်လျက် ထိတ်လန့်သွား တော့၏။
ခေါင်းတလားထမ်းသူ မျိုးရိုးအတွက် အကြောက်ရဆုံးလူသည် ကြွေးတောင်းသူဖြင့် ဆုံရခြင်းပေပင်။ စုရီက၊
“ ကောင်းပြီ ... တခြားတစ္ဆေမီးပုံးကို ငါမယူတော့ပါဘူး ဒါပေမယ့် ငါနဲ့မင်းလိုက်ခဲ့ပါ စိတ်မပူနဲ့ ငါအကြွေးမတောင်းဘူး မင်းကို မေးစရာရှိလို့ ... ။ ”
သို့မှသာ မျက်မမြင်အဘိုးကြီးက စိတ်သက်သာရာရသွားပြီး ပြုံးရယ်လာနိုင် တော့သည်။
“ သွားကြရအောင်။ ”
စုရီက သူ့လက်ကို ကျောပို့လျက် လှည့်ထွက်သွား၏။ ဤစျေးတွင် မျက်မမြင် အဘိုးကြီးသည်သာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။
ဤနေရာတွင် ရောင်းချသော ရတနာများစွာသည် သူ့အာရုံကို မခံထိုက်ချေ။ မျက်မမြင်အဘိုးအိုက တစ္ဆေမီးအိမ်ကိုသိမ်းကာ နာခံမှုရှိရှိဖြင့် လိုက်လာတော့၏။
သူတို့ထွက်သွားသည်ကို ကြည့်ပြီး လူတိုင်းသည် ကွဲပြားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
စုရီ၏ နောက်ခံအပေါ် လွန်စွာ သိချင်နေကြသော်လည်း မျက်မမြင်အဘိုးကြီး ရှိနေသည့်အတွက် မည်သူမျှ မလိုက်ဝံ့ချေ။
“ ဒီလူက စုရီလား ... သူ ဘယ်ကနေလာတာလဲ ကောင်းကင်ပြည်နယ်မှာ သူ့နာမည် တစ်ခါမှ မကြားဖူးပါဘူး။ ”
“ မျက်မမြင်အဘိုးကြီးရဲ့ အရမ်း လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တယ် ဆိုတာ ကောင်းကင်ပြည်နယ်က လူတိုင်း သိကြတယ်၊ ...
... ပထမတန်းစား အင်အားစုတွေရဲ့ ခေါင်းဆောင်တွေတောင် သူ့ကို ယဉ်ကျေးပျူငှာ ကြရတယ် ... ဒါဆို ဘာလို့ သူအရမ်းကြောက် နေရတာလဲ မယုံနိုင်စရာပါပဲ ... ။ ”
လူတချို့က သက်ပြင်းချကြသည်။ သူတို့ရင်ထဲ သို့လော-သို့လော ဖြစ်လာကုန်၏။
“ ရှင်းပါတယ် အဲဒီလူငယ်က ငါတို့တွေ ထင်ထားတာထက် အများကြီး ပိုအစွမ်းထက် နေတယ်ဆိုတာ သက်သေပြနေတာပဲ။”
“ မှန်တယ် ... ငါတို့လို သာမာန် ကျင့်ကြံသူတွေအတွက် ဒီတိုက်ကြီးက နေဖွယ် မကောင်းတော့ဘူး ... ကမ္ဘာခြားက ဝိညာဉ်တွေ၊ ရှေးဟောင်းတာအို အမွေဆက်ခံတဲ့သူတွေနဲ့ ...
... ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဇစ်မြစ်ရှိသူတွေကို ယှဉ်ရရင် ငါတို့က နေနဲ့လကို ယှဉ်နေတဲ့ ပိုးစုန်းကြူးတွေလိုပါပဲ။ ”
“ စိတ်ဓာတ်မကျနဲ့ ရွှေခေတ် ရောက်လာတဲ့အခါ ... လူတိုင်းအတွက် အခွင့်အလမ်းတွေ ရလာကြလိမ့်မယ်။ ”
ကျင့်ကြံအချို့က အားတင်းလျက် စကားတပြောပြောနှင့် ထွက်ခွာကုန်ကြသည်။ ထောင်ကျင်းတျန်သည်သာ စုရီနောက်ကျောကို ကြည့်ပြီး အတွေးများဖြင့် ကျန်ရစ်ခဲ့တော့၏။
“ အခွင့်အရေးရရင် မင်းရဲ့ဇာစ်မြစ်ကို ငါစုံစမ်းမယ်။ ”
***
တစ္ဆေဈေးကို ထားခဲ့ပြီးနောက် လင်းယွင်ဟဲ ဦးဆောင်သော စုရီနှင့်အဖွဲ့သည် ခြံဝင်းတစ်ခုသို့ ရောက်ရှိလာသည်။
လင်းယွင်ဟဲ၏ အဆိုအရ သူသည် လွန်ခဲ့သောနှစ်များစွာက ဤတစ္ဆေမြို့ငယ်သို့ ရောက်ရှိဖူးကာ သည်ခြံဝင်းကို ဝယ်ယူခဲ့ခြင်းဖြစ်၏။
ယခုအခါ အနားယူရန် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ခြံဝင်းတွင် ဇရပ်များ၊ လှေကားများ၊ ရေကန်များနှင့် ပန်းဥယျာဉ်များ ရှိသည်။
နှစ်အတော်ကြာ လူနေထားခြင်း မရှိသော်လည်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်ထား သဖြင့် ရှင်းလင်းနေသည်။
“ မင်းတို့သွားနှင့် ... မျက်မမြင်အဘိုးကြီးနဲ့ ငါ နှစ်ယောက်တည်း စကားပြောချင်တယ်။ ”
ခြံအတွင်း ရောက်ရှိသည်နှင့် မျက်မမြင်အဘိုးအိုကို ခေါ်ဆောင်လျက် စုရီက အခန်းတစ်ခုထဲ ဝင်ရောက်လိုက်သည်။
လူတိုင်းပင်မခန်းမအတွင်း ဝင်လိုက်ကြပြီးနောက် ယွမ်ဟမ်က၊
“ မိန်းကလေးချင်း ကျေးဇူးပြုပြီး ကျောက်ခေါင်းတလားဖွင့်နိုင်မလား အတွင်းမှာ ဘယ်လိုရတနာတွေ ပါနိုင်လဲဆိုတာ ကြည့်ရအောင်။ ”
-ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ချင်းယာက ပြုံးလျက် တံဆိပ်ကို ဖယ်ရှားကာ အဖုံးကို တွန်းဖွင့်လိုက်လေသည်။ ရုတ်တရက် အစိမ်းရောင်အလင်းများ ခန်းမအတွင်း လင်းထိန်သွား၏။
အတွင်း၌ ကောင်းကင် ဝိညာဉ် ကျောက်စိမ်းနှင့် ပြုလုပ်ထားသည့် ကျောက်စိမ်း လက်ကောက် တစ်ကွင်း ရှိချေပြီ။
“ ဒါက ချင်းဟန် (Qinghan) နတ်ကျောက်စိမ်းကနေ ပြုလုပ်ထားတဲ့ ရတနာပဲ။ ”
ယွမ်ဟမ်မှ အံ့သြသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ချင်းဟန်နတ်ကျောက်စိမ်း ဟူသည် ကမ္ဘာပေါ်ရှိ ထိပ်တန်း ဝိညာဉ်ရေး ပစ္စည်းဖြစ်သည်။
ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူ လက်တွင် ၎င်းအပေါ် ရတနာဟုခေါ်ဆိုနိုင်ပြီး ဝိညာည်တာအိုအဆင့် လက်နက်များနှင့် ယှဉ်နိုင်၏။
“ မိန်းကလေးချင်း ... ဒီလောက် ကံကောင်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ”
ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းမှ အနည်းငယ် မနာလိုဖြစ်သွားသည်။ မျက်မမြင် အဘိုးအို၏ တစ္ဆေမီးပုံးငါးလုံးတွင် ရတနာများ အမှန်ပင် ရှိနေပုံရချေပြီ။
ချင်းယာက ဝမ်းသာအားရဖြင့် ကျောက်စိမ်းလက်ကောက်ကို ကောက်ကိုင် လိုက်ပြီး ဝတ်လိုက်သည်။
“ ဒီတစ္ဆေမီးပုံးကို မြင်ထဲက ဝိညာဉ်ရေးရောင်ဝါကို ခံစားလိုက်ရတဲ့အတွက် ငါ့ကိုယူပေးဖို့ တောင်းဆို လိုက်တာပါ ... အစ်ကိုစုရီကို ကျေးဇူးတင်ရမယ်။ ”
“ ဒါက ငါလုပ်သင့်တဲ့အရာပဲ ... ကြီးမားတဲ့ကျေးဇူးတစ်ခုအဖြစ် မင်းစိတ်ထဲမှာ မှတ်ထားရမယ်။ ”
လင်းယွင်ဟဲမှ ခေါင်းညိတ်ကာ ထောက်ခံနေစဉ် ဆက်သွယ်ရေးတံဆိပ်သည် ရုတ်တရက် တုန်ခါလာသဖြင့် ချင်ချင်း ထုတ်ယူကြည့်၏။
“ ဆရာ ... ဘာသတင်းလဲ။ ”
ယင်းကို သတိထားမိသော ချင်းယာသည် စိတ်ဝင်တစားမေးမြန်းလေသည်။ လင်းယွင်ဟဲမှ သတင်းကို ဖတ်ရှုပြီးနောက် ပြုံးလျက်၊
“ မင်းရဲ့ဆရာအဒေါ်က ... ငါတို့ကို တစ်နာရီအတွင်းတွေ့ဖို့ ဆက်သွယ်လာတာ။ ”
-ဟု ဖြေကြားလိုက်တော့၏။
***