ရှောင်လွှဲမရသော ကံကြမ္မာ။
Vol. 31 Ch. 363
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် စုရီက မျက်မမြင်အဘိုးအိုထံ ပြန်ကြည့်ကာ၊
“ မင်း ... အထွတ်အထိပ် အချိန်တုန်းက ကျင့်ကြံမှုအဆင့် ဘယ်လောက်ရှိလဲ။ ”
-ဟု မေးမြန်းလိုက်၏။
မျက်မမြင်အဘိုးအိုမှ သက်ပြင်းချကာ၊
“ ဧကရာဇ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ... ဒါပေမယ့် အခုချိန်မှာတော့ ငါ့ရဲ့အတိတ်က ကျင့်မှုတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလို့ ထင်တယ် ...
... အခုချိန်မှာ ငါ့ရဲ့တစ်ခုတည်းသော စိတ်ဆန္ဒက ခေါင်းတလားထမ်းမျိုးဆက်ကို ဆက်ခံသူ ရှာနိုင်ဖို့ပဲ ကံမကောင်းစွာနဲ့ပဲ ...
... ဒီမိုးပြာတိုက်ကြီးမှာ ထူးထူးခြားခြား အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိပေမယ့် ငါတို့ရဲ့အမွေကို ခံယူနိုင်တဲ့ တစ်စုံတစ်ဦး ရှာတွေ့ဖို့က ခက်ခဲလွန်းနေပါတယ်။ ”
-ဟု စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားလာသည်။
“ မှန်တယ် ... မင်းရဲ့မျိုးရိုးက အရမ်းထူးခြားလွန်းတယ်။ ”
ပြန်လည် မွေးဖွားခြင်း ရေကန်အတွင်း အနှစ်တစ်ရာ ငါးမျှားနေစဉ် ခေါင်းတလားထမ်း သရဲအိုကြီးနှင့် ထိုအကြောင်းအရာများစွာကို သူတို့ ပြောခဲ့ဖူး၏။
၎င်းမျိုးရိုး၏ ဆက်ခံသူ ရွေးချယ်ရာတွင် ငရဲသွေးပြန်ကြောနှင့် ယင်အရိုးကို ပိုင်ဆိုင်ရန် လိုအပ်သည်။
ဤအရည်အချင်းမျိုးသည် အလွန် ရှားပါးချေပြီ။ ငရဲကမ္ဘာမဆိုနှင့် အရိုင်းပြည်နယ် ကိုးပါး၌ပင် တွေ့ရန် ခဲယဉ်း၏။
ယင်းသည် အလွန်အစွမ်းထက်ခြင်းမျိုး မဟုတ်ဘဲ ခေါင်းတလားထမ်းမျိုးရိုး၏ အမွေကို ၎င်းတို့မှသာ နားလည်နိုင်သောကြောင့် ဖြစ်သည်။
ဤသည်မှာ ခေါင်းတလားထမ်း သူရဲအိုကြီးအတွက် သားမြေးများ အလွန်ရှားပါး ရသည့် အကြောင်းရင်းလည်း ဖြစ်၏။
“ ဒီတိုက်ကြီးဟာ လာမယ့်နှစ် အနည်းငယ်အတွင်း ရွှေခေတ်ရောက်လိမ့်မယ် အဲဒီအခါမှာ ပါရမီရှင်တွေ ပေါ်ထွက်လာမှာ ဖြစ်ပြီး ... မင်းမျိုးရိုးအတွက် ဆက်ခံသူကို ရှာတွေ့နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ ”
စုရီမှ နှစ်သိမ့်သည်။ မျက်မမြင်အဘိုးအို သည်လည်း ခေါင်းတညိတ်ညိတ်နှင့် ပြုံးလျက်၊
“ ငါ့မှာ ဒီလိုအတွေးအမြင်မျိုး ရှိပါတယ် ဒါကြောင့်လဲ တစ္ဆေဈေးတွေကို နှစ်ပေါင်းများစွာ လျှောက်သွားပြီး ... ငါ့မျိုးဆက်ရဲ့ နောင်လာ နောက်သားတွေ ကျင့်ကြံဖို့ သင့်လျော်တဲ့ ရတနာတွေနဲ့ ဝိညာဉ်ပစ္စည်းတွေကို စုဆောင်းပေးနေခဲ့တာပဲ။ ”
ထိုနောက် တခဏမျှ တုံ့ဆိုင်းသွားပြီး၊
“ မင်းနဲ့ ... အဲဒီကြွေးတောင်းသူတို့ရဲ့ ပတ်သတ်မှုက ဘာလဲလို့ မေးလို့ရမလား။ ”
-ဟု စူးစမ်းလာခဲ့သည်။
“ ကြွေးတောင်းသူလား ... ။ ”
စုရီက ထိုဝေါဟာရအပေါ် ခဏမျှ ရှုပ်ထွေးသွားပြီး အဆုံးတွင် နားလည်သွားကာ၊
“ မင်းရဲ့ဘိုးဘေး ပြန်လာတဲ့အခါ ငါဘယ်သူလဲဆိုတာ သဘာဝကျကျ မင်းသိရ သိပါလိမ့်မယ်။ ”
-ဟု ပြုံးလျက် ပြန်ဖြေလိုက်သည်။
မျက်မမြင်အဘိုးအိုမှ ခေါင်းညိတ်ပြီး ဆက်မမေးတော့ချေ။ တစ်ဖက်လူငယ်သည် မပြောချင်သည်မှာ မြင်သာနေ၏။
စုရီက ခဏမျှ စဉ်းစားပြီး
“ နောင်မှာ မင်းအကူအညီလိုရင် ငါ့ဆီအမြဲလာနိုင်တယ် ငါ့နာမည်စုရီ မဟာရှမှာ အချိန်အနည်းငယ် ရှိနေဦးမယ်။ ”
-ဟု မှာကြားလိုက်၏။
မျက်မမြင်အဘိုးအို၏သခင် သွေးသခင်ဝူကျန်းနှင့် ဤမျက်မမြင်အဘိုးအို၏ ဒုက္ခသည် သူနှင့် သက်ဆိုင်နေသည်။
ပင်းမို၏ လုပ်ရပ်များသည် သူ့ကို ဒေါသထွက်စေကာ မျက်မမြင်အဖိုးအိုနှင့် ၎င်းဆရာအပေါ် အနည်းငယ် အပြစ်ပြုမိ သကဲ့သို့ ခံစားရစေ၏။
နောက်ဆုံးတွင် ထိုသခင်နှင့် ဤတပည့်တို့သည် သူ့ကြောင့် မမျှော်လင့်သော ဘေးဥပဒ်ကို ခံစားခဲ့ရသည်။
“ စုရီ ... ။ ”
မျက်မမြင်အဘိုးအိုက တိုးတိုးလေး ရွတ်ဆိုကာ၊
“ ကျေးဇူးအများကြီးတင်ပါတယ်။ ”
-ဟု လေးလေးနက်နက် ပြောကြားလိုက်သည်။
သို့သော် စုရီသည် အတွင်းပိုင်းသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေသဖြင့် အလေးအနက် မထားသည်မှာ သဘာဝပေပင်။
စုရီမှ သူ့အတွေးများကို မြင်သော်လည်း ရှင်းပြရန် ပျင်းနေခဲ့သည်။ ကျောက်စိမ်းပြားကို ထုတ်ကာ ခဏမျှစဉ်းစားပြီး နည်းစနစ်တစ်ခုကို ရေးထိုးလျက် မျက်မမြင်အဘိုးအိုထံ ပေးအပ်လိုက်၏။
“ ဒီမှာ ယန်ဝိညာဉ်ကို စုစည်းပြီး ... ယင်ဝိညာဉ်ကိုပုံဖော်ဖို့အတွက် ဗုဒ္ဓနည်းစနစ် တစ်ခုပဲ၊ ...
... ဒါပေမယ့် ရှားပါးလှတဲ့ မှော်ဆေးပင်အချို့ကို ကြိုတင် စုဆောင်းထားဖို့ လိုတယ် ... ကောင်းစွာ သိမ်းပါ ဘယ်သူ့ကိုမှ မပြမိစေနဲ့ ဘေးဥပဒ်ဖြစ်လာလိမ့်မယ်။ ”
မျက်မမြင်အဘိုးအိုသည် ခဏတာ အံ့အားသင့်သွားပြီးနောက် စိတ်လှုပ်ရှားလာကာ လက်ဖျားခြေဖျားများ တုန်ရင်လာ၏။
“ ယန်ဝိညာဉ်ကို စုစည်းပြီး ... ယင်ဝိညာဉ်ကိုပုံဖော်ရမှာလား ကမ္ဘာကြီးမှာ ဒီလိုကောင်းကင်ကို အံတုတဲ့ နည်းစနစ်မျိုး တကယ်ရှိနေတာလား။ ”
သက်ရှိတိုင်းတွင် ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်ဟူသော အဖိုနှင့်အမ ရှိပြီး လူသား၌ ယင်ဝိညာဉ်သုံးပါးနှင့် ယန်ဝိညာဉ်ခုနစ်ပါးရှိ၏။
သေမျိုးတစ်ယောက်သည် ဝိညာဉ်ကွဲကြေသွားပါက ထိုနေရာ၌ပင် သေဆုံး သွားပေလိမ့်မည်။
ကျင့်ကြံသူအတွက်မူ ဝိညာဉ်ကွဲကြေသွားသော်မှ ရှင်သန်နိုင်သည်။ သို့သော် ပြန်လည်စုစည်းရန် မျှော်လင့်ချက် မရှိတော့ချေ။
ယနေ့ မျက်မမြင် အဘိုးအိုသည် ကြီးစွာသောကပ်ဘေးကြောင့် ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်တစ်ပါးသာ ကျန်ရှိခဲ့သည်။
ယင်-ယန်ဝိညာဉ် ကွဲကြေသွားသည်နှင့် ပြန်လည်စုစည်းရန် ကောင်းကင်ဘုံသို့ တက်ရ သည်ထက် ခက်ခဲပေမည်။
မျက်မမြင် အဘိုးကြီး သိသလောက် ဧကရာဇ်အဆင့် ရောက်ရှိနေသော သူ့ဆရာ အသက်ရှင်နေသေးလျှင်ပင် ကူကယ်ရာမဲ့ နေပေလိမ့်မည်။
ဤသည်မှာ အရိုင်းမြေကိုးပါးရှိ ပထမဆုံးသော ဗုဒ္ဓဘာသာ အထွတ်အမြတ် နယ်မြေဖြစ်သော အနောက်ဘက်သုခဘုံ၏ လျှို့ဝှက်နည်းစနစ်ဖြစ်သည်။
ထို့ကြောင့် မျက်မမြင်အဘိုးအိုကို လျှို့ဝှက်ထားရန် စုရီမှ သတိပေးခြင်းပေပင်။ မဟုတ်သော် ဗုဒ္ဓဘာသာဝင်များစွာအတွက် မျက်စိကျစရာ ဖြစ်နေပေမည်။
မျက်မမြင်အဘိုးအိုက ကျောက်စိမ်းတုံးကိုကိုင်လျက် မြေကြီးပေါ် ချက်ချင်း ဒူးထောက်ချလိုက်ပြီး၊
“ သခင်လေး၊ ဒါက ငါ့ကို ပြန်လည် မွေးဖွားခြင်းရဲ့ ... ကျေးဇူးတော်ထက် မနည်းတဲ့ အံ့သြဖွယ်နည်းလမ်းကို ပေးအပ်ခြင်းပါပဲ တစ်နေ့ ဒီကျေးဇူးကို ပြန်ဆပ်ပါ့မယ်။ ”
-ဟု ကတိပေးလေသည်။
စုရီက သက်ပြင်းချကာ။
“ ငါလုပ်သင့်တာကို လုပ်နေတာပဲ ... နောင်မှာ မင်းနားလည်သွားလိမ့်မယ် ... ထပါ ... ငါမေးချင်တဲ့ မေးခွန်းတွေ အကုန်မေးပြီးပြီ။ ”
ထိုစဉ် ယွမ်ဟမ်က တံခါးခေါက်ကာ အခန်းအတွင်း လှမ်းဝင်လာ၏။
“ သခင်လေး ... မရဏတံခါးဂိုဏ်းက တွေ့ခွင့်တောင်းနေပါတယ်။ ”
စုရီမှ မှင်သပ်သွားကာ ခဏမျှ စဉ်းစားပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး၊
“ ကောင်းပြီး ... သွားရအောင်၊ သူတို့ ဘာလုပ်ချင်လဲ ကြည့်ချင်တယ်။ ”
-ဟု ရေရွတ်လေသည်။
မျက်မမြင်အဘိုးကြီးနှင့် ယွမ်ဟမ်က သူ့နောက်မှ ချက်ချင်း လိုက်ပါလာခဲ့သည်။ ယွီရှန်လင်းသည် စုရီထွက်လာသည်ကို မြင်ချိန်၌ ချက်ချင်းပြုံးပြပြီး၊
“ ဒီအဖိုးကြီးယွီက နှုတ်ဆက်ပါတယ် သခင်လေး။ ”
-ဟု ဦးညွှတ်လာ၏။
သူသည် ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သို့တိုင် အမူအရာသည် လွန်စွာနှိမ့်ချ ယဉ်ကျေးနေခဲ့၏။ စုရီက ခေါင်းညိတ်ပြီး၊
“ ပြောပါ ... ဘာကိစ္စလဲ။ ”
ယွီရှန်လင်တစ်ယောက် အံ့အားသင့် သွားသည်။ အတွင်းပိုင်း သန့်စင်ခြင်းအဆင့်မှ လူငယ်တစ်ယောက်သည် ဤသို့ သူ့ကို တိုက်ရိုက်မေးမြန်းလိမ့်မည်ဟု မမျှော်လင့်ထားချေ။
အနည်းဆုံးတော့ ပင်မခန်းမထဲသို့ ဖိတ်ခေါ်ပြီး ဧည့်ခံစကား ပြောသင့်သည်ဟု မြင်၏။ သို့တိုင် နွေးထွေးစွာ ပြုံးလျက်၊
“ သခင်လေး၊ မင်းက ဉာဏ်ကောင်းသူမို့ ငါပွင့်ပွင့်လင်းလင်းပြောမယ် မင်းရဲ့စိတ်ဝိညာဉ် ဘူးသီးခြောက်ထဲက ဝိညာဉ်ကို ငါ့သခင်ငယ်က ဝယ်ချင်နေပါတယ် ...
... မင်း စွန့်လွှတ်ဖို့ ဆန္ဒရှိနေသရွေ့ မင်းလိုချင်တာမှန်သမျှ တောင်းဆိုနိုင်ပါတယ် ငါတို့တတ်နိုင်သမျှတော့ မျက်မှောင်ကြုတ် နေကြမှာ မဟုတ်ပါဘူး။ ”
-ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုက်သည်။
သို့သော် စုရီသည် သူ့ကိုကြည့်ရန်ပင် စိတ်မ၀င်စားတော့ဘဲ လက်ဝှေ့ယမ်းပြလျက်၊
“ ယွမ်ဟမ် ... ၊ သူ့ကို ပြန်ပို့လိုက်။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
ယွမ်ဟမ်က ချက်ချင်း ရှေ့သို့ လှမ်းလာပြီး၊
“ မိတ်ဆွေ၊ ထွက်သွားဖို့ အချိန်တန်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ယွီရှန်လင် မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားပြီး မှိုင်းညို့သော အကြည့်များ ချက်ချင်း ထွက်ပေါ်လာသည်။
သူအဆင့်အတန်းဖြင့် နှိမ့်ချပြီး ရိုးသားခြင်းသည် လုံလောက်နေလိမ့်မည်ဟု ထင်ခဲ့သော်လည်း မောင်းထုတ်ခံရ၏။
“ သခင်လေး၊ ငါပြောတာကို စဉ်းစားပါ မင်းလက်လျှော့ဖို့ ဆန္ဒရှိနေသရွေ့ ငါ့ဂိုဏ်းက ကျေနပ်စေမှာပါ ... ။ ”
သူ့အမြင်အရ ဤလူငယ်သည် လင်းယွင်ဟဲအပေါ် မီခိုနေသည်ဟု ယူဆကာ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသော လင်းယွင်ဟဲထံ လှည့်ကြည့်လိုက်၏။
“ ဒါဆို ငါတို့ သဘောမတူရင် မင်းဘာလုပ်မလဲ။ ”
သူ့အတွေးများကို ခန့်မှန်းနိုင်သော လင်းယွင်ဟဲတစ်ယောက် ပြုံးလျက် ပြန်၍ မေးမြန်းလိုက်သည်။
ထိုမေးခွန်းကြောင့် ယွီရှန်လင်က သက်ပြင်းချကာ၊
“ ငါတို့ဒီကိုမလာခင် ... ငါ့သခင်ငယ်က အရောင်းအ၀ယ်လုပ်တဲ့အခါ ယဉ်ကျေးရမယ် အကြမ်းဖက်မှုကို ရှောင်နိုင်ရင် အကောင်းဆုံးလို့ မှာကြားခဲ့တယ် ဒါကြောင့် ငါ့လူတွေကိုတောင် ခြံအပြင်မှာ စောင့်စေပြီး ...
... အထင်လွဲမှုကို ရှောင်ရှားခဲ့တယ် ဒါပေမယ့် အခုကြည့်ရတာ ငါတို့မှာ ရှောင်လွှဲလို့ မရတော့တဲ့ ကံကြမ္မာရှိနေမှာကို ငါကြောက်မိတယ်။ ”
-ဟု ညည်းတွားလိုက်တော့၏။
***