← Chapters

လေတာအို ... ။

Vol. 31 Ch. 265

လေတာအို ... ။

Vol. 31 Ch. 265

သန့်ရှင်းသောသားတော်က ခန်းမထဲမှ လှမ်းထွက်လာပြီး ပေါ့ပေါ့ပါးပါး ရပ်နေရုံဖြင့် တောင်နှင့်မြစ်အပေါ် ချိုးနှိမ်ထားနိုင်သော ရောင်ဝါရှိနေသည်။

အဝေးမှ မျက်မမြင်အဘိုးအိုသည် တစ်စုံတစ်ရာကို သတိပြုမိသွားပုံရပြီး ဦးခေါင်း အနည်းငယ်မော့ကာ၊

“ သခင်လေး၊ ဒီကောင်လေးမှာ ထူးဆန်းတာတစ်ခု ရှိ‌နေတယ်။ ”

-ဟုပြောကြားလာ၏။

“ သူ့အသက်အရွယ်က မူမမှန်ဘူးလို့ မင်းခံစားရတာမဟုတ်လား။ ”

စုရီမေးခွန်းကို မျက်မမြင် အဘိုးအိုက ခေါင်းညိတ်သည်။

“ ဟုတ်ကဲ့ ... ။ ”

“ ဒါ ပုံမှန်ပါပဲ ... သူ့ရဲ့ အသက်ဓါတ်နဲ့ ကျင့်ကြံမှုကို တံဆိပ်ခတ်ထားတာ အခုတံဆိပ် ကျိုးသွားပုံရတယ် ... ဒီလိုတံဆိပ်မျိုးကို အသုံးပြုဖို့ မြင့်မြတ်တဲ့ရတနာတွေ အများကြီးလိုတယ်။ ”

“ ဟားဟားဟား ... ။ ”

အဝေးရှိ သန့်ရှင်းသော သားတော်က သဘောကျစွာရယ်သည်။

“ မင်းဟာ ငါ့လိုပဲ နှစ်ပေါင်း (၃၀၀၀၀) အမှောင်ခေတ်ရဲ့ဖိနှိမ်မှုကနေ လွတ်မြောက်ခဲ့တဲ့ လူလို့ သံသယဖြစ်မိတယ် ... အခု တကယ် ဖြစ်နေပြီထင်တယ်။ ”

ထိုမှတ်ချက် ထွက်ပေါ်လာသည်နှင့် မျက်မမြင်အဘိုးအိုက လှောင်ပြုံး ပြုံးလိုက်ပြီး၊

“ ကောင်လေး ... မင်းမျက်လုံးတွေက ငါ့ထက်ပိုဆိုးတယ် ... အမှန်တော့ မင်းကိုသာ မျက်ကန်းလို့ ခေါ်သင့်တယ်။ ”

-ဟု တုန်ပြန်လိုက်၏။

ဤလူငယ်သည် အမှန်ပင် ရယ်စရာ ကောင်းချေပြီ။ စကားကြီး စကားကျယ်များ ပြောပြီး လွဲမှားသော မှတ်ချက်ပေးနေ၏။

စုရီသည်သာ အဆုံးမဲ့ နှစ်များစွာမှ ရှင်သန်နိုးထလာသူဖြစ်သော် ခေါင်းတလား ထမ်းသူ မျိုးရိုးသည် ဦးစွာသိပေမည်။

“ ဟမ့် ... မဟုတ်ဘူးလား ... ။ ”

သန့်ရှင်းသော သားတော်မှ အနည်းငယ် ရှက်ရွံ့သွား၏။ သို့သော် ချက်ချင်းခေါင်းယမ်းပြီး ပြုံးကာ၊

“ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိတော့ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ မှန်တယ် ... လူသေတွေအတွက်၊ ဒါတွေက တကယ် အရေးမကြီးတော့ပါဘူး။ ”

စုရီက ခေါင်းညိတ်လျက် ရှေ့သို့ လျှောက်လှမ်းသွားလေသည်။ သန့်ရှင်းသော သားတော်တစ်ယောက် မျက်လုံးများ ခရမ်းရောင်တောက်ပလာ၏။

“ မင်းတိုက်ချင်နေတယ် မဟုတ်လား ... လာခဲ့ မင်းဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါလည်း မြင်ချင်တယ်။ ”

စကားဆုံးသည်နှင့် လက်ဖဝါးတစ်ချက် ရိုက်ချလိုက်သည်။ ခရမ်းရောင် လက်ဖဝါးကြီး စုရီထံ လွင့်ပျံသွား၏။ မူလနန်းတော်အဆင့် စွမ်းအားပေပင်။

“ ရွှပ် ... ။ ”

စုရီက လက်ချောင်းများဖြင့်သာ ခုတ်လွှဲလိုက်ရာ ခရမ်းရောင်လက်ဖဝါးကြီးသည် တို့ဟူးကဲ့သို့ နှစ်ပိုင်းကွဲသွားတော့သည်။

“ ဒါ ... ။ ”

လျန်လန်ရွယ်နှင့် ကျန်အကြီးအကဲများမှာ နောက်တစ်လှမ်း ဆုတ်လိုက်သည်။ မျက်မမြင် အဘိုးအိုက ခေါင်းညိတ်ပြီး၊

“ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဓားတစ်လက်ပဲ၊ ရိုးရှင်းပေမယ့် ပြိုင်ဘက်ကင်း စွမ်းအားတွေ ပါရှိတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ဤသည်မှာ ချော့မော့ခြင်း မဟုတ်ချေ။ စုရီဓားသည် တာအိုကျက်သရေနှင့် ခွန်အားကို အပြည့်အဝ ပေါင်းစပ်ထားသည်။

“ စိတ်ဝင်စားစရာပဲ။ ”

သန့်ရှင်းသော သားတော်၏ မျက်ဝန်းများ တောက်ပလျက် လေထဲလှမ်းတက်လိုက်သည်။ ခရမ်းရောင်လေပွေတစ်ခု ထွက်ပေါ်လာပြီး အလင်းများ ပြန့်ကျဲသွား၏။

မြင့်မားသော တောင်တန်းနှင့် မြစ်ချောင်းများ ကောင်းကင်ယံ၌ ပေါ်လာပြီး စုရီကို ပြင်းထန်စွာ ဖိနှိပ်သည်။

ဤမြင်ကွင်းသည် တောင်နှင့်မြစ်ကို ဆွဲယူပြီးနောက် စုရီထံ ပစ်ပေါက်နေသည်နှင့် တူ၏။ သူ့စွမ်းအားသည် တူညီသောနယ်ပယ်မှ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည်။

သို့သော် စုရီအမြင်တွင် ၎င်းသည် ကူချန်နင်အဆင့်တွင်သာရှိသည်။ ကြည့်စရာ မလိုဘဲ သူ့လက်ချောင်းများဖြင့် နောက်ထပ် ခုတ်ပိုင်းချလိုက်ပြန်၏။

“ ရွှပ် ... ။ ”

မြင့်မားသော တောင်နှင့် မြစ်သည် ကောင်းကင်ယံမှ ပြုတ်ကျပြီး ပူဖောင်းများကဲ့သို့ ချက်ချင်း အပိုင်းပိုင်းကွဲသွားသည်။

“ ဝှစ် ... ။ ”

တိမ်တိုက်များ ပြန့်ကျဲလာပြီး စုရီရုပ်သွင်သည် သန့်ရှင်းသောသားတော်ရှေ့ ရုတ်ချည်းပေါ်လာကာ လက်ဖဝါးဖြင့် ပါးရိုက်ပစ်လိုက်၏။

ပေါ့ပါးသော ပါးရိုက်ချက်သည် ကြယ်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူကိုပင် ဘောလုံးအဖြစ် ပြောင်းလဲနိုင်၏။

“ ဝှစ် ... ။ ”

သို့သော် သန့်ရှင်းသော သားတော်ကို မထိချေ။ သန့်ရှင်းသောသားတော် ရုပ်သွင်သည် လေထဲ အငွေ့ပျံသွားသလိုမျိုး ပျောက်ကွယ် သွားခဲ့သည်။

“ ဘယ်ရောက်သွားတာလဲ။ ”

ရပ်ကြည့်နေသူအားလုံး အံ့အားသင့် သွားကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာကြည့်သည်။ သူတို့၏ နတ်အာရုံဖြင့်ပင် သန့်ရှင်းသော သားတော်ကို မဖမ်းဆုပ်နိုင်ကြချေ။

“ ဘယ်လောက်တောင် ... အစွမ်းထက်လိုက်တဲ့ ‌ရွေ့လျားမှု နည်းစနစ်လဲ။ ”

မျက်မမြင် အဘိုးအို မျက်နှာသည် အနည်းငယ် ပြောင်းလဲသွား၏။ ယခုအချိန်တွင် သူပင် အနည်းငယ် အခက်တွေ့နိုင်မည်။

“ ခရစ် ... ။ ”

ရုတ်တရက် စုရီဘေးနားတွင် လေဟာနယ် အက်ကွဲသံပေါ်လာပြီး စူးရှသော အငွေ့အသက် တိုးထွက်လာသည်။

ကြည်လင်နေသော ခရမ်းရောင် လှံတစ်စင်းဖြစ်၏။ အကယ်၍သာ အခြားသော လူများသာဆိုသော် ခုခံရန်မဆိုနှင့် ရှောင်တိမ်း ရန်ပင် အချိန်မရှိချေ။

စုရီအတွက်မူ ခြေတစ်ဖက်ကို ဘေးတစ်ဖက်သို့ ရွှေ့လိုက်ပြီး ညာလက်ညိုးနှင့် လေထဲညွှန်ပြခဲ့သည်။

“ ဒေါင် ... ။ ”

ခရမ်းရောင်လှံသည် မိုးကြိုး ထိမှန်သွားသကဲ့သို့ ကျယ်လောင်စွာမြည်လျက် မီးပွားများ ပွင့်ထွက်ပျံဝဲကုန်၏။

မဝေးလှသော အရပ်တွင် သန့်ရှင်းသောသားတော်၏ ရုပ်သဏ္ဍာန်လည်း ပြန်ပေါ်လာတော့သည်။

ချောမောလှသော သူ့မျက်နှာပေါ်တွင် လေးနက်သောအသွင်အပြင်မျိုး ဖြစ်ပေါ်နေကာ စုရီကို သတိထားကြည့်လိုက်၏။

သန့်ရှင်းသောသားတော်၏ ကိုယ်ပျောက်စွမ်းရည်သည် အလွန်ထူးဆန်းပြီး အစွမ်းထက်လှသည်။ စုရီမှ ဤကဲ့သို့ ပိတ်ဆို့နိုင် မည်ဟု မည်သူထင်မည်နည်း။

“ ရန်သူရဲ့ တိုက်ခိုက်ခြင်းကို ခန့်မှန်းပြီး ပိတ်ဆို့ခြင်း မယုံနိုင်စရာပဲ။ ”

မျက်မမြင် အဘိုးအိုက ချီးကျူးသည်။ သန့်ရှင်းသောသားတော်၏ အဝတ်အစားများ ဖျပ်ဖျပ်ခတ်လျက် လက်တွင်ရှိသောလှံသည် ခရမ်းရောင်အလင်းများ ထုတ်လွှတ်လာ၏။

ဤလှံသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်မှာ ထင်ရှားပေသည်။ သို့တိုင် စုရီကို ရင်ဆိုင်နေရချိန်တွင် အနည်းငယ် ကြောက်လန့်နေသည်ကို ခံစားနိုင်၏။

“ မင်း ... အရမ်းအစွမ်းထက်တယ်လို့ ငါထင်ခဲ့တာ အခုတော့ လေတာအိုနဲ့ ပြေးဖို့ကိုပဲ သိနေတာကိုး။ ”

စုရီက အထင်အမြင်သေးမှု အရိပ်အမြွက်များဖြင့် မှတ်ချက်ပေးကာ လေထဲ ရိုက်ချလိုက်သည်။

“ ဟမ့် ... ။ ”

သို့သော် မထိချေ။ သန့်ရှင်းသော သား‌တော်တစ်ယောက်မှာ လွတ်မြောက်သွား ပြန်၏။ စုရီသာလျှင် မျက်ခုံးပင့်လျက် ကျန်ရစ်ခဲ့သည်။

လေတာအိုသည် အလွန်ထူးခြား၏။ မမြင်နိုင်သောကြောင့် ကိုယ်ပျောက်နေသည်ဟု ထင်မှားစေမည်။ ၀င်သက်-ထွက်သက် ရှိနေသရွေ့ နေရာအနှံ့ သွားလာနိုင်၏။

တစ်ဖက်တွင် ဤအရာသည် စုရီအတွက် ပြဿနာတစ်ရပ် ဖြစ်မလာချေ‌။ ပြိုင်ဘက်ကို ထွက်ပေါ်လာစေရန် မရေမတွက်နိုင်သော နည်းလမ်းများစွာ ရှိသည်။

သို့သော် မလုပ်ခဲ့ချေ‌။ တစ်ဖက်လူသည် သံသယဝင်လာပြီး ချက်ချင်း ထွက်ပြေးသော် ခက်ရပေမည်။

“ ဝှစ် ... ။ ”

ရုတ်တရက် သူ့နောက်ကျောထံမှ လေတိုးသံများ ကြားလိုက်ရသည်။ ရုတ်ချည်း ခရမ်းရောင် လှံရိပ်များ လေကိုခွင်းကာ ထွက်ပေါ်လာတော့၏။

ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များသည်လည်း စုရီကိုဗဟိုပြုလျက် လေဟာနယ်တစ်ခုလုံးကို ပိတ်ဆို့သွားလေသည်။

ဤသည်မှာ စုရီစောင့်မျှော်နေသော အခိုက်အတန့်ဖြစ်သည်။ ထို့ကြောင့် တွန့်ခေါက် ရွေ့လျားလာသော လေဟာနယ်လှိုင်းများထံ မော့ကြည့်ကာ အနည်းငယ်ပြုံးပြီး၊

“ မိပြီ ... ။ ”

-ဟု ပြောကြားလိုက်သည်။

စကားဆုံသည်နှင့် လေထဲလှမ်းတက်ကာ ထိုလေဟာနယ်လှိုင်းများထံ ဓားဖြင့် ခုတ်ပိုင်းချ လိုက်တော့၏။

“ ကောင်ကင်နဲ့ ‌မြေကြီးကြား ... လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ ဓားတစ်လက် ငါ့မှာရှိတယ်။ ”

ထိုအခါ မရေမတွက်နိုင်သော ဓားအလင်းများသည် လေလှိုင်းများကို ပိုင်းဖြတ် သွားလေသည်။ တစ်ဖက်တွင် လှံအလင်းများက ကောင်းကင်မှ မိုးအဖြစ်ရွာကျလာ၏။

“ ထန် ...ထန် ... ထန် ... ။ ”

လှံအလင်းနှင့် ဓားအလင်းများ အချင်းချင်းချေဖျက်ကာ ဓားအလင်းများစွာကို ချေဖြတ်နေရသော လူငယ်တစ်ယောက်ပုံစံ ပြန်လည် ထွက်ပေါ်လာသည်။

၎င်းရပ်နေရာ ခြေဖဝါးအောက်ရှိ လေဟာနယ်သည်ပင် ကွဲအက်ပြီးဓားအလင်း ခွဲထွက်လာ၏။ နေရာတိုင်း၌ ဓားရှည်များ မွေးဖွားနေသလိုပေပင်။

“ ဟမ့် .... ။ ”

ထိုစဉ်စုရီသည် ကောင်းကင်ပေါ် ခုန်တက်လိုက်ကာ တိုက်ပွဲအရှိန်ကို ထပ်မံပြီး တိုးမြှင့်လိုက်ပြန်၏။

“ ငါ့မှာ ‌တောင်နဲ့မြစ်ကို ခွဲနိုင်တဲ့ ဓားတစ်လက်ရှိတယ်။ ”

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများ ကောင်းကင်နှင့်မြေကြီးကြား ပြည့်နှက်သွားချေပြီ။

“ မကောင်းတော့ဘူး။ ”

လှံရှည်ကို အစွန်းမှကိုင်ကာ ရေပက်မဝင်အောင် ဝှေ့ရမ်းချေဖျက်နေရသော သန့်ရှင်းသောသားတော်က မျက်နှာဖြူဖျော့ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် လွတ်လမ်းမရှိတော့ချေ။ နေရာတိုင်းတွင် လေဓားများ ဖြစ်ပေါ်လာ နေသည်။

“ ထန် ... ထန် ... ။ ”

အဆုံးတွင် ခရမ်းရောင်လှံသည် တောင်ကြီးတစ်လုံးနှင့် တိုက်မိသွားသကဲ့သို့ မြေပြင်ပေါ် ပြုတ်ကျကာ သူသည်လည်း လွင့်စဉ်သွားတော့သည်။

“ ဝေါ့ ... ။ ”

နှုတ်ခမ်းမှသွေးများ စီးကျလျက် သွေးတစ်လုတ်အန်ကာ အရွတ်များနှင့် အရိုးများ ကျိုးသွားသည်ကို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး ဓားဖြင့် အမွှန်းခံလိုက်ရ သကဲ့သို့ သွေးများဖုံးလွှမ်းသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်​ဆိတ်​သွားချေပြီ။

ထိုမြင်ကွင်းကြောင့် လျန်လန်ရွယ်နှင့် အခြားသောလူများကို ရေခဲလှိုဏ်ဂူကြီးထဲသို့ ပြုတ်ကျသည့်အလား ဦးရေပြားများ ထုံကျင်လာစေ၏။

“ ဒီဓားက ထက်ရှလွန်းတယ်။ ”

မျက်မမြင်အဘိုးအိုသည် မောဟိုက်ကာ မနေနိုင်ချေ။ သူသည် ခေါင်းတလားထမ်းသူ မျိုးရိုး၌ နှစ်တစ်ထောင်အတွင်း ရှားပါးသော ပါရမီရှင်ဖြစ်သည်။

သို့သော် အတွင်းပိုင်းသန့်စင်ခြင်းအဆင့်မှ ဤစုရီနှင့် ယှဉ်ရမည်ဆိုသော် ညံ့ဖျင်းကြောင်း မြင်သာနေသည်။

“ ဖွီ ... ။ ”

ဤအချိန်တွင် စုရီသည် တုန့်ဆိုင်းခြင်း မရှိခဲ့ဘဲ ထပ်မံတိုက်ခိုက်ပြန်၏။ ထို့ကြောင့် သန့်ရှင်းသောသားတော်ခမျာ ထိတ်လန့်တကြား တစ်စုံတစ်ရာကို ထွေးထုတ်လာသည်။

ငွေရောင်အလင်းများဖြင့် ထူးဆန်းသော တာအိုပုံစံများ ရေးထွင်းထားသည့် ပုလဲတစ်လုံး ဖြစ်ချေ၏။

၎င်းပျံဝဲလာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးခြင်း၏ အရိပ်အယောင်များ ပျံ့နှံ့လာသည်။

“ ဟမ့် ... ။ ”

ရှေ့သို့ပြေးတက်နေသော စုရီခမျာ ရုတ်တရက်ရပ်လိုက်ရပြီး ချက်ချင်း ဆုတ်ခွာ လိုက်ရ၏။

“ ဝုန်း ... ။ ”

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးနှင့်အတူ ငွေရောင်မီးလျှံများ ကောင်းကင်ပေါ် ချက်ချင်း လွင့်ပျံလာပြီး ဓားအလင်းပျက်ပြယ်ကာ လေဟာနယ် ပြိုကျသွားချေပြီ။

ပျံ့ကားလာသော ထိုအဖျက်စွမ်းအင် လှိုင်းများကြောင့် အဝေးမှကြည့်နေသည့် လူများ အားလုံး လွတ်ရာသို့ ချက်ချင်းဆုတ်ခွာ လိုက်ရ၏။

သို့တိုင် ရောင်ဝါသက်ရောက်မှုသည် ဒဏ်ရာများ ရရှိစေကာ သွေးများဖြင့် ဖုံးလွှမ်း လာတော့သည်။

စုရီသာလျှင် အန္တရာယ်ကင်းစွာဖြင့် လေထဲလွင့်မျောပြီး ပြိုကျနေသောလေဟာနယ် ထံသို့ မျက်မှောင်ကြုတ်ကြည့်နေခဲ့၏။

***

All Chapters