တိမ်လွှာကောင်းကင် နန်းတော်။
Vol. 31 Ch. 366
“ အဆင်ပြေရဲ့လား သခင်လေး။ ”
မျက်မမြင်အဘိုးအိုက စုရီဘေးတွင် ပေါ်လာသည်။ စုရီမှ ခေါင်းခါလျက်၊
“ ဒီတစ်ခါတော့ အနှစ် (၃)သောင်း အမှောင်တားမြစ်စွမ်းအင်ကနေ လွတ်မြောက် လာခဲ့တဲ့ ဇာတ်ကောင်တွေကို ငါနည်းနည်း လျှော့တွက်ခဲ့မိတယ်။ ”
သန့်ရှင်းသောသားတော်သည် အမှန်ပင် သာမန်လူမဟုတ်ချေ။ မူလနန်းတော်နယ်ပယ်၌ မိန်းကလေးမြောင်ဟွာကို သတ်နိုင်သော စွမ်းအားမျိုးရှိသည်။
အစောပိုင်း သူ့ဓားသည် ၎င်းကို သတ်ပစ်နိုင်သည်ဟု ထင်ခဲ့မိသော်လည်း လွတ်မြောက်သွားဆဲပေပင်။
ထိုငွေရောင်ဝိညာဥ်ပုလဲရှိ အဖျက်စွမ်းအားသည် ဝိညာဉ်တာအိုနယ်ပယ်မှ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မှုကို ခုခံချေဖျက်နိုင်သည်။
“ နှစ်ပေါင်း(၃)သောင်း ရှင်သန်ဖို့အတွက် သူ့ရဲ့မူလဇစ်မြစ်မှာ ထူးထူးခြားခြား ဖြစ်ရမယ် ဒါ့ပြင် သူ့ကိုချိတ်ပိတ်ထာမျိုး မလုပ်ခင်မှာ သူ့ဂိုဏ်းရဲ့အကြီးအကဲတွေက ...
... အသက်ကယ်ဝှက်ဖဲတွေ အများကြီး ပြင်ဆင်ပေးခဲ့ပုံပဲ ... မူလနန်းတော် အဆင့် ကျွမ်းကျင်သူ တစ်သောင်းမှာ တစ်ယောက်သာ ရှိနိုင်တဲ့ အရည်အချင်းမျိုး ... ။ ”
မျက်မမြင်အဘိုးအိုက ခေါင်းညိတ်ကာ၊
“ ဒါပေမယ့် သခင်လေးက သူ့ကို အလွယ်တကူ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်၊ ဒါ လုံးဝကို အံ့သြစရာပဲမဟုတ်လား ...
... ကမ္ဘာပေါ်မှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကြားမှာ ... သခင်လေးအတွက် ပြိုင်ဘက် မရှိတော့မှာ ငါကြောက်မိတယ်။ ”
-ဟု ပြောဆိုလာသည်။
မည်သို့သော အကြောင်းအရာမျိုးပင် ဖြစ်ပါစေ စုရီနှင့်ပတ်သက်နေသမျှ မြှောက်ပင့် ပြောရန် မျက်မမြင်အဖိုးကြီးတွင် အကြံအစည်များ ရှိနေပုံရ၏။
“ လူတိုင်းကို လျော့မတွက်နဲ့။ ”
စုရီက ထိုမျှသာ ပြောကြားပြီးနောက် လက်နှစ်ဖက်နောက်ပို့ကာ ပြန်၍ထွက်ခွာသွား တော့၏။ မျက်မမြင်အဖိုးကြီးမှ လျန်လန်ရွယ် တို့ထံ လှည့်ကြည့်ကာ၊
“ သခင်လေး၊ ဒီကြက်တွေကို ဘာလုပ်သင့်လဲ။ ”
“ ငါ့ဓားက သူရဲကောင်းတွေကိုပဲ ခေါင်းဖြတ်တယ်လို့ မင်းပြောတယ် မဟုတ်လား အဲဒီစကားကို ငါတကယ် သဘောကျတယ် ကြီးမြတ်သူတွေက ပုရွက်ဆိတ်မသတ်ဘူး၊ သူရဲကောင်းရဲ့ဓားက ခွေးမသတ်ဘူး။ ”
စုရီက နောက်ပြန်လှည့် မကြည့်ဘဲ ထွက်သွားလေသည်။ မျက်မမြင် အဘိုးအိုသည် ခဏမျှအံ့အားသင့်သွားပြီး ပြုံးလျက် နောက်သို့ လိုက်ပါလာခဲ့၏။
သူတို့နောက်တွင် လျန်လန်ယွဲ့နှင့် ပြင်းထန်သောဒဏ်ရာများကြောင့် မြေပြင်ပေါ် လဲကျနေသော လူများအားလုံး သက်ပြင်းချ လိုက်ကြသည်။
ခွေးဖြစ်ဖြစ်၊ ဝက်ဖြစ်ဖြစ် ဘေးဥပဒ်မှ လွတ်မြောက်လာသည့်အပေါ် ကျေးဇူးတင် ရပေမည်။
“ သခင်လေး ... ငါအခုသွားတော့မယ်။ ”
လမ်းခရီးတွင် မျက်မမြင်အဘိုးအိုက ခဏမျှတုံ့ဆိုင်းသွားပြီး၊
“ နောင်မှာ ... ငါ့အကူအညီလိုရင် ဒီကောင်းကင်မီးအိမ်ကို မီးထွန်းလိုက်ပါ မင်း မဟာရှမှာ ရှိနေသမျှ ငါပေါ်လာမယ်။ ”
-ဟုဆိုကာ လက်ဖဝါးအရွယ် အနက်ရောင်စက္ကူမီးပုံးကို ထုတ်ယူပြီး စုရီထံ ကမ်းပေးလာ၏။
စုရီက မီးပုံးကို လက်ခံယူကာ၊
“ ငါပြောတာကိုလည်း မမေ့နဲ့ ... မင်း ဒုက္ခရောက်ရင် ငါ့ဆီလာနိုင်တယ် ... မင်းရဲ့ နည်းလမ်းတွေနဲ့ ငါ့ကိုရှာတွေ့ဖို့က သိပ်ပြီး မခက်ခဲဘူးလို့ ငါယုံကြည်တယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
မျက်မမြင် အဘိုးအိုက ပြုံးလျက်၊
“ ကောင်းပြီ ... ။ ”
-ဟု ပြောကြားကာ လှည့်ထွက်သွားတော့သည်။
အဖိုးကြီးပုံရိပ် ပျောက်ကွယ်သွားချိန်၌ စုရီမှသက်ပြင်းချလိုက်သည်။ သူ့တပည့်ကြောင့် ခေါင်းတလား မျိုးနွယ်သည် ကပ်ဘေး ကြုံလိမ့်မည်ဟု မထင်ထားမိချေ။
“ ပင်းမို ... ငါပြန်မလာခင် မင်းမသေစေနဲ့။ ”
ခြံဝင်းထဲ ပြန်ရောက်သည်နှင့် စုရီသည် ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်း နေတော့သည်။ သူ့တစ်ကိုယ်လုံး ပြေလျော့ သွားပြီး သက်တောင့်သက်သာဖြစ်လာ၏။
ထိုစဉ် ချင်းယာ ရောက်ရှိလာပြီး သူ့လက်ကောက်ကို ပြကာ၊
“ အစ်ကိုစု၊ ဒါက တစ္ဆေမီးပုံးထဲကနေ ရလာတဲ့ရတနာပဲ ... ဒါကို ကောင်းကင်အရိပ် အပြာရောင်အလင်း လက်ကောက်လို့ ခေါ်ပါတယ် ...
... သူ့မှာ ကြယ်ခုနစ်ပွင့် ဝိညာဉ်သံသရာလို့ခေါ်တဲ့ ခံစစ်ဝင်္ကပါတစ်ခုကို ဖန်တီးဖို့ ဝင်္ကပါမျက်လုံးပါတယ် ... ဝိညာဉ် တာအိုနယ်ပယ် ကျွမ်းကျင်သူကိုတောင် တားဆီးနိုင်တယ်။ ”
သူမ စကားပြောနေစဉ် ကျောက်စိမ်းပုလင်းကိုထုတ်ယူကာ စုရီထံ ပေးအပ်လိုက်ပြီး၊
“ အစ်ကိုစု အကူအညီကြောင့် ... ဒီလိုရတနာကို ငါရတာ ဒီကျောက်စိမ်းပုလင်း ထဲမှာ နဂါးနက်သွေးရှိတယ် လက်ခံပါ။ ”
-ဟု ပြောကြားလိုက်သည်။
စုရီမှ အံ့သြသွားသည်။ နဂါးနက်သွေးသည် အလွန်ရှားပါးသည်။ ကြယ်စုစည်းခြင်းအဆင့်၌ တုနှိုင်းမရလောက်အောင် အာနိသင်ရှိ၏။
ချင်းယာ၏ လေးနက်သော အမူအရာကိုကြည့်ပြီးနောက် အဆုံးတွင် စုရီမှ လက်ခံလိုက်သည်။
ထိုစဉ် ရတနာသင်္ဘောကြီးတစ်စင်း တိမ်ပင်လယ်အတွင်း ရုတ်တရက် ပေါ်လာပြီး ပုံရိပ်အချို့ ခုန်ဆင်းလာ၏။
“ ဝှစ် ... ။ ”
ရတနာသင်္ဘောထံမှ တောက်ပသော အလင်းရောင်များသည် တစ္ဆေမြို့ရှိ ကျင့်ကြံသူ အများအပြားကို ထိတ်လန့်သွားစေခဲ့သည်။
“ ဒီရတနာသင်္ဘောကြီးက အရမ်း စွဲမက်စရာပါပဲ ဘယ်လိုတောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်များ ငါတို့မြို့ကို ရောက်လာရတာလဲ။ ”
“ ဒါ ... ဒါ တိမ်လွှာကောင်းကင် နန်းတော်အလံ မဟုတ်လား။ ”
ဤသည်မှာ မဟာရှရှိ ထိပ်တန်း ကျင့်ကြံရေးဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ကြ၏။
ထိုအချိန်တွင် လင်းယွင်ဟဲသည် ရတနာသင်္ဘောပေါ်မှ ခုန်ဆင်းလာခဲ့သော လူရိပ်သုံးရိပ်ထံ မော့ကြည့်ပြီး မျက်မှောင်ကြုတ် သွားသည်။
ဤသည်မှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးပေပင်။ ဦးဆောင်သူသည် အဖြူရောင်ဝတ်လုံဖြင့် သူရဲကောင်းဆန်သော လူငယ်တစ်ဦးဖြစ်သည်။
ကျောတွင် လေးပေရှည်သော မီးခိုးရောင်ဓားအိမ်ကို သိုင်းလွယ်ထားချေ၏။ သူ့ဂျူနီယာညီမလေး ဝမ်ရှင်းကျောက် မပါရှိချေ။
ထို့ကြောင့် ၎င်းတို့ကို မြင်သောအခါ လင်းယွင်ဟဲနှင့် ချင်းယာတို့ နှစ်ယောက်လုံးမှ မျက်မှောင်ကြုတ်မိခြင်းဖြစ်သည်။
ခေါင်းဆောင်လူငယ်က ခြံဝင်းအတွင်း လှမ်းဝင်လာပြီးနောက် လူတိုင်းထံဝေ့ကြည့်ကာ လင်းယွင်ဟဲနှင့်ချင်းယာထံ ဦးညွှတ်လျက်၊
“ တာအိုမိတ်ဆွေတို့ နှစ်ယောက်က တာအိုလင်းနဲ့ မိန်းကလေးချင်းယာဖြစ်မယ် ထင်တယ်။ ”
-ဟု မေးမြန်းလာ၏။
လင်းယွင်ဟဲမှ လက်သီးဆုပ်ကို လက်ဖဝါးဖြင့် ဖိကပ်ပြီး၊
“ ဟုတ်ပါတယ် ... တာအိုမိတ်ဆွေ၊ မင်းနာမည် မေးလို့ရမလား။ ”
“ ငါ့နာမည်က ဟွာယွင်ရှန်းပါ၊ စီနီယာအစ်မဝမ်ရဲ့ အမိန့်အရ မင်းတို့အားလုံးကို ခေါ်သွားဖို့ ရောက်လာတာပါ။ ”
ခေါင်းဆောင်လူငယ်မှ ချက်ချင်း ပြန်ဖြေသည်။
“ ဘာလို့ ဒေါ်လေးဆရာက မလာတာလဲ။ ”
ချင်းယာက ပြန်မေးလိုက်သည်။
“ ဒေါ်လေးဆရာလား ... ။ ”
ခေါင်းဆောင်လူငယ်မှ ချင်းယာ အသုံးအနှုန်းကြောင့် မျက်ခုံးပင့်လျက်၊
“ ငါတို့ ဝိညာဉ်မြို့တော်ကို ဖြတ်သွားတုန်း စီနီယာအစ်မဝမ်က အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကြုံခဲ့ရပါတယ် ... ဒါကြောင့် မင်းတို့နှစ်ယောက် အကြာကြီးစောင့်ရမှာကို စိုးရိမ်တဲ့အတွက် ငါတို့ကို အခေါ်လွှတ်လိုက်တာပါ။ ”
“ တိုက်ဆိုင်လိုက်တာ ... ငါတို့လည်း မင်းတို့ရောက်မလာရင် ဝိညာဉ်မြို့တော်ကို မနက်ဖြန် ခရီးထွက်မို့ပဲ ... ။ ”
လင်းယွင်ဟဲမှ ပြုံးလျက် တုန့်ပနြ် ပြောကြားလိုက်သည်။ ခေါင်းဆောင်လူငယ်က စုရီ၊ ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းထံကြည့်ကာ၊
“ တာအိုမိတ်ဆွေ သူတို့သုံးယောက်က ဘယ်သူတွေလဲ။ ”
-ဟု မေးမြန်းသည်။
လင်းယွင်ဟဲမှ ပြုံးပြီး စုရီတို့နှင့် တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေး လိုက်လေသည်။ ခေါင်းဆောင်လူငယ်မှ ခေါင်းညိတ်လျက်၊
“ ကောင်းပြီ ... ငါတို့ အခုပဲ ထွက်သွားရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
လင်းယွင်ဟဲမှ စုရီထံ လှည့်ကြည့်ကာ၊
“ တာအိုစု ... ဘယ်လိုထင်လဲ။ ”
-ဟု ပြန်လည် မေးမြန်းလိုက်သည်။
ဤမြင်ကွင်းကြောင့် ဟွာယွင်ရှန်းနှင့် ကျန်နှစ်ယောက်မှာ အံ့အားသင့်သွားခဲ့ပြီး စုရီထံ ပြန်ကြည့်လိုက်ကြ၏။
အတွင်းပိုင်းသန့်စင်ခြင်းအဆင့်မှ ဤလူငယ်သည် မရိုးရှင်းသည်မှာ သေချာချေပြီ။ မဟုတ်သော် ကြယ်စုစည်းခြင်း အဆင့်ရှိ လင်းယွင်ဟဲမှ ဆုံးဖြတ်ချက်ချခိုင်းမည် မဟုတ်ချေ။
“ ကောင်းပြီ ... သွားရအောင်။ ”
စုရီက မတ်တပ်ထရပ်လိုက်ကာ ကြိမ်ကုလားထိုင်ကို ချက်ချင်းသိမ်းဆည်း လိုက်တော့၏။
***