← Chapters

ဝိညာဉ်မြို့တော်သို့ ... ။

Vol. 31 Ch. 368

ဝိညာဉ်မြို့တော်သို့ ... ။

Vol. 31 Ch. 368

“ ဟားဟားဟား ... ။ ”

ချမ်တျန်လုံက ကျယ်လောင်စွာ ရယ်မောလိုက်သဖြင့် ယွမ်ဟမ်တစ်ယောက် မကျေမနပ် ဖြစ်သွား၏။ အဆုံးတွင် သည်းမခံနိုင်တော့ဘဲ၊

“ တိမ်လွှာကောင်းကင်နန်းတော်ရဲ့ တပည့်တွေကို ကောင်းမွန်တဲ့ အမူအကျင့်မျိုး ရှိလိမ့်မယ်လို့ ငါထင်ခဲ့တာ ဒါပေမယ့် မင်းရဲ့ အပြုအမူက အရမ်း ရိုင်းစိုင်းနေပါလား။ ”

-ဟု ချမ်တျန်လုံကို တည့်တည့်စိုက်ကြည့်ကာ မှတ်ချက်ပေး လိုက်တော့သည်။

သူ့ကို စော်ကားချင်းကို သည်းခံနိုင်သော်လည်း စုရီအပေါ် မထီမဲ့မြင် ပြုနေသည်ကို လက်မခံနိုင်ချေ။

ထိုစကားကြောင့် လေထုသည် ချက်ချင်းအုံ့မှိုင်းသွား၏။ ဟွာယွင်ရှန့်နှင့် စန်းဖုန်းသည် ယွမ်ဟမ်မှ ပွင့်ပွင့်လင်းလင်း ဝေဖန်လာလိမ့်မည်ဟု မထင်ထားသဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။

ချမ်တျန်လုံက မျက်နှာ မည်းမှောင်သွားပြီး၊

“ မင်း ... ငါ့ကို အမူအကျင့်တွေ အကြောင်း သင်ပေးနေတာလား။ ”

-ဟု အေးစက်စွာ မေးမြန်းလိုက်သည်။

လင်းယွင်ဟဲ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားလျက်၊

“ မင်းတို့နှစ်ယောက်လုံး စိတ်အေးအေးထားပါ ဒါအငြင်းပွားမှုတစ်ခုပဲ အဲဒါကို ပုံကြီးမချဲ့ပါနဲ့။ ”

-ဟု ဖြောင်းဖျပေးလိုက်သည်။

“ တာအိုလင်း ... ငါရှင်းအောင်ပြောမယ် မင်းနဲ့ချင်းယာအတွက်သာ မဟုတ်ရင် သူတို့လို လေလွင့်ကျင့်ကြံသူနဲ့ နတ်ဆိုးတွေကို ငါဂရုစိုက်နေမှာ မဟုတ်ဘူး။ ”

ချမ်တျန်လုံ၏ စကားအတွင်း အထင်အမြင်သေးမှုနှင့် ရှုတ်ချမှုကို ဖုံးကွယ် မထားတော့ချေ။

လင်းယွင်ဟဲက စကားတစ်ခွန်းမျှ မပြောတော့ဘဲ ဝိုင်သောက်နေသော စုရီကို ကြည့်လိုက်သည်။ စုရီသည် ငြိမ်သက်နေဆဲ ဖြစ်၏။ ထို့ကြောင့် စိုးရိမ်လာကာ၊

“ တာအိုစုနဲ့ ငါက မိတ်ဆွေတွေပဲ ... ငါ့ရှေ့မှာသူ့ကို ထပ်ခါထပ်ခါ စော်ကားနေတာ မင်းအရမ်းလွန်းနေပြီ။ ”

“ မှန်တယ် ... နင်က တိမ်လွှာ ကောင်းကင်နန်းတော်ရဲ့ တပည်ဖြစ်နေတာနဲ့ပဲ တခြားသူတွေထက် သာလွန်တယ်လို့ တကယ် ထင်နေတာလား ... ငါ့ဒေါ်လေးဆရာနဲ့ တွေ့တဲ့အခါ ဘာတွေဖြစ်နေတာလဲ သူ့ကို သေချာမေးမယ်။ ”

ချင်းယာသည်လည်း သည်းမခံနိုင်ဖြစ်သွားသည်။ လင်းယွင်ဟဲနှင့် သူမသည် ဒေါသဖြစ်ခဲသဖြင့် ဤမြင်ကွင်းသည် ဟွာယွင်ရှန်းတို့သုံးယောက်ခမျာ အနည်းငယ် တွန့်ဆုတ်သွားတော့၏။

အထူးသဖြင့် ချမ်တျန်လုံဖြစ်သည်။ သူ့မျက်နှာသည် မသေချာမရေရာ ဖြစ်လာပြီး အလွန်စိုးထိတ်သွား၏။

စုရီနှင့် အဖွဲ့အပေါ် လျစ်လျူရှု နိုင်သော်လည်း ဆရာတပည့်နှစ်ယောက်အပေါ် ဂရုစိုက်ရမည်ဖြစ်သည်။

မဟုတ်သော် ဝမ်ရှင်းကျောက်သည်သာ ထိုအကြောင်းအရာကို သိရှိပါက အကျိုးဆက် များသည် ခန့်မှန်းရခက်ပေလိမ့်မည်။

“ စိတ်အေးအေးထားပါ တာအိုလင်း ... ဂျူနီယာချမ်က မင်းတို့ကို ရိုင်းစိုင်းခဲ့တဲ့အတွက် သူ့ကိုယ်စား ငါတောင်းပန်ပါတယ်။ ”

ဟွာယွင်ရှန်းစကားသည် လိုက်လျောမှုတစ်ခုဟု ထင်ရသော်လည်း စုရီတို့အပေါ် လျစ်လျူရှုထားဆဲ ဖြစ်၏။

ကောင်းကင်ပြည်နယ်တွင် ဝိညာဉ်မြို့တော်ကို အချမ်းသာဆုံးနေရာဟု သတ်မှတ်ထားသည်။

မဟာရှရှိ ထိပ်တန်းစီးပွားရေး အင်အားစုသုံးခုသည် ဤမြို့တွင် ဖြန့်ကျက်ထား ရှိသည်။

ထို့ကြောင့် ကောင်းကင်ပြည်နယ် တစ်ခုလုံးတွင် အဆင့်ငါးနှင့်အထက် ဝိညာဉ်ရေး ဆေးဝါးပစ္စည်းများကို ဤဝိညာဉ်​မြို့တော်၌သာ ၀ယ်ယူရရှိနိုင်မည်။

နေ့တစ်ဝက် ကုန်လွန်ပြီးနောက် ရတနာသင်္ဘောသည် ဝိညာဉ်မြို့ အရှေ့တံခါးသို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

“ ဒါ တိမ်လွှာ ကောင်းကင် နန်းတော်ရဲ့ ရတနာသင်္ဘောပဲ လေလံပွဲအတွက် သူတို့လည်း ပါဝင်ဖို့လာတာ မဟုတ်လား။ ”

“ သေချာပါတယ် ဒီလေလံပွဲက အစွမ်းထက်တဲ့ လူတွေကို ဆွဲဆောင်ထား နိုင်တယ် ဆိုတာ။ ”

ရတနာသင်္ဘော ဆိုက်ရောက်လာသည်နှင့် လူပေါင်းများစွာမှ စကားစမြည်များ ပြောဆိုလာ ကြသည်။

ထိုမြင်ကွင်းကြောင့် တိမ်လွှာ ကောင်းကင်နန်းတော်သည် ဩဇာအာဏာ ကြီးမားကြောင်း မြင်သာစေသည်။

ဂိုဏ်းကြီးအချို့၏ တပည့်များသည် ခရီးသွားသည့်အခါ၌ပင် နေရာတိုင်း၌ ဤသို့ အာရုံစူးစိုက်မှု ရရှိကြသည်။

စုရီအတွက်မူ မကြိုက်ချေ။ ဘဝကို လွတ်လပ်ပေါ့ပါးသော တိမ်လွှာနှင့် တောရိုင်း ကြိုးကြာငှက်ကဲ့သို့သာ ရှင်သန်လိုသည်။

ကျယ်ပြောလှသော ဤလောကအတွင်း သူသည် လောကခရီးသည် တစ်ယောက်သာ ဖြစ်သည်။ ဘဝ၏ ရှုထောင့်အမျိုးမျိုးမှ မြင်လိုသည်။

“ သခင်လေးတို့ ရထားအသင့်ဖြစ်ပါပြီ။ ”

မြို့တံခါးရှေ့တွင် အနက်ရောင်ဝတ်လုံဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပြုံးလျက် ဦးညွှတ်နှုတ်ဆက်လာသည်။

ဤသည်မှာ ဝိညာဉ်မြို့တော်ရှိ ပထမအဆင့်ဖြစ်သော ‘ဝိညာဉ်ရှင်သန်ခြင်း’ ဂိုဏ်း၏ ဂိုဏ်းချုပ်ဝူယွီယွမ် ဖြစ်သည်။

ကြယ်စုစည်းခြင်းအဆင့်တွင်ရှိကာ ကောင်းကင်ပြည်နယ်တွင် တတိယအကြီးဆုံး အင်အားစုလည်း ဖြစ်၏။

“ ဂျူနီယာညီမလေးယွီ ... မင်း တာအိုလင်းနဲ့မိန်းကလေးချင်းယာကို အရင် ခေါ်သွားလိုက်ပါ ... ငါတို့ မြို့ထဲ လမ်းလျှောက် လိုက်ဦးမယ်။ ”

ယွီယွီက ခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝူယွီယွမ်၏ ဦးဆောင်မှုဖြင့် မြို့ထဲဝင်ရောက် လာခဲ့၏။

မြို့တံခါးအပြင်ဘက် လူအုပ်ကြီးထဲ၌ အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က ထိုမြင်ကွင်းထံ အနည်းငယ်မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့သည်။ သူ့ဘေးတွင် လှပသော အမျိုးသမီးတစ်ဦး ရပ်နေ၏။

“ သခင်လေး၊ ဘယ်သူလဲ။ ”

အမျိုးသမီးက အသံတိုးတိုးဖြင့် မေးသည်။

“ မင်းနားမလည်နိုင်တဲ့ လူလို့ မှတ်ထားပါ ငါတို့မိတ်ဆွေဖြစ်နိုင်ရင် ကောင်းမယ် မဟုတ်လို့ ရန်သူသာဖြစ်ရင် ဒုက္ခဖြစ်လိမ့်မယ်။ ”

ထိုအဖြေကြောင့် အမျိုးသမီးက အံ့အားသင့်သွားပြီး၊

“ သခင်လေး ... သူက အမှောင်တားမြစ်စွမ်းအား အောက်ကနေ လွတ်မြောက်လာတဲ့လူပဲလား။ ”

“ မဟုတ်ဘူး၊ ဒါပေမယ့် ... သူက ငါတို့လိုလူတွေထက် မနိမ့်ကျတာသေချာတယ်။ ”

ဤတစ်ကြိမ်၌ အမျိုးသမီးက မျက်မှောင်ကြုတ်လျက်၊

“ ဒါဆို ... မဟာရှမှာ ထွက်ပေါ်နေတဲ့ ဝမ်ရှင်းကျောက်၊ ယွီဝမ်ရှ၊ လီဟန်ထောင်၊ ယွီရှစ်ချန်နဲ့ ချန်လုတို့ကို ယှဉ်နိုင်တဲ့ နောက်တစ်ယောက်ပေါ့။ ”

“ ပြောရခက်တယ် ... မင်း မနေ့က ဝမ်ရှင်းကျောက်နဲ့တွေ့တယ် မဟုတ်လား သူက တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ဓားသမားပါ ဒါပေမယ့် စုရီကို မမီဘူးလို့ ပြောဝံ့တယ်။ ”

အမျိုးသမီးခမျာ မျက်ဝန်းများ တဖျပ်ဖျပ်တောက်ပလာပြီး၊

“ သခင်လေး ... မင်းဒီလိုပြောတော့ စုရီရဲ့နောက်ခံကို စုံစမ်းကြည့်ဖို့ ငါမစောင့်နိုင် တော့ဘူး။ ”

“ ဟမ့် ... မင်းသေချင်နေတာလား။ ”

အမျိုးသမီးစကားကြောင့် လူငယ်မှ ခေါင်းရမ်းကာ တုန့်ပြန်၏။

“ ငါ ... သခင်လေးကို ကူညီချင်လို့ပါ ... သခင်လေးက ဘာလို့ ... ငါ့ကိုဆူပူကြိမ်းမောင်း နေရတာလဲ။ ”

“ လန်ရှန် ... ၊ မင်းကိုယ်မင်း ထိန်းထားနိုင်ရင် ပိုကောင်းမယ် ငါ့ကြောင့်သာ မဟုတ်ရင် မင်းရဲ့အရည်အချင်းတွေနဲ့ အနှစ် (၃)သောင်း ရှင်သန်နိုင်မယ်များ ထင်လား။”

ထိုစကားကြောင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် အနည်းငယ်တောင့်တင်းလာပြီး မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ၊

“ စိတ်မပူပါနဲ့ သခင်လေး၊ ငါ မင်းကို လုံးဝဒုက္ခမပေးပါဘူး။ ”

-ဟု ချက်ချင်း ကတိပေးလိုက်သည်။

“ သွားကြရအောင် ... ဒီလေလံပွဲမှာ အပြောင်းအလဲတွေ အများကြီး ရှိလာမှာကို ငါကြောက်မိတယ် အဲဒီနတ်ဆိုးသန္ဓေသားကို တခြားသူတွေ မယူသွားစေချင်ဘူး။ ”

စကားဆုံးသည်နှင့် လက်နှစ်ဖက် နောက်ပို့လျက် လူငယ်က မြို့ထဲသို့ လှမ်းဝင် သွားလေသည်။ အမျိုးသမီးမှ သူ့အနား ကပ်လိုက်လာပြီး၊

“ သခင်လေး ... မနေ့ကပဲ မရဏငရဲနန်းတော်ရဲ့ သန့်ရှင်းသော သမီးတော် ကျောက်စိမ်းတမန်က ...

... ဝမ်ရှင်းကျောက်ကို ဖယ်ရှားဖို့ သူနဲ့ ပူးပေါင်းရင် .. နတ်ဆိုးသန္ဓေသား ရယူဖို့အတွက် ကူညီပေးမယ်လို့ ကမ်းလှမ်းလာပါတယ် ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်ချင်လဲ။ ”

“ မရဏငရဲနန်းတော်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃)သောင်းက နံပါတ်တစ် အမှောင် အင်အားစုတစ်ခုပဲ ... ဒါပေမယ့် အခုတော့ ရှည်လျားလှတဲ့ သမိုင်းမြစ်ကြီးထဲမှာ ...

... ပျောက်ကွယ်သွားခဲ့တာ ကြာနေပါပြီ ဒီကမ္ဘာကြီးမှာ မရဏငရဲနန်းတော် မရှိတော့ဘူး ဒါကြောင့် သူမကို မရဏတံခါးရဲ့ သန့်ရှင်းသော သမီးတော်လို့ ခေါ်ပါ ...

... ငါကူညီမယ်လို့ ပြန်ပြောလိုက် ... ဒါပေမယ့် ငါပြောတဲ့ အခြေအနေတွေအပေါ် သူ လက်ခံရမယ် ... ။ ”

အမျိုးသမီးက ခေါင်းညိတ်လျက် တိတ်ဆိတ်စွာ လိုက်ပါလာသည်။ ဤသည်မှာ ကူချန်နင်ဖြစ်၏။ စုရီ၏ ဓားတစ်ချက်တွင် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ဝိညာဉ် မြို့တော်ရှိ ဧက(၁၀၀)မျှ ကျယ်ဝန်းသော ခြံဝင်းတစ်ခု၌ တံတားငယ်များ၊ စမ်းချောင်းတုများနှင့် ဇရပ်များ ရှိနေသည်။

“ မင်းတို့ကို ဒီကနေ နှုတ်ဆက်ပါတယ်။ ”

ဝူယွီယွမ်က ပြုံးပြီး ဦးညွှတ်သည်။

“ ကျေးဇူးအများကြီးတင်ပါတယ်။ ”

ယွီယွီမှ ခေါင်းညိတ်လျက် အကွေ့အကောက်များသော စင်္ကြံလမ်းအတိုင်း ခြံဝင်းတစ်ခုထံသို့ ခေါ်ဆောင်လာ၏။

ဤနေရာသည် စိမ်းလန်းစိုပြေသော သစ်တောများကြားတွင် တည်ပြီး လှပသော ရေကန်ငယ်တစ်ခုနှင့် ပန်းဥယျာဉ်ငယ် တစ်ခုရှိနေသည်။

မနီးမဝေးတွင် သုံးထပ်နန်းတော်တစ်လုံး ဆောက်လုပ်ထားကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်းလှ၏။

မဏ္ဍပ်ရှေ့တွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် မျက်လုံးများမှိတ်လျက် ဝါးကုလားထိုင်ပေါ် အိပ်နေခဲ့သည်။

“ တပည့်ယွီ ... ဦးလေးကျန်းကို နှုတ်ဆက်ပါတယ်။ ”

ယွီယွီက ရှေ့တိုးသွားပြီး ထိုလူကို လေးလေးစားစား နှုတ်ဆက်၏။ အဖိုးအိုမှ မျက်လုံးများ ဖွင့်ကြည့်လာသည်။

အေးစက်သော ဓားတစ်လက်ကဲ့သို့ လေပြေအချို့လွင့်စင်လာကာ လူတိုင်းအပေါ် ဖုံးအုပ်သွားသည်။

ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်း၏ ခန္ဓာကိုယ်များ အေးစက်လာပြီး သူတို့အပေါ် ပြိုကျလာသော ဖိအားကို ခံစားလိုက်ရ၏။

ချင်းယာခမျာ အဘိုးအို၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် စူးစမ်းနေသော ထိုအကြည့်ကြောင့် ခြေတစ်လှမ်း အလိုလိုဆုတ်သွားမိ၏။

လင်းယွင်ဟဲက မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူသည် သူနှင့် အဆင့်တူသော်လည်း ပို၍သန်မာနေချေပြီ။ စုရီသာလျှင် လက်နှစ်ဖက် နောက်ပို့လျက် တည်ငြိမ်စွာ ရှိနေခဲ့တော့၏။

***

All Chapters