← Chapters

သေချာလား ... ။

Vol. 31 Ch. 369

သေချာလား ... ။

Vol. 31 Ch. 369

အဘိုးအိုသည် စုရီ၏ တုံ့ပြန်မှုကို သတိပြုမိသောအခါ အနည်းငယ် မျက်ဝန်းများ မှေးစင်းသွားသည်။

သို့သော်လည်း ကျင့်ကြံမှုအဆင့်ကို မြင်ပြီးနောက် ဂရုမစိုက်တော့ဘဲ အကြည့်များ ပြန်ရုတ်သွားခဲ့၏။

“ မင်းရဲ့ စီနီယာအစ်ကိုတွေ ပါမလာဘူးလား။ ”

အဘိုးအိုက ယွီယွီကို မေးသည်။

“ ဟုတ်ကဲ့ ... မကြာခင် ပြန်လာမယ် ပြောပါတယ်။ ”

အဘိုးအိုက ခေါင်းညိတ်ပြပြီး ချင်းယာကို ကြင်နာစွာပြုံးပြကာ၊

“ မိန်းကလေး ... မင်းက ချင်းယာထင်တယ်ဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟုတ်ပါတယ်။ ”

“ ငါ့နာမည်က ကျန်းယွင်ထောင် တိမ်လွှာကောင်းကင်နန်းတော်ရဲ့ အတွင်း အကြီးအကဲတစ်ယောက်ပဲ။ ”

သူသည် ချင်းယာနှင့် ပတ်သက်၍ အလွန်ကောင်းမွန်သော ခံစားချက်ရှိနေကြောင်း မြင်သာသည်။

“ ကောင်းကင်ဓားခန်းမက လင်းယွင်ဟဲ ... တွေ့ရတာ ဝမ်းသာပါတယ် တာအိုမိတ်ဆွေ။ ”

လင်းယွင်ဟဲမှ နှုတ်ဆက်သည်။

“ ရှင်းကျောက်ဆီကနေ ... မင်းအကြောင်းကို ငါကြားဖူးပါတယ်။ ”

ကျန်းယွင်ထောင်မှ ပြုံးပြီး လှည့်ကာခေါင်းညိတ်ပြတော့၏။ ထို့နောက် လင်းယွင်ဟဲက စုရီ၊ ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်း တို့ကို မိတ်ဆက်ပေးခဲ့သည်။

စုရီနှင့်အဖွဲ့သည် နတ်ဆိုးကျင့်ကြံသူများ ဖြစ်သည်ကို သိရှိပြီးနောက် ကျန်းယွင်ထောင်၏ သဘောထားမှာ သိသာစွာ အေးစက်သွား၏။

ထိုသဘောထားသည် ဟွာယွင်ရှန်းတို့နှင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးအမြင်တွင် မထူးမခြားနားပေပင်။

တိမ်လွှာကောင်းကင်နန်းတော်၏ အကြီးအကဲတစ်ဦးအနေဖြင့် ကောင်းကင် ပြည်နယ်တစ်ခုလုံးမှ သူ့ကို လေးစားရ၏။

အဆိုပါအခြေအနေအောက်တွင် စုရီတို့ကဲ့သို့သော ပြင်ပအနိုင်ငံမှ လာကြသည့် နတ်ဆိုးကျင့်ကြံသူများအပေါ် မလိုလားသည်မှာ သဘာဝပေပင်။

စုရီတို့သည်သာ လင်းယွင်ဟဲနှင့်အတူ မရှိခဲ့သော် တစ်ချက်ကြည့်ရန်ပင် စိတ်၀င်စား မိမည် မဟုတ်ကြောင်း အာမခံ၏။

ဟွာယွင်ရှန်းနှင့် အဖွဲ့၏ အပြုအမူကို ကြုံခဲ့ရပြီးနောက် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းသည် ထိုသို့ခွဲခြားဆက်ဆံမှုအပေါ် ကျင့်သားရနေပြီ ဖြစ်သည်။

လောကကြီးတွင် သူတပါးထံမှ လေးစားမှုများကို ရယူလိုသော် ခွန်အားနှင့် အဆင့်အတန်း လိုအပ်သည်။

မဟုတ်သော် အရာရာဟာ အချည်းနှီး ဖြစ်ကာ ဒေါသထွက်ရန်ပင် အရည်အချင်း ပြည့်မီကြမည် မဟုတ်ချေ။

“ ဒေါ်လေးဆရာ ဘယ်မှာလဲ။ ”

ချင်းယာမှ စိတ်လှုပ်ရှားစွာ‌မေးသည်။

“ မိန်းကလေးဝမ် ဉာဏ်အလင်း ရယူနေတယ် မကြာခင် ထွက်လာတော့မှာပါ ... မင်းတို့ ဒီမှာခဏစောင့်ပေး။ ”

ချင်းယာမှ ခေါင်းညိတ်လိုက်သည်။ ထိုမြင်ကွင်းကြောင့် စုရီမှ သိုလှောင်အိတ်ကို ထုတ်ယူပြီး၊

“ ယွမ်ဟမ် ... မိန်းကလေးပိုင်ကိုပါ ခေါ်သွားပြီး ဒီပစ္စည်းတွေကို အဆင့်ငါးအထက် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ခဲ့ပါ။ ”

-ဟု စေခိုင်းလိုက်သည်။

ထို့နောက် ကြိမ်ကုလားထိုင် ထပ်မံ ထုတ်ယူလျက် ပျင်းရိသောအသွင်အပြင်မျိုးဖြင့် လှဲလျောင်းနေတော့သည်။

ထိုအပြုအမူသည် ဝါးကုလားထိုင်ပေါ်ရှိ အဖိုးအိုကို မျက်မှောင်ကြုတ် သွားစေခဲ့သည်။ ဤလူငယ်သည် အမှန်ပင် ယဉ်ကျေးမှု မရှိချေ။

သူ့ထက်ပို၍ သာလွန်ဇိမ်ကျသော ကြိမ်ကုလားထိုင်ကြီးဖြင့် သူ့ရှေ့လာရောက်ပြီး အိပ်နေသည်မှာ စိတ်မချမ်းသာစရာပေပင်။

လူငယ်တစ်ယောက်သည် သူ့ထက်ပင် သာလွန်ကြီးစိုးနေတော့၏။ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် လင်းယွင်ဟဲထံ လှည့်ကြည့်ကာ၊

“ တာအိုလင်း ... မိန်းကလေးဝမ်နဲ့ တွေ့ပြီးရင် ချင်းယာကို တိမ်လွှာကောင်းကင် နန်းတော်ဆီ ငါတို့ခေါ်သွားမယ် ... မင်းရဲ့ အစီအစဉ်က ဘာလဲ။ ”

“ ငါ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကိုက ... ချင်းယာကို တိမ်လွှာကောင်းကင် နန်းတော်ထံ ပို့ဆောင်ပေးဖို့ပါပဲ ... ဂျူနီယာညီမလေးနဲ့ တွေ့ပြီးရင် ငါပြန်မယ်။ ”

“ ဒါဆို သူတို့က ... ။ ”

ကျန်းယွင်ထောင်သည် ကြိမ်ကုလားထိုင်ပေါ်တွင် အိပ်ပျော်နေသော စုရီထံ တစ်ချက်ပြန်ကြည့်ပြလေသည်။

လင်းယွင်ဟဲမှ မဖြေနိုင်ချေ။ စုရီသည် သူနှင့်ခရီးသွားဖော်သာ ဖြစ်သည်။ မည်သည့် အစီစဉ်မျိုးရှိသည်ကို မသိသည်မှာ သဘာဝပေပင်။

ကျန်းယွင်ထောင်က သက်ပြင်းချ၏။

“ တာအိုလင်း ... မိန်းကလေးဝမ်က လောလောဆယ် ဒီမှာမရှိပေမယ့် ငါမင်းကို တစ်ခုတော့ ကြိုပြောထားချင်တယ် ...

... ငါတို့က မိန်းကလေးချင်းယာကို တိမ်လွှာကောင်းကင်နန်းတော်ထဲ ဝင်ခွင့်ပြုဖို့ ခြွင်းချက်ပေးခဲ့ရတာပါ။ ”

လင်းယွင်ဟဲမှ မော့ကြည့်လိုက်သည်။ တစ်ဖက်လူသည် မည်သည့် အဓိပ္ပါယ်ကိုဆိုချင် နေမှန်း သူ နားမလည်ချေ။

“ မင်းဘာကိုဆိုလိုချင်တာလဲ တာအိုမိတ်ဆွေ။ ”

စုရီက မျက်လုံးမဖွင့်ဘဲ ပျင်းရိစွာ ပြုံးလိုက်ပြီး၊

“ ချင်းယာနဲ့အတူ ... ငါ့ကို တိမ်လွှာ ကောင်းကင်နန်းတော်ထဲဝင်ဖို့ တောင်းဆိုမှာကို သူ ကြောက်နေတယ်။ ”

သို့မှသာ လင်းယွင်ဟဲက သဘောပေါက် သွားပြီး ပြုံးသည်။

“ တာအိုမိတ်ဆွေ၊ မင်း အရမ်း စိုးရိမ်နေတာပဲ တာအိုစုက တိမ်လွှာကောင်းကင် နန်းတော်ကို ဝင်ချင်ရင် ... ဒီနည်းလမ်းကို သုံးနေစရာ မလိုပါဘူး။ ”

“ ဒါတော့ အမှန်ပဲ၊ အစ်ကိုစုရဲ့ အရည်အချင်းနဲ့ စမ်းသပ်မှုတွေကို ခဏလေး ဖြတ်ကျော်နိုင်မယ်။”

ချင်းယာမှလည်း ထောက်ခံ၏။ သူတို့စကားကြောင့် ကျန်းယွင်ထောင်က လှောင်ပြုံး ပြုံးလေသည်။

“ တာအိုလင်း ... မင်းက မဟာချီကနေလာတာဆိုတော့ တိမ်လွှာ ကောင်းကင်နန်းတော်ရဲ့ တပည့်ရွေးပွဲတွေဟာ ဘယ်လောက်တင်းကျပ်လဲ မင်းမသိပါဘူး ...

... မဟာရှရဲ့ (၁၃)ပြည်နယ်အတွင်းမှာ အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိကြတယ် ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း ငါတို့က လူသုံးဆယ်ပဲ လက်ခံတယ်။ ”

ထိုနောက် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ထင်ဟပ်လာပြီး၊

“ ဒီကမ္ဘာပေါ်မှာရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကြားမှာ ငါတို့ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ ဘယ်လောက်ခက်လဲ မေးကြည့်လို့ရတယ်။ ”

-ဟု အဆုံးသတ်လိုက်သည်။

“ အကြီးအကဲ ... မင်းဒီလိုပြောရတဲ့ အကြောင်းရင်းက ... ငါ့အစ်ကိုစု ဘယ်လောက် အစွမ်းထက်လဲ မသိသေးလို့ပါ ...

... ပြီးတော့ အစ်ကိုစုလို တစ်စုံတစ်ယောက်က တိမ်လွှာကောင်းကင် နန်းတော်ကို ဝင်စရာမလိုပါဘူး ... ဒါက အသုံးမဝင်ဘူး။ ”

“ ဟမ့် ... မိန်းကလေးချင်းယာ ငါ့ဂိုဏ်းက မင်းရဲ့အစ်ကိုစုလို တန်ခိုးရှင်တစ်ပါးကိုလက်ခံဖို့ သေးငယ်လွန်းတယ်လို့ ပြောချင်တာလား။”

ကျန်းယွင်ထောင်မှ လှောင်ပြုံးဖြင့် ပြန်မေးသည်။

“ စဉ်းစားကြည့်ပါ ... အဲဒီတုန်းက ငါ့‌ဒေါ်လေးဆရာကို လက်ခံလိုက်စဉ် မင်းတို့ရဲ့ ဘိုးဘေးတိမ်မြူက ဓားတာအိုသင်မပေးနိုင်တဲ့ တစ်နေ့ ဆရာတပည့်အဖြစ်ကနေ ...

... လွတ်မြောက်ခွင့်ပေးမယ်လို့ တောင်းပန်ခဲ့ရတယ် မဟုတ်လား ဒါဆို တိမ်လွှာ ကောင်းကင်နန်းတော်မှာ ... အစ်ကိုစုကို တကယ် လမ်းပြနိုင်တဲ့လူ မရှိတော့မှာ ကြောက်မိတယ်။ ”

“ ချင်းယာ မရိုင်းနဲ့။ ”

လင်းယွင်ဟဲမှ မျက်နှာ ပျက်သွားသည်။ တစ်စုံတစ်ဦးသည် ဂိုဏ်း၏ဘိုးဘေးနှင့် ဂိုဏ်းကို အရှက်ခွဲပြီးနောက် တပည့်အဖြစ်ဝင်ရောက်ရန် အခွင့်အရေးရှိနိုင်မည် မဟုတ်ချေ။

“ ဟား ဟား ဟား ... တာအိုလင်း၊ ကျေးဇူးပြုပြီး မိန်းကလေးချင်းကို မငေါက်ပါနဲ့ သူက ငယ်ပါသေးတယ် ... ဒါတွေကို ဘယ်လို နားလည်နိုင်မှာလဲ။ ”

ထို့နောက် စုရီထံကြည့်ကာ၊

“ ငါတကယ့်ကို သိချင်မိပါတယ် ... မဟာကျိုးရဲ့တာအိုမိတ်ဆွေက ချင်းယာကို ဒီလို အထင်ကြီးမှုရအောင် ... ဘယ်လိုများ ဆွဲဆောင်လိုက်တာလဲ ...

... ဒါက ... ဘာလို့များ ပိုးစုန်းကြူးရဲ့ အလင်းရောင်နဲ့ ... ကောင်းကင်က နေနဲ့လကို ယှဉ်ချင်နေရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ မင်းကိုယ်တိုင် ဘာလို့ မစမ်းကြည့်ရတာလဲ။ ”

စုရီက ကြိမ်ကုလားထိုင်ပေါ်မှ မထဘဲ ပြန်ပြောလိုက်သည်။ လင်းယွင်ဟဲတစ်ယောက် ချက်ချင်း တုန်လှုပ်သွား၏။

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ယွီယွီသည်ပင် အံ့အားသင့်ဖွယ် အရိပ်အမြွက်နှင့် စုရီထံကြည့်လေသည်။ ဦးလေးကျန်းကို စိန်ခေါ်နေ၏။ ရဲဝံ့ချေပြီ။

ကျန်းယွင်ထောင်တစ်ယောက် မျက်နှာမည်းမှောင်လာပြီး အကြည့်များသည် ထက်ရှလာတော့၏။

“ မင်း ... ငါ့ကို မကျေမနပ်ဖြစ်နေတာလား တာအိုမိတ်ဆွေ။ ”

ထိုမေးခွန်းကို စုရီမှ ပြုံးသည်။

“ ငါ မကျေနပ်တာ မဟုတ်ပါဘူး ... မင်းကိုယ်တိုင်က မိုက်မဲလွန်းနေတာပါ ပြီးတော့ ငါရှင်းအောင်ပြောမယ် ... တစ်အချက် မင်းရဲ့ တိမ်လွှာကောင်းကင်နန်းတော်ကို ငါ စိတ်မဝင်စားဘူး ...

... နှစ်အချက် အခုချိန်ကစပြီး ငါ့နာမည်ကိုထပ်ပြောဝံ့ရင် မင်းအတွက် နေနဲ့ ပိုးစုန်းကြူးရဲ့ အလင်းရောင် ဘယ်လောက် ကွာခြားလဲ မြင်ခွင့်ပေးမယ်။ ”

ဤသို့ပြောပြီးနောက် မျက်လုံးများ ပြန်မှိတ်သွား၏။ ယင်းက ကျန်းယွင်ထောင်ကို ဒေါသထွက်လာစေသည်။

အတွင်းပိုင်း သန့်စင်ခြင်း အဆင့်မှ ပုရွက်ဆိတ်တစ်ကောင်သည် ဤမျှရိုင်းစိုင်း၍ မလေးစား လုပ်ဝံ့လိမ့်မည်ဟု မမျှော်လင့် ထားမိချေ။

လင်းယွင်ဟဲမှ စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချကာ လက်ချောင်းများကို ဆုပ်ကိုင်ပြလျက်၊

“ ကျေးဇူးပြုပြီး ... တာအိုကျန်း မင်း စိတ်အေးအေးထားပြီး ငါ့ကိုစကားပြောခွင့်ပြုပါ တာအိုစု ... တကယ်စိတ်ဆိုးနေတယ် ဒါဟာ ဆိုးရွားတဲ့ အဆုံးသတ်ဖြစ်လာလိမ့်မယ်။ ”

-ဟု ဖျောင်းဖျလိုက်၏။

ထိုစကားက ကျန်းယွင်ထောင်ကို ပို၍ထိမ်းမနိုင်သိမ်းမရ ဖြစ်လာစေတော့သည်။ မျက်နှာတစ်ပြင်လုံး နီရဲလျက်၊

“ ဟား ဟား ဟား ... တာအိုလင်း ... ၊ အခုမင်းငါ့ကို သတိပေးနေမိတယ်ဆိုတာ သိရဲ့လား။ ”

“ ငါလင်းယွင်ဟဲ အမှန်အတိုင်း ပြောနေတာပါ။ ”

လင်းယွင်ဟဲမှ စိတ်မရှည်ဖြစ်လာသည်။ သို့သော် ထိုစကားသည်ပင် နောက်ဆုံးသော လောင်စာဖြစ်လာတော့၏။ ကျန်းယွင်ဟဲ တစ်ယောက် သည်းခံနိုင်စွမ်း ကုန်လွန်သွားခဲ့သည်။

“ အရင်က မိန်းကလေးဝမ်အတွက် ငါသည်းခံပြီး ရေတွင်းထဲက ဖားတစ်ကောင်ကို လျစ်လျူရှုပေးခဲ့တယ် ဒါပေမယ့် အခု မင်းငါ့ကို အခွင့်ကောင်းယူနေပြီ ... ငါဘယ်လိုလုပ် သည်းခံနိုင်တော့မှာလဲ။ ”

ထို့နောက် လင်းယွင်ဟဲထံ အေးစက်စွာ ပြန်ကြည့်ပြီး၊

“ တာအိုလင်း၊ ငါ မင်းကို မေးခွန်းတစ်ခုလောက် မေးချင်တယ် သူ့အတွက် မင်းရပ်တည်ချင်တာ သေချာလား။ ”

-ဟု မေးမြန်းလိုက်၏။ သူ့လေသံတွင် ခြိမ်းခြောက်လွှမ်းမိုးသောရောင်ဝါ အပြည့်ပါရှိ နေခဲ့သည်။

***

All Chapters