← Chapters

နာကျင်ဖွယ် မြင်ကွင်း ... ။

Vol. 31 Ch. 372

နာကျင်ဖွယ် မြင်ကွင်း ... ။

Vol. 31 Ch. 372

ဝမ်ရှင်းကျောက်၏ မာနတရားသည် အရိုးထိတိုင်နက်သည်။ သို့သော် တစ်ဖက်လူ၏ လက်ညိုးတစ်ချက်၌ ထိုအရိုးတူးဆွခံရ၏။

လက်ညိုးတစ်ချောင်းထံမှ ထွက်ပေါ်လာခဲ့သော ဓားသည် သူမအတွက် လက်လှမ်းမမီနိုင်ချေ။

ဤမတိုင်မီ တစ်ဖက်လူသည် သူမ၏ ဓားတာအိုအပေါ် စော်ကားနေသည်ဟု ထင်၏။ အလေးအနက် စဉ်းစားပြီးနောက် အမှန်ပင် သူမ မတားနိုင်ကြောင်း လက်ခံလိုက်ရသည်။

ထို့ကြောင့် ဦးညွှတ်လိုက်ပြီး သူမ၏ အရည်အချင်းသည် ၎င်းထက်နိမ့်ကျကြောင်း ရိုးသားစွာဝန်ခံလိုက်ရခြင်းဖြစ်သည်။

ထိုသို့သော စိတ်ဓာတ်နှင့် အပြုအမူသည် စုရီအမြင်အပေါ် အထင်ကြီးမှု ရရှိသွားစေသည်။ ယွီရှစ်ချန်ဖြစ်စေ၊ ဝမ်ရှင်းကျောက်ဖြစ်စေ ဓားတာအိုတွင် အံ့သြစရာကောင်းသော စွမ်းရည်များ ပိုင်ဆိုင်ထားချေ၏။

“ တာအိုစု ... မင်းကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား။ ”

ဝမ်ရှင်းကျောက် အမူအရာသည် ချက်ချင်းသိသာထင်ရှားစွာ ပြောင်းလဲသွားပြီး စုရီအပေါ် လေးစားမှု ပြသလာသည်။

“ ဒီနေရာက သင့်တော်တယ်လို့ မင်းထင်လား။ ”

စုရီက ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ ပြန်ဖြေ၏။ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်အနှံ့ ပျက်စီးသွားကာ မြေပြင်တွင် လောင်ကျွမ်း နေသည်။ ဝမ်ရှင်းကျောက်က၊

“ တောင်းပန်ပါတယ်။ ”

-ဟုဆိုကာ အခြားသော နန်းတော်တစ်လုံးထံသို့ ဦးဆောင် ခေါ်ယူသွား တော့၏။

ထို့နောက် မဆိုင်းမတွဘဲ စုရီဘေးနားထိုင်ကာ ဘူးသီးခြောက်တစ်လုံး ထုတ်ယူလျက်၊

“ တာအိုစု၊ ဒီဝိုင်က တိမ်လွှာကောင်းကင်နန်းတော်ရဲ့ ထူးခြားတဲ့ ဝိညာဥ်ရေးဝိုင်ပဲ မြည်းစမ်းကြည့်ပါ။ ”

-ဟု လောင်းငှဲ့ပေးလိုက်သည်။

ဖန်ခွက်ထဲ လောင်းငှဲ့နေစဉ်​ ဝိုင်​၏ ကြည်လင်ချိုမြိန်​​သောရနံ့များ လေထုအလယ် ထုံမွှန်းနေတော့၏။

စုရီက ယဉ်ကျေးမနေချေ။ ခွက်ကို ကောက်ယူပြီး အကုန်မော့သောက်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြလျက်၊

“ အရသာကောင်းတယ်။ ”

-ဟု အသိအမှတ်ပြု၏။

ဝမ်ရှင်းကျောက်က ပြုံးလျက် နောက်ထပ်တစ်ခွက် လောင်းငှဲ့ပေးလိုက်ကာ၊

“ တာအိုစု၊ ငါ့ဓားဟာ သာမန်ဆန်ပြီး ချို့ယွင်းချက်တွေအများကြီး ရှိနေတယ်လို့ မင်း ပြောခဲ့တယ် ... ငါ့ကို ရှင်း​ပြပေးနိုင်မလား။ ”

အလှတရားတစ်ပါးသည် ဝိုင်ငှဲ့​​ပေးပြီး နှိမ့်ချသောသဘောထားဖြင့် တောင်းဆိုနေခဲ့ရာ မည်သည့် ပုရိသမဆို ငြင်းဆန်နိုင်မည် မဟုတ်ချေ။ စုရီသည်လည်း ပုရိသ ဖြစ်သည်။

“ မင်းရဲ့ဓားက မိုးကြိုးနဲ့ လျှပ်စီးတာအိုအပေါ် မီခိုပြီး အဖျက်စွမ်းအား ကြီးမားလွန်းတယ် ... ဒါပေမယ့် အားနည်းချက် သုံးခုရှိတယ်။ ”

“ ဟမ့် ... သုံးခုတောင်လား။ ”

စုရီမှတ်ချက်ကြောင့် ဝမ်ရှင်းကျောက်တစ်ယောက် မျက်ဝန်းများ တလက်လက် တောက်ပလာ၏။

“ ဒါဆို ငါ့ကို ရှင်းပြပါဦး တာအိုမိတ်ဆွေ။ ”

စုရီမှ ခေါင်းညိတ်ကာ၊

“ မိုး​​ကြိုးတာအိုရဲ့ အနှစ်သာရက သတ်ခြင်းမှန်ပေမယ့် ဖျက်ဆီးခြင်း​သက်သက်ပဲ မဟုတ်ဘူး ... ဘာလို့လဲဆို နွေဦးမိုးကြိုးနဲ့အတူ အရာခပ်သိမ်း နိုးကြားလာလိမ့်မယ် ...

... ဆိုလိုတာက မိုးကြိုးဆိုတာ သတ်ခြင်းနဲ့ နိုးထခြင်းကိုပေးစွမ်းနိုင်တဲ့ အစွန်းတရားနှစ်ပါးပဲ ... ယင်နဲ့ယန်လိုပါ။ ”

-ဟု ဆိုလိုက်သည်။ ထို့နောက် ဝိုင်တစ်ခွက် ထပ်မံယူသောက်လိုက်ပြီး၊

“ ပြောချင်တာက မိုးကြိုးတာအိုအပေါ် မင်းရဲ့နားလည်နိုင်စွမ်းက သိသိသာသာလွဲနေပြီ ဒါကြောင့် ဓားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မင်းရဲ့ စွမ်းအားက အကန့်အသတ်ရှိသွားတာ။ ”

“ ထက်မြက်တယ် ... ။ ”

ဝမ်ရှင်းကျောက်တစ်ယောက် ခုန်ပေါက်လုမတတ် ချက်ချင်းရွှင်မြူးသွားချေပြီ။ ဤသည်မှာ သူမ ရှာဖွေနေသော အတားအဆီး ဖြစ်လေသည်။

“ တာအိုစု ... မင်းမှာ ထက်မြက်တဲ့ အမြင်အာရုံရှိတယ် ... ဒါ ငါ့အတွက် ကြီးမားတဲ့ ပြဿနာတစ်ရပ်ပဲ ...

... ငါ့ဂိုဏ်းမှာ အကြီးအကဲတွေနဲ့ ဆွေးနွေးဖူးတယ် အခုအချိန်အထိ ဒီပြဿနာကို ဘယ်သူမှ ဖြေရှင်းမပေးနိုင်သေးဘူး။ ”

စုရီမှ ခေါင်းညိတ်သည်။

“ ဒီပြဿနာက ဓားတာအိုမှာ ရှိနေတာမဟုတ်ဘူး ... မင်းရဲ့မိုးကြိုးတာအိုမှာ ရှိနေတာ ... မင်းဓားက ရက်စက်ကြမ်းကြုတ်ပြီး ဖျက်ဆီးခြင်းတွေ ပါရှိနေပေမယ့် ...

... စစ်မှန်တဲ့ မိုးကြိုးဓား ဖြစ်မလာနိုင်ဘူး ... ဒါကြောင့် မိုးကြိုးနဲ့လျှပ်စီး သဘောသဘာဝကို အရင်နားလည်​အောင်လုပ်ပါ။ ”

ဝမ်ရှင်းကျောက်က နောက်ထပ် ဝိုင်တစ်ခွက်ငှဲ့ပေးလျက်၊

“ ဒါဆို ကျန်တဲ့ အားနည်းချက်နှစ်ခုက ဘာလဲဆိုတာ မင်းဆက်ပြောပြပေးနိုင်မလား တာအိုမိတ်ဆွေ။ ”

-ဟု မေးမြန်းလိုက်သည်။

သူမ၏ သဘောထားသည် ချက်ချင်းပင် နူးညံ့ကြည်နူးလျက် ပိုလေးစားမှု ရှိလာတော့၏။ ဤမြင်ကွင်းသည် လင်းယွင်ဟဲနှင့်ချင်းယာကို အချင်းချင်း ပြန်ကြည့်မိစေသည်။

“ ငါတို့ မတွေ့တာ သုံးနှစ်ရှိပြီ ... ဒါပေမယ့် ဒေါ်လေးဆရာက ... အခုမှသိတဲ့အစ်ကိုစုအပေါ် ပိုပြီးဂရုစိုက်နေတယ်။ ”

ချင်းယာမှ မကျေမနပ်ဖြင့် ရေရွတ်၏။ ဒေါ်လေးဆရာသည် စုရီနှင့် စကားများဆိုလျက် သူမအပေါ် လျစ်လျူရှုနေချေပြီ။ လင်းယွင်ဟဲမှ ပြုံးလျက်၊

“ မင်းဘာတွေ ပြောနေတာလဲ ... မင်းရဲ့ဒေါ်လေးဆရာက အမြဲဒီလိုလူပါ သူက ဓားတာအိုကို အစွဲအလမ်းကြီးတယ် ... ဓားနဲ့ ပတ်သက်ရင် အရာအားလုံးကို လျစ်လျူရှုလိမ့်မယ်။ ”

-ဟု နှစ်သိမ့်လိုက်သည်။

သို့တိုင် သူ့ရင်ထဲ ရှုပ်ထွေးနေသေး၏။ ဤမတိုင်မီစုရီသည် ချင်းယာ၏နှလုံးသားအပေါ် ခိုးယူသွားမည် စိုးရိမ်ခဲ့သည်။ သို့သော် ယခုမူ ဝမ်ရှင်းကျောက်အပေါ် စိုးရိမ်နေရ၏။

ဂျူနီယာညီမထံတွင် မမြင်တွေ့ဖူးသော နူညံ့သိမ်မွေ့မှုများကို မြင်နေရသည်။ အပြုံးများ တောက်ပလျက် ရေခဲတောင်ကြီး အရည်ပျော် လာသည်နှင့်တူ၏။ စုရီမှ လက်ကမ်းရုံဖြင့် ရင်ခွင်ထဲပြုတ်ကျသွားနိုင်မည်။

“ တာအိုစု ... မင်းက ဒီလိုလူမျိုးမဟုတ်ဘူး ဟုတ်တယ်မဟုတ်လား။ ”

အတွေးများဖြင့် လင်းယွင်ဟဲခမျာ အသံထွက်ညည်းတွားလိုက်မိသည်။ ချင်းယာမှ ကြားသွားပြီး လှည့်ကြည့်ကာ၊

“ ဆရာ ... အစ်ကိုစု ဘာဖြစ်လို့လဲ။ ”

-ဟု ရှုပ်ထွေးစွာ ပြန်မေး၏။

လင်းယွင်ဟဲက မဖြေနိုင်တော့ချေ။ တိတ်ဆိတ်စွာဖြင့် စုရီနှင့် ဝမ်ရှင်းကျောက်တို့ထံ ငေးကြည့်နေခဲ့သည်။

***

ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်တွင် ရထားလုံးတစ်စင်းစိုက်လာပြီး ဟွာယွင်ရှန်းတို့ သုံးယောက် ပြန်ရောက်လာ၏။

“ ဟမ့် ... ဒါဘာလဲ။ ”

၎င်းတို့သည် တိုက်ပွဲဖြစ်ပွားခဲ့သော မြေပြင်ထံကြည့်ပြီးနောက် သုံးယောက်သား မျက်ခုံးပင့်လိုက်တော့သည်။

“ ဒါ ... ဦးလေးကျန်းရဲ့ တိုက်ပွဲဝင်ပုံစံပဲ ရန်တွေတွေ ရောက်လာတာလား။ ”

ချမ်တျန်လုံမှ ထတ်လန့်စွာ မျက်နှာ ပြောင်းသွားလေသည်။ ထိုအချိန်တွင် ယွီယွီကို မြင်လိုက်ရသဖြင့်၊

“ ယွီယွီ ဒီမှာ ဘာဖြစ်သွားတာလဲ။ ”

-ဟု ချက်ချင်း မေးမြန်းလိုက်ကြ၏။

ယွီယွီတစ်ယောက် အနည်းငယ် တွေးတောလျက် အဖြစ်အပျက်များကို ပြန်၍ ပြောပြလိုက်လေသည်။

“ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”

ဟွာယွင်ရှန်းနှင့် ကျန်နှစ်ယောက်သည် မယုံနိုင်ဖြစ်သွား၏။ ဦးလေးကျန်းတစ်ယောက် လေလွင့်ကျင့်ကြံသူတစ်ယောက်ထံ ရှုံးနိမ့်ခဲ့ သည်လော။

အဓိပ္ပါယ်မရှိလှချေ‌။ သူတို့သည် အတွင်းတပည့်များဖြစ်ရာ ဦးလေးကျန်း မည်မျှ အစွမ်းထက်သည်ကို သိထားကြ၏။ လက်ခံရ ခက်ခဲနေသည်။

“ စီနီယာအစ်မဝမ် ဘယ်မှာလဲ။ ”

အဆုံးတွင် ဟွာယွင်ရှန်းက ဦးစွာ တည်ငြိမ်သွားလေသည်။ ယွီယွီက စိတ်မသက် မသာဖြင့် နန်းတော်တစ်လုံးထံ လှည့်ကြည့် လိုက်တော့၏။

“ သွားရအောင် ... စီနီယာ အစ်မဝမ်နဲ့ တွေ့ရမယ်။ ”

ယွီယွီ၏ ပြောင်းလဲနေသော ထိုအချင်းအရာကို သတိမပြုမိဘဲ ဟွာယွင်ရှန်းမှ လှည့်ထွက်သွား၏။ စွင်းဖုန်းနှင့် ချမ်တျန်လုံက ချက်ချင်း ပြေးလိုက်သွားသည်။

သုံးယောက်သား အလျင်လိုနေဟန်ဖြင့် နန်းတော်ထဲ လှမ်းဝင်လိုက်ချိန်တွင် မြင်ကွင်းက သူတို့ကို အံ့အားသင့်သွားစေ၏။

“ ဟမ့် ... ။ ”

သူတို့၏ ကောင်းကင်နတ်သမီးသည် တစ်စုံတစ်ဦးအတွက် အစေခံနေ၏။ လေးစားမှု၊ ရိုသေမှုနှင့် သိမ်မွေ့မှုများပါရှိသော လေထုကို သူမအနားတွင် မြင်နေရသည်။

အဆိုးဆုံးမှာ ဂိုဏ်းရှိ ဘိုးဘေးနှင့် ဆက်ဆံရာ၌ပင် မတွေ့ရှိနိုင်သော နာခံမှုဖြစ်၏။ ဝိုင်များအဆက်မပြတ် ဖြည့်ပေးကာ ဂရုတစိုက် နားထောင်နေခဲ့သည်။

“ ဒါ ... ။ ”

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်လှည့်ကြည့်ကာ စကားလုံးများ ပျောက်ဆုံးကုန်၏။

ဤတစ်ကြိမ် ဦးလေးကျန်း ရှုံးနိမ့်သွားသည်ထက် ပို၍ ထိချက်ပြင်းသည်။ ယောကျ်ားထုကြီးတစ်ခုလုံး ရှုံးနိမ့်ခြင်း မည်ချေ၏။

ချမ်တျန်လုံက မျက်ဝန်းများ မှေးစင်းလျက်၊

“ အစ်ကိုဟွာ ... ငါတို့ရဲ့ စီနီယာအစ်မဝမ် ဟုတ်ရဲ့လား။ ”

-ဟု မေးမြန်းလိုက်သည်။

သူ့မျက်နှာတွင် မယုံနိုင်စရာများဖြင့် ပြည့်နှက်နေတော့သည်။ ယွီယွီက သူတို့အနား ရောက်ရှိလာပြီး အတွင်းမှ မြင်ကွင်းထံ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့၏။

သူမတို့၏ စီနီယာအစ်မဝမ်သည် ဦးလေးကျန်းအတွက် တရားမျှတမှု ရှာပေးရန် မူလက မျှော်လင့်နေမိသေးသည်။ သို့သော် အစ်မဝမ်သည် အစေခံဖြစ်ရန် ဆန္ဒရှိ နေလိမ့်မည်ဟု မထင်ထားချေ။

တစ်ဖက်တွင် ဟွာယွင်ရှန်းသည် သတ်ဖြတ်လိုသော ဆန္ဒများကိုသိမ်းဆည်းပြီး အံကြိတ်ကာ ဆက်လျှောက်သွား၏။

ဝမ်ရှင်းကျောက်သည် သူ့အတွက် အိမ်မက်နတ်သမီးပေပင်။ ထိုအကြောင်းကို တိမ်လွှာကောင်းကင်နန်းတော်ကြီး တစ်ခုလုံးသိ၏။

ခွေးလေခွေးလွင့် တစ်ကောင်သည် ယခုကဲ့သို့ ပါးလျက်နားလျက်ဖြင့် ရင်းနှီးမှုရယူ နေသည်မှာ သည်းခံနိုင်စရာ မရှိတော့ချေ။

***

Book-31

All Chapters