ရုတ်တရက် ဓားချက်! ၂
Vol. 62 Ch. 925
"ဟုတ်ကဲ့!"
ချင်လင်ခေါင်းညိမ့်လိုက်သည်။
မူပိုင်ခွင့်ရုံးကခွင့်ပြုရင်တောင် ကိုယ်ပိုင်မူပိုင်ခွင့်လျှောက်ဖို့အချိန်ယူရဦးမည်။
ဝန်ကြီးလုကိုလွှဲပေးခြင်းမှာ အထက်လူများကကူညီသည့်သဘောသက်ရောက်သည်။ ခွင့်ပြုပြုမပြုပြု ကိစ္စမဟုတ်တော့။ တိုက်ရိုက်အဖြေထွက်လာမည်။
ချင်လင်ကစူးစမ်းလိုက်သည်_
"ဝန်ကြီးလု... ဟိုဘက်က ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲ ကျွန်တော်သိချင်တာ?''
မျိုးစေ့ပြဿနာကကြီးသည်။ သူတို့ရည်ရွယ်ချက်က လုံးဝမရိုးသောကြောင့် သူသိချင်နေသည်။
အခု ဝန်ကြီးလုရောက်လာပြီဖြစ်၍ မေးဖို့အချိန်ကောင်းပင်။
ဝန်ကြီးလုကအံ့ဩပြီး_
"သူဌေးချင်... မင်းမသိသေးဘူးလား... သူတို့က ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်လိုချင်လို့လုပ်တာလေ... ဒီနည်းနဲ့ မင်းကိုစကားပြောရအောင်လုပ်ပြီး ဒီထုတ်ကုန်နှစ်မျိုးကိုဖြန့်ဝေခွင့်ရချင်တာ''
"အိပ်မက်မက်နေတာပဲ... သေကြောင်းရှာတာ''
ချင်လင်ကကြားကြားချင်း မတ်တပ်ထရပ်လိုက်သည်။
သူနဲ့ဆက်စပ်တိုင်း ပစ်မှတ်ထားနေတယ်!
သူကချက်ချင်း လင်းလန်ဇီကိုဖုန်းခေါ်ပြန်သည်။ ဖုန်းဝင်ဝင်ချင်း သူကမေးလိုက်သည်_
"မန်နေဂျာလင်း... ဗီဒီယိုကဘယ်လိုလဲ?''
လင်းလန်ဇီက ချက်ချင်းပြန်ဖြေသည်_
"သူဌေး... လုပ်နေတုန်းပါ... ခဏနေရပါမယ်''
"ဗီဒီယိုထဲထပ်ဖြည့်လိုက်ပါ''
ချင်လင်က ပြောလိုက်သည်_
"ပြည်တွင်းမျိုးစေ့ကုမ္ပဏီတစ်ခုက တို့နဲ့လာပူးပေါင်းနေပြီ... အထွက်နှုန်းက နိုင်ငံခြားကုမ္ပဏီတွေရဲ့နှစ်ဆရှိပြီး စျေးနှုန်းက နိုင်ငံခြားမျိုးစေ့ရဲ့ ၂၀ ပုံတစ်ပုံပဲရှိမယ်လို့''
သူကညွှန်ကြားပြီး ဖုန်းချလိုက်သည်။ ဗီဒီယိုထွက်လာရင် ဟိုဖက်ကဖြစ်မယ့်မျက်နှာကိုသူမြင်ယောင်ကြည့်လို့ရပြီ။ စဉ်းစားကြည့်ရုံနဲ့တင် ဒေါသစိတ်ဖြေရာရသည်။
စျေးနှုန်းက လုံးဝကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် သုတေသနကုန်ကျစရိတ်ကို သူမှပူစရာမလိုဘဲ။
ဝန်ကြီးလုလည်း ချင်လင်ဘာလုပ်မည်ကိုသဘောပေါက်သောကြောင့် အမှတ်တမဲ့မေးလိုက်သည်_
"သူဌေးချင်... စျေးနှုန်း ၂၀ ပုံတစ်ပုံဆို မင်းဘာမှမြတ်မှာမဟုတ်ဘူး''
"ကျွန်တော်စိတ်ချမ်းသာပါတယ်!''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
အာ?!
ဝန်ကြီးလုဘာပြောရမည်မသိတော့။ ရုတ်တရက် သူဌေးချင်က နည်းနည်းဇွတ်တရွတ်နိုင်သလိုခံစားရသည်။
ဒါပေမဲ့ သူဌေးချင်ကစိတ်ချမ်းသာတယ်ဆိုမှတော့ သူဘာပြောနိုင်မလဲ? စကားလမ်းကြောင်းသာလွှဲလိုက်သည်_
"သူဌေးချင်... ပါမောက္ခလီခိုင် မူပိုင်ခွင့်စာဖိုင်တွေပြင်ဆင်တဲ့အခါ သုတေသနပစ္စည်းတချို့လည်းပြင်ထားသင့်တယ်... ဒါမျိုးက အရမ်းစိတ်လှုပ်ရှားစရာကောင်းတာ... ငါတရားဝင်သတင်းဌာနကနေ လွှင့်ခိုင်းမယ်''
"ဟုတ်ကဲ့''
ချင်လင်ကဖုန်းထုတ်ပြီး လီခိုင်ကိုဆက်ကာ ဝန်ကြီးလုဖြစ်ချင်တာပြောပြသည်။
ချင်းလင်ဓာတ်ခွဲခန်း၌_

လီခိုင်က ချင်လင်ဖုန်းကိုချပြီး အရင်ဆုံး သုတေသနပစ္စည်းများပြင်ဆင်သည်။
ဒါပေမဲ့ သူဘာသုတေသနပစ္စည်းမှမသုံးလိုက်ရသောကြောင့် ရှိပြီးသားစမ်းသပ်ချက်များကိုသာကိုးကားပြီးလုပ်ကြံဖန်တီးကာ ဝန်ကြီးလုဆီလွှဲပေးလိုက်ရသည်။
နောက်ပြီး သတင်းလွှင့်မည်ဖြစ်၍ တကယ့်သုတေသနအချက်အလက်ကိုပေးလို့မဖြစ်။ မရေမရာသုတေသနအချက်အလက် ဒါမှမဟုတ် အချက်အလက်နှင့်ဆပ်စပ်သောသတင်းတချို့သာပေးသည်။
ဘာပဲဖြစ်ဖြစ် သတင်းမှာနည်းပညာအကြောင်းပဲ အားလုံးကိုအသိပေးမည်။ အချက်အလက်ကိုနားလည်အောင်ချပြမည်မဟုတ်။
ဒါဆို ဘယ်သူမှ ဘာမှသံသယမရှိနိုင်။
အချက်အလက်ကိုမြန်မြန်ဆန်ဆန်ပြုစုပြီးသော်လည်း စမ်းသပ်သူနာမည်ကိုဖြည့်သောအခါ ချီတုံချတုံဖြစ်လာသည်။
ဒါ သူနဲ့ဘာမှမဆိုင်။
ဒီအိုးမည်းက နည်းနည်းအခြေအမြစ်မရှိသလိုဖြစ်နေသည်။
သူကအချက်အလက်တချို့ကိုမိတ္တူဆွဲပြီး သုံးလေးယောက်နှင့်ဖုန်းပြောလိုက်သည်။
ခဏအကြာ အပြင်မှလူတချို့ဝင်လာ၏။
ထိုလူများက လီခိုင်၏သုတေသနလက်ထောက်များပင်။ သီးနှံသုတေသနမှာ ရလဒ်သိပ်မထွက်သော်လည်း အားလုံးအရည်အချင်းရှိကြသည်။ မဟုတ်ရင် လီခိုင်၏လက်ထောက်ဖြစ်လာမည်မဟုတ်ပေ။
မည်သို့ဆိုစေ အခုလီခိုင်၏သုတေသနက အလွန်ကျယ်ပြန့်နေပြီဖြစ်၍ သူ့သုတေသနလက်ထောက်ဖြစ်ချင်သူတွေအများကြီးရှိသည်။ သူသာလူသစ်ခေါ်ချင်ရင် လူတောင်မနည်းတိုးထွက်ရမည်။
ပြီးတော့ သူ့လက်ထောက်ဖြစ်နိုင်သူက သေချာပေါက်အရည်အချင်းရှိသည်။
ဒီလူတွေက လီခိုင်ရဲ့အပူချိန်နိမ့်မျိုးစိတ်သုတေသနမှာ အများကြီးကူညီပေးခဲ့ကြသည်။
တချို့ကဝင်လာပြီး လီခိုင်ကိုလေးစားသောအကြည့်နှင့်ကြည့်နေကြသည်။
အင်တာနက်ပေါ်အုတ်အော်သောင်းတင်းဖြစ်နေသောမျိုးစေ့အဖြစ်အပျက်ကို သူတို့သိသည်။
သူတို့က ပါမောက္ခလီခိုင်၏အပူချိန်နိမ့်မျိုးစိတ်သုတေသနအပိုင်းကိုကူရင်း အလုပ်များနေသောကြောင့် ဒီအကြောင်းဘာမှမသိကြ။
တစ်နည်းပြောရရင် ပါမောက္ခလီခိုင်က သူတို့ကိုအပူချိန်နိမ့်မျိုးစိတ်သုတေသနလုပ်ခိုင်းနေရင်းနဲ့ မျိုးစေ့အထွက်တိုးတဲ့နည်းပညာလည်းလုပ်နေခဲ့တာပေါ့။
လီခိုင်က သူတို့ဝင်လာသည်နှင့် အချက်အလက်စာရွက်များကမ်းပေးကာ_
"အချက်အလက်တွေဖြည့်ပြီး ပြန်ပေးပါ''
တချို့က အချက်အလက်စာရွက်ကိုဇဝေဇဝါနှင့်ကြည့်နေကြသည်။ အကြောင်းအရာကိုဖတ်ကြည့်ပြီးနောက် ကြောင်သွား၏။ ပါမောက္ခလီခိုင်က မျိုးစေ့အထွက်တိုးနည်းပညာသုတေသနမှာ သူတို့နာမည်ထည့်မလို့တဲ့။
ဒါ...

"ပါမောက္ခလီခိုင်... ဒီသုတေသနမှာ ကျွန်တော်တို့လုံးဝမပါဘူးလေ!''
"ဟုတ်တယ်... ဒီသုတေသနအကြောင်း သိတောင်မသိတာ''
"……"
တချို့က နည်းနည်းလန့်သွားသည်။
သို့ရာတွင် လီခိုင်က_
"အပူချိန်နိမ့်မျိုးစိတ်သုတေသနက အဲလောက်မမြန်ဘူး... ဒီမျိုးစေ့အထွက်တိုးသုတေသနရဲ့နောက်ဆက်တွဲဓာတ်ခွဲစမ်းသပ်ချက်တွေနဲ့ တိုးတက်ဖို့က မင်းတို့အကူအညီလိုမှာ... အဲဒါကြောင့် မင်းတို့နာမည်အရင်ဖြည့်ထားတာ... နောက်ပိုင်း သုတေသနကိုအဆင်ပြေအောင်လုပ်ရုံပဲ... ပြီးတော့ အဓိပ္ပါယ်မရှိတာတွေထပ်မပြောနဲ့... အမြန်ဖြည့်လိုက်''
တချို့ကပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန်းမသိတော့။ ထို့နောက် လီခိုင်ကိုကျေးဇူးတင်စိတ်တဖွားဖွားနှင့်ကြည့်ပြီး အချက်အလက်စာရွက်စဖြည့်ကြတော့သည်။
ထိုအချိန်တွင် ပါမောက္ခလီခိုင်အပေါ် စိတ်ဆုံးဖြတ်လိုက်ကြသည်။
သိပ္ပံသုတေသနမှာ တကိုယ်ကောင်းဆန်သူနှင့်ကြီးမြတ်သူဟူ၍ရှိသည်။
တကိုယ်ကောင်းဆန်သူက သိပ္ပံသုတေသနအတွက်နာမည်ကောင်းအားလုံးယူပြီး သူတို့လက်အောက်ငယ်သားရဲ့သုတေသနရလဒ်များကိုပါအပိုင်စီးတတ်ကြသည်။
ကြီးမြတ်သူကမူ သူ့ကိုယ်ပိုင်အရည်အချင်းနှင့် သူများကိုဦးဆောင်ပြီး အခက်အခဲများကျော်လွှားတတ်သည်။ သူ့လက်အောက်ငယ်သားများကိုအခွင့်အရေးပေးချင်သည်။ အားလုံးတိုးတက်အောင်ဦးဆောင်ပေးသည်။ လုပ်ပိုင်ခွင့်နှင့်အောင်မြင်မှုကိုလည်း အားလုံးနှင့်မျှဝေချင်သည်။
ပါမောက္ခလီခိုင်က ဒုတိယအုပ်စုထဲပါတာ သံသယဖြစ်ဖွယ်မရှိပေ။ နောက်ပြီး လက်ရှိသိပ္ပံသုတေသနလောကမှာ ပါမောက္ခလီခိုင်လိုသဘောထားကြီးသူမျိုးရှားလှသည်။
သိပ္ပံသုတေသနသမားများမှာ ဒီလိုတာဝန်ခံမျိုးနောက်ကိုအလိုက်ချင်ဆုံး၊ ဒီလိုလူမျိုးကိုအလေးစားဆုံးပင်။
အဲဒီနောက် အချက်အလက်စာရွက်တွင် တချို့ကသစ္စာရှိမည်ဖြစ်ကြောင်း တိတ်တဆိတ်ရေးသားပြီး လီခိုင်ဆီပေးလိုက်ကြသည်။
ထိုအချက်အလက်စာရွက်မှာ သုတေသနအချက်အလက်မှတ်တမ်းအတွက်လည်းလိုအပ်သည်။
လီခိုင်က အချက်အလက်စာရွက်များယူပြီး သုတေသနလုပ်သူများနေရာတွင် သူတို့နာမည်များထည့်လိုက်သည်။
ဘာမှန်းမသိ၊ ထိုနာမည်များဖြည့်ပြီးမှ သူ့ပခုံးပေါ့သွားသလိုခံစားရသည်။
နာမည်စာရင်းကိုကြည့်ရင်း လီခိုင်ကခဏတွေးကြည့်ကာ ရုတ်တရက်ကီးဘုတ်ပေါ်တွင် နာမည်တစ်ခုရိုက်ချလိုက်ပြန်သည်: ချင်လင်!
"ညီလေးချင်နာမည်ထည့်လိုက်မှ နေသာသွားသလိုပဲ''
လီခိုင်ကပြုံးပြုံးနှင့် အချက်အလက်ကိုမိတ္တူထုတ်ပြီး ဘာရယ်မဟုတ် ကျောမတ်မတ်ထိုင်နိုင်သွားသည်။
အချက်အလက်များမိတ္တူထုတ်ပြီးနောက် သူ့လက်ထောက်များကို မျိုးစိတ်မူပိုင်ခွင့်လျှောက်ရန်ပစ္စည်းများပြင်ခိုင်းသည်။ ထို့နောက် အပန်းဖြေစံအိမ်ဘက်ထွက်လာ၏။
ချင်လင်ရုံးခန်းထဲရောက်သောအခါ ချင်လင်နှင့်ဝန်ကြီးလုကလက်ဖက်ရည်သောက်နေကြသည်။
ဝန်ကြီးလုကသူ့ကိုမြင်လျှင် ချက်ချင်းမတ်တပ်ထရပ်ကာ သူ့ဆီရောက်လာပြီး_
"ပါမောက္ခလီခိုင်... ရောက်လာပြီလား... အချက်အလက်တွေပြပါဦး''
လီခိုင်ကခေါင်းညိမ့်ပြီး မူပိုင်ခွင့်နှင့်စမ်းသပ်ချက်များကို ဝန်ကြီးလုဆီလွှဲပေးလိုက်သည်။
ဝန်ကြီးလုမှာ တရုတ်သိပ္ပံအကယ်ဒမီတာဝန်ခံဖြစ်သောကြောင့် ဒါတွေနားလည်သည်။ မျိုးစိတ်မူပိုင်ခွင့်လျှောက်ထားချက်ကိုဖတ်ပြီးနောက် မျိုးစေ့အထွက်တိုးသောသုတေသနအချက်အလက်များကိုကြည့်သည်။
အစပိုင်း လီခိုင်လုပ်ကြံထားသောအကြောင်းအရာများကဘာမှမဟုတ်သော်လည်း စမ်းသပ်တွေ့ရှိသူနာမည်စာရင်းကိုမြင်သောအခါ သူ့မျက်လုံးများပြူးပြီး အံ့အားသင့်သွားသည်။
တခြားနာမည်တွေက ထားပါတော့။
ပါမောက္ခလီခိုင်ဘယ်လောက်စွမ်းစွမ်း၊ အကူတော့လိုဦးမှာပဲ။
သုတေသနလက်ထောက်များ၏နာမည်ကိုထည့်ရေးခြင်းက ပါမောက္ခလီခိုင်မှာ တကိုယ်ကောင်းဆန်ခြင်းမရှိဘဲ သဘောထားကြီးသောကိုယ်ရည်ကိုယ်သွေးမျိုးရှိကြောင်း ပေါ်လွင်နေသည်။
ဒါပေမဲ့ ချင်လင်က?
သူဌေးချင်?
ဘာလဲ?
ဝန်ကြီးလုက လီခိုင်ကိုဇဝေဇဝါနှင့်ကြည့်ပြီးမေးသည်_
"ပါမောက္ခလီခိုင်... သုတေသနနာမည်စာရင်းကမှားနေတာလား? ဘာလို့သူဌေးချင်နာမည်ပါနေတာလဲ?''
"ဘယ်လို?''
ချင်လင်လည်းကြားပြီး မှင်တက်သွားသည်။
သူက ဘာသုတေသနလုပ်တာလဲ?
"မမှားပါဘူး ဝန်ကြီးလု''
လီခိုင်ကပြောသည်_
"သူဌေးချင်ကလည်း မျိုးစေ့အထွက်တိုးသုတေသနမှာပါခဲ့ပါတယ်... ဝန်ကြီးမသိဘူးနော်... ညီလေးချင်က ဉာဏ်ကြီးရှင်ပါ''
"သူဟင်းချက်သင်ရင် အတော်ဆုံးစားဖိုမှူးဖြစ်မှာ... ဝိုင်လုပ်နည်းသင်ရင် အတော်ဆုံးဝိုင်လုပ်သူဖြစ်မှာ... တရုတ်ဆေးပညာကိုလေ့လာရင်လည်း အဲလောက်တော်မှာပဲ''
"သူကစံအိမ်တာဝန်ခံလုပ်ပြီး သီးနှံသုတေသနကိုအမြဲစိတ်ဝင်စားခဲ့တယ်... ကျွန်တော်လမ်းညွှန်ပေးတဲ့ဆက်စပ်ရာစာအုပ်တွေလေ့လာနေတာလည်းကြာပြီ... အဲဒါကြောင့် သူ့ကိုသာမန်လူဆိုပြီး အထင်သေးလို့မရဘူး''
"ညီလေးချင်က ဒီသီးနှံအထွက်တိုးသုတေသနကိုချဉ်းကပ်နေခဲ့တာ... တော်တော်လည်း အထောက်အကူဖြစ်ပါတယ်''
ဝန်ကြီးလုက ချင်လင်ကိုတအံ့တဩကြည့်လိုက်သည်။ ကြည့်ရတာ သူဌေးချင်က တကယ်တော်ပုံပဲ။
သူလုပ်တဲ့တစ်ခုချင်းကိုကြည့်ရင် အဲလောက်မဟုတ်သော်လည်း အားလုံးခြုံကြည့်လိုက်ရင် လန့်စရာတောင်ကောင်းသည်။
အဲဒါထက် သူကလူရောဟုတ်ရဲ့လား!
လီခိုင်စကားကို သူသံသယမရှိ။ ဘာပဲဖြစ်ဖြစ် လီခိုင်က သူ့ရင်ထဲမှာ သီးနှံသုတေသနခေါင်းဆောင်ဖြစ်သည်။ သူကတည်တည်တံ့တံ့ဘုန်းကြီးလိုလူ၊ ဒီသုတေသနကိုဟာသလုပ်မည်မဟုတ်။
"???"
ချင်လင်မှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
အစ်ကိုလီဘာတွေပြောနေတာလဲ?
သူဘာလို့မသိလိုက်ရတာလဲ?
ဘာမှန်းမသိ။ ရုတ်တရက် နောက်ကျောဓားထိုးခံလိုက်ရသလိုပင်။