ကလန်မိတ်ဆုံစားပွဲ
Vol. 017 Ch. 1674
ဒုတိယနေ့တွင် နတ်သမီးနန်းတော်၌ ရီဖူရှင်းကို ကြိုဆိုဧည့်ခံသော မိတ်ဆုံစားပွဲတစ်ခု ပြုလုပ်၏။
မရေမတွက်နိုင်သော တန်ခိုးရှင်များ ရောက်လာကြသည်။ နန်းတော်၏ပလ္လင်၌ ထိုင်နေသူမှာ မကြာခင် နတ်သမီးဘွဲ့ကို လက်ခံရှိမည့် ရှောင်မုယွီမဟုတ်ဘဲ သူမ၏အဘိုး ရှောင်ချိန်ရှမ်းဖြစ်ပေသည်။
သူ့အောက်ဘက် ဘယ်ဘက်ဘေး၌ ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် ကျန်းချန်ကျီတို့ ရှိသည်။ ညာဘက်၌ ရှောင်မုယွီ၏အဖေ ရှောင်ဟန်ကျင်းရှိပြီး သူ၏နောက်တွင် ရှောင်မုယွီ ထိုင်နေသည်။
ထိုနေရာတွင်ရှိသော ကျင့်ကြံသူများထဲတွင် ကျန်းချန်ကျီသည် အသန်မာဆုံးဖြစ်သော်လည်း ပုံမှန်အားဖြင့် သူက ရီဖူရှင်း၏နောက်လိုက်အနေဖြင့် ရောက်လာခဲ့သည်။
ရှောင်ချိန်ရှမ်းနှင့် ရှောင်ဟန်ကျင်းတို့မှာ ရှောင်မုယွီ၏မိသားစုအကြီးအကဲများဖြစ်ရာ ပုံမှန်အားဖြင့် သူတို့သည် ဂုဏ်သရေရှိ လူကြီးမင်းများထိုင်သောနေရာတွင် ထိုင်နေကြသည်။
မနေ့က ရီဖူရှင်းနှင့် ရှောင်မုယွီတို့ သီးသန့်တွေ့ဆုံခဲ့ကြကာ ယနေ့တွင်ကား ရှောင်မိသားစုက ရီဖူရှင်းကို ကြိုဆိုဧည့်ခံသည့် အခန်းအနားလည်းဖြစ်သည်။
“မဟာပထဝီမြေကြီးက အရင်အတိုင်းရှိနေဆဲပေမယ့် မျိုးဆက်တွေကတော့ ယခင်မျိုးဆက်တွေကို ကျော်ဖြတ်သွားကြစမြဲပဲ။ အင်ပါယာရီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုံကိုးခုကို တုန်ခါစေအောင် ထူးချွန်လှတယ်။ ကျုပ်က အင်ပါယာရီနဲ့ အကြီးအကဲကျန်းတို့အတွက် တစ်ခွက်သောက်ပါ့မယ်...” ရှောင်ချိန်ရှမ်းက ခွက်ကို မြှောက်ကာ ဆိုသည်။
သူကား ရှောင်ကလန်၏အဆင့်အမြင့်ဆုံးသောသူဖြစ်သော်လည်း ကျန်းချန်ကျီကဲ့သို့ မသန်မာပေ။ ထို့ကြောင့် သူက ကျန်းချန်ကျီအား အကြီးအကဲအဖြစ် သတ်မှတ်ရပေမည်။
ကောင်းကင်နတ်ဘုရားဂိတ်သည် လက်ရှိ ရှောင်ကလန်ထက် အားနည်းသွားပြီဖြစ်သော်လည်း ကျန်းချန်ကျီကား ကလန်ခေါင်းဆောင်ဖြစ်ကာ ကောင်းကင်နတ်ဘုရားဂိတ်၏အသန်မာဆုံးသောသူဖြစ်သည်။
“ကျေးဇူးတင်ပါတယ်... အကြီးအကဲ” ရီဖူရှင်းကလည်း ခွက်ကို မြှောက်လိုက်သည်။ ကျန်းချန်ကျီကလည်း ခွက်ကို မြှောက်လိုက်ကာ သုံးယောက်သား တစ်ခွက်သောက်လိုက်ကြ၏။
“အင်ပါယာရီရဲ့ လမ်းညွန်မှုက မုယွီကို အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းဖို့ ကြီးကြီးမားမား အထောက်အကူပြုခဲ့တယ်။ အခု သူမက နတ်မိမယ်ဘွဲ့ကို ရရှိခဲ့ပြီ။ ဒါကြောင့် ကျုပ်က အင်ပါယာရီကို ဂုဏ်ပြုပြီး တစ်ခွက်သောက်ပါ့မယ်...” ရှောင်ချိန်ရှမ်းက နောက်တစ်ခွက်မြှောက်ကာ သောက်လိုက်သည်။
“အဖေပြောတာမှန်တယ်... မုယွီက ကျုပ်တို့ကို အသေးစိတ်အဖြစ်အပျက်ကို မပြောပြခဲ့ပေမယ့် သူမက အင်ပါယာရီကြောင့် အောင်မြင်ခဲ့တာပဲ။ မုယွီရဲ့ အဖေတစ်ယောက်အနေနဲ့ ကျုပ်က အင်ပါယာရီကို ဂုဏ်ပြုပြီးတစ်ခွက်သောက်ပါ့မယ်” ရှောင်ဟန်ကျင်းက ပြောသည်။ သူကား အသက်လေးဆယ်အရွယ်ခန့်ရှိကာ အလယ်အလတ်ရန်ဟောင်တစ်ပါးဖြစ်သည်။
ပုံမှန်အားဖြင့် သူ၏သမီးကို သူက ကောင်းကောင်းသိပေသည်။ သူမကား အလွန်ပါရမီပါကာ ကျင့်ကြံခြင်း၌ ခိုင်မသော စိတ်ဓာတ်ခံယူချက်များ ရှိသော်လည်း သူမသည် ရှောင်ကလန်အတွင်းတွင် သာမန်ထက်လွန်ကဲထူးချွန်သူတစ်ဦးဖြစ်သည်။ သို့သော်လည်း ဗဟိုအင်ပါယာဘုံတစ်ခုလုံးတွင်ကား သူမသည် အတော်ဆုံးသော ပါရမီရှင်များထဲတွင် မပါဝင်ပေ။
ရှောင်မုယွီသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာသောအခါ သူမသည် အခွင့်အရေးနှင့် လွဲချော်ခဲ့ရပြီဟု ရှောင်ဟန်ကျင်း တွေးခဲ့၏။ သူမက အက်ကြောင်းမဲ့ဝင်ရိုးကို မဖွဲ့စည်းနိုင်ခဲ့ပေ။ သူမအနေဖြင့် နတ်သမီးဘွဲ့ကို ရရှိရန်မှာလည်း သိပ်မဖြစ်နိုင်တော့။
သို့သော်လည်း အံ့အားသင့်စရာကောင်းအောင်ပင် ထျန်ရှင်းကျောင်းတော်မှ အပြန် သူမသည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းအောင်မြင်ပြီး ရောက်လာခဲ့၏။ သူမကို အကဲဖြတ်သည့်ပွဲတွင်လည်း ရှောင်မုယွီသည် မြင့်မားသော အရည်အသွေးများကို ပြသခဲ့ကာ နောက်ဆုံးတွင် နတ်သမီးဘွဲ့ကို ဆက်ခံပြီး ကလန်၏အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။
အားလုံးက ထူးဆန်းလွန်းလှသည်။ နောက်ပိုင်းတွင် ရှောင်မုယွီသည် ထျန်ရှင်းကျောင်းတော်တွင် ရှိစဉ်တုန်းက ရီဖူရှင်း၏လက်အောက်တွင် သင်ယူလေ့လာကာ လမ်းစဉ်သက်သေပြခဲ့သည်ဟု သူကြားသိရ၏။
ရီဖူရှင်းကိုယ်တိုင်က အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့သည်။ သူ့အနီးမှ လူများမှာလည်း အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူက အကကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခြင်းက မည်မျှ ခက်ခဲကြောင်း နားလည်၏။ သူက အလွန်ထိတ်လန့်မိသော်လည်း လက်ခံရသည်။
ရှောင်မုယွီက အသေးစိတ်မပြောပြပေ။ သူမ၏အလိုအရ ရီဖူရှင်းသည် ဝင်္ကပါအစီအရင်တစ်ခုကို ခင်းကျင်းကာ သူမအား ကူညီပေးခဲ့သည်။ သူ၏သမီးက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု ရှောင်ဟန်ကျင်း ခံစားရသော်လည်း သူက ထပ်မမေးတော့ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက် ရှိပေသည်။ သူက ရီဖူရှင်း၏ပါရမီနှင့် အကူအညီကို သဘောကျပေသည်။ လူငယ်ကား ကြီးမားသော အနာဂတ်ကို ပိုင်ဆိုင်၏။
“အကြီးအကဲရှောင်က အရမ်းဖော်ရွေလွန်းပါပြီ။ ကျုပ်က နည်းနည်းကူညီပေးခဲ့ရုံပါပဲ။ မုယွီကိုယ်တိုင်က ပါရမီမြင့်ပြီးတော့ အက်ကြောင်းမဲ့ဝင်ရိုးကို ကိုယ်တိုင်ဖွဲ့စည်းနိုင်ခဲ့တယ်။ နောက်ဆုံးမှာ ကျင့်ကြံခြင်းဟာ ကိုယ်တိုင်အားထုတ်ရဲ့အရာပါပဲ” ရီဖူရှင်းက ပြောသည်။
ရှောင်မုယွီက သူ့အား သေသေချာချာကြည့်သည်။ သူမ၏ဆရာက အဘယ်ကြောင့် နှိမ့်ချပြောဆိုနေသနည်း။
“ဆရာက မုယွီကို နောက်တစ်ဆင့်တက်ဖို့ ကူညီပေးခဲ့တယ်။ ဒါက ဘယ်လိုလုပ် အကူအညီနည်းနည်းဖြစ်ရမှာလဲ။ မုယွီက ဒီအတွက် ဆရာကို အမြဲတမ်းလေးစားမှာပါ။ မုယွီက...”
“အဟမ်း...” ရီဖူရှင်းက ခြောင်းဟန့်ကာ ရှောင်မုယွီ၏စကားစကို ဖြတ်လိုက်သည်။ သူမက သူ့အား ပြုံးလျှက်ကြည့်နေသည်ကိုမြင်လျှင် ရီဖူရှင်းက ပြောသည် “ငါက လူတိုင်းလုပ်နိုင်တဲ့ကိစ္စကို လုပ်ခဲ့တာပဲရှိတယ်။ မုယွီ... ကြိုးစားလေ့ကျင့်ပါ။ ဒါကပဲ ငါ့ကို အကောင်းဆုံး ကျေးဇူးတင်ခြင်းပဲ”
ဒီကောင်မလေး အားလုံးကို ထုတ်ပြောဖို့ စဉ်းစားနေတာလား...။
ဘယ်လောက် မသိတတ်လိုက်သလဲ...။
“မုယွီ နားလည်ပါပြီ” ရှောင်မုယွီက ပြုံးလျှက်ပြောသည်။ ရှောင်ဟန်ကျင်းက သူတို့၏ပြောစကားများကို နားမလည်ပေ။ သို့သော်လည်း သူက ပြောသည် “အင်ပါယာရီ... ကျုပ်က မုယွီရဲ့အဖေပါ။ ခင်ဗျားက မုယွီရဲ့ ဆရာဖြစ်တယ်။ စီနီယာပိုင်းအရ ကျုပ်တို့က အတူတူဆိုတော့ ကျုပ်ကို အစ်ကိုရှောင်လို့ပဲ ခေါ်သင့်တယ်မလား... ဘယ်လိုလဲ...”
“ကောင်းပါပြီ အစ်ကိုရှောင်...” ရီဖူရှင်းက ပြောသည်။ ရှောင်ဟန်ကျင်းက သူနှင့်ရင်းနှီးအောင် ကြိုးစားနေခြင်းဖြစ်သည်။ သူက ရှောင်မုယွီကို တပည့်အဖြစ် လက်ခံပြီးမှတော့ သူတို့အကြား ဆက်ဆံရေးကို ကောင်းမွန်အောင် ပြုလုပ်ခြင်းမှာ သင့်တော်သော ကိစ္စဖြစ်ပေသည်။
“ဒီနေ့ အများကြီး သောက်ကြတာပေါ့ အစ်ကိုရီ...” ရှောင်ဟန်ကျင်းက နောက်တစ်ခွက်သောက်ကာ ပြောသည်။ ရှောင်ချိန်ရှမ်းကလည်း ပြုံးလိုက်သည်။
“အခု အင်ပါယာရီက ဟန်ကျင်းကို အစ်ကိုလို့ ခေါ်တယ်။ ပြီးတော့ ခင်ဗျားက မုယွီရဲ့ဆရာပဲ။ အခုကစပြီး ကျုပ်တို့က မိသားစုဖြစ်သွားပြီ။ နောက်ပိုင်း တစ်ခုခုလိုအပ်ရင် အားမနာဘဲ ပြောပါ။ ကျုပ်တို့က အတတ်နိုင်ဆုံး ကူညီပါ့မယ်”
သူ့တွင် အက်ကြောင်းမဲ့ဝင်ရိုးရှိကာ အဆုံးမရှိသော အနာဂတ်ကို ပိုင်ဆိုင်၏။ ထို့အပြင် သူသည် မုယွီနှင့် ရင်းနှီးသည်။
“ကျုပ် မကြာခဏ လာလည်တာကိုပဲ စိတ်အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်” ရီဖူရှင်းက ဟာသနှောကာ ပြောသည်။
မိတ်ဆုံစားပွဲကား အဆင်ပြေ ချောမွေ့နေ၏။ မည်သို့ဆိုစေ ရှောင်မုယွီကား ယခင်ကနှင့်ကွဲပြားခြားနားသော အဆင့်အတန်းကို ပိုင်ဆိုင်နေပြီဖြစ်သည်။ တစ်မိသားစုလုံးသည် သူတို့၏အနာဂတ်ဆက်ခံသူအတွက် အရာအားလုံးကို ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။
ဝုန်း...
ထိုအခိုက်တွင် အဝေးမှ လေးလံသော ခြေလှမ်းများအား ကြားလိုက်ရသည်။
အားလုံးက အဝေးကို လှမ်းကြည့်လိုက်ကြရာ လူတစ်စု လာနေသည်ကို မြင်ရသည်။ သူတို့က နန်းတော်ရင်ပြင်ထက်ကို တက်လာကြ၏။
အားလုံးက သူတို့အား လှမ်းကြည့်လိုက်ကြသည်။ ရှောင်ချိန်ရှမ်း မျက်မှောင်ကြုတ်လိုက်သည်။ သူကား သဘောကျဟန်မတူ။
အရာအားလုံးကို ဖြေရှင်းပြီးသားဖြစ်သည်။ သူတို့က သည်နေရာကို မည်သည့်အတွက် ရောက်လာရသနည်း။
ဘုန်း...
ခြေလှမ်းများမှာ အမှန်တကယ်အားဖြင့် သိပ်မကျယ်လောင်သော်လည်း အားလုံး၏စိတ်ကို ရိုက်ခတ်နေသည်။ ခေါင်းဆောင်လာသူကား အသက်ကြီးနေသူဖြစ်ကာ အလွန်စွမ်းအားကြီးဟန်ရသည်။ သူကား အဆင့်မြင့်ရန်ဟောင်ဖြစ်၏။
“ကလန်အတွင်းက တခြားသွေးမျိုးဆက်ကလူတွေပဲ။ ဒီမတိုင်ခင်က သူတို့မျိုးဆက်ရဲ့လူငယ်တစ်ယောက်က ဆက်ခံသူနေရာကို ပြိုင်ဆိုင်ခဲ့တယ်။ သူ့နာမည်က ရှောင်လန်ပဲ။ သူက အခု အလယ်အလတ်ရန်ဟောင်ဖြစ်ပြီးတော့ စတုတ္ထအဆင့်နတ်ဝင်ရိုးကို ပိုင်ဆိုင်တယ်” ရှောင်မုယွီက ရီဖူရှင်းကို စိတ်ဖြင့် ပြောသည်။
ရီဖူရှင်းက လှမ်းကြည့်လျှင် အဘိုးအို၏နောက်မှ လူငယ်ကို မြင်သည်။
“ကလန်အတွင်းမှာသာ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင် မရှိဘူးဆိုရင် နတ်ဘုရားနဲ့ နတ်သမီးဘွဲ့ကို ကလန်ခေါင်းဆောင်ရဲ့ ကျင့်ကြံဆင့်ကို မကျော်ဖြတ်သရွေ့ မပေးဘူး။ ဒါကြောင့် ဒီမတိုင်ခင်က ဆက်ခံသူနေရာမှာ ဘယ်သူမှ မရှိဘူး” ရှောင်မုယွီက ဆက်ပြောသည်။
အကယ်၍ ရှောင်မုယွီသာ အက်ကြောင်းမဲ့ဝင်ရိုးကို မဖွဲ့စည်းနိုင်ပါက လူတိုင်းတွင် အခွင့်အရေးရှိပေသည်။
“ကလန်က နတ်သမီးဘွဲ့အတွက် လူရွေးပြီးပြီပဲ။ သူတို့က ဘာလုပ်ချင်တာလဲ” ရီဖူရှင်းက အခြေအနေကို နားလည်ဟန်ဖြင့် မေးသည်။
“သူတို့က လက်မခံနိုင်သေးလို့ပဲ ဖြစ်မယ်။ အခန်းအနားပြီးသွားတာနဲ့ သူတို့က ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး” ရှောင်မုယွီက ပြောသည်။
“အစ်ကို... ခင်ဗျား ဘာလို့ ရောက်လာတာလဲ” ရှောင်ချိန်ရှမ်းက ခေါင်းဆောင်လာသူကို မေးသည်။ ထိုသူကား ရှောင်ချိန်ရှမ်းထက် အသက်ကြီးကာ သူက အစ်ကို၏ခေါ်ခြင်းဖြစ်သည်။
“မုယွီရဲ့ဆရာ ရောက်နေတယ်ကြားလို့ သူ ဘယ်လောက် ထူးခြားထက်မြက်လဲ လာကြည့်တာ။ သူက ငါတို့ကလန်အတွက် နတ်သမီးတစ်ပါးကို မွေးထုတ်ပေးခဲ့တာပဲ” အဘိုးအိုက ပြောသည်။
“ဒါက ဆရာရီပဲ... သူဟာလည်း အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့တယ်။ သူဟာ မုယွီရဲ့ ဆရာပဲ” ရှောင်ချိန်ရှမ်းက မိတ်ဆက်ပေးသည် “ဒါက ကျုပ်ရဲ့အစ်ကိုပဲ”
“နှုတ်ဆက်ပါတယ် အကြီးအကဲ” ရီဖူရှင်းက လေးစားသည့်အမူအရာဖြင့် ဆိုသည်။
အဘိုးအိုက ခေါင်းညိတ်သည်။
“မင်းက မုယွီကို လေ့ကျင့်ပေးပြီးတော့ ငါတို့ကလန်အတွက် နတ်သမီးတစ်ပါး မွေးထုတ်ပေးခဲ့တယ်။ ငါက မင်းကို အများကြီး ကျေးဇူးတင်ရမယ်” အဘိုးအိုက သင့်တင့်လျောက်ပတ်စွာ ပြောဆိုသည်။ သူ၏စကားများထဲတွင် မောက်မာသည့်အငွေ့အသက်များ မပါဝင်ပေ။
သူက ဆက်ပြောသည် “ငါ့ဂျူနီယာ ရှောင်လန်က ပါရမီပါပြီးတော့ အလယ်အလတ်တန်းစား ရန်ဟောင်ပဲ။ မင်းက သူ့ကို နည်းနည်းပါးပါး လမ်းညွန်ပေးလို့ရမလား”
အားလုံးက အံ့အားသင့်သွားကြသည်။ ရီဖူရှင်းကား ယခုမှ ရန်ဟောင်အဆင့်သို့ တက်သွားခြင်းဖြစ်သည်။ သူက အလွန်ပါရမီပါသော်လည်း အလယ်အလတ်တန်းစားရန်ဟောင်ကို မည်သို့ သင်ကြားပြသပေးမည်နည်း။
သို့သော်လည်း အဘိုးအိုက ရီဖူရှင်းကို သင်ကြားပေးရန် ပြောဆိုခြင်းမှာ တိုက်ခိုက်ခိုင်းခြင်းတော့ မဟုတ်ပေ။ ဤက ရီဖူရှင်းကို စမ်းသပ်ခြင်းဖြစ်သည်။
မည်သို့ဆိုစေ ရီဖူရှင်းသည် နတ်သမီးတစ်ပါး၏ဆရာဖြစ်သည်။ ရှောင်လန်ကို ရီဖူရှင်းထံ၌ သင်ကြားပြသခိုင်းခြင်းက မသင့်တော်စရာ မရှိပေ။
“အစ်ကိုရီက ငြင်းလို့ရတယ်” ရှောင်ဟန်ကျင်းက စိတ်ဖြင့် ပြောသည်။ တစ်ဘက်လူများက ရီဖူရှင်းကို ပစ်မှတ်ထားပြဿနာရှာနေသည်မှာ ရှင်းလင်းနေပေသည်။ ရီဖူရှင်းက ငြင်းဆန်ပါကလည်း မည်သူမှ ဘာမှ ပြောမည် မဟုတ်ပေ။
“ဆရာ... သူ့ကို လျစ်လျူရှုထားလိုက်ပါ” ရှောင်မုယွီက စိတ်ဖြင့် ပြောသည်။
ရီဖူရှင်းကား အတန်ကြာ တိတ်ဆိတ်နေသည်။ ထို့နောက်တွင် သူက ခွက်ကို ချကာ ရှောင်မုယွီကို ကြည့်လိုက်သည် “မုယွီ... မင်းက နတ်သမီးဖြစ်လာတော့မယ်။ ငါမင်းအတွက် တစ်ခုခုမလုပ်ပေးရင် မင်း မျက်နှာပျက်ရတော့မှာပဲ”
ထို့နောက် သူက ပြုံးလျှက် ထရပ်သည် “ကျုပ် လက်ခံတယ်”
***