ဓားဆရာဝတ်စုံ
Vol. 29 Ch. 428
ဤတစ်ကြိမ်တွင် ယုံမင်အင်ပါယာသည် အလွန်သတိထားလှသည်။ မင်းဆရာအပြင် နယ်ခြားစောင့်ဗိုလ်ချုပ်များပါရှိပြီး ယခင်ကထက် ပိုမိုသတိထားလှသည်။ ယုံမင်ဧကရာဇ်ကိုယ်တိုင် လွယ်လွယ်ကူကူ ထွက်လာခဲ့ပါက ထိုအရာသည် ကျားတစ်ကောင်က ယုန်တစ်ကောင်ကို အမဲလိုက်ရာတွင် အစွမ်းကုန်အားထုတ်သည့်အလား ဖြစ်ပေါ်သွားမည်ဖြစ်သည်။
လက်ရှိ ဤလုပ်ရပ်သည် ယုံမင်အင်ပါယာ၏ ကျဆင်းနေသော ဂုဏ်သိက္ခာကို အနည်းငယ် ပြန်လည်အဖတ်ဆယ်ထားခြင်း ဖြစ်သော်လည်း ၎င်းသည် အကြိမ်ပေါင်းများစွာ အရှက်ရခဲ့ရသဖြင့် ဤတစ်ကြိမ်တွင် ရန်သူကို လုံးဝဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။
မင်းဆရာသည် လင်းယုန်တပ်မတော်ကို ဦးဆောင်ကာ ရောက်ရှိလာခဲ့ပြီး လူတိုင်းသည် ချက်ချင်းပင် ပြင်ဆင်ထားခဲ့ကြသည်။ လာရောက်မည့်လမ်းတွင် အင်အားကြီးမားသော တပ်မတော်တစ်ခု ပေါ်ထွက်လာမည်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ ထင်ထားသည့်အတိုင်း ယုံမင်ဧကရာဇ်မြို့တော်သို့ မနီးကပ်ခင်မှာပင် ရန်သူဘက်က ရွေးချယ်ထားသော အင်အားကြီးတပ်များကို စေလွှတ်လာခဲ့ပြီး ဤဘက်သို့ လျင်မြန်စွာ ချီတက်လာခဲ့သည်။
ယုံမင်ဧကရာဇ်မြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်သူများသည် မြို့တော်သို့ မရောက်ရှိခင်မှာပင် ဖယ်ရှားခံရသည်ဟု ဆိုရခြင်းမှာ အံ့သြစရာမရှိပေ။ ဤမျှအင်အားကြီးမားသော တပ်မတော်ဖြင့် ကျူးကျော်သူများကို မဖယ်ရှားနိုင်ဘဲ ရှိမည်လား။
“အိမ်တော်သခင်... အခုဘာလုပ်ရမလဲ...”
လူတိုင်းသည် ယီထျန်းယွမ်ကို ကြည့်ရှုလိုက်ကြပြီး သူမည်သို့ညွှန်ကြားမည်ကို သိရှိလိုကြသည်။
ယီထျန်းယွမ်သည် တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်သည်။
“အေးအေးဆေးဆေးနေကြဦး... မင်းတို့ထွက်လှုပ်ရှားဖို့ မလိုဘူး... အခုကစပြီး ငါ့ရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုရုံပဲ... သူတို့ကို ရင်ဆိုင်ဖို့ဆိုရင် မင်းတို့ထွက်စရာမလိုဘူး...”
လူအားလုံးသည် ထိတ်လန့်အံ့သြသွားခဲ့ကြသည်။ ဤစကားသည် ယီထျန်းယွမ်တစ်ဦးတည်းက ထောင်ပေါင်းများစွာသော ရန်သူများကို ရင်ဆိုင်တိုက်ခိုက်မည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။ ရွှေလင်းယုန်များပေါ်တွင် စီးနင်းလာသူများသည် စိတ်ဝိညာဉ်အနှစ်သာရအဆင့် ကျင့်စဉ်သမားများဖြစ်သော်လည်း ဦးဆောင်သူမှာ မင်းဆရာဖြစ်ပြီး ရင်ဆိုင်ဖယ်ရှားရန် လွယ်ကူသည့်အရာမဟုတ်ပေ။
သို့သော် ၎င်းတို့သည် မည်သည့်တားမြစ်စကားမျှ မပြောခဲ့ကြပေ။ ယီထျန်းယွမ်က ဤသို့ပြောပြီးဖြစ်သည့်အတွက် ၎င်းတို့သည် အခွင့်အလမ်းကို ကြည့်ရှုပြီး လုပ်ဆောင်ရန်သာ ရှိတော့သည်။
ထို့နောက် ယီထျန်းယွမ်သည် ကောင်းကင်ယွမ်ဗိမ္မာန်ရှိ ပင်မတံခါးဝသို့ လျှောက်လှမ်းသွားခဲ့ပြီး မျက်ဝန်းများကို ကျဉ်းမြောင်းစွာ မှေးကြည့်ကာ ပိုမိုနီးကပ်လာနေသော တပ်မတော်ကို ကြည့်ရှုလိုက်သည်။ သူ၏မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် အပြစ်မှတ်ဆိုင်ကို ဖွင့်လိုက်ပြီး သူ၏ရှေ့တွင် ဝတ်စုံသုံးမျိုး ပေါ်ထွက်လာသည်။ သူသည် ချက်ချင်းပင် ၎င်းတို့အနက် တစ်မျိုးကိုသာ အာရုံစိုက်လိုက်သည်။
ဓားဆရာဝတ်စုံ...
ဓားဆရာဝတ်စုံ : အဆင့် ၃၀ လိုအပ်သည်။ ဝတ်ဆင်ပြီးနောက် ဓားအစီအစဉ်ကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ချက်ချင်းရရှိမည်ဖြစ်ပြီး ပတ်ဝန်းကျင် ၁၀ မိုင်အတွင်းရှိ အဆင့်မြင့်ဝိညာဉ်လက်နက်အဆင့်အောက်ရှိ ဓားရှည်အားလုံးကို ထိန်းချုပ်ကာ ရန်သူကို တိုက်ခိုက်နိုင်သည်။ အများဆုံး ဓားရှည် တစ်သောင်းအထိ ထိန်းချုပ်နိုင်ပြီး ဓားဖြင့်ပျံသန်းနိုင်သည့် အကျိုးသက်ရောက်မှုပါရှိသည်။ ဈေးနှုန်းမှာ အပြစ်မှတ် ၁၀၀,၀၀၀ ဖြစ်သည်။
“ဓားဆရာဝတ်စုံကို လဲလှယ်လိုက်...”
“- အပြစ်မှတ် ၁၀၀,၀၀၀ နုတ်ယူပြီး ဓားဆရာဝတ်စုံကို အောင်မြင်စွာ ရရှိခဲ့သည်...”
“ဓားဆရာဝတ်စုံကို ဝတ်ဆင်လိုက်...”
ချက်ချင်းပင် သူသည် ဓားဆရာဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသော အဖြူရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး တံခါးဝရှေ့တွင် ရပ်နေသဖြင့် ရှေ့မှလာသော လေညင်းများက သူ၏ဝတ်ရုံကို ဖျော့ဖျော့လှုပ်ခါစေပြီး အနည်းငယ် ပေါ့ပါးလှုပ်ရှားနေသည့်ပုံစံကို ဖြစ်ပေါ်စေသည်။
သူ၏ဘေးတွင်ရှိသော လူအုပ်ကြီးသည် မည်သည့်ကွဲပြားမှုမျှ မခံစားရပေ။ ဓားဆရာဝတ်စုံသည် မည်သည့်အင်အားကြီးမားသော ဂုဏ်ရည်များကိုမျှ ထည့်သွင်းပေးထားခြင်းမရှိသဖြင့် လုံးဝ သာမာန်ပုံပေါက်နေသည်။ ထို့ကြောင့် အင်အားကြီးမားသော အသွင်အပြင်မျိုး ထုတ်လွှတ်နေခြင်း မရှိပေ။
အားလုံးသည် အနည်းငယ်သာ သူ၏အသွင်အပြင်ပြောင်းလဲသွားသလို ခံစားရပြီး လူတစ်ဦးလုံး ပြောင်းလဲသွားသည့်ပုံစံဖြစ်သော်လည်း မည်သည့်အရာမျှ ပြောင်းလဲသွားသည်ကို တိတိကျကျ မပြောနိုင်ခဲ့ကြပေ။
အခြားသူများသည် မည်သည့်အရာမျှ မခံစားရသော်လည်း ယီထျန်းယွမ်သည် ပတ်ဝန်းကျင် ၁၀ မိုင်အတွင်းရှိ အဆင့်မြင့်ဝိညာဉ်လက်နက်အဆင့်အောက်ရှိ လက်နက်အားလုံးကို ခံစားမိခဲ့သည်။ ၎င်းတို့သည် မည်သည့်ထောင့်တွင်ရှိသည်ကို ရှင်းလင်းစွာ အာရုံခံစားနိုင်ခဲ့ပြီး ဤအကွာအဝေးအတွင်းရှိဖြစ်သည်ဆိုပါက ချက်ချင်းပင် အာရုံခံစားနိုင်ခဲ့သည်။
“အနီးနားမှာ မြို့တစ်မြို့ရှိတယ်... လက်နက်တွေ အများကြီးရှိတယ်... အများကြီး... အများကြီး...”
ယီထျန်းယွမ်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး လက်နက်အားလုံးကို အာရုံခံစားနေခဲ့သည်။
ရန်သူနှင့် ၎င်းတို့၏ အကွာအဝေးသည် ပိုမိုနီးကပ်လာသည်နှင့်အမျှ လူအများသည် စိတ်ထဲတွင် စိုးရိမ်ပူပန်လာခဲ့ကြသည်။ ယီထျန်းယွမ်သည် မည်သည့်အချိန်တွင် စတင် လှုပ်ရှားမည်ကို မသိရှိရပေ။ ရန်သူများ နီးကပ်လာသည့်အခါမှသာ လှုပ်ရှားမည်လား။ ကောင်းကင်ယွမ်ဗိမ္မာန်သည် အလွန်ခိုင်ခံ့သော်လည်း ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အချိန်ကြာရှည် ခံနိုင်ရည်မရှိနိုင်ပေ။
မင်းဆရာဘက်မှ ပိုမိုနီးကပ်လာသည်နှင့်အမျှ ၎င်း၏မျက်နှာအမူအရာသည် ပို၍အေးစက်လာခဲ့သည်။
“ရွှေလင်းယုန်တပ်မတော် နားထောင်ကြ... အချိန်တန်ရင် ဒီဗိမ္မာန်ကို ငါတို့ ပစ်ချလိုက်မယ်... သူတို့က လေထဲမှာ ပျံသန်းရဲသေးလားဆိုတာ ကြည့်ကြစို့...”
“ဟေး...”
ထောင်ပေါင်းများစွာသော ရွှေလင်းယုန်တပ်မတော်သည် တစ်ညီတစ်ညွတ်အော်ဟစ်လိုက်ပြီး အလွန်အင်အားပြည့်ဝသော အသံဖြစ်သည်။ ၎င်းတို့၏မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ၎င်းတို့စီးနင်းထားသော ရွှေလင်းယုန်များကဲ့သို့ပင် မျက်ဝန်းများတွင် အေးစက်သောအလင်းတန်းများ ထွက်ပေါ်လာကာ လင်းယုန်မျက်ဝန်းများနှင့် တူညီလှသည်။ ၎င်းတို့သည် ၎င်းတို့စီးနင်းထားသော သတ္တဝါများနှင့် လုံးဝပေါင်းစည်းသွားသည့်အလား ဖြစ်သည်။
၎င်းတို့သည် လက်ထဲတွင် ရှည်လျားသော လေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကောင်းကင်ယွမ်ဗိမ္မာန်ကို ပစ်မှတ်ထား၍ ပြင်းထန်စွာ တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ ကောင်းကင်ယွမ်ဗိမ္မာန်ကို အနည်းငယ်ဖျက်ဆီးနိုင်ခဲ့ပါက ၎င်းသည် ပြုတ်ကျသွားမည်ဖြစ်သည်။ ပြုတ်ကျသွားပါက ကျင့်စဉ်အဆင့်မြင့်သူများသည် ထိခိုက်မှုမရှိသော်လည်း ကျင့်စဉ်အဆင့်နိမ့်သူများသည် သေချာပေါက် အရိုးတခြား အသားတစ်ခြား ဖြစ်သွားမည်ဖြစ်သည်။
ထို့ကြောင့် ပျံသန်းနေသော ဗိမ္မာန်သည် အပေါ်ယံတွင် ခမ်းနားထည်ဝါသည့်ပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ လှုပ်ရှားနေသော ပစ်မှတ်တစ်ခုသာဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ၎င်းသည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ လျင်မြန်စွာ ပြုတ်ကျသွားမည်ဖြစ်သည်။ တိုက်ပွဲမစတင်ခင်မှာပင် တစ်ဝက်ကျော်သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ ဗိမ္မာန်ကို ထိန်းချုပ်ကာ နေရာအနှံ့ ပျံသန်းလိုစိတ်မရှိကြပေ။ ၎င်းသည် မိုက်မဲသူ၏ လုပ်ရပ်တစ်ခုသာဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ယွမ်အိမ်တော်၏ ယခုလုပ်ရပ်သည် ၎င်းတို့၏အမြင်တွင် မိုက်မဲသူ၏ လုပ်ရပ်သာဖြစ်သည်။
လူအများသည် စိုးရိမ်ပူပန်နေချိန်တွင် ယီထျန်းယွမ်သည် လက်တစ်ဖက်ကို ဖျော့ဖျော့မြှောက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဝိညာဉ်လက်နက်အဆင့်ရှိ လက်နက်များစွာသည် မြေပြင်မှလည်းကောင်း၊ ကောင်းကင်ယွမ်ဗိမ္မာန်အတွင်းမှသာမက ရွှေလင်းယုန်တပ်မတော်ဘက်မှပါ ရုတ်တရက် ပျံတက်လာခဲ့သည်။ ချက်ချင်းပင် ဓားရာပေါင်းများစွာ စုဝေးလာခဲ့ပြီးနောက် ဓားထောင်ပေါင်းများစွာအထိ တိုးပွားလာခဲ့သည်။
ဓားနှစ်ထောင်...
ဓားသုံးထောင်...
...
ဓားခြောက်ထောင်...
ဓားခုနစ်ထောင်...
...
ဓားတစ်သောင်း...
ဝိညာဉ်လက်နက်အဆင့်ရှိ ဓားတစ်သောင်းသည် မြေပြင်မှ ပျံတက်လာခဲ့ပြီး ချက်ချင်းပင် ကောင်းကင်ယွမ်ဗိမ္မာန်ကို ဝန်းရံလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ဤထူထပ်သော ဓားအစီအစဉ်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ပြောင်းလဲမှုသည် လူအားလုံးကို အံ့အားသင့်စေခဲ့သည်။
မည်သို့လုပ်ဆောင်နိုင်မည်နည်း... ဤမျှလောက်များပြားသော ဝိညာဉ်ဓားများ ပျံတက်လာပြီး ကောင်းကင်ယွမ်အိမ်တော်ဘက်တွင် လှည့်ပတ်နေသည်မှာ တွေးပင် မတွေးတောနိုင်ပေ။
ဤမျှလောက်များပြားသော ဝိညာဉ်ဓားများကို မြင်တွေ့ရသောအခါ မင်းဆရာ၏ မျက်ဝန်းများ ကျုံ့သွားခဲ့ပြီး တစ်ခုခု မမှန်ကန်ကြောင်း ခံစားလိုက်ရသည်။ ဝိညာဉ်လက်နက်များသည် ၎င်းတို့အတွက် အမှိုက်နှင့် မခြားနားပေ။ မြေပြင်ပေါ်တွင် ပစ်ထားလျှင်ပင် ၎င်းတို့သည် ကောက်ယူမည်မဟုတ်ပေ။
သို့သော် ယခုအခါ စုစည်းနေသော ဝိညာဉ်ဓားတစ်သောင်းဖြစ်နေသည်တွင် အဓိပ္ပာယ်သည် လုံးဝပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် လေထဲတွင် ပျံသန်းနိုင်သော ဓားများဖြစ်သည့်အခါ ၎င်း၏အဓိပ္ပာယ်သည် ပို၍ထူးခြားလာခဲ့သည်။
“ဓားမုန်တိုင်း...”
ယီထျန်းယွမ်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်ဝန်းများမှ ဓားရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တကယ့်ဝိညာဉ်ဓားတစ်ချောင်းသည် ၎င်း၏မျက်လုံးများမှ ပစ်လွှတ်လိုက်သည့်အလား ဖြစ်သည်။ သူ၏ထိန်းချုပ်မှုအောက်တွင် သောင်းနှင့်ချီသော ဝိညာဉ်ဓားများသည် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ထိုးဖောက်သွားခဲ့သည်။ အမြန်နှုန်းသည် များစွာသော ကျင့်စဉ်သမားများပင် မမြင်နိုင်လောက်အောင် မြန်ဆန်လှသည်။
ဓားဆရာဝတ်စုံသည် မည်သည့်အကျိုးသက်ရောက်မှု တိုးမြှင့်မှုမျှ မရှိသော်လည်း ဝတ်ဆင်သူ၏ အင်အားကို အပြည့်အဝထုတ်လွှတ်နိုင်သည်။ ဆိုလိုသည်မှာ ဤဝိညာဉ်ဓားတစ်သောင်းသည် အတုအယောင်စိတ်ဝိညာဉ်နယ်ပယ် အင်အားကြီးသူတစ်ဦးက ပစ်လွှတ်လိုက်သည့်အလား ဖြစ်သည်။ ဤအမြန်နှုန်းသည် မမြန်ဆန်ဘဲ ရှိနိုင်မည်လား။
“မြန်မြန်... မြန်မြန်ဆုတ်...”
မင်းဆရာသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အကာအကွယ်ဒိုင်းတစ်ခုကို လျင်မြန်စွာ ဖွင့်လိုက်ကာ ဤဝိညာဉ်ဓားများကို ခုခံရန် ကြိုးစားခဲ့သည်။ သို့သော် ဤဝိညာဉ်ဓားများသည် များလွန်းလှသည်။ အတုအယောင်စိတ်ဝိညာဉ်နယ်ပယ် အင်အားကြီးသူပင်လျှင် ဓားတစ်သောင်းလုံးကို တစ်ချိန်တည်းတွင် အားလုံးကို ခုခံနိုင်ရန် မဖြစ်နိုင်ပေ။
“ရွှီး... ရွှီး... ရွှီး...”
အရာအားလုံးသည် နောက်ကျသွားခဲ့ပြီဖြစ်သည်။
အံ့သြဖွယ်များပြားသော ဝိညာဉ်ဓားများသည် လျင်မြန်စွာ ထိုးဖောက်သွားခဲ့ပြီး ရွှေလင်းယုန်တပ်မတော်ကြီးအား ချက်ချင်းပင် ဖောက်ထွင်းသွားလေသည်။
ထောင်သောင်းချီသော ဓားများသည် ရွှေလင်းယုန်တပ်မတော်ကြီးဆီသို့ မြားသေတ္တာအမြှောက်များမှ ပစ်လွှတ်လိုက်သော မြားများကဲ့သို့ ပြင်းထန်လွန်းသောအရှိန်ဖြင့် ရုတ်တရက် ထိုးဖောက်သွားသည်။ မြန်နှုန်းသည် မိုးကြိုးပစ်သည့်အလား မျက်စိရှေ့တွင် လက်ခနဲမြင်လိုက်ရရုံထက် မပိုချေ။
တစ်ချိန်တည်းမှာပင် ရွှေလင်းယုန်တပ်မတော်ကြီးရှိ ရွှေလင်းယုန်များသည်လည်းကောင်း၊ ၎င်းတို့ပေါ်တွင် စီးနင်းလိုက်ပါလာသော စိတ်ဝိညာဉ်အနှစ်သာရနယ်ပယ် သန်မာသူစစ်သည်များသည်လည်းကောင်း၊ အားလုံး၏ ခန္ခာကိုယ်များသည် ရုတ်တရက်ဆိုသလို ဇကာပေါက်များ ဖြစ်သွားခဲ့ချေပြီ။
ဘာဖြစ်သွားသည်ကို တွေးတောချိန်ပင် မရလိုက်ဘဲ သူတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်းပင် ဇကာပေါက်များ ဖြစ်သွားပြီး အသက်နှင့်ခန္ဓာ အိုးစားကွဲသွားကြသည်။ မိမိတို့ မည်သို့ သေဆုံးသွားခဲ့ရသည်ကိုပင် သိရှိချိန်မရလိုက်အောင် အိပ်မက်ဆန်လွန်းလှသည့် အဖြစ်အပျက်ပင်။
ဓားဖြင့် ဖောက်ထွင်းခံလိုက်ရသူများသည် ချက်ချင်းပင် ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်လာကာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ဤအရေအတွက်သည် လျင်မြန်စွာ တိုးမြင့်လာခဲ့ပြီး ခဏတာအတွင်းမှာပင် ရွှေလင်းယုန်တပ်မတော်၏ ထက်ဝက်ကျော်သည် ရုတ်ချည်းသေဆုံးသွားခဲ့သည်။ လေထဲမှ သွေးများသည် အောက်သို့ စီးကျလာပြီး အနီရောင်ရေတံခွံတစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။
ယီထျန်းယွမ်သည် အတွေ့အကြုံများစွာ ရရှိခဲ့သော်လည်း ၎င်းတို့၏ ကျင့်စဉ်အဆင့်များသည် အလွန်နိမ့်ကျလှသဖြင့် သူ့အတွက်မူ အတွေ့အကြုံများသည် အလွန်နည်းပါးလှသည်။ တစ်ဆယ့်ခြောက်ဆအကျိုးသက်ရောက်မှုကို ထည့်သွင်းပေါင်းစပ်ထားသော်လည်း ရရှိသော အတွေ့အကြုံသည် အနည်းငယ်သာဖြစ်သည်။ သို့သော် မရှိခြင်းထက် ရှိခြင်းက ပိုကောင်းသည်။ ဆန်းကြယ်မုဒ်ကို ဖွင့်ထားရန် လိုအပ်ဆဲဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့ရသော လူအားလုံးသည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား၊ ထို့ထက်ပို၍ နတ်ဆိုးတစ်ပါးကို မြင်လိုက်ရသည့်နှယ်ပင် ယီထျန်းယွမ်ကို ကြည့်ရှုလိုက်ကြသည်။
ဤသည်မှာ မည်သည့်စွမ်းအားမျိုးဖြစ်သနည်း ဝိညာဉ်ဓားတစ်သောင်းကို ထိန်းချုပ်နိုင်သည်တဲ့လား။
အခန်း (၄၂၈) ပြီးပါပြီ။