( ငါ့မျိုးဆက်ကို ထိန်းဖို့အတွက် အရောင်းတစ်ခု!)
Vol. 1 Ch. 1
ကောင်းကင်ပြာ တိုက်ကြီးရှိ တိမ်တိုက်ဝန်းရံ အင်ပါယာလက်အောက်က အကြီးဆုံးမြို့ကြီးတွင်…
လမ်းတစ်လျှောက် လှည့်ပတ်သွားနေကြသည့် မြို့သူမြို့သားများနှင့် မြို့ကြီးသည် အသက်ဝင်လျက် ရှိသည်။ ရွှေဝါရောင် အိမ်ခေါင်မိုးများသည် နေရောင်ကြောင့် တောက်ပြောင်နေ၏။
ဂိုဏ်းအကြီးအကဲများနှင့် အဆင့်မြင့် သခင်လေးများသည် လှည်းအတွင်းမှ လိုက်ပါကြပြီး ဝိညာဥ်သားရဲများက လှည်းဆွဲကြသည်။ ဤခေတ်ရှိ ဝတ်စားဆင်ယင်ပုံသည် ပန်းထိုးကြိုးများဖြင့် တန်ဆာဆင်ကာ ဝတ်ကြ၏။
လမ်းတစ်လျှောက်ရှိ ကျင့်ကြံရေးဂိုဏ်းသားငယ်များသည် သက်ဆိုင်ရာ ဂိုဏ်းဝတ်စုံကိုယ်စီကို သပ်ရပ်စွာ ဝတ်ဆင်ထားကြသည်။ ကျင့်ကြံရေးနည်းနာများ ဆွေးနွေးနေသူ တစ်ချို့ရှိသလို အဆောင်ပစ္စည်း အရောင်းဆိုင်များ၊ လက်နက်ဆိုင်များကို လှည့်ပတ်ကြည့်နေသူများလဲ ရှိသည်။
ဆေးဖက်ဝင် အခါးရည်အနံ့နှင့် ဝိညာဥ်သားရဲကင်နံ့သည် လေထုထဲ ရောယှက် ပျံ့နှံ့နေ၏။ အဆင့်တက်ဖို့ အထောက်အကူပြုသော ဆေးဝါးများ၊ ချီစွမ်းအင် မြှင့်တင်နိုင်သော ဆေးဝါးများ ရောင်းချသည့် ပျံကျဈေးသည်များလဲ ရှိသည်။ ဈေးသည်များ၏ အလုအယက် ရောင်းချမှုကြောင့် လမ်းမကြီးသည် အသက်ဝင်ကာ ဆူညံနေတော့၏။
ဤနေရာသည် ကျင့်ကြံသူများစွာ၏ အနာဂတ် အခွင့်အလမ်းများနှင့် မသေမျိုး ဖြစ်လာနိုင်မည့် လမ်းစကို ရှာဖွေစုဆောင်းရာ နေရာဖြစ်သည်။
သို့ပေမဲ့ ဒီခမ်းနားလှသော မြို့ကြီးရဲ့ လမ်းမကြီးနှင့် အလှမ်းဝေးသော ချောင်တစ်နေရာတွင် လူဝင်ဖို့ ခက်ခဲသည့် လမ်းကြားတစ်ခုရှိသည်။ ထိုလမ်းကြား၏ အဆုံးတွင် ဆိုင်ငယ်လေး တစ်ခု ရှိနေသည်။
အပြင်အဆင်သည် ရိုးရှင်းလှသည်။ မှန်နံရံများနှင့်သာ ကာရံထားပြီး အဝင်ဝရှိ မှန်တံခါးကြောင့် အပြင်ဘက်က သစ်သားအဆောက်အအုံ များနှင့် ကွဲပြားစွာ ထူးကဲတဲ့ ခံစားချက်ကို ပေးစွမ်းနေ၏။
တံခါးပေါက်တွင် ပျင်းရိဟန်ဖြင့် လေနှင်ရာ ယိမ်းနေသော သစ်သားဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။ ထိုဆိုင်းဘုတ်တွင် ရိုးရှင်းသော စကားလုံးတစ်ချို့သာ။
“ အပြိုင်ကမ္ဘာရဲ့ ကုန်စုံဆိုင်”
ဤဆိုင်ငယ်သည် လမ်းမရှိ စားသောက်ကြီးများလို ထည်ဝါမှုတို့ မရှိဘူး။ မြင့်မားသော ဂိုဏ်းအဆောက်အဦးတွေလို ထင်သာမှုမရှိဘူး။ ဘယ်လို တည်ရှိမှုကိုမှ မပေးစွမ်းနေပေ။ တိတ်ဆိတ်ပြီး မပေါ်လွင်သောကြောင့် သတိပြုမိဖို့ ခက်ခဲသည်။
သို့ပေမဲ့ အမြင်စူးရှသူ ဆိုလျှင်တော့ ထူးခြားချက်ကို မလွဲဧကန် ပြောနိုင်မည်သာ။
မှန်နံရံနှင့် မှန်တံခါး၏ အတွင်းဘက်ခြမ်းကို အပြင်မှ မမြင်နိုင်ပေ။ အတွင်းရှိ မီးလုံးတစ်ခု၊ စင်တစ်ခုတောင် မတွေ့ရသလို လူရိပ်တောင် မတွေ့ရဘူး။ တံခါး၏ အတွင်းတွင် ဆိုင်သည် မတည်ရှိနေသကဲ့သို့ပင်။
အတွင်းဘက်ကို မြင်နိုင်သည့် တစ်ခုတည်းသော အရာမှာ တံခါးပေါက်တွင် ကြိုးငယ်နှင့် ချိတ်ထားသည့် ဘုတ်ပြားလေး တစ်ခုဖြစ်သည်။ ထိုဘုတ်ပြားတွင် ‘ပိတ်သည်’ ဆိုသော စာလုံးကို ထွင်းထား၏။
ဆိုင်အတွင်းရှိ လူငယ်တစ်ဦးသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး တံခါးပေါက်ကို လျှောက်လာခဲ့သည်။ သစ်သားဘုတ်ပြား၏ ‘ဖွင့်သည်’ ဆိုသော ဘက်ခြမ်းကို အပြင်ဘက်ကို လှည့်လိုက်သည်။
ထိုလူငယ်သည် 'ဟောင်’ ဖြစ်ပြီး ကမ္ဘာပေါ်က လူသားတစ်ယောက်ပင်။ လွန်ခဲ့သော သုံးရက်ကမှ စတိုးဆိုင်တစ်ခုတွင် အချိန်ပိုင်း လုပ်နေသေးသည်။ ဆိုင်သိမ်းပြီး အိမ်အပြန်တွင် လမ်းဘေးကြောင် တစ်ကောင်ကို ကယ်ပေးရင်းဖြင့် ထိုကြောင်အစား ကားတိုက်ခံလိုက်ရသည်။
တစ်စက္ကန့်အတွင်းမှာပဲ ဟောင်၏ အမြင်အာရုံအတွင်း အလင်းရောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ဟောင် နိုးလာသည့် အချိန်တည်းက ဒီနေရာကို ကူးပြောင်းလာခဲ့တာပင်။ ဤ ကုန်စုံဆိုင်အတွင်း ရောက်နေခဲ့ပြီး ဝတ္ထုတွေထဲကလို စနစ်တစ်ခုနှင့်ပါ ချိတ်ဆက် မိထားသည်။
( ဒါပိုင်ရှင့်ရဲ့ နောက်ဆုံးအခွင့်အရေးနော်။ ဒီနေ့ပါ မရောင်းနိုင်ရင် ပိုင်ရှင့်ရဲ့ အနာဂတ်မျိုးဆက်တွေ အပြီးတိုင် ဖျက်ခံမှာပဲ။ လှလှလေးပြောပေးမယ်။ ဒီနေ့ ဈေးမရောင်းနိုင်ရင် ကိုယ့်ဥကိုယ် ဘိုင်ဘိုင့်ပြလိုက်တော့)
“ သိတယ်သိတယ်။ ငါရောက်တည်းက မင်းနေ့တိုင်းဒါပဲ ပြောနေတာ။ ငါကောင်းကောင်းသိတယ်!”
ပင်မမစ်ရှင်- အသင့်စားခေါက်ဆွဲ တစ်ပွဲရောင်းရန်။ 0/1
ဆုလာဘ်- ပစ္စည်း အသစ်ပွင့်မည်- ကိုလာနဲ့ ကြက်သားအရသာအသင့်စားခေါက်ဆွဲ
( လုပ်ငန်းချိန်ပြီးတာနဲ့ သိုလှောင်ရုံထဲကို ပို့ပေးထားမှာပါ)
အပြစ်ဒဏ်- စနစ်ကို ဆုံးရှုံးရပြီး မျိုးဆက်သစ် ရနိုင်မဲ့အခွင့်အရေး လုံးဝ ပျောက်ဆုံးမည်။
ကန့်သတ်ချိန်- နောက်ထပ် ၁၈ နာရီသာ။
ဟောင် သက်ပြင်းချလိုက်သည်။ ဒီ ကျက်သတုံး စခရင်ကို သူ အကြိမ်ကြိမ် ဖတ်ပြီးသွားပြီ။ သို့ပေမဲ့ အခုထိ သဘောမပေါက်သေးတာ တစ်ခုရှိသည်။
စနစ်ကို ဆုံးရှုံးမည်ဟုတ်လား? ရတယ်၊ ဒါ အဓိပ္ပါယ်ရှိတယ်။
ဒါပေမဲ့ ဘောက်မဲ့ကြောင့် ငါ့ဥကို ငရဲယူဖို့ ကြံနေတာလဲ?
(အဲ့ဒါက ပိုင်ရှင်ကစစ်မှန်တဲ့ ရွေးချယ်ခံဆိုတာ ဆုံးဖြတ်ပေးဖို့ပါဆိုနေ)
ဟောင် သွေးအန်ထွက်မတတ် ဖြစ်သွားသည်။
“ ရွေးချယ်ခံကို ဆုံးဖြတ်တဲ့ ဘယ်လို စောက်ကြိုးနည်း နည်းစနစ်ကြီးလဲ? စောက်ရမ်း အဆင့်မြင့်တဲ့ နတ်တစ်ပါးက ကမ္ဘာမြေအောက်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး
‘ အော် ဟုတ်သား၊ ရွေးချယ်ခံဖြစ်ဖို့ ထိုက်တန်မတန် ကြည့်နေတဲ့အနေနဲ့ ငါ သူ့ဥကို ဖြတ်ဖို့ ခြိမ်းခြောက်ရမယ်’ ဆိုပြီး တွေးခဲ့တယ်လို့ မင်းငါ့လာပြောနေတာလား?”
( ပိုင်ရှင်ရာ စိတ်မပူစမ်းပါနဲ့။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအပြစ်ဒဏ်ပဲ။ ဒါပြီးရင် မစ်ရှင်တွေမှာ ဘာပြစ်ဒဏ်၊ ဘာကန့်သတ်ချက်မှ မရှိတော့ဘူး)
“ အော် ငါ့ဥကို စဥ့်တီတုံးပေါ် တင်ထားပြီးမှ ကောင်းလှပါတယ်လို့ မင်းကလာပြောနေတာလား? အင်း ကောင်းတယ်။ စောက်ရမ်းဆန်းကြယ်တယ်”
ဟောင် ကောင်တာပေါ်ကို ပစ်တင်ကာ မှီလိုက်ပြီး အပြင်ဘက်ကို စိုက်ကြည့်နေလိုက်သည်။
၁၈ နာရီ ကျန်သေးသည်။
အသင့်စား ခေါက်ဆွဲလေးတစ်ပွဲပဲလေ။
တစ်ချက်ကြည့်လိုက်တာနဲ့ကို အသင့်စား ခေါက်ဆွဲတစ်ပွဲလောက် ရောင်းတာက အရမ်းလွယ်မဲ့ပုံ ပေါက်တယ်မလား? ဒါပေမဲ့ ဒီအတွေးက ဈေးကို မမြင်ခင်အထိပဲ။
ဝိညာဥ်ကျောက်တုံးတစ်တုံး။
စနစ်၏ ပြောကြားချက်အရ ကျင့်ကြံရေး လောကတွင် ဝိညာဥ် ကျောက်တုံးတစ်တုံး၏ တန်ကြေးသည် ရွှေဒင်္ဂါး ငါးပြားနှင့် ဆယ်ပြားကြား ရှိသည်။
ရွှေဒင်္ဂါးတစ်ပြားသည် သာမာန် မိသားစု တစ်စု၏ တစ်လစာ နေထိုင်ဖို့ လုံလောက်သည်။ ကျင့်ကြံရေးခေတ်၏ ငွေကြေးသည် ကြေးနီ၊ ငွေ၊ ရွှေ ဟူ၍ သုံးမျိုးခွဲထားပြီး ရွှေဒင်္ဂါးသည် အမြင့်ဆုံးပင်။
သို့ပေမဲ့ ကျင့်ကြံသူတွေအတွက် ဝိညာဥ် ကျောက်တုံးကသာ ငွေကြေးသုံးစွဲမှု အစစ်ဟု ပြောနိုင်သည်။ ကျင့်ကြံစဥ်တွေ၊ အဆင့်မြင့် အရင်းအမြစ် အလယ်အလှယ်တွေ၊ အစီအရင်တွေ ဖန်တီးသော နေရာများတွင်ပင် ဝိညာဥ်ကျောက်တုံးကို အသုံးပြုကြသည်။
ဒီလိုနေရာ ဒီလိုအချိန်တွင် ဟောင်သည် အသင့်စားခေါက်ဆွဲတစ်ပွဲကို ဝိညာဥ်ကျောက်တုံး တစ်တုံးဖြင့် ရောင်းရန်ကြိုးစားနေသည်။
ဟောင် ဆိုင်ငယ်လေးအတွင်း စရောက်စဥ်တွင် စနစ်၏ အမေးကို ဆုံးဖြတ်ချက် ပေးခဲ့ရသည်။
သင့်၏ အပြိုင်ကမ္ဘာကုန်စုံဆိုင် တည်ရှိရန် နေရာကိုရွေးချယ်ပါ။
တစ်- ကျင့်ကြံရေးလောက
နှစ်- ကြယ်ပျံကမ္ဘာ
သေချာပေါက်ကို ကျင့်ကြံရေးလောကကို ချက်ချင်း ရွေးလိုက်တာပေါ့။ ကြယ်ပျံကမ္ဘာသည် စိတ်ဝင်စားဖို့ ကောင်းသည်ဆိုသော်ငြား ကျင့်ကြံရေးဝတ္ထုတွေရဲ့ နှစ်ရှည်ဖန်တစ်ယောက် အနေနှင့် ကိုယ်တိုင် တွေ့ကြုံနိုင်မည့်အခွင့်အရေးကို ဘယ် လက်လွတ်ခံနိုင်မည်နည်း?
ထိုအချိန်က ဟောင် စိတ်ကူးပင် ယဥ်ခဲ့သေးသည်။ ကျင့်ကြံသူ တစ်ယောက်ဖြစ်လာပြီး မြေလျှိုးမိုးပျံလဲ လုပ်နိုင်တော့မည်။ လက်သီးတစ်ချက်နဲ့ တောင်ကို အပိုင်းပိုင်းလုပ်ပစ်နိုင်တော့မည်။
အခုတော့ ကျင့်ကြံရေးလောကကို ဝင်ဖို့ အခွင့်အရေးရခဲ့ပြီ။
……. ကောင်တာအနောက်မှာ ရပ်ပြီး မတန်တဆပေးရတဲ့ အသင့်စားခေါက်ဆွဲ ရောင်းဖို့အတွက်လေ…
ဒီလိုနဲ့ ဟောင်သည် ‘အပြိုင်ကမ္ဘာ ကုန်စုံဆိုင်’ရဲ့ ပိုင်ရှင်ဖြစ်တာ သုံးရက် ရှိသွားခဲ့ပြီ။
လွန်ခဲ့သော နှစ်ရက်အတွင်း ဈေးဝယ်ကြီး သုံးယောက်တောင် ရောက်လာခဲ့သည်။ လွဲမှားမှုမရှိ ထိုသုံးယောက်လုံး အထဲ ရောက်တာနှင့် ချက်ချင်းပြန်ထွက်သွားကြ၏။ ဆိုင်ရှိ တစ်ခုတည်းသော ရောင်းကုန်၏ ခေါင်ခိုက်နေသော ဈေးကို အပြစ်တင် ပြောသွားကြသေး၏။
စနစ်မှ ဟောင်ကို အားလုံးရှင်းပြထားပြီးပြီပင်။ ကုန်စုံဆိုင်ကို ပြင်ဆင်ပြီး ချဲ့ထွင်မှုများ လုပ်ချင်လျှင် မစ်ရှင်များလုပ်ဆောင်ရမည်။ မစ်ရှင်များများပြီးလေလေ၊ ရောင်းကုန် များများ အသစ်ပွင့်လေပဲ။
အလုပ်ကြိုးစားလျှင် ဆိုင်ကိုပါ အဆင့်မြှင့်နိုင်မည်။ အနာဂတ်တွင် တစ်ချို့သော အခြေအနေများကို ဖြည့်တင်းနိုင်မည်ဆိုပါက နားရက်တစ်ရက်လဲ ရနိုင်အုံးမည်။
ဆိုလိုတာက နောက်ဆုံးတော့ ဆိုင်အပြင် ထွက်ပြီး ကျင့်ကြံရေး လောကကို စူးစမ်းနိုင်မည်ပေါ့..
ဒါပေမဲ့ အရင်ဆုံးလုပ်ရမှာက မဖြစ်နိုင်တာတွေပဲ။
အသင့်စားခေါက်ဆွဲ ..တစ်ပွဲ..ရောင်းရမယ်!
နာရီတစ်ချို့သာ ကုန်သွားသည်။ ဈေးဝယ် တစ်ယောက်မှ မရောက်လာသေးပေ။
ကောင်တာအနောက်တွင် မေးထောက် ထိုင်နေရာမှ ဟောင် တစ်ဖြည်းဖြည်း မျက်လုံးများ စင်းကျလာတော့သည်။
‘သွားပါပြီ..ဒီပုံအတိုင်းဆို ငါ့ဥတော့ ဓားစာမိတော့မှာပဲ….’