← Chapters

(ဆိုင်ရှင် မင်းငါ့ကိုလာနောက်နေတာလား)

Vol. 1 Ch. 2

(ဆိုင်ရှင် မင်းငါ့ကိုလာနောက်နေတာလား)

Vol. 1 Ch. 2

ဟောင် အိပ်ပျော်လုဆဲဆဲမှာပဲ ဆိုင်တံခါး ပွင့်လာခဲ့သည်။

တံခါးကြားမှ လေပြေတစ်ချက်ဝင်လာခဲ့ပြီး လတ်ဆတ်သော မြေသင်းနံ့တစ်ချို့ကို မနက်ခင်းနှင်းစက်တို့ရဲ့ ရနံ့နှင့် ရောယှက််သယ်ဆောင်လာသည်။ ဝင်ရောက်လာသောသူသည် ကျက်သရေရှိသော ဟန်ပန်ရှိသည်။ သို့ပေမဲ့ လွတ်လပ်သော အရှိန်အဝါကို သယ်ဆောင်ထားပြီး မနှေးလွန်းမမြန်လွန်းတဲ့ ခြေလှမ်းများနှင့် ဆိုင်အတွင်း ပေါ့ပါးစွာ ဝင်ရောက်လာသည်။

ဝတ်ရုံရှိ အနက်ရောင်ကြိုးမျှင်များသည် ရိုးရှင်းပေမဲ့ အဆင့်အတန်းမြင့်၏။ ထိုသူ၏ ရင်ဘတ်တွင် ဓားပျံပုံသဏ္ဍာန် သင်္ကေတကို ပန်းထိုးထားသည်။

အနက်ရောင် ဆံပင်ရှည်များကို ကြိုးဖြင့် ခပ်လျော့လျော့ စည်းနှောင်ထားမှုကြောင့် ထင်ရှားပြီး ချောမောသော မျက်နှာကို ကောင်းကောင်း ​မြင်နိုင်သည်။

ထိုသူမှာ ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်း၏ အတွင်းတပည့် လင်ယွီကျွင်း ဖြစ်၏။

ကျင့်ကြံရေးပိုင်းတွင် အင်မတန် အရည်အချင်း ရှိနေသည့် အချက်ကလွဲလျှင် လင်ယွီကျွင်းသည် တစ်ခြား ကျင့်ကြံရေးကို စွဲလန်းနေသူတွေလိုမျိုး လပေါင်းများစွာ တံခါးပိတ် မကျင့်ကြံတတ်သလို၊ အဆင့်တက်ဖို့ နောက်ကိုလဲ မလိုက်တတ်ပေ။

ထိုအစား လင်ယွီကျွင်းသည် ခရီးထွက်ရတာကို ပိုသဘောကျသည်။ နေရာသစ်တွေကို စူးစမ်းရှာဖွေရင်း ကိုယ်ပိုင် နေရာလေးအတွင်း ဘဝကြီးကို ပျော်ရွှင်စွာ ဖြတ်သန်း၏။

တစ်ချို့က လင်ယွီကျွင်းကို သိုင်းပါရမီရှင်ဟု ခေါ်ကြသည်။ တစ်ချို့ကတော့ အပျင်းကြီးပြီး အစွမ်းအစကို ဖြုန်းတီးနေသူဟု သမုတ်သည်။

ဟောင် ခေါင်းထောင်ကြည့်လိုက်ပြီး ပျင်းရိစွာ နှုတ်ဆက်လိုက်သည်။

“ ကြိုဆိုပါတယ်”

ထိုတစ်ခွန်းသာ။ အတုအယောင် စိတ်တတ်ကြွမှု တစ်ခုမပြ၊ ဈေးဝယ်ကို အတင်းဆွဲခေါ်ခြင်း တစ်ချက်မရှိပေ။

ဟောင် ဈေးမရောင်းချင်၍ မဟုတ်ပါချေ။ ရောင်းကုန်များကို တက်ကြစွာ ရှင်းပြ ရောင်းချခြင်းကို စနစ်မှ တင်းကြပ်စွာ တားမြစ်ထားလို့ပင်။

ဘာကိုမှ မကြော်ငြာရဘူး။ မမေးပဲ ဘာကိုမှ မရှင်းပြရဘူး။

အမြဲတမ်း ဈေးသည်တွေရဲ့ အတင်း ထိုးရောင်းခြင်းသာ ခံခဲ့ရတာမို့ လင်ယွီကျွင်း ခဏတာ သတိလွတ်သွားသည်။

သို့ပေမဲ့ ဒီလောက်နဲ့တော့ လင်ယွီကျွင်း မဖြုံပါချေ။ ထိုအစား သူ့ရဲ့အကြည့်က တစ်ဆိုင်လုံးကို ဝှေ့သွားခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ဒီနေရာသည် အံ့သြဖို့ကောင်းလောက်အောင် သန့်ရှင်း တောက်ပြောင်နေသည်။

စင်များကို သပ်ရပ်စွာ စီတန်းထားသည်။ အစက်အပျောက်မရှိ ပြောင်ရှင်းနေသော ကြမ်းပြင်နှင့် နွေးထွေးသော အလင်းရောင်ကြားမှာ ဤနေရာသည် ကမ္ဘာပေါ်က တစ်ခြားနေရာတစ်ခုကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေသည်။

ဒီနေရာကို ဖြတ်သွားတိုင်း ထူးဆန်းစွာပင် အတွင်းမှအခြေအနေကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ထိုအချက်ကတင် လင်ယွီကျွင်းရဲ့ သိချင်စိတ်ကို နှိုးဆွ နိုင်ခဲ့သည်။

သို့ပေမဲ့ ပတ်ပတ်လည်ကို ​လှည့်ပတ်ကြည့်ပြီး ခဏအကြာတွင် လင်ယွီကျွင်းရဲ့ ခံစားချက်တို့ ထူးဆန်းလာသည်။

တစ်ခုခုက မှားနေတာပဲ…

ဆိုင်အတွင်းတွင် စင်များစွာ ရှိပေမဲ့ အကုန်လုံး ဗလာကျင်းနေသည်။

တစ်ခုမှလွဲလျှင်..

လင်ယွီကျွင်း အနားသို့ လျှောက်သွားလိုက်သည်။ ဆိုင်တစ်ခုလုံးရှိ တစ်ခုတည်းသော ရောင်းကုန်ကို မျက်လုံးများ မှေးစင်းကာကြည့်လိုက်သည်။

ထူးဆန်းသော ခွက်များကို သပ်ရပ်စွာ စီထားပြီး ခွက်၏အပေါ်တွင် အရောင်စုံသော အရာနှင့် ဖုံးအုပ်ထားသည်။ သူဒါမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး။

အဖုံးပေါ်တွင် စာလုံးတစ်ချို့ကို ရှင်းလင်းစွာ ရေးထားသည်။

“ အသားအရသာ အသင့်စားခေါက်ဆွဲ”

ခွက်၏ အဖုံးပေါ်တွင် ရွှေဝါရောင် ခေါက်ဆွဲဖတ်များ၏ ဘေးမှ အသားလွှာနှင့် အရွက်စိမ်းကို သပ်ရပ်စွာစီထားသော ခေါက်ဆွဲစွတ်ပြုတ်ရည်ပုံ တစ်ခုဆွဲပြထားသည်။

လင်ယွီကျွင်းရဲ့ မေးစေ့တစ်ချက် လှုပ်ရှားသွားသည်။

ဒါက.. စားစရာပေါ့?

ထို့နောက်တွင် သူ့ရဲ့ မျက်လုံးတွေက အောက်ကိုဆက်ဆင်းသွားသည်။

ဈေးနှုန်းနေရာသို့…

လင်ယွီကျင်းရဲ့ မျက်လုံးများသည် ထိုနေရာကို စိုက်ကြည့်နေရာမှ အချိန်တစ်ခုကြာသည်အထိ မရုန်းထွက်နိုင်တော့ဘူး။

တစ်ဖြည်းဖြည်း သူ့ရဲ့မျက်ခုံးများ တွန့်လာသည်။

နှုတ်ခမ်းများလဲ စေးကပ်လာသည်။

နောက်ဆုံးတွင် လင်ယွီကျွင်း ထုတ်မေးလိုက်ရသည်။

“ ဝိညာဥ်ကျောက်တုံးတစ်တုံး?!”

ဟောင် သက်ပြင်းချလိုက်သည်။

လာပြန်ပြီ။

အရှေ့က ဒေါသတကြီးဖြစ်သွားသော ဈေးဝယ်နှစ်ယောက်လိုမျိုး လင်ယွီကျွင်း ချက်ချင်း မထွက်သွားခဲ့ပေ။ ထိုအစား လင်ယွီကျွင်းသည် မျက်မှောင်ကြုတ်ကာ အတွေးများနေဟန်ရှိ၏။

သူ ခေါက်ဆွဲဗူးကို လှမ်းယူပြီး အပေါ်အောက် သေချာကြည့်လိုက်သည်။

အစားအသောက်လေးတစ်ခုကို ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးရတယ် ဆိုတာ သေချာပေါက် မှားယွင်းတာပဲ။ အမှားတစ်ခုဖြစ်နေလျှင် လင်ယွီကျွင်း အဖေဖြစ်သူကို တင်ပြလိုက်လို့ရသည်။

လင်ယွီကျွင်း၏ ဖခင်သည် အကြီးဆုံးမြို့တော်၏ တရားရေးရာ အဖွဲ့သား လင်းထျန်ဟန်ဖြစ်သည်။ အရောင်းအဝယ် မှန်ကန်ရေးနှင့် ကုန်သည်များ လှည့်စားမှုမပြုရေးကို စောင့်ကြည့်ဖို့ တာဝန်ရှိသူပင်။

လင်ယွီကျွင်းသည် တိုင်းပြည်ရေးကို ဝင်ပါတတ်သော လူမဟုတ်သော်ငြား သူ့ထံတွင် တရားမျှတစိတ် ရှိသေးသည်။

ဝိညာဥ်ကျောက်တုံးတစ်တုံးသည် ရှားပါ ဆေးပင် တစ်ပင် ဝယ်ဖို့လုံလောက်သည်! တစ်ယောက်ယောက် လိမ်ခံရတော့မည့် အဖြစ်ကို ကြိုမြင်ပါလျက်နှင့် သူ လှည့်မထွက်သွားနိုင်ဘူး။

ထို့ကြောင့် လင်ယွီကျွင်း ခွက်ကိုမကာ အလေးချိန်ကြည့် လိုက်သည်။ ခွက်က တော်တော်လေး ပေါ့တာပင်။

အကျင့်ပါနေသည့်အတိုင်း ခွက်အတွင်းကို ချီစွမ်းအင်တစ်ချို့ ပေါင်းထည့်လိုက်ပြီး ပါဝင်ပစ္စည်းကို စူးစမ်းဖို့ ကြိုးစားလို​က်သည်။

…..ဘာမှမရှိဘူး။

လင်ယွီကျွင်း ပိုပြီး မျက်မှောင်ကြုတ်လာသည်။ ချီစွမ်းအင် တုံ့ပြန်မှုတစ်ခုမှ မခံစားလိုက်ရဘူး။ ဘယ်လို ရှားပါး ပါဝင်ပစ္စည်းကိုမှ အာရုံမခံမိသလို ဘယ်လို ဖုံးကွယ်ထားသော အစီအရင်မှ မရှိဘူး။

ခွက်ကိုင်ထားရင်း လင်ယွီကျွင်း ကောင်တာကို လျှောက်လာကာ ဟောင် နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ ဆိုင်ရှင် ဒီဟာက အစားအသောက် မှန်ပါတယ်နော့?”

ဟောင် တစ်ချက် ကြည့်လိုက်သည်။

“ အင်း အဲ့ဒါ ခေါက်ဆွဲပဲ”

လင်ယွီကျွင်း ခွက်ကို ခေါက်လိုက်ပြီး

“ ဒါဆို ဘာလို့အရမ်းဈေးကြီးနေတာလဲ? အထူးပါဝင်ပစ္စည်းတွေ ပါ​နေလို့လား? ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလို့လား?”

ဟောင် ရပ်သွားသည်။

ခဏအကြာတွင် ဟောင် တည်တံ့စွာ ခေါင်းညိတ်လိုက်သည်။

“ ဒါက အရမ်းစားကောင်းတယ်”

လင်ယွီကျွင်း, “....”

အချိန်တစ်ခဏလောက်အထိ ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဟောင်သည် ရုပ်တည်ကို မပြောင်းမလဲ ထိန်းထားဆဲပင်။

လင်ယွီကျွင်းရဲ့ နှုတ်ခမ်းတွေ တွန့်လာသည်။ ဒီဆိုင်ရှင် လာနောက်နေတာလား?

လင်ယွီကျွင်း အသက်ဝဝ တစ်ချက်ရှုသွင်းပြီး ထထွက်သွားချင်စိတ်ကို ဖိနှိပ်လိုက််သည်။

ထားတော့။ ကျောက်တုံးတစ်တုံးလေးပဲကို။

ဂိုဏ်းတာဝန်တွေကို ဆောင်ရွက်ရာကနေ သိမ်းထားတာ ဝိညာဥ်ကျောက်တုံး တစ်ချို့ရှိသေးသည်မို့ သူ့ အခြေအနေက ငမွဲအဆင့်မဟုတ်သေးဘူး။ ဒီ ပစ္စည်းရဲ့ ဈေးက အဘယ်ကြောင့် အရမ်း မြင့်နေလဲ သူ သိချင်သေးသည်။

“ ငါဝယ်မယ် ဆိုင်ရှင်”

ဟောင် မျက်ခုံးတစ်ဖက် ပင့်သွားသည်။ တစ်ကယ်ကြီး ရောင်းထွက်သွားမယ် မထင်ခဲ့မိဘူး။

မျက်နှာတစ်ချက် မပြောင်းဘဲ နံရံပေါ်က ဘုတ်ပြားကိုသာ ဟောင် လက်ညိုးထိုးပြလိုက်သည်။

“ သေချာလား?”

ဟောင်ရဲ့ လက်ညိုးကို လင်ယွီကျွင်း လိုက်ကြည့်လိုက်သည်။

စည်းကမ်းနံပါတ်နှစ်- ငွေမအမ်းပါ၊ ပစ္စည်းပြန်မအမ်းပါ။ ဝယ်ပြီးတာနဲ့ ပစ္စည်းသည် ဈေးဝယ်နဲ့ သက်ဆိုင်သွားပါပြီ။ ကောင်းကင်ဘုံကနေ ဆိုရင်တောင် ပြန်အမ်းပေးမှာ မဟုတ်ဘူး။

စကားလုံးများသည် ရိုးရှင်းသည်။ သို့ပေမဲ့ လင်ယွီကျွင်း ပိုပြီးကြည့်မိလေလေ၊ မဖြစ်နိုင်စရာတစ်ခုလိုမျိုး ပိုမြင်မိလာလေလေပဲ။

ဘာကိစ္စ သူ အစားအသောက် ဝယ်နေသလို မခံစားရဘဲ သေရေးရှင်ရေး စာချုပ်ချုပ်နေရသလို ခံစားနေရတာလဲ?

ဒါပေမဲ့ စိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ပြန်မပြောင်းဘူး။

“ ကောင်းပြီ ဆိုင်ရှင်.. ငါ့ပိုက်ဆံယူလိုက်”

ဟောင် ခေါက်ဆွဲဗူးကို ယူလိုက်ပြီး ကောင်တာဘေးက သေတ္တာအမဲလေးဘေးကို သွားလိုက်သည်။ တိတ်ဆိတ်နေသော ဆိုင်အတွင်းတွင် ‘ဘိ’ ဆိုတဲ့ တိုးဖျော့ဖျော့ အသံတစ်ခု ထွက်ပေါ်လာသည်။

ငွေပေးချေခြင်းပြီးမြှောက်ပြီ။

ထို့နောက်တွင် စိုက်ကြည့်နေသော လင်ယွီကျွင်းကို ခေါက်ဆွဲဗူးပေးလိုက်သည်။

“ ဆိုင်ရှင်… ငါက ဘယ်လိုစားရမှာလဲ?”

ဒီမေးခွန်းကို ဟောင် စောင့်နေခဲ့တာပင်။ ထို့နောက်တွင် ဆိုင်ထောင့်ရှိ စက်တစ်ခုကို ဟောင် လက်ညိုးထိုးပြလိုက်သည်။

ထိုရှည်လျားလျား အရာကြီးသည် သတ္ထုနဲ့ ဖန်တီးထားပြီး ချောမွေ့ကာ ရောင်ပြန်ဟပ်နေသော မျက်နှာပြင် ရှိသည်။ အရှေ့ပိုင်းတွင် ချိုင့်တစ်ခုရှိသည်။ ချိုင့်၏ အပြားကြမ်းပြင်ပေါ်တွင် ခပ်ဝိုင်းဝိုင်း သဏ္ဍာန် အပေါ်ကိုတက်နေသော ထုငယ်လေးတွေ ပါရှိသည်။ ခွက်တင်ရမည့်နေရာဖြစ်ပုံပင်။

“ တွေ့လား? အဲ့ဒါရေထည့်စက်ပဲ။ အဲ့ဒီကို သွားလိုက်ပါ!”

‘ ရေထည့်စက်?’

လင်ယွီကျွင်း တစ်ခါမှ မကြားဖူးခဲ့ဘူး။ သို့ပေမဲ့ သူ ထိုအရာကြီးအနားကို လျှောက်သွားလိုက်သည်။

All Chapters