(အသားအရသာ ခေါက်ဆွဲ)
Vol. 1 Ch. 3
ဟောင် အနောက်က လိုက်သွားလိုက်သည်။
“ ခေါက်ဆွဲဗူး အဖုံးကို တစ်ဝက်လောက် ဖွင့်ပြီးရင် ဒီအဝိုင်းပေါ်တင်ရမယ်။ ကျန်တာကို ရေထည့်စက်က လုပ်ပေး သွားလိမ့်မယ်”
ညွှန်ကြားချက်အတိုင်း လင်ယွီကျွင်း လိုက်လုပ်လိုက်သည်။ ရေနွေးပူများ ခေါက်ဆွဲဗူးထဲကို ကျလာခဲ့သည်။ တဆက်ထဲ လင်ယွီကျွင်းရဲ့ မျက်လုံးများသည် အံ့သြမှုကြောင့် လင်းသွားသည်။
ဒီအရာက အထူးပြုထားတဲ့ လက်မှုပစ္စည်းပေါ့?
ရေထည့်စက်ရဲ့ ရေထည့်တာ ပြီးမည့်အချိန်ကို စောင့်ပြီးနောက်မှ ဟောင် စကားပြောလိုက်သည်။
“ ရေထည့်ပြီးရင် အဖုံးပြန်ဖုံးပြီး တူတစ်စုံ ယူလိုက်ပါ။ တူက ဟိုပေါ်မှာ”
ရေထည့်စက်ဘေးရှိ သပ်ရပ်စွာ စီထားသော ဘူးခွက်လေးကို ဟောင် လက်ညိုးထိုးပြလိုက်သည်။
လင်ယွီကျွင်း တူတစ်စုံယူလိုက်ကာ ဟောင်ကို လှည့်ကြည့်လိုက်သည်။
“ အခု ဘာလုပ်ရမှာလဲ?”
“ ထောင့်ကခုံမှာ ထိုင်လိုက်ပါ။ အဖုံးပေါ် တူတင်လိုက်ပြီး လက်နဲ့ဖိထားလိုက်။ ပြီးရင် သုံးမိနစ်စောင့်ရမယ်”
လင်ယွီကျွင်း ပြောသည့်အတိုင်း ထိုင်လိုက်ပြီး အဖုံးပေါ်သို့ တူကို ဂရုတစိုက် တင်လိုက်သည်။
“ စောင့်ပြီးရင် အမှုန့်နဲ့ ခေါက်ဆွဲကို ရောသွားအောင် မွှေလိုက်။ ပြီးရင် စားလို့ရပြီ”
“ ဒါပဲလား?”
“ဒါပဲ”
မျက်စိတစ်မှိတ်အတွင်းပဲ သုံးမိနစ် ကုန်သွား ခဲ့သည်။
လင်ယွီကျွင်း အဖုံးဖွင့်လိုက်သည်။ ချက်ချင်းပဲ အမွှေးနံ့တစ်ခုက လှိုင်ထွက်လာကာ လင်ယွီကျွင်းရဲ့ ပတ်ပတ်လည်ကို မမြင်နိုင်သော အငွေ့လှိုင်းများ ယစ်ပတ်သွားသည်။ လင်ယွီကျွင်းရဲ့ အသက်ရှုသံ တစ်ချက်တွန့်သွားခဲ့သည်။
ဒီအနံ့က အရမ်းအံ့သြဖွယ် ကောင်းတာပဲ။ ခေါက်ဆွဲရည်ထဲက နစ်မြုပ်ပါဝင်နေသော အမဲသားနံ့မွှေးမွှေးလေးသည် ကြိုင်လှိုင်နေပြီး အရွက်ရဲ့ ချိုမြသော ရနံ့နှင့် ရောထွေးနေသည်။ လင်ယွီကျွင်း သတိမထားမိခင်မှာပဲ ပါးစပ်ထဲ တံတွေးတို့ ပြည့်သွားသည်။
ထို့နောက်တွင် ချီစွမ်းအင်နံ့ ဖျော့ဖျော့လေးသည် ခေါက်ဆွဲဗူးမှ ပျံ့နှံ့ လာခဲ့သည်။
လင်ယွီကျွင်းရဲ့ မျက်လုံးများ စူးရှသွားသည်။ ချီစွမ်းအင်ကို အခုမှ သူ အာရုံခံမိတာပင်။
'ဒါ သာမာန်အစားအသောက် မဟုတ်ဘူး။’
ခေါက်ဆွဲရည်ထဲမှာ ချီစွမ်းအင်တွေ ပါဝင်နေပြီး တစ်စက္ကန့်ကြာတိုင်း ချီစွမ်းအင် အနံ့က ပိုပိုပြီး သိပ်သည်းလာသည်။
တုံ့ဆိုင်းမှုမရှိဘဲ လင်ယွီကျွင်း အဖုံးတစ်ခုလုံးကို ဆွဲခွာပစ်လိုက်ပြီး တူနှင့် ခေါက်ဆွဲကိုမွှေလိုက်သည်။ ရွှေရောင် ခေါက်ဆွဲပြုတ်ရည်များ အနည်းငယ် လှိုင်းထသွားမှုနှင့်အတူ ပိုပြင်းထန်သော မွှေးရနံ့တို့ စိမ့်ထွက်လာသည်။ အသားလွှာများသည် နူးညံ့လွန်းသောကြောင့် ဟင်းရည်ထဲ ပျော်ဝင်တော့မတတ်ပင်။
အစိမ်းရောင် ကြက်သွန်မြိတ်ဖတ်လေးများသည် ဂျုံခေါက်ဆွဲ ဖြူဖြူများကြားတွင် ပေါလောမြောနေသည်။တူတစ်ချက် လှုပ်ရှားလိုက်လို့ ဟင်းရည်များ လှုပ်သွားတိုင်း တံတွေးယိုစေလောက်သော မွှေးရနံ့က လေထဲ ပျံ့ပျံ့လာသည်။
ထူးဆန်းစွာပင် လင်ယွီကျွင်း ပိုပြီးမွှေလေလေ ချီစွမ်းအင်ပါဝင်မှုက ပိုသိပ်သည်းလာ သလို ခံစားရသည်။
လင်ယွီကျွင်း ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ တူဖြင့် ခေါက်ဆွဲကို ယူကာ တစ်လုပ် မြည်းလိုက်သည်။
ခေါက်ဆွဲဖတ်နှင့် လျှာနှင့် ထိတွေ့သော တစ်ခဏမှာ လင်ယွီကျွင်းရဲ့ ဦးနှောက်ထဲ ဗလာကျင်းသွားသည်။
နူးအိနေသော ခေါက်ဆွဲဖတ်တွင် ဟင်းရည်ရဲ့ မွှေးပျံ့သော ရနံ့နှင့် အရသာတို့ ပြီးပြည့်စုံစွာ စိမ့်ဝင်နေသည်။ အသားဖတ်သည် အချိန်အကြာကြီး နှပ်ထားခြင်းခံရသကဲ့သို့ အနှစ်အရသာ ပြည့်စုံသည်။ အသားဖတ်ရဲ့ နူးညံ့မှုက ပျော့အိအိ ခေါက်ဆွဲဖတ်ကြားမှာ ပျော်ဝင်ရောနှောသွားသည်။
အရွက်စိမ်းထဲပင် ဟင်းရည်ရဲ့ အနှစ်များ စိမ့်ဝင်နေသောကြောင့် အရသာရှိလှသည်။
ထို့အပြင် တစ်ကိုက်စားလိုက်တိုင်း ချီစွမ်းအင်သည် လင်ယွီကျွင်းရဲ့ ကိုယ်တွင်းသို့ စီးဆင်းသွားသည်။ နွေးထွေးပြီး အာဟာရရှိသည့်အပြင် မယုံနိုင်လောက်အောင် သန့်စင်မှုရှိသည်။
လင်ယွီကျွင်း ခေါင်းထဲမှာ ဘာကိုမှ မတွေးနိုင်တော့ပေ။
ခေါက်ဆွဲဖတ်များကို ပါးစပ်ထဲ ဆက်တိုက် ထိုးသွင်းပြီး ဟင်းရည်ကို မော့သောက်သည်။ ခေါက်ဆွဲရဲ့ အပူကလဲ လင်ယွီကျွင်းကို မနှောက်ယှက် နိုင်တော့ဘူး။ ဘာကိုမှ ဂရုမစိုက်တော့သလို စကားတစ်ခွန်းတောင် မပြောလာတော့ဘူး။ အလုပ်တိုင်းကို ပါးစပ်အပြည့်ထိုးသွတ်ရင်း ရိုးရိုးရှင်းရှင်း စားသောက်နေလေ၏။
တစ်ခဏအတွင်းမှာပင် ခွက်တစ်ခုလုံး ပြောင်သလင်းခါသွားသည်။
ထို့နောက်တွင် လင်ယွီကျွင်းရဲ့ အသက်ရှုသံက နှေးကွေးသွားပြီး မျက်လုံးများ ချက်ချင်း မှိတ်ကျသွားသည်။
ခန္ဓာတစ်ခုလုံးက မလှုပ်မယှက် ထိုအတိုင်းပင်။
ဟောင် မျက်တောင် ခတ်သွားသည်။
“ ဝေ့.. ဒီလူ ကောင်းလွန်းလို့ မေ့လဲသွားတာလို့ မပြောနဲ့နော်?”
( ပိုင်ရှင်ရေ သူက မေ့တာမဟုတ်ဘူး။ အလင်းပွင့်တဲ့အခြေအနေ ကြုံနေရတာ။ ဒီ အသင့်စားခေါက်ဆွဲက အလင်းပွင့်စေနိုင်တဲ့ ဆေးလုံးလိုပဲ။ ဒါပေမဲ့ ဒါကပိုအကျိုးရှိတယ်)
“ အလင်းပွင့်တယ်?”
“ ဘယ်လိုလုပ်ပြီးလဲ?”
“ ငါ ဒီရက်ထဲ ဒါစားပြီးပဲ အသက်ဆက်နေတာ မဟုတ်ဘူးလား? င့ါကျဘာလို့အလင်းမပွင့် တာလဲ?”
ခေါက်ဆွဲဗူးက လုံးဝ စားကောင်းတာမှန်သည်။ ကမ္ဘာပေါ်က ကြယ်ငါးပွင့်ရှိတဲ့ မိုင်ချယ်လင်းရဲ့ ခေါက်ဆွဲထက်ပင် အများကြီး စားကောင်းသည်။
ဒါပေမဲ့ အလင်းပွင့်တယ်တဲ့လား?
လင်ယွီကျွင်းရဲ့ လက်ထဲက ခေါက်ဆွဲဗူးလွတ်ကို ဟောင် ငုံ့ကြည့်လိုက်သည်။
“... ဒါက အသင့်စားခေါက်ဆွဲပဲ မဟုတ်ဘူးလား?”
( ပိုင်ရှင်ရဲ့ ကျင့်ကြံရေး သွေးကြောက လုံးဝကို ပိတ်ခံထားရတာလေ။ ခေါက်ဆွဲကနေ ချီစွမ်းအင် စုပ်ယူချင်တာလား? ဘာတွေမျှော်လင့် နေတာလဲ?)
“ ဒီတော့ မင်းပြောချင်တာ ငါက ဒီတစ်ချိန်လုံး ထိပ်သီးအစားအသောက်ကိုတော့ စားနေခဲ့တယ်။ ဒါပေမဲ့ ငါ စားသမျှက လုံးဝ ထိုင်ဖြုန်းတီးနေတာပဲလို့လား?”
(အတိအကျပဲ)
“...”
“ ဒါဆို ငါ့ရဲ့ သိုင်းသွေးကြောကို ဖွင့်ရင်ကော?”
( ပိုင်ရှင်မှာ အထူးခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ်။ သိုင်းသွေးကြော ဖွင့်ဖို့က လက်တွေ့မှာ မဖြစ်နိုင်ဘူး။ မစ်ရှင်တွေ အများကြီးပြီးသွားပြီး စနစ်ကို အဆင့်မြှင့်နိုင်ရင်တော့ ဖွင့်လို့ရမယ်)
ဟောင်ရဲ့ မျက်လုံးတွေ ချက်ချင်းပဲ လက်သွားသည်။
ကျင့်ကြံရေးလောကထဲ ဝင်ဖို့ အခွင့်အရေး ရှိသေးတာပဲမလား?
ဟောင် ချက်ချင်းပဲ ခံစားချက် ကောင်းသွားသည်။ အခုအနေနဲ့ ချီစွမ်းအင် မစုပ်ယူနိုင်သေးရင်တောင်မှ အနာဂတ်မှာ နည်းလမ်းရှိသေးတာပဲ။ ဟောင် စောဒက မတတ်တော့ပေ။
ကျောက်ဖြစ်ရုပ်ကျွင်းလိုမျိုး တောင့်ခဲနေသော လင်ယွီကျွင်းကို ဟောင် လှမ်းကြည့်လိုက်သည်။
တစ်မိနစ် ကြာသွားသည်။ ထို့နောက် နောက်ထပ် တစ်မိနစ် ကုန်သွားပြန်သည်။
ဘာမှ မထူးခြားသေးဘူး။
ဟောင် လက်ပိုက်ပြီး နည်းနည်း ထပ်စောင့်ကာ စိုက်ကြည့်သေးသည်။ ဘာမှ မပြောင်းလဲ သေးဘူး။
စိတ်ဝင်စားမှု ပျောက်သွားပြီး ကောင်တာကိုပဲ ပြန်သွားလိုက်တော့သည်။ သူ အလုပ်လုပ်ဖို့ ဆိုင်တစ်ခုရှိသေးသည်။
ပင်မမစ်ရှင်- အသင့်စားခေါက်ဆွဲ တစ်ပွဲရောင်းရန် 1/1
ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်; ကိုလာနှင့် ကြက်သားအရသာ အသင့်စားခေါက်ဆွဲ။
( အလုပ်ချိန်ပြီးလျှင် ဂိုထောင်ကို ပို့ပေးထားပါ့မည်)
လက်ရှိအခြေအနေ- မစ်ရှင်ပြီးမြှောက်ပြီ! ဆုလာဘ်ကို အခုပဲယူမည်လား?
ဟောင် ကယ်တင်ခံလိုက်ရပြီ။
နောက်ဆုံးတော့ ငါ့ဥလေး လွတ်မြောက်ပြီ။
နောက်ဆုံးတော့ ငါ့မျိုးဆက်တွေ ရှင်သန်ပြီ။
သူသာ မစ်ရှင် မအောင်မြင်ခဲ့လို့ကတော့….
တွေးကြည့်ရုံနှင့်တင် ဟောင် ခြေထောက်များ ချက်ချင်းပဲ ပျော့ခွေသွားသည်။
ဟောင် စခရင်ပေါ်ရှိ ‘ယူမည်’ ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။
ဆုလာဘ် ရယူပါပြီ!
ဟောင် ဦးစွာ သက်ပြင်းတစ်ချက်လိုက်သည်။ စိတ်သက်သာ သွားမှုကြောင့် အခုပဲ ပြုံးနိုင်တော့သည်။
အမဲသားအရသာ ခေါက်ဆွဲက အလွန်အရသာရှိတာမှန်ပေမဲ့ နေ့တိုင်း တစ်မျိုးထဲကိုပဲ ဆက်တိုက်စားနေရတာလေ။ အကောင်းဆုံး အစားအသောက်ဆိုရင်တောင် နေ့တိုင်းစားရင် အီမှာပဲ။ အရသာ အသစ်ပွင့်တော့မဲ့အချက်က ကောင်းချီ တစ်ခုလို့ပြောရမယ်။
ပြီးတော့ ကိုကာကိုလာကော ပွင့်အုံးမှာ!
ဟောင် ဆိုဒါ မသောက်ခဲ့ရတာ နှစ်ချီနေပြီ။ တစ်ငုံသောက်လိုက်တာနှင့် စူးရှတဲ့အအေးဓာတ်နဲ့ လည်ချောင်းနဲ့ လာထိလိမ့်မည်။ တွေးလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားသည်။
( ပိုင်ရှင်၊ မစ်ရှင်အသစ်တွေ ပေါ်လာပြီ။ အရင်က ပြောခဲ့တဲ့အတိုင်းပဲ ဘာပြစ်ဒဏ်၊ ဘာကန့်သတ်ချိန်မှ မရှိတော့ပါဘူး။ ရွေးချယ်ခံ ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်!)
ဟောင် စခရင်ကို ကြည့်လိုက်သည်။
ပင်မမစ်ရှင်- အသင့်စားခေါက်ဆွဲ ဗူးနှစ်ဆယ် ရောင်းရန် 0/20
ဆုလာဘ်- ရောင်းကုန်အသစ်များပွင့်မည်; အမဲအသားအရသာခေါက်ဆွဲအစပ်နှင့် ကြက်သားအရသာ ခေါက်ဆွဲအစပ်။
( အလုပ်ချိန်ပြီးလျှင် ဂိုထောင်ရုံသို့ ပို့ပေးထားပါမည်)
အရန်မစ်ရှင် တစ်- ကိုလာရောင်းပြီး ဝိညာဥ်ကျောက်တုံး သုံးဆယ် စုဆောင်းရန်။ 0/30
ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်; သံပုရာဂတ်စ်ဖျော်ရည်။
(အလုပ်ချိန်ပြီးလျှင် ဂိုထောင်သို့ ပို့ပေးထားပါ့မည်)
အရန်မစ်ရှင် နှစ်- ပထမဆုံး အကူငှားရန်။ အကုန်လုံးကို တစ်ယောက်ထဲ လုပ်မလို့ တွေးနေတာတော့ မဟုတ်ဘူးမလား? 0/1
လိုအပ်ချက်- အကူသည် အနိမ့်ဆုံး ကောင်းကင်ဘုရင်နယ်ပယ်နှင့် အထက် ရှိရမည်။ လိုအပ်ချက်နှင့် ကိုက်ညီသူကို သတ်မှတ်ဧရိယာအတွင်း တွေ့လျှင် စနစ်မှ ချက်ချင်းပဲ အသိပေးမည်။
ဆုလာဘ်- ဆိုင်ခန်းချဲ့ထွင်ခြင်း။ သုံးထပ်မြှောက် ပွင့်ပြီး ဆိုင်ရှင်ရဲ့ ကိုယ်ပိုင်းအခန်း ရလာမည်။ ဒုတိယထပ်သည် အကူအလုပ်သမားအတွက် ဖြစ်သည်။
“ ဝန်ထမ်းအကူခန့်ရမယ်?”
( ဟုတ်တယ်။ ဆိုင်ရှင်တစ်နေ့လုံး မနားဘဲ အလုပ်လုပ်လို့ရပေမဲ့ အဲ့ဒါက ပိုင်ရှင်ရဲ့ သေမျိုးခန္ဓာကိုယ်ကို ပင်ပန်းစေလိမ့်မယ်။ အကူ ငှားလိုက်တာက အလုပ်ပမာဏကို ပေါ့ပါးစေပြီး ဆိုင်ကို ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့ အထောက်အကူပြုနိုင်တယ်)
“ ဒီလိုဆို ငါက အနောက်မှာ ထိုင်ပြီးပဲ ညွှန်ကြားရပြီး သူတို့က တစ်နေကုန် အလုပ်လုပ်နေမှာပေါ့?”
( သေချာပေါက် ဘယ်ဟုတ်မလဲ? အလုပ်သမားက လိုအပ်ချိန်မှာ ကူညီပြီး လုပ်ကိုင်ပေးဖို့ ရှိနေတာပါ။ လိုအပ်လာတဲ့ ညဘက်မျိုးဆိုသူတို့က ကောင်းကောင်း ခန့်ခွဲ ပေးနိုင်တယ်။ ပိုင်ရှင်အေးဆေး အိပ်နေလို့ရတယ်)