← Chapters

( ငါ ကျောက်တုံး ဆယ်တုံးပေးမယ်)

Vol. 1 Ch. 4

( ငါ ကျောက်တုံး ဆယ်တုံးပေးမယ်)

Vol. 1 Ch. 4

ဟောင် ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူက ဘာမှ မလုပ်ဘဲ ထိုင်နေချိန်မှာ ဆုလာဘ်တွေ ရနေမည်ဆိုလျှင် အဓိပ္ပါယ် မရှိတော့ဘူးမလား? ဒီဆိုင်ကို လည်ပတ်စေဖို့ သူ ပါဝင်လှု​ပ်ရှားရအုံးမည်။

ထို့အပြင် ဒီဆိုင်သည် စတိုးဆိုင် မဟုတ်ပါလော။ နေ့ဘက်ပဲ ဖွင့်သည်ထက် ညဘက်ပါ ဖွင့်တာက စီးပွားရေးကို ပိုလည်ပတ်စေလိမ့်မည်။

ဆိုင်စဖွင့်သည့်ရက်မှစ၍ ဒီနေ့အထိ ရှေ့နှစ်ရ​က်လုံးတွင် ည ၁၁ ထိုးတာနှင့် ဟောင် ဆိုင်သိမ်းခဲ့၏။ နှစ်ရက်လုံးတွင် အရောင်းအဝယ် အင်မတန်ပါးသည်။

အလုပ်ပါးသည် ဆိုသော်ငြား တစ်နေကုန် ဆိုင်တွင် ငုတ်တုတ်ထိုင်ရခြင်းကလဲ လူကို ပင်ပန်းစေပါ၏။ လုပ်စရာမရှိခြင်းကြောင့် ပျင်းရိမှုက ပိုပင်ပန်းစေခြင်းလဲ ဖြစ်တန်ရာ၏။

ထို့နောက်တွင် ဟောင်၏ အာရုံသည် စခရင်ထက်ကို ပြန်ရောက်သွားသည်။

ခေါက်ဆွဲ ဗူး နှစ်ဆယ် ရောင်းရမည်။

ကိုလာ ခွက်သုံးဆယ် ရောင်းရမည်။

ဟောင် အသက်တစ်ချက် ရှုသွင်းလို​က်သည်။

ခေါက်ဆွဲလေးတစ်ဗူး ရောင်းနိုင်ဖို့ အချိန်သုံးရက် ယူခဲ့ရ၏။ အခုလို ချောင်ကျကျနေရာမှာ ခေါက်ဆွဲဗူးသုံးဆယ်တောင် ဘယ်လိုလုပ် ရောင်းရမလဲ? မစ်ရှင်ပြီးမြှောက်ဖို့အတွက် ထိုင်စောင့်နေရုံအပြင် မတတ်နိုင်တော့ဘူး။

အနည်းဆုံးတော့ ဒီတစ်ခေါက်မစ်ရှင်မှာ ပြစ်ဒဏ်မရှိတော့ပေ။ သို့ကြောင့် ဘဝရဲ့အရေးကြီး အစိတ်အပိုင်းလေး ဆုံးရှုံးမှာ ကြောက်ဖို့ မလိုတော့ဘူး။

ဒီလိုနဲ့နာရီဝက် ကုန်သွားခဲ့သည်။

ဈေးဝယ် တစ်ယောက်မှ မဝင်လာခဲ့ဘူး။

ဟောင် တစ်ယောက် ကောင်တာကို မှီနေရင်း ကောင်တာ မျက်နှာပြင်ကို လက်ဆစ်ဖြင့် ခေါက်နေသည်။

ကျင့်ကြံရေးလောကမှာ စတိုးဆိုင်ဖွင့်ရတာ ထင်သလောက် ပျော်ဖို့မကောင်းဘူးပဲ။

နောက်ဆုံးတွင် လင်ယွီကျွင်း လှုပ်ရှားလာသည်။မျက်လုံးများ ဖြည်းညင်းစွာဖွင့်လာပြီး သူ့ရဲ့ မျက်နှာထားသည် တည်ငြိမ်နေခဲ့သည်။ ကျင့်ကြံသူတစ်ယောက်သာ အနီးကပ်ကြည့်လိုက်လျှင် လင်ယွီကျွင်းရဲ့ ပြောင်းလဲသွားမှုကို သေချာပေါက် တွေ့နိုင်မည်။

သူ့ရဲ့အရှိန်အဝါသည် ပိုသန်မာလာခဲ့သည်။

စိတ်အတွင်း၌ တည်ငြိမ်မှုအပြင် တစ်ခြား မရှိတော့ချေ။

“ ငါအခု ဘယ်လိုဖြစ်သွားတာလဲ? ဒါ ခေါက်ဆွဲကြောင့်လား?”

လင်ယွီကျွင်း လက်သီးခပ်ဖွဖွ ဆုတ်ကြည့်လိုက်ပြီး လက်အတွင်း စီးဆင်းနေသော ချီစွမ်းအင်ကို ခံစားလိုက်သည်။

‘ ငါ သိုင်းသူတော်စင်နယ်ပယ်ရဲ့ အဆင့်၄ ကို ရောက်သွားရုံတင်မကဘဲ ဓားရည်ရွယ်ချက်ကို အန​ည်းငယ် ဖမ်းဆုတ်နိုင်သွားပြီ’

လင်ယွီကျွင်းရဲ့ နှလုံးက ဆောင့်ခုန်သွားသည်။ ဒါဟာ သာမာန်တိုးတက်မှု မဟုတ်ဘူး။ ကျင့်ကြံသူ တစ်ယောက်အနေနှင့် ဓားရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ နှစ်များစွာ ကြိုးစားရသည်။

ဒါပေမဲ့ သူက အတွင်းသဘောကို နားလည်သွားခဲ့ပြီ…. အသင့်စားခေါက်ဆွဲ တစ်ပွဲကနေလေ?

လင်ယွီကျွင်း သူ့လက်ထဲက ခေါက်ဆွဲဗူး အလွတ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင် ကောင်တာအနောက်က ဟောင်ကို ပြန်ကြည့်လိုက်သည်။

ယာယီ တိတ်ဆိတ်မှုအပြီးမှာ လင်ယွီကျွင်း နောက်ဆုံးတော့ မေးလိုက်သည်။

“ ဆိုင်ရှင် ငါ့ကို အလင်းပွင့်အောင် လုပ်ပေးသွားတဲ့ ခေါက်ဆွဲကဘာလဲ?”

ဟောင် အိပ်ပျော်လုလု ဖြစ်နေခဲ့ပေမဲ့ လင်ယွီကျွင်းရဲ့ အသံက သူ့ကို ဆတ်ခနဲ လှုပ်နိုးသွားခဲ့သည်။

ဟောင် အားယူပြီး ထလိုက်သည်။ ကိုယ်ကို မတ်ကာ လျင်မြန်စွာပဲ ကိုယ်ဟန်ကို ​ထိန်းလို​က်သည်။ ထို့နောက်တွင် အံ့သြရိပ် တစ်စက်မပြဘဲ ခေါင်းညိတ်လိုက်ရင်း..

“ အင်း ခေါက်ဆွဲကြောင့် ဖြစ်တာပဲ”

လင်ယွီကျွင်း မျက်ခုံးတို့ တွန့်ချိုးသွားသည်။

‘ ဘယ်လိုကြောင့်လဲ? ငါအရင်က စမ်းသပ်ခဲ့တုန်းက ဘာအကျိုးမှ မပြခဲ့ဘဲနဲ့’

လင်ယွီကျွင်း ထိုအခိုက်အတန့်ကို စိတ်ထဲမှ ပြန်စဥ်းစားလိုက်သည်။ ခေါက်ဆွဲတွေက မချက်ခင်ကအထိ သာမာန်ပဲ။ သို့ပေမဲ့ ရေနွေးထဲ စိမ်လိုက်ပြီးနောက်တွင် ချီစွမ်းအင် အနည်းငယ် စတင်ပြီးထွက်လာခဲ့သည်။

ချက်နေတဲ့အချိန်မှာပဲ အကျိုးကျေးဇူးက အလုပ်လုပ်တာလား? ဒါဆိုရင် အစောက စမ်းသပ်တုန်းက ဘာမှမတွေ့ခဲ့ရတဲ့ အချက်ကို ဖြေရှင်းနိုင်သွားပြီ။

ဒီခေါက်ဆွဲတစ်ဗူးက ဝိညာဥ်ကျောက်တုံးတစ်တုံး ထက် ပိုပြီး တန်ကြေးရှိတာပဲ။ ဓားရည်ရွယ်ချက်ရဲ့ အတွေးအမြင် ရနိုင်မယ်မှန်း သိခဲ့ရင် ကျောက်တုံး ငါးဆယ် ပေးရမယ်ဆိုရင်တောင် ငါ ဂရုစိုက်မှာမဟုတ်ဘူး။.. မဟုတ်ဘူး တစ်ရာပေးရလဲ အဆင်ပြေတယ်!

လင်ယွီကျင်း ဘယ်တုန်းကမှ သန်မာမှုနောက်ကို မျက်ကန်းတစ်ယောက်လို မလိုက်ခဲ့ဖူးပါချေ။ ပုံမှန်ထက် ပိုတယ်လို့ ခံစားရသည်အထိလဲ အတင်းအကျပ် ကျင့်ကြံမှုများ မလုပ်ခဲ့ဖူးဘူး။ သို့ပေမဲ့ ခေါက်ဆွဲတစ်ပွဲစားရုံနှင့် တိုးတက်မှုကြီးကို ရနိုင်မည်မှန်း သိပြီးနောက်မှာ အခွင့်အရေး မယူမိသူ ရှိအုံးမည်လား?

ဒီလိုအခွင့်အရေးကို အဆုံးရှုံးခံသည့်သူသာ အရူးတစ်ယောက်ဖြစ်မှာပင်။

ဒါ့အပြင် ခေါက်ဆွဲသည် စားဖူးသမျှ အစားအသောက်တွေထက် လွန်စွာစားကောင်းသည်။ အလင်းပွင့်စေသည့် အကျိုးကျေးဇူး မပါလျှင်တောင်မှ ထပ်စားနိုင်ဖို့ ဝိညာဥ်ကျောက်တုံး ငါးတုံးလောက် သူသေချာပေါက် သုံးနိုင်သည်။

သူခရီးထွက်စဥ်က မျိုးစုံသော အစားအသောက်များကို စားဖူးခဲ့သည်။ လမ်းဘေးအစားအသောက်မှစ၍ စားသောက်ဆိုင်ကြီးက ပွဲတော်တွေအထိ အကုန်မြည်းစမ်းဖူး၏။

သို့ပေမဲ့ အသင့်စားခေါက်ဆွဲတစ်ဗူး၏ အရသာသည် အကုန်လုံး၏ ထိပ်တွင် ရပ်တည်နိုင်သည်။ အကြီးဆုံးမြို့တော်တွင် အကောင်းဆုံး ဟင်းပွဲများကြောင့် နာမည်ကြီးသော မြူခိုးပြာနတ်အိမ်တော် စံအိမ်ရှိသည်။ ထိုစံအိမ်ပင် ခေါက်ဆွဲဗူးနှင့် နှိုင်းယှဥ်လိုက်ပါက မှိန်ဖျော့သွားရသည်။

လင်ယွီကျွင်း မတ်တပ်ရပ်လိုက်ပြီး စင်တွေဘက်ကို လျှောက်သွားလိုက်သည်။ လင်ယွီကျွင်းရဲ့ မျက်လုံးများသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို ကြည့်နေသလိုမျိုး ခေါက်ဆွဲဗူးကို မျက်စိမလွဲဘဲ ကြည့်နေသည်။ သူ နောက်တစ်ဗူးယူပြီးတာနဲ့ အနောက်လှည့်ပြီး ကောင်တာရှိရာကို ပြန်သွားလိုက်၏။

ခေါက်ဆွဲဗူးကို ကောင်တာပေါ် တင်ပြီးတာနှင့် ဝိညာဥ်ကျောက်တုံးတစ်တုံးပါ ချပေးလိုက်ကာ

“ ဆိုင်ရှင် ငါနောက်တစ်ဗူး ဝယ်ချင်တယ်!”

သို့ပေမဲ့ ​လင်ယွီကျွင်း လုံးဝ မထင်ထားသော တုံ့ပြန်မှုကိုသာ ရင်ဆိုင်လိုက်ရသည်။

“ တစ်ရက်မှာ တစ်ဗူးကလွဲရင် ထပ်ဝယ်လို့ မရဘူး။ မနက်ဖြန်မှ ပြန်လာခဲ့”

ဟောင်သည် အနောက်က ဆိုင်းဘုတ်ကို လက်ညိုးထိုးရင်း ပြန်ပြောလိုက်သည်။

လင်ယွီကျွင်း မျက်မှောင်ကြုတ်နှင့် လိုက်ကြည့်ချိန်တွင်…

စည်းကမ်းနံပါတ်တစ်- နေ့စဥ် အကန့်အသတ်သည် အတိအကျပင်။ ဈေးဝယ်တိုင်းသည် တစ်ရက်လျှင်ရောင်းကုန် တစ်မျိုးကို တစ်ခုသာ ဝယ်ယူနိုင်မည်။ လောဘကြီးတာ မကောင်းဘူး။

လင်ယွီကျွင်း မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။

“ ဒါဘယ်လိုမဖြစ်နိုင်တဲ့ စည်းကမ်းကြီးလဲ?”

စည်းကမ်းနံပါတ်နှစ်က တော်တော်လေး ခြိမ်းခြောက်နိုင်စွမ်းရှိလှပြီ ထင်ခဲ့တာ စည်းကမ်းနံပါတ်တစ်က ပိုပြီး ရူးနှမ်းနေတာပဲ!

လင်ယွီကျွင်း အသက်တစ်ချက် ရှုသွင်းပြီး တည်ငြိမ်အောင်ကြိုးစားလိုက်သည်။

“ ဆိုင်ရှင် ဈေးနှုန်းကြောင့်လား? ပိုပေးရလဲ ငါက ကိစ္စမရှိဘူး”

“ ငါ ငါးတုံးပေးမယ်!”

“ မရဘူး” ဟောင် ခေါင်းရမ်းပြလိုက်သည်။

“ စည်းကမ်းကစည်းကမ်းပဲ”

လင်ယွီကျွင်း ခေါင်းတည့်တည့် မိုးကြိုး ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

ပိုက်ဆံ ပိုရှာဖို့ ငြင်းတဲ့ ဒီလို ဆိုင်ရှင်ကို သူတွေ့ဖူးတာ ဒါပထမဆုံးပဲ။

လင်ယွီကျွင်း သူ့ရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်သည်။

အတွင်းတွင် စုစုပေါင်း ကျောက်တုံး ကိုး*****ကျော် တွေ့လိုက်ရသည်။

ခရီးသွားရင်းနဲ့ ဖြုန်းတီးခဲ့တာတွေကြောင့်သာ မဟုတ်ရင် အခုထပ် ပိုရှိမှာပင်။

“ ဆိုင်ရှင် ကျေးဇူးပြုပြီး…”

လင်ယွီကျွင်း ထပ်ကြိုးစားသည်။

“ တစ်ဗူးပဲလေ… ငါ ဆယ်တုံးပေးမယ်”

ဟောင် တစ်ကယ်ကို လက်ခံချင်ခဲ့သည်။ ဒါပေမဲ့ သူ့မှာလဲ ရွေးချယ်စရာ မရှိဘူး။

အရင်ကလဲ ဒီ အဓိပ္ပါယ်မရှိလှသော စည်းကမ်းအကြောင်း စနစ်နဲ့တစ်ခါ ငြင်းဖူးသေးသည် … မအောင်မြင်ပေမဲ့ပေါ့။

ဘယ်လိုစတိုးဆိုင်က ဈေးဝယ်ကို တစ်ရက်မှာ တစ်မျိုးပဲ ဝယ်ခွင့်ပေးတာ ရှိလို့လဲ? စီးပွားရေးဆိုတာ ရောင်းနိုင်သလောက် ရောင်းရတာမျိုး မဟုတ်ဘူးလား?

စည်းကမ်းနံပါတ်တစ်ကို စမြင်စဥ်က ဟောင်၏ စိတ်ထဲတွင် လင်ယွီကျွင်းကဲ့သို့ တုံ့ပြန်မှုမျိုး ရှိခဲ့သည်။

သို့ပေမဲ့ ဟောင် ဘယ်လောက်ပဲ တုံးအတဲ့ စည်းကမ်းလို့ မြင်ပါစေ၊ စည်းကမ်းက စည်းကမ်းပေမို့ ပြောင်းလဲ၍မရခဲ့ချေ။

( ပိုင်ရှင် လောဘကြီးတာက ပဋိပက္ခတွေကို သယ်ဆောင်နိုင်တယ်။ ညီမျှမှုနဲ့ တရားမျှတမှုကို ထိန်းသိမ်းဖို့ ဈေးဝယ်တစ်ယောက်က တစ်ရက်မှာတစ်ခုပဲ ဝယ်ခွင့်ရှိမယ်။ အောင်မြင်မှုအစစ်ဆိုတာ စုဆောင်းမှုကလာတာမဟုတ်ဘူး။ စိတ်ရှည်မှုကနေ ဖြစ်ပေါ်တာ။ ရောင့်ရဲမှုကို နားလည်တဲ့သူတွေပဲ ကောင်းကင်ရဲ့ ချီးမြှင့်မှုကို လက်ခံနိုင်မယ်)

ဒါဒီတိုင်း ‘ငါမရဘူးဆို မရဘူးပဲ’ ​ဆိုတဲ့ စကားကို အလှဆင်ထားတာမဟုတ်ဘူးလား?

လင်ယွီကျွင်းသည် စနစ်၏ အရေးမပါသော စကားများကို မကြားရဘူး။ သူသည် ဟောင်ကို အသနားခံနေသော မျက်လုံးများဖြင့်သာ ကြည့်နေခဲ့သည်။

“ ဆိုင်ရှင် လုပ်ပါနော်…”

ဟောင် တုံ့ဆိုင်းမနေပေ။

“ မရဘူး”

“ ကြိုးစားနေလဲ ဘာမှမထူးဘူး”

ဟောင် စကားဖြတ်ပစ်လိုက်သည်။

“ အဖြေက အမြဲတမ်း မရပါဘူးပဲ”

လင်ယွီကျွင်း သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် နောက်ထပ် ရှုထောင့်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ လင်ယွီကျွင်းကို ကိုယ်ကို ဖြောင့်လိုက်ကာ အတည်ပေါက် ပြောလိုက်သည်။

“ ဆိုင်ရှင်၊ စည်းကမ်းက စည်းကမ်းပေါ့။ ဒါပေမဲ့ စည်းကမ်းဆိုတာ ဖောက်ဖျက်ဖို့ပဲ ထုတ်ထားတာမလား?”

All Chapters