(နှင်းပွင့်လွှာဂိုဏ်းမှ အလှလေးနှစ်ယောက်)
Vol. 1 Ch. 5
ဟောင် အရူးတစ်ယောက်ကို ကြည့်နေသလို လင်ယွီကျွင်းကို စိုက်ကြည့်လိုက်သည်။
“ မရဘူး”
ဟောင် စတိုးဆိုင်၏ ထွက်ပေါက်ကို လက်ညိုးထိုးပြလိုက်သည်။
“ ပြီးတော့ မင်းဒီလိုဆက်လုပ်နေရင် မင်းကို ဆိုင်ရဲ့ တားမြစ်စာရင်းထဲ ထည့်ပစ်မယ်။ နောက်ဘယ်တော့မှ ဝယ်လို့မရတော့ဘူး”
လင်ယွီကျွင်း နေရာတင် အေးခဲသွားသည်။
ဒီ အပြစ်ပေးချက်ကြီးက နည်းနည်း မပြင်းလွန်းဘူးလား?
ညှိနှိုင်းဖို့ အခွင့်အရေး မရှိတော့တာ မြင်သည့်အခါ လင်ယွီကျွင်း လက်လျော့ရတော့သည်။
‘ ဒီဘဲက စာအုပ်ကြီးသမားပဲ။ ဘယ်လိုပြောပြောလက်ခံမှာမဟုတ်ဘူး’
လင်ယွီကျွင်းရဲ့ ခေါင်းထဲတွင် စည်းကမ်းချက်များက အခုထိ စွဲကပ်နေတုန်းပင်။
တစ်ရက်မှာ အမျိုးအစားတစ်ခုကို တစ်ခုပဲ…
ဒါဆိုရင် အမဲသားအရသာ ခေါက်ဆွဲ မဟုတ်သရွေ့ ထပ်ဝယ်လို့ ရသေးတာပဲမလား? လင်ယွီကျွင်းရဲ့ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် လက်သွားသည်။ ခေါက်ဆွဲ တစ်ဗူးထဲနှင့် ဓားရည်ရွယ်ချက်ရဲ့ အတွေးအမြင်ကို နားလည်သွားစေသည်ဆိုရင် တစ်ခြားရောင်းကုန်တွေလဲ ဘယ်လိုမျိုး ဖြစ်လောက်မလဲ?
ထိုအတွေးနှင့် လင်ယွီကျွင်း ဆိုင်တစ်ခုလုံးရဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ချီစွမ်းအင်ကိုပါ အသက်သွင်းလိုက်ရင်း ဖုံးကွယ်ထားတဲ့ ရောင်းကုန်များ ရှိမလား အာရုံခံလိုက်သေးသည်။
သို့ပေမဲ့ သူ အာရုံခံနိုင်တဲ့ တစ်ခုတည်းသော အရာမှာ…
ပိုများသော အမဲသားခေါက်ဆွဲဗူးများသာ။
လင်ယွီကျွင်းရဲ့ မျက်နှာထားက ပျက်ချင်လာသည်။
“ ဆိုင်ရှင် မင်း.အသင့်စားခေါက်ဆွဲကလွဲရင် တစ်ခြားကောရောင်းလား?”
ဟောင် ဟားတစ်ချက်သန်းလိုက်သည်။
“ အခုထိတော့မရှိဘူး”
“ ဒါဆိုဘယ်တော့..”
“ မနက်ဖြန်” ဟောင် တစ်ခါထဲ လက်ပြ နှုတ်ဆက်လိုက်သည်။
“ မနက်ဖြန်ကျ ရောင်းကုန်အသစ်ရမယ်။ ဒီတော့ အဲ့ကျမှ ပြန်လာတော့”
“ ဘယ်သူသိမလဲ? မင်း မနက်ဖြန်ကျရင် ခေါက်ဆွဲဗူး တစ်ဗူးအစား နှစ်ဗူးဝယ်ရင် ဝယ်နိုင်မှာပေါ့”
“....”
လင်ယွီကျွင်း ဘာကိုမှ ပြန်မပြောခဲ့ပေ။ ထိုအစား ထောင့်တစ်ထောင့်ကို သွားပြီး ခုံမှာထိုင်ကာတစ်ခုခုကို တွေးတောနေသည်။
လင်ယွီကျွင်း ဘာတွေ တွေးနေလဲ ဟောင် မသိပေ။ သို့ပေမဲ့ ဒီလူ ပြဿနာမရှာ သရွေ့ ဟောင် ဂရုစိုက်မှာ မဟုတ်ဘူး။ လင်ယွီကျွင်း အဲ့ဒီနေရာမှာ တစ်နေကုန် ထိုင်နေချင်ရင်တောင် ကိစ္စမရှိဘူး။
လုပ်စရာမရှိတော့တာမို့ ဟောင် စနစ်ကို လှမ်းမေးလိုက်သည်။
“ စနစ် ငါဒီလူ့ကို ရောင်းအားတိုးအောင် ကြော်ငြာဆင်းပေးဖို့ ပြောလို့ရလား?”
( ငြင်းတယ်။ အပြိုင်ကမ္ဘာရဲ့ကုန်စုံဆိုင် ပိုင်ရှင် တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို လေးစားမှုနဲ့ သိက္ခာရှိဖို့လိုအပ်တယ်။ ရောင်းအားတိုးအောင် တောင်းဆိုမယ် ဟုတ်လား? အရှက်မရှိဘူးလား?)
ဟောင် ငြင်းချက် မထုတ်နိုင်ခင်မှာပဲ စနစ်က ဆက်ပြောသည်။
( ကုန်သည်အစစ်ဆိုတာ ကိုယ့်ပစ္စည်းရဲ့ တန်ကြေးကို ပစ္စည်းနဲ့ပဲ စကားပြောတယ်။ ဒီဆိုင်က သတင်းပျံ့ဖို့ ထိုက်တန်တယ်ဆိုရင် သူ့ဘာသာ ဖြစ်သွားလိမ့်မယ်)
( ဒါပေမဲ့ ပိုင်ရှင့်ရဲ့ ကြားဝင်မှုမပါဘဲ စိတ်ပါလက်ပါ ကြော်ငြာဆင်းပေးတာမျိုး ဆိုရင်တော့ လက်ခံပေးနိုင်တယ်)
စနစ်ရဲ့ ဆန်းကြယ်လှသော တွေးခေါ်ပုံကြီးများကို ဟောင် အသားကျနေပြီးသားမို့ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုနဲ့ပဲ ခေါင်းရမ်းလိုက်တော့သည်။
လင်ယွီကျွင်း ထိုနေရာတွင် အချိန်တစ်ခု ကြာတဲ့အထိ ထိုင်နေခဲ့ပြီး နောက်ဆုံးတွင် ဟောင်ဆီကို လျှောက်လာခဲ့သည်။
“ ငါက လင်ယွီကျွင်းပဲ။ ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်းရဲ့ အတွင်း တပည့်တစ်ယောက်”
ထိုမျှသာ။
မသိလျှင် လင်ယွီကျွင်းသည် ဟောင်ထံမှ တုံ့ပြန်ချက်ကို စောင့်နေပုံပဲ။
“ ငါ့နာမည် ဟောင်”
လင်ယွီကျွင်း ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ။ သူဋ္ဌေးဟောင် ငါ မနက်ဖြန် ပြန်လာခဲ့မယ်”
လင်ယွီကျွင်း လက်နှစ်ဖက်ကို လှုပ်ရှားပြီး အနည်းငယ် ရိုသေမှုပြကာ ဆိုင်မှ ထွက်သွား ခဲ့သည်။
တံခါးပိတ်သံအပြီးတွင် ဟောင် ပျင်းရိစွာ ကောင်တာကို ပြန်မှီလိုက်သည်။ ထို့နောက်တွင် ဟောင်တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
‘ ဟေး လင်ယွီကျွင်း ခေါက်ဆွဲအကြောင်း လူတွေကိုပြောပေးဖို့ မမေ့နဲ့အုံး!’ ဟောင် စိတ်ထဲမှပဲ အော်ဟစ်လိုက်သည်။
ဒီလူက စားပြီးနောက်တွင် အလင်းပွင့်သွားခဲ့သည်။ ဒီတော့ သူ့အနေနဲ့ ကျေးဇူးပြန်ပြရမှာတော့ ဖြစ်သင့်တာပဲမလား?
သို့ပေမဲ့ အပြင်ဘက်ကို ထွက်သွားသော လင်ယွီကျွင်းသည် တစ်ချက်တောင် မရပ်ခဲ့ပေ။ တစ်ချက်တောင် ပြန်လှည့်မကြည့်ဘဲ ဆိုင်ရဲ့အဝေးကို ထွက်သွားခဲ့သည်။ အမဲရောင်ခေါင်းစည်းကြိုးရှည်သည် အနောက်ကနေ တစ်ဖြတ်ဖြတ်လွင့်နေခဲ့သည်။
ဒီလိုနဲ့ ဆိုင်လေးအတွင်း တိတ်ဆိတ်မှုတို့ ပြန်ကြီးစိုးသွားသည်။
နောက်ထပ် တစ်နာရီ ကြာသည်အထိ ဟောင်သည် ကောင်တာနောက်တွင် အိပ်တစ်ဝက် နိုးတစ်ဝက်ရှိနေကာ နောက်ထပ် ဈေးဝယ်တစ်ယောက် ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့၏။ ဟောင် အိပ်ပျော်ခါနီးမှာပဲ တံခါးပွင့်လာသည်။
ပန်းပွင့်ရနံ့တို့နှင့် အမျိုးသမီးနှစ်ဦး ဝင်လာသည်။
ပထမတစ်ယောက်သည် ရှည်သွယ်သော အရပ်နှင့် အသက်ရှုမှားလောက်အောင် လှသည်။ သူမ၏ ငွေမျှင်ရောင် ဆံနွယ်ရှည်များသည် ဖြောင့်စင်းနေကာ ရင်ဘတ်ပေါ်ကို ဝဲကျနေသည်။ မှိန်ဖျော့ပြီး ပြစ်ချက်ကင်းသော သူမ၏ အသားအရေသည် ကျောက်စိမ်းလို သန့်စင်နေပြီး သူမ၏ မျက်လုံးတွင် အေးစက်စက်နှင့် ထူးခြားသော အရှိန်အဝါတို့ ရှိသည်။
သူမ၏ မျက်နှာသည် တည်ငြိမ်နေပြီး မျက်နှာထားကို အဓိပ္ပါယ်ဖော်၍မရပေ။ သို့ပေမဲ့ သူမနှင့်ပတ်သတ်ပြီး ငြင်းဆိုမရနိုင်သော အချက်တစ်ခုရှိသည်။ သူမ၏ တိတ်ဆိတ်သော လွှမ်းမိုးနိုင်စွမ်းသည် လေထုကို ပိုလေးလံစေပြီး အခန်းထဲမှာ မတ်တပ်ရပ်နေဖို့အတွက်ပင် သူမ၏ ခွင့်ပြုချက်ကို လိုအပ်သလိုမျိုး ခံစားရစေသည်။
သူမ၏ အမည်သည် ယွဲ့ရှုယန်ဖြစ်သည်။
သူမ၏ဘေးတွင် အနည်းငယ် ပုပေမဲ့ အရပ်အမောင်းကောင်းဆဲဖြစ်သော မိန်းမငယ် တစ်ယောက်ပါသည်။ ယွဲ့ရှုးယန်၏ မှန်းဆမရသော မျက်နှာထားနှင့် မတူလှစွာ ထိုကောင်မလေး၏ မျက်နှာတွင် ခံစားချက်များကို အထင်းသား ရေးသားထားသည်။
သူမ၏ လှိုင်းတွန့်သဏ္ဍာန် အညိုရောင်ဆံနွယ်များသည် ပုခုံးထိ ရောက်သည်။ ယွဲ့ရှုးယန်ကဲ့သို့ပင် သူမထံ၌လည်း ကြွေထည်လို အသားအရေ ရှိပေမဲ့ သူမ၏ တည်ရှိမှုသည် ပိုပြီးနွေးထွေးသည်။
ယွဲ့ရှုယန်ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းအပြည့် မရှိသော်ငြား သူမထံတွင်လည်း ကိုယ်ပိုင် ဆွဲဆောင်မှုရှိသည်။ တစ်ဖက်မိန်းကလေး၏ အေးစက်စက်အလှတရားနှင့် မတူညီစွာ အသက်ဝင်ပြီး ချည်းကပ်လို့လွယ်သော ခံစားချက်ကို ပေးစွမ်းသည်။
သူမသည် ဟွာဖေးရှုဖြစ်သည်။
သူမတို့နှစ်ယောက်လုံးသည် အပြာဖျော့ အင်္ကျီရှည်ကိုဝတ်ဆင်ထားပြီး အဖြူရောင် ကြိုးရှည်နှင့် တန်ဆာဆင်ထားသည်။ အင်္ကျီရင်ဘတ်တွင် သူမတို့ ဂိုဏ်းဖြစ်သော နှင်းပွင့်လွှာဂိုဏ်း၏ သင်္ကေတ၊ ပွင့်ချပ်ငါးခု ပန်းပွင့်ကို ပန်းထိုးထားသည်။
ဟွားဖေးရှု၏ ကိုယ်ရှိ ပန်းနုရောင် ပွင့်ချပ်ငါးခုပန်းပွင့်သည် သူမက အတွင်းတပည့်ဖြစ်မှန်း အမှတ်အသားပြထားသည်။
ယွဲ့ရှုယန်၏ ကိုယ်တွင်ရှိသော ပန်းရင့်ရောင် ပန်းပွင့်သည် အဓိက တပည့်၏ အမှတ်အသားဖြစ်သည်။
“ ဒီနေရာပဲ မမကြီး။ ငါပြောခဲ့တဲ့နေရာလေ!”
ဟွာဖေးရှု ဤဆိုင်ရှေ့ကို အကြိမ်များစွာ ဖြတ်လျှောက်ဖူးသည်။ သူမဘယ်လောက်ပဲ ချောင်းကြည့်ဖို့ ကြိုးစားခဲ့ပါစေ အတွင်းမှ အခြေအနေကို လုံးဝ မမြင်နိုင်ခဲ့ဘူး။
ထိုအချက်သည် သူမ၏ သိချင်စိတ်ကို နှိုးဆွနေခဲ့သည်။ အတွင်းပိုင်းကို မမြင်ရတဲ့ ဆိုင်တဲ့လား? စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ခုခုကို ဖုံးထားတာပဲ ဖြစ်ရမယ်။
ယွဲ့ရှုယန် ပြန်မဖြေပဲ တစ်ဆိုင်လုံးကို ဝှေ့ကြည့်လိုက်သည်။
ကောင်တာတွင် ဟောင်သည် မျက်လုံးနှစ်လုံးကို ပွတ်သပ်ရင်း ဝင်လာသော ဈေးဝယ်နှစ်ယောက်ကို မနည်းကြည့်နေခဲ့သည်။
“ ကြိုဆိုပါတယ်”
ဟောင် ကို သတိထားမိချိန်မှာ ဟွာဖေးရှုရဲ့ မျက်လုံးများချက်ချင်းပဲ လက်သွားသည်။
“ အိုး တစ်ကယ် လူရှိတာပဲ!”
ရှေ့ကို ခြေတစ်လှမ်းတိုးလာပြီး ဟွာဖေးရှုးရဲ့ မျက်လုံးများသည် ဟောင်ကို အကဲခတ်လိုက်သည်။
“...နေအုံး နင်က ဆိုင်ရှင်လား?”
ဟောင် မျက်တောင်ခတ်လိုက်သည်။
“ အင်း”
ဟွာဖေးရှုရဲ့ သိချင်စိတ်များ နိုးထလာပြန်သည်။
“ တစ်ကယ်လား? နင့်ကြည့်ရတာ တော်တော် ငယ်အုံးမဲ့ပုံပဲ။ နင်ဒီမှာဘာရောင်းတာလဲ?”
ထိုအချိန်တွင် ယွဲ့ရှုယန်သည် တိတ်ဆိတ်နေခဲ့သည်။ သူမသည် ဟောင် ကို အကြမ်းဖျင်းသဘောသာ ကြည့်နေခဲ့ပြီး စိတ်ဝင်စားမှုလုံးဝ မရှိချေ။ မသိလျှင် ဟောင်က အသိအမှတ်ပြုဖို့ မတန်တဲ့ သူတစ်ယောက်ကဲ့သို့ပင်။
“ အသင့်စားခေါက်ဆွဲ”
“ အသင့်စားခေါက်ဆွဲ? အဲ့ဒါဘာလဲ?”
ခေါက်ဆွဲကိုတော့ ဟွာဖေးရှု သိပြီးသားပင်။ အသင့်စားခေါက်ဆွဲဆိုတာ သူမတစ်ခါမှ မကြားဖူးတဲ့နာမည်ပဲ။
စိတ်ဝင်စားမှုမရှိခဲ့သော ယွဲ့ရှုယန်ပင် ဟောင်ကို တစ်ချက် လှမ်းကြည့်လာခဲ့သည်။ သူမ စကားမပြောပေမဲ့ သူမ၏ မျက်ဝန်းတွင် အနည်းငယ်သော သိလိုစိတ်တို့ ထင်းနေသည်။
အများကြီး စဥ်းစားမနေဘဲ အသင့်စားခေါက်ဆွဲဗူးတွေ စီထားသော စင်ကို ဟောင် လက်ညိုးထိုးပြလိုက်သည်။
ဟောင်ရဲ့ လက်ညိုးအတိုင်း ဟွာဖေးရှု လျှောက်သွားလိုက်ပြီး သူမရဲ့ အကြည့်သည် မရင်းနီးလှသော ထုတ်ပိုးပုံနှင့် ပစ္စည်းတစ်ခုထံ ကျရောက်သွားသည်။
အရသာကို မှန်းဆနိုင်ရန် ဟွာဖေးရှု ခွက်ကို အနံ့ခံကြည့်လိုက်သည်။
“ အနံ့က… ဘာမှလဲမရဘူး။ ဒါကြီးက စားလို့ကောရရဲ့လား?”
သူမရဲ့အနောက်က ယွဲ့ရှုယန်က ဗူးတစ်ဗူးကို မလိုက်ပြီး အဖုံးပေါ်က စာကို ဖတ်ကြည့် လိုက်သည်။
“ အမဲသားအရသာ အသင့်စားခေါက်ဆွဲ”