( ဆန်းကြယ်စရာ သိုင်းပညာရှင်က ပုံစံအမှန်ကို ဖုံးကွယ်ထားတယ်)
Vol. 1 Ch. 7
ဟွာဖေးရှု တူကို မကိုင်ခင် ခဏလောက် ရပ်တန့်ပြီးသွားသည်။ ထို့နောက်မှ အဖုံးကို ဂရုတစိုက် ဖွင့်ကြည့်လိုက်သည်။
သူမအဖုံးဖွင့်လိုက်တာနှင့် အငွေ့လှိုင်းတစ်ခုက လေထဲမှာ ပျံ့လွင့်လာပြီး ယစ်မူးစရာ မွှေးရနံ့တစ်ခုကို သယ်ဆောင်သွားသည်။ ခေါက်ဆွဲရည်နှင့် အရွက်များရဲ့ မွှေးကြိုင်လှသော အနံ့သည် သူမ၏ အသိစိတ်ကို ဖုံးလွှမ်းသွားခဲ့၏။
ယွဲ့ရှုယန်လဲ အဖုံးဖွင့်ပြီးပြီမို့ မွှေးရနံ့က သူမတို့ နှစ်ယောက်လုံးကို ဖမ်းချုပ်သွားသည်။
မူမမှန်သော တစ်စုံတစ်ခုကို သတိထားမိသည်နှင့် အညီ သူမတို့ နှစ်ယောက်လုံး၏ မျက်လုံးများ ကျယ်သွားကြသည်။ ခေါက်ဆွဲဖတ်ကြားမှ ချီစွမ်းအင်နံ့များ ထွက်ပေါ်လာတာပင်။
သူမတို့ မတုံ့ပြန်နိုင်ခင်မှာဘဲ ဟောင်၏ အသံကို ကြားလိုက်ရသည်။
“ မစားခင် တူနဲ့အရင်မွှေရအုံးမှာ”
“ မဟုတ်ရင် အရသာ နှံ့မှာမဟုတ်ဘူး”
သူမတို့နှစ်ယောက်သည်အချင်းချင်း အကြည့်ဆုံပြီး နောက်တွင် အမြန်ပဲ ခေါက်ဆွဲကို မွှေလိုက်ကြသည်။ လှိုင်းထနေသော ရွှေရောင် စွတ်ပြုတ်ရည်များနှင့်အတူ ပိုမိုသော မွှေးရနံ့တို့ စိမ့်ထွက်လာသည်။
ဟွာဖေးရှု ကတုန်ကယင်ဖြစ်လာပြီး ဆက်သည်းမခံနိုင်တော့တာ သိသာလှသည်။ တူနှင့်ခေါက်ဆွဲအပြည့်ကို မလိုက်ကာ သူမ တစ်လုပ် မြည်းလိုက်သည်။
သူမရဲ့လျှာနှင့် ခေါက်ဆွဲဖတ်နှင့် ထိတွေ့သော အချိန်မှစပြီး သူမရဲ့ မျက်ခွံများ မှိတ်ကျသွားသည်။
စွတ်ပြုတ်ရည်ရဲ့ အရသာနှင့် အမွှေးအကြိုင်ကို ပြည့်စုံစွာ ယူထားနိုင်သောကြောင့် ခေါက်ဆွဲဖတ်သည် အရသာကောင်းလှသည်။ ခေါက်ဆွဲ တစ်မျှဥ်စီတိုင်းမှာ အနှစ်အရသာ အပြည့် စိမ့်ဝင်နေတာမို့ တစ်ကိုက်ဝါးလိုက်တာနဲ့ ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်တော့ဘူး။
သူမ အကုန်လုံးကို အလောတကြီး ဝါးလိုက်ပြီး စွတ်ပြုတ်ရည်နှင့် ခေါက်ဆွဲဖတ် ရောနေသော အရသာကို အငမ်းမရ စားနေခဲ့သည်။
“ ရှီး..အရမ်း… ကောင်းတယ်!”
တစ်လုပ်ပြီးတစ်လုပ် သွင်းနေရင်းကနေ မနည်းကြိုးစားပြီး ဟွာဖေးရှုပြောလိုက်သည်။
ယွဲ့ရှုယန်ကတော့ ကျက်သရေ ရှိရှိနဲ့ အသားတစ်ဖက်ကို အရင်ဆုံးတူနှင့် မကြည့်လိုက်သည်။ စားလိုက်တာနှင့် သူမ၏ လှုပ်ရှားမှုက ဘယ်လောက်ပင် သိမ်မွေ့နေပါစေ သူမ၏ မျက်နှာကတော့ သစ္စာဖောက်သွားခဲ့ပြီ။
နူးညံ့နေသော အမဲသားသည် သူမ၏ ပါးစပ်အတွင်းမှာပဲ အရည်ပျော်သွားသည်။ စွတ်ပြုတ်ရဲ့ အရသာလဲ ဝင်နေသည့်အပြင် တစ်ကိုက် ကိုက်ပြီးတာနှင့် မွှေးကြိုင်နေတဲ့ ဟင်းခတ်အနံ့ကိုပါ ခံစားလိုက်ရသေးသည်။ အရသာပြည့်ဝတဲ့ အသားအပြင် အမွှေးအကြိုင်တို့၏ ညီမျှသော ပေါင်းစပ် ထားမှုကြောင့် ထူးကဲသော အရသာက သူမ၏ လျှာဖျားတွင် စွဲကျန်နေခဲ့၏။
မသိလျှင် ဤအရာသည် သာမာန် အမဲသားမဟုတ်ဘဲ အသန့်စင်ဆုံးသော မြက်ပင်ကို စားသောက်ကြီးထွားလာတဲ့ ထိပ်တန်းအဆင့် ဝိညာဥ်သားရဲရဲ့ အသားကို စားနေရသလိုမျိုးပဲ။ အသားလွှာများကြားတွင် ချီစွမ်းအင်များ သဘာဝကျကျ ပျံ့နှံ့နေသည်။
အဆင့်မြင့် ဂိုဏ်းကြီးတွေမှာပဲ ရနိုင်သော ဈေးအကြီးဆုံး သားရဲများတောင် ဒီမျှ အရသာ ကောင်းမှာ မဟုတ်ဘူး။ အသားလွှာသည် ပြီးပြည့်စုံစွာ ပါးစပ်ထဲ ပျော်ဝင်သွားချိန်မှာ အရွက်စိမ်းနံ့လေး စိမ့်ဝင်နေသည်ကို အသားမျှင်တိုင်းတွင် ခံစားနိုင်သည်။ နွေးထွေးမှုက သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားသလိုပင်။
ယွဲ့ရှုယန် အမြန်မြိုချလိုက်ပြီး သူမရဲ့ ခေါက်ဆွဲဗူးကို ငုံ့ကြည့်လိုက်သည်။
‘ ဒီလောက်အမြန် ချက်ထားတဲ့အရာက ဘယ်လိုလုပ် အရမ်းစားကောင်းနိုင်ရတာလဲ?’
ဟွာဖေးရှု အရွက်များကို မြည်းကြည့်ဖို့ လုပ်လိုက်သည်။ ပါးလွှာသည့် အရွက်စိမ်းများသည် အရည်အရသာ ကောင်းကောင်း စိမ့်နေကြပြီး ကျွတ်ဆတ်ဆတ် အနေအထားမှာ ရှိနေကြသဖြင့် ခေါက်ဆွဲနှင့် လိုက်ဖက်လှသည်။
တစ်လုပ် စားလိုက်တိုင်း ခေါက်ဆွဲစွတ်ပြုတ်ရည်၏ ချိုမြမှုကို ခံစားနိုင်အုံးမည့်အပြင် နက်ရှိုင်းသော ဟင်းခတ်အမွှေးအကြိုင် အနံ့ကိုလဲ ရလိမ့်မည်။
ဟွာဖေးရှု ခေါက်ဆွဲဗူးကို ပါးစပ်နား ဆွဲမပြီး အရည်တွေပါ မော့သောက်လိုက်သည်။
သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ဒီ ဟင်းရည်က ခေါက်ဆွဲရဲ့ အနှစ်သာရပဲ။ ပြီးပြည့်စုံစွာ ရောစပ်ထားသော အမွှေးအကြိုင်အပြင် ချိုမြမြ အရသာနှင့် မသိလျှင် တစ်နေကုန် နှပ်ထားသလား မှတ်ရလောက်သော အသားအရသာပါ စိမ့်ဝင်နေသေးသည်။
ယွဲ့ရှုယန်လဲ အနည်းငယ် မော့သောက်ကြည့်လိုက်သည်။ ‘အမ်း’ ဆိုသော အသံတစ်ခုသည် သူမ စားနေရင်း ထွက်ပေါ်လာသည်။ သူမ ခဏလောက် ရပ်သွားပြီး ကိုယ့်အပြုအမူကိုယ် အံ့သြသွားသည်။ ပြီးမှ သူမရဲ့ ပုံမှန်ပုံစံကို အမြန် ပြန်ထိန်းလိုက်ရသည်။
ခေါက်ဆွဲရည်မှပါသော ချီစွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ကာ သွေးကြောများကို သူမ တစ်ခါမှ မတွေ့ကြုံဖူးသော နည်းလမ်းနှင့် အားဖြည့်တင်းပေးနေသည်။
ယွဲ့ရှုယန်သည် အရင်က ချီစွမ်းအင် ပါဝင်နေသော အဆင့်မြင့် ဟင်းပွဲကြီးများလဲ စားဖူးသည်။
ကျွမ်းကျင် ပညာရှင်များ ချက်ပြုတ်သားသည့် ရှားပါးဝိညာဥ်သားရဲကိုပင် သူမ စားဖူးသည်။ ထိုဟင်းပွဲမျိုးသည် အလွန်ဈေးကြီးသည်မို့ မိသားစုကြီးများပင် ဝယ်စားဖို့ ရန် စဥ်းစားကြရသည်။
ဒါပေမဲ့ တစ်ခုကမှ ဒီခေါက်ဆွဲနှင့် နှိုင်းယှဥ်လို့ မရနိုင်ဘူး။
ဒါ့အပြင် ခေါက်ဆွဲက ဝိညာဥ်ကျောက်တုံး တစ်တုံးပဲ ကျတာလေ!
ခေါက်ဆွဲအတွင်းရှိ ချီစွမ်းအင်သည် ပေါများပြီး သန့်စင်သည်မို့ ခန္ဓာကိုယ်က ကြိုးစားစရာမလိုဘဲ စုပ်ယူနိုင်သည်။ ပြန်လည် သန့်စင်ဖို့ မလိုအပ်သလို မသန့်စင်မှုများကို စစ်ယူရမည့် ဖြစ်စဥ် မလိုအပ်ဘူး။ ဝိညာဥ်စွမ်းအင် အရည်ကို ထိုင်သောက် လိုက်ရသလိုမျိုးပဲ။
သူမနှင့် ဟွာဖေးရှုသည် အချင်းချင်း စိုက်ကြည့်လိုက်ပြီးနောက်တွင် ခွက်ကို ပြန်ငုံ့ကြည့်လိုက်ကြသည်။ ခေါက်ဆွဲ တစ်မျှင်မကျန် စားလိုက်ကြသည့်အပြင် အရည်လဲ တစ်စက်တောင် မကျန်တော့ဘဲ သူမတို့ မသိလိုက်ခင်မှာ ခွက်က ဗလာဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူမတို့နှစ်ယောက်သည် လှုပ်ရှားမှုမရှိတော့ဘဲ မျက်လုံးများလဲ ပိတ်ထားသည်။ မျက်နှာတွင်လဲ အမူအရာမရှိတော့ချေ။ တစ်စက္ကန့်တောင် ငြိမ်ငြိမ်မနေတတ်သော ဟွာဖေးရှုပဲ မလှုပ်မယက် အေးခဲနေခဲ့၏။
သူမတို့နှစ်ယောက်လုံး အလင်းပွင့်ခြင်း အဆင့်ကို ရောက်သွားကြပြီပင်!
ဟောင် မေးစေ့ပေါ် လက်တင်ရင်း အရှေ့မှ နှစ်ယောက်ကို မနာလိုစွာ ကြည့်လိုက်သည်။
“ ငါလဲတစ်နေ့ကျ ဒါကို ကြုံနိုင်ဖို့ မျှော်လင့်တယ်”
( စိတ်ရှည်စမ်းပါ။ တစ်နေ့ကျ အလှည့်ရောက်လာမှာပေါ့။ ဒီနေ့တော့ မဟုတ်ဘူး။ သေချာပေါက် မနက်ဖြန်လဲ မဟုတ်ဘူးနော်။ အပြိုင်ကမ္ဘာရဲ့ ကုန်စုံဆိုင် ပိုင်ရှင်အနေနဲ့ သည်းခံတတ်ဖို့ သင်ယူရမယ်။ အရှေ့ကိုဆက်သွားနေလိုက်ပါ။ မစ်ရှင်တွေ ပိုပြီးအောင်သာလုပ်။ တစ်ရက်ကျအဲ့ဒီအဆင့်ကို ရောက်သွား လိမ့်မယ်)
‘ စနစ် မင်းငါ့ကို နှစ်သိမ့်တာလား? အနာကို ဆားဖြူးနေတာလား?’
စနစ်ရဲ့ စကားသည်လည်း မမှားချေ။ ဟောင် တစ်ကယ်ကို စောင့်ဖို့ လိုသေးသည်။ အခွင့် အရေးရှိသည်ဆိုမှတော့ ဟောင် အလျင်စလို လုပ်မှာမဟုတ်ဘူး။
အချိန်အရမ်း မကြာဖို့သာ ဆုတောင်းသည်။
သေချာပေါက် တစ်နှစ်လောက်တော့ မကြာပါဘူး? ဟုတ်တယ်မလား?
…ဟုတ်တယ်မလားလို့?
ဟောင် သက်ပြင်းသာချလိုက်သည်။ ဘာလို့ ကိုယ့်ကိုယ်ကို စိတ်ကင်ဆာပေးမိသလို ခံစား နေရပါလိမ့်?
နာရီဝက်ထပ်ကြာသွားခဲ့ပေမဲ့ နောက်ထပ် ဈေးဝယ် ဝင်မလာသေးဘူး။ ဟောင် အသားကျ နေခဲ့ပြီ။
‘ ဒီလောက်ဆို နိုးသင့်ပြီ’ လင်ယွီကျွင်းကို အမှတ်ရစွာ ဟောင် တွေးလိုက်သည်။
ထင်ထားသည့် အတိုင်းပင် ယွဲ့ရှုယန် အရင်ဆုံး နိုးလာသည်။ ဟောင် ရှိရာကို ခေါင်း မလှည့်လာခင် အကြိမ်အနည်းငယ် မျက်တောင် တစ်ဖြတ်ဖြတ်ခတ်လိုက်သည်။
အဓိပ္ပါယ်ဖော်မရသော ခံစားချက်များကို သယ်ဆောင်ထားသည့် မျက်လုံးတောက်တောက် များနှင့် သူမ ဟောင်ကို ကြည့်လိုက်သည်။ သူမက ဘာစကားမှ မပြောဘဲ စိုက်သာကြည့်နေခဲ့သည်။
ဟောင် နည်းနည်း နေမထိထိုင်မသာ ဖြစ်လာပြီ။
“ မင်း… အဆင်ပြေရဲ့လား?”
ယွဲ့ရှုယန်နောက်ထပ် စက္ကန့်အနည်းငယ် ကြာသည်အထိ စိုက်ကြည့်နေပြီးမှ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင် ဘာမှမဖြစ်ခဲ့သလို တစ်ဖက်ကို အကြည့်လွှဲသွားခဲ့သည်။
ဟောင် မတုံ့ပြန်နိုင်ခင်မှာပဲ ဟွာဖေးရှုရဲ့ မျက်လုံးများလဲ ပွင့်လာခဲ့သည်။ သူမ ချက်ချင်းပဲ အံ့သြတကြီးပြောလိုက်သည်။
“ မမကြီး ငါ သိုင်းသူတော်စင် စဦး အဆင့်ရဲ့ အဆင့်၄ ကို ရောက်သွားပြီ!”
ဟွာဖေးရှု နေရာတွင်ပဲ လက်ခုတ်လက်ဝါး တီးကာ သူမမျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများ ပြည့်နေခဲ့သည်။
“ ပြီးတော့ နှင်းပွင့်လွှာလက်ဝါးချက်ကို ငါ သဘောပေါက်သွားပြီ! မမကြီး သိတယ်မလား? ငါ အကြာကြီး ရုန်းကန်နေရတဲ့ သိုင်းသူတော်စင် အဆင့်ရဲ့ အဆင့်နိမ့်သိုင်းလေ”
ဟွာဖေးရှု လက်သီးနှစ်ဖက် ဆုတ်လိုက်သည်။
“ ငါအခု အဲ့ဒါကို သုံးနိုင်ပြီထင်တယ်”
နောက်ဆုံးစကားလုံး ပြီးတာနဲ့ ဟွာဖေးရှု ချက်ချင်းပဲ ရပ်တန့်သွားသည်။ ထို့နောက်တွင် အရှေ့ရှိ ဗူးလွတ်ကို စိုက်ကြည့်လိုက်သည်။
“ ငါ့ရဲ့အလင်းပွင့်မှုက.. ဒီခေါက်ဆွဲနဲ့ ဆိုင်လောက်လား?”
သူမ ဖြည်းဖြည်းချင်း ဟောင် ရှိရာကို လှည့်ကြည့်လိုက်သည်။
ဒီဆိုင်ရှင်က သိုင်းကျင့်ကြံမှု လုံးဝမရှိတဲ့ သေမျိုးတစ်ယောက်ပဲ။ အနည်းဆုံး သူမရဲ့ အစောပိုင်း အာရုံခံချက်အရ ထိုသို့သိခဲ့ရတာပင်။
ဒါပေမဲ့ တစ်ကယ်ပဲ သိုင်းမတတ်တဲ့ သေမျိုး ဟုတ်ရဲ့လား?
သာမာန် အသွင်အပြင်နဲ့ ဖုံးကွယ်ထားတဲ့ သိုင်းဆရာကြီးတစ်ယောက်ကို ကြည့်နေသလိုမျိုး ဟွာဖေးရှု မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်သည်။
“ ဆိုင်ရှင်!”
“ ဒါတစ်ကယ်ခေါက်ဆွဲ ဟုတ်ရဲ့လား? နေအုံး! နင်က နင့်သိုင်းကျင့်ကြံမှုကို ဖုံးကွယ်ထားတာလား?”
“ ဖြစ်နိုင်တာ နင်က သိုင်းဆရာကြီးလား? ဒါမှမဟုတ် ဖြစ်နိုင်တာ ဒါက လျှို့ဝှက် သိုင်းပညာလား? ခေါက်ဆွဲနဲ့ ဆိုင်နေတယ် မလား?”
“ ဟင်းခတ်အမွှေးအကြိုင်လား? ဒါမှမဟုတ် တူကြောင့်လား? လုပ်! ပြောစမ်းပါ”