(ဆုလာဘ်တွေရောက်လာပြီ, စင်မှာ ခင်းရမယ်!)
Vol. 1 Ch. 9
အကြောင်းအရင်းက သိသာနေတာပဲ မဟုတ်ဘူးလား?
ဖြစ်နိုင်တာ သူမတို့ရဲ့ ခန္ဓာကိုယ်တွေက ချီစွမ်းအင်တွေကို ဆက်မစုပ်ယူနိုင်လို့ပဲ ဖြစ်ရမည်။ အချိန်ဘယ်လောက်မှ မခြားသေးဘဲ အတင်းအကျပ် ထပ်စားလိုက်ရင် အကျိုးမရဘဲ ခန္ဓာကိုယ်ပဲ ထိခိုက်လိမ့်မည်။
ဒီအကိုကြီးက… အင်အားကြီးရုံတင်မကဘဲ ကြင်နာတတ်တာပဲ!
ဈေးဝယ်တွေကို ကာကွယ်ပေးဖို့ စည်းကမ်းပါ ထုတ်ပေးထားသည်။ သူမတို့ကိုလဲ စည်းကမ်း လိုက်နာဖို့ တိုက်တွန်းတာ မအံ့သြတော့ပါဘူး။
ယွဲ့ရှုယန်၏ လေးစားမှုသည် ပိုကြီးထွားလာတော့၏။
ဟွာဖေးရှု ထပ်မံပြီး မတောင်းဆိုခင်မှာပဲ ယွဲ့ရှုယန်သည် ခါးမှ ဆွဲခေါ်လိုက်သည်။
“ နားလည်ပါပြီအကိုကြီး။ ငါတို့ မနက်ဖြန်မှ ထပ်လာခဲ့ပါ့မယ်”
“ မသွားခင်လေး ကိုယ့်ကိုယ်ကို မိတ်ဆက်သွားခွင့်ပြုပါ အကိုကြီး”
“ ငါ့နာမည်က ယွဲ့ရှုယန်လို့ ခေါ်ပါတယ်။ ဒါက ငါ့ညီမလေး ဟွာဖေးရှု”
'အိုး သူတို့နာမည်တွေကို မိတ်ဆက်ပေးနေတာလား’
“ မင်းတို့ငါ့ကို ဟောင် လို့ ခေါ်လို့ရပါတယ်”
အသိအမှတ်ပြုသည့်အနေဖြင့် ယွဲ့ရှုယန် အသာအယာ ခေါင်းငုံ့လိုက်သည်။ တစ်ချိန်ထဲမှာပင် ဟွာဖေးရှုရဲ့ ခေါင်းကိုပါ ဖိချပြီး ရိုသေမှုပြစေလိုက်သည်။
ဟွာဖေးရှု မကျေမနပ် လေမှုတ်လိုက်ရင်း
“အူး… သိပါပြီလို့”
ထို့နောက်တွင် ယွဲ့ရှုယန်သည် အချိန်ဆွဲ မနေတော့ဘဲ ထွက်ပေါက်ရှိရာကို လှည့်ထွက်လိုက်သည်။ ဟွာဖေးရှုကိုပါ ဆွဲခေါ်ခဲ့လိုက်သည်။
“ နေ..နေအုံး မမကြီး! မေးခွန်းလေး တစ်ခုပဲ! ငါ..ငါ”
“ သွားစို့ ဖေးရှု”
ထိုသို့ဖြင့် မိန်းကလေးနှစ်ယောက်သည် ဆိုင်မှ ထွက်သွားကြသည်။
ဟွာဖေးရှုသည် အနောက်တစ်လှည့်လှည့်ဖြင့် လိုက်ပါသွားရှာသည်။ ရတနာကြီးတစ်ခုကို ကျန်နေခဲ့သလိုပင်။
ယွဲ့ရှုယန်ကတော့ တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ သူမ အစောပိုင်းတည်းက ဆိုင်အတွင်းကို စစ်ဆေးပြီးပြီမို့ အသားခေါက်ဆွဲအပြင် တစ်ခြားမရှိတာကို သိပြီးသားပင်။
ထိုအချက်က ယွဲ့ရှုယန်ကို ပိုသေချာစေခဲ့သည်။
ဒီခေါက်ဆွဲထက် ပိုပြီး အစွမ်းရှိတာကို ရောင်းဖို့ အကြောင်းအရင်း မလိုတော့ဘူးလေ။ အဲ့ဒီ အကိုကြီးက ဘာကြောင့် တစ်ခြားတစ်ခု ရောင်းဖို့လိုအုံးမှာလဲ?
အသားခေါက်ဆွဲ တစ်ပွဲသည်ပင် လူတိုင်း တောင်းဆိုနိုင်တာထက် ပိုပြီးထိုက်တန်နေပြီးသားပဲ။
သို့ပေမဲ့ ယွဲ့ရှုယန်တွင် မေးခွန်းတစ်ခု ရှိခဲ့သည်။
ဒီအကိုကြီးက ဘာလို့အခုလို လုပ်နေရတာလဲ?
အလင်းပွင့်မှုကို ကြုံတွေ့စေနိုင်သည့် အရာကို ဝိညာဥ်ကျောက်တုံးတစ်တုံးနှင့် ရောင်းချသည်… အသိအသာကို အမြတ်ရမှာ မဟုတ်ဘူး။ ငွေရချင်လို့ ရောင်းတာဆိုလျှင် ဖေးရှု၏ တောင်းဆိုချက်ကို သူ ချက်ချင်း သဘောတူ လိုက်မှာပဲ။ ဒီလိုမှမဟုတ်ဘဲ အဆင့်မြင့် စံအိမ်ကြီးတွေမှာ လေလံဆွဲပြီးလုခိုင်းလိုက်လျှင် ငွေပိုတောင် ရနိုင်အုံးမည်။
အကြောင်းအရင်းက ဘာများလဲ?
စတိုင်းဆိုင်တွင်းတွင် ဟောင် သတိလက်လွတ် ရေရွတ်မိသွားသည်။
“ အကိုကြီးတဲ့လား…?”
နားထောင်လို့ ကောင်းပေမဲ့ အနည်းငယ် ထူးဆန်းသလို ခံစားရသည်။
ဟောင် ခေါင်းရမ်းလိုက်သည်။ ထားပါလေ။
“ ဟူး” သက်ပြင်းရှည်ကြီး ချလိုက်ရင်း ဟောင် တွေးလိုက်သည်။ နောက်ဆုံးတော့ တစ်ယောက်ထဲရှိနိုင်မည့် သီးသန့်အချိန်လေး ရပြီပဲ။
ဆိုင်ထဲ လူရှိတာကို ဟောင် မကြိုက်တာ မဟုတ်ပေ။ ဆိုင်ထဲ တစ်နေကုန် ထိုင်နေရပြီး စကားပြောစရာ လူမရှိဘဲ စနစ်နဲ့ နေထိုင်ရတာက အလွန်ပျင်းဖို့ ကောင်းလှသည်။
သို့ပေမဲ့ ဟွာဖေးရှုလို မိန်းကလေးမျိုးနှင့် တွေ့ရတာကလဲ တစ်နည်းနည်းနှင့်… ဦးနှောက်စားသည်။ သူ အားပြန်ဖြည့်လို့ လိုနေသလို ခံစားရသည်။
ထိုနေ့သည် ပုံမှန်လိုပဲ တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
ညဘက်တွင်ဈေးဝယ်တစ်ယောက် ရောက်လာခဲ့သေးသည်။ ဈေးကို မြင်တာနှင့် အပြစ်တင်ပြောဆိုကာ ချက်ချင်းပဲ ပြန်ထွက်သွားသည်။ လင်ယွီကျွင်းနှင့် ထိုမိန်းကလေးနှစ်ယောက် အပြီးတွင် ပထမဆုံး ရောက်လာသော ဈေးဝယ် ဖြစ်သည်။
လက်ရှိတွင် ဆယ်နာရီသာ ရှိသေးသည်။ ပုံမှန် ပိတ်ချိန်ထက် တစ်နာရီ စောပေမဲ့ ဟောင် ဆိုင်သိမ်းတော့ဖို့ ဆုံးဖြတ်လိုက်သည်။
ပိတ်လို့ ရတယ်မလား..
ဒီနေ့က အောင်မြင်တယ်ပြောလို့ရတာပဲလေ။
မစ်ရှင် အောင်မြင်သည့်အပြင် ခေါက်ဆွဲ သုံးဗူးတောင် ရောင်းခဲ့ရသည်။ သေးငယ်တဲ့ အောင်မြင်မှုသာ ဆိုပေမဲ့ အောင်ပွဲခံဖို့ ထိုက်တန်သည်။
ကိုယ့်ကိုယ်ကို ဆုချီးမြှင့်သည့် အနေဖြင့် ဟောင် စောစော အိပ်ယာဝင်လိုက်သည်။
မနက်ဖြန်ကျရင် ပစ္စည်းအသစ်တွေ ရောက်မှာပဲ။
ဟောင် စိတ်ထဲမှ စောင့်မျှော်နေမိသည်။
မနက်ခင်း နေရောင်တောင် မထွက်လာသေးသော်ငြား ဟောင် နိုးလာခဲ့သည်။
ဘာလို့ နိုးလာတာလဲ?
သူက စောစောထတဲ့ ငှက်မလို့လား?
သေချာပေါက် ဘယ်ဟုတ်မလဲ?
ဟောင်ရဲ့ နိုးထလာမှုမှာ တရားခံသည် စနစ်အပြင် မရှိတော့ပေ။
ရှေ့ရက်တွင် ဟောင် စောစော မနိုးဘူးဆိုလျှင် စနစ်မှ ကိုယ်အတွင်းကို လျှပ်စစ်စီးကြောင်း တစ်ခု ဖြတ်သန်းစေခဲ့သည်။ ကောင်းကင်ရဲ့ အတိဒုက္ခ မိုးကြိုးဒဏ်မိသလိုမျိုး ဟောင် ချက်ချင်းပဲ ငေါက်ခနဲ အိပ်ယာထရတော့တာပင်။
ဟောင် ရန်ဖြစ်လိုစွာ ပြောခဲ့သေးသည်။
“ ငါ အဲ့ဒါကြီးကြောင့် သေသွားနိုင်တယ်ကွ!”
ဒါပေမဲ့ စနစ်က လျင်မြန်စွာ ပြန်ချေပနိုင်ခဲ့သည်။
( အဲ့လောက်မဆိုးပါဘူး။ ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ လူကိုပဲ နိုးစေလောက်တဲ့ ပြင်းအား သုံးထားတာ။ ဒီလိုမှမဟုတ်ရင် ပိုင်ရှင်က အပျင်းတစ်နေမှာလေ။ ဒါ အပြိုင်ကမ္ဘာရဲ့ ကုန်စုံဆိုင် ဆိုင်ရှင်အနေနဲ့ မရှိသင့်တဲ့အမူအကျင့်ပဲ)
ဟောင် ဆက်ပြီး ငြင်းချင်ခဲ့သည်။ ဒါပေမဲ့ ငြင်းတော့ကော သူ ဘာတတ်နိုင်မှာလဲ?
စနစ်က လုံးဝကို အဖက်မလုပ်ဘူးလေ။
ဟောင် မနက်နိုးလာတာနဲ့ ရေမိုးချိုးပြီး အောင်ထပ်ရှိ သိုလှောင်ရုံကို သွားလိုက်သည်။ အစောထရလို့ မကြည်မလင် ဖြစ်နေသော စိတ်ထဲသို့ စိတ်လှုပ်ရှားမှုတို့ အစားထိုးဝင်ရောက် လာခဲ့သည်။
ဂိုထောင်ထဲ ဝင်လိုက်တာနှင့် စပ်ဖြဲဖြဲ အပြုံးတစ်ခု သူ့ရဲ့မျက်နှာထက်တွင် ပေါ်လာသည်။
စုစုပေါင်း ကတ်ထူဗူး ဆယ့်ငါးဗူးရှိသည်!
သူ အပြေးသွားပြီး စစ်ဆေးလိုက်သည်။
အသားအရသာအသင့်စားခေါက်ဆွဲ၊
ကြက်သားအရသာ အသင့်စားခေါက်ဆွဲနှင့်
နောက်ဆုံးကတော့
ကိုကာကိုလာ!
ဟောင် ငိုချမိတော့မတတ် ခံစားချက်တို့ ပြင်းထန်လာသည်။
ကိုလာဗူးပါသော ကတ်ထူဗူးကို ဖွင့်ချိန်တွင် ဟောင်၏ လက်တို့ တုန်ယင်နေသည်။
အတွင်းရှိ အစီအရီ စီထားသော သံဗူးများသည် ဟောင် ကို နှုတ်ဆက် လာခဲ့သည်။ အလင်းရောင်အောက်ရှိ သတ္ထုဗူး၏ ကိုယ်ထည်တွင် အနီရောင်လေး လွှမ်းခြုံထားပြီး ရွှေရောင်စာလုံးများဖြင့် ရေးသားထားသည်။ အဖုံးရှိ ဆွဲဖောက်ရမည့် နေရာတွင်လည်း ရွှေရောင် အနည်းငယ်ဖြင့် အနားကွပ်ထားသည်။
ကိုလာဗူးပါသော ဖာကို ဂရုတစိုက် ဘေးချလိုက်ပြီး ကြက်သားအရသာ ခေါက်ဆွဲဘက်ကို လှည့်လိုက်သည်။
ထုတ်ပိုးထားပုံသည် အမဲသားအရသာ ခေါက်ဆွဲနှင့် အတူတူဖြစ်ပြီး အဖုံးပေါ်ရှိပုံသည် ကွဲပြားသည်။ ဘေးမှာ အသားလွှာများ စီထားသလို မဟုတ်တော့ဘဲ အခုတစ်ခေါက်တွင် ကြက်သားဖတ်များသည် ရွှေရောင်ခေါက်ဆွဲပြုတ်ရည် အနှံ့တွင် ပေါ်တစ်ဝက်၊ မြုပ်တစ်ဝက်ဖြင့် ရှိနေသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် အဆင့်အတန်း မြင့်မှန်းသိသာလှသည်။
ဟောင် တက်ကြွစွာဖြင့် ဆိုင်ဖွင့်ဖို့ ပြင်လိုက်တော့သည်။
ပထမဦးဆုံး အသားအရသာခေါက်ဆွဲကို နေရာမကျန်တော့သည်အထိ စင်အပြည့် ဖြည့်လိုက်သည်။
နောက်ထပ်အနေနှင့် ထိုစင်ဘေးရှိစင်တွင် ကြက်သားအရသာခေါက်ဆွဲတွေကို ဖြည့်လိုက်သည်။ အမျိုးအစားနာမည်ကို ကောင်းကောင်းမြင်ရစေရန် အရှေ့မှ သေချာထားလိုက်သည်။
ထို့နောက်တွင် ကိုလာဗူးကို ကိုင်လိုက်သည်။ မှန်တံခါးတပ်ထားသည့် ရေခဲသေတ္တာတွင် ဗူးများကို သေချာစီထည့်လိုက်သည်။ ရေခဲသေတ္တာအပြည့် ဗူးများစီထားလိုက်သည်။
အလုပ်ပြီးသွားချိန်တွင် တစ်ဆိုင်လုံးကို ကျေနပ်စွာဖြင့် ဝေ့ကြည့်လိုက်သည်။
ဆိုင်ကိုကြည့်ရတာ….
ပိုကောင်းလာပြီပဲ။
ဆိုင်အတွင်းတွင် မသုံးဘဲ ပစ်ထားရသည့် စင်အလွတ်များစွာ ရှိဆဲဆိုသော်ငြား အခုအနေအထားသည် မနေ့ကထက် အများကြီး ပိုကြည့်ကောင်းလာခဲ့ပြီ။ ဒါကကြီးမားတဲ့ တိုးတက်မှုပင်။
ကိုယ့်အလုပ်ကို ကျေနပ်စွာဖြင့် ဟောင် အနည်းငယ် အကျိုးခံစားဖို့ ဆုံးဖြတ်လိုက်သည်။
အခုက မနက်စာစားချိန် ဖြစ်သည်။
သေချာပေါက် ကြက်သားအရသာခေါက်ဆွဲကို ဟောင် ရွေးချယ်လိုက်သည်။
ရေနွေးထည့်ပြီး အချိန်အနည်းငယ် စောင့်ပြီးတာနဲ့ ပထမအလုပ်ကို စားကြည့်လိုက်သည်။
အရသာရှိသည်!
အမဲသားအရသာ ခေါက်ဆွဲတုန်းကလို အရည်အသွေးကလုံးဝ ကြယ်ငါးပွင့်အဆင့် ထိပ်တန်းပဲ!
တစ်လုပ်စားပြီးနောက်တွင် ဟောင် ကိုလာဗူးရှိရာကို လက်လှမ်းလိုက်သည်။
ကျေနပ်စရာ ဖောက်သံတစ်ချက်အပြီးမှာ သူ တစ်ငုံအပြည့် သောက်ချလိုက်တော့၏။
ဒါပဲ!
ဒါပဲလေ!
ဒီ စူးရှမှုနဲ့ ဒီ လန်းဆန်းသွားစေတဲ့ ချိုမြမှု!
ဂတ်စ်ရဲ့ ရှတတ အရသာသည် လည်ချောင်းတစ်လျှောက် စီးဝင်သွားသည်။ ပါးစပ်အတွင်းတွင် ချိုမြမှုအနည်းငယ် စွဲကျန်နေပြီး တောင့်တစိတ်ကို ပိုလို့ဖြစ်ပေါ်စေသည်။