← Chapters

( မင်းတို့ တွန်းချင်သလောက်တွန်း၊ ဆိုင် မဖွင့်သေးဘူး)

Vol. 1 Ch. 10

( မင်းတို့ တွန်းချင်သလောက်တွန်း၊ ဆိုင် မဖွင့်သေးဘူး)

Vol. 1 Ch. 10

ထိုအချိန်ခဏတွင် ဟောင် ကိုယ့်ကိုယ်ကို ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်နေသလို ခံစားလို​က်ရသည်။

အရမ်းအားကြီးပြီး ဘယ်သူမှ အနိုင်မယူ မနိုင်တဲ့ ခံစားချက်ပဲ…

သေချာပေါက်ကို ဤခံစားချက်သည် ကျေနပ်မှု သက်သက်သာဖြစ်ပြီး ဘယ်လို ဆန်းကြယ်မှုမှ မဖြစ်လာခဲ့ပေ။

ဘယ်လိုအလင်းပွင့်မှုမှ မဖြစ်သလို ဘယ်လို စွမ်းအင်ပေါက်ကွဲထွက်မှုမှ မဖြစ်သွားဘူး။ ကျင့်ကြံရေးအတွက် ဘယ်လို အကျိုးကျေးဇူးကိုမှ ဟောင် မခံစားရပေ။

အလွန်ကောင်းသော​ ဖျော်ရည်တစ်ခုသာ ဖြစ်သည်။

သို့ပေမဲ့ ဟောင် စိတ်မပျက်ပါချေ။ ဖျော်ရည်ရဲ့ အရသာနဲ့တင် သူ့အတွက်က တန်နေပြီဖြစ်သည်။

ဒီနေ့က တစ်ကယ့်နေ့ကောင်းလေးပဲ!

သူ့မှာ ရောင်းကုန်အသစ်တွေ ရှိလာခဲ့သလို ဆိုင်က ကြည့်ရတာ အရင်လောက် စိတ်ပျက်ဖို့ မကောင်းတော့ဘူး။ ခေါက်ဆွဲတောင် စားစရာ အရသာအသစ် ရလာခဲ့ပြီပင်။

ကိစ္စတွေက ချောချောမွေ့မွေ့ ဖြစ်ပေါ်နေတာပဲ!

ထိုအချိန်တွင် စတိုးဆိုင်အပြင်ဘက်၌…

အကြီးဆုံးမြို့တော်ရှိ လူသွားလူလာမရှိသာ တိတ်ဆိတ်သည့် လမ်းကြားတစ်ခုတွင် လူလေးယော​က်သည် မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေကြသည်။

ထိုလေးယောက်သည် သာမာန်သူများ မဟုတ်ပါချေ။

တိမ်တိုက်ဝန်းရံ အင်ပါယာ လက်အောက်ရှိ ထိပ်သီးဂိုဏ်းများ၏ တပည့်များ ဖြစ်ပေ၏။

ထိုထဲမှ တစ်ယောက်သည် ဟောင်၏ ပထမဆုံး ​ဖောက်သည် လင်ယွီကျွင်း ဖြစ်သည်။

လင်ယွီကျွင်း စတိုးဆိုင် တံခါးဆီကို လက်လှမ်းလိုက်သည်။

အားအနည်းငယ် သုံးကာ သူ တွန်းကြည့် လိုက်သည်။

တံခါးက မလှုပ်ရှားခဲ့ပေ။

လင်ယွီကျွင်း မျက်မှောင်ကြုတ်သွားသည်။ သူ အားဖျော့ထားလို့ ဖြစ်ရမည်။

ထို့ကြောင့် သူထပ်ပြီး အားသုံးလိုက်သည်။

တံခါးက မလှုပ်ရှားသေးပေ။

“...?”

အခုတစ်ခေါက်ထပ်ပြီး လင်ယွီကျွင်း အားအများကြီး စိုက်ထုတ်လိုက်ပြန်သည်။

အချိန်စက္ကန့်တွေ ကုန်ဆုံးသွားသည်။

သူ့ရဲ့ လက်တွေက ပိုပြီးအားသုံးသည်နှင့်အညီ မြေကြီးကိုပါ ခြေထောက်နှင့် တွန်းကန်အားယူထားသေးသည်။ လက်မောင်းအတွင်းမှ အားအကုန် ထုတ်လိုက်သည်။

မသိလိုက်ခင်မှာပဲ လင်ယွီကျွင်း အားကုန် သုံးမိနေတာဖြစ်သည်!

သူ့ရဲ့နဖူးသွေးကြောများ ထောင်လာသည်။ အသက်ရှုသံသည်လည်း အနည်းငယ် ဟိုက်လာခဲ့သည်။ မျက်နှာတစ်ပြင်လုံးပါ နီရဲလာသည်။

ဒါပေမဲ့…

တံခါးက တစ်ချက်တောင် မရွေ့ပေ။

တစ်ချက်လေးတောင်မှ မလှုပ်သည့်အပြင် အသံတစ်ခုတောင် မကြားရဘူး။

“.. ဒါ.. ဘာ.. တံခါးကြီး… တုန်းဟ?”

လင်ယွီကျွင်း အံကြိတ်ပြီး အားကုန်ထုတ်နေဆဲ ဖြစ်သည်။

“ ဆိုင်ရှင် လုပ်ထားတဲ့.. နတ်ပစ္စည်း…လား?”

လင်ယွီကျွင်းရဲ့ အနောက်ရှိ ဂိုဏ်းတူတပည့်သည် သက်ပြင်းတစ်ချက် ချရင်း အရှေ့တိုးလာသည်။

“ ယွီကျွင်း မင်းထပ်ပြီး အပျင်းခိုနေတာမလား?”

“ ငါမင်းကို အတူလိုက်လေ့ကျင့်ပါလို့ မပြောဘူးလား? မင်းအမြဲတမ်း ပေါ့တန်တန်နဲ့”

“ ငါတို့တွေရဲ့ နှစ်ဦးယှဥ်ပြိုင်မှုတွေမှာ မင်း အတူလိုက်လေ့ကျင့်ခဲ့ရင် ဒီတံခါးက မင်းအတွက် ပြဿနာတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး”

ထိုလူသည် လင်ယွီကျွင်းနီးတူ အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ အညိုနက်ရောင် ဆံပင်ရှည်များကို ရိုးရှင်းသည့် ဆံထုံးတစ်ခု ထုံးထားသဖြင့် သပ်ရပ်ပြီး အထက်တန်းကျသော ဟန်ပန်ကို ဖြစ်ပေါ်စေသည်။

ထိုသူ၏ ရုပ်ရှည်သည် လင်ယွီကျွင်းလိုပဲ ချောမောသည်။ ဒါပေမဲ့ ထိုသူ၏ တည်ရှိမှုသည် လင်းယွီကျွင်းရဲ့ ဂရုမထားသည့် ဟန်ပန်နှင့် ဆန့်ကျင့်စွာ စူးရှပြီး အမိန့်ဆန်သည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။

ထိုသူမှာ လင်ယွီကျွင်းရဲ့ သွေးသောက်ညီကို ရှောင်လျန်ဖန်း ဖြစ်သည်။

အတွင်းတပည့် လင်ယွီကျွင်းလို မဟုတ်ဘဲ ရှောင်လျန်ဖန်းသည် ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်းရဲ့ ပင်မ တပည့်ဖြစ်၏။

လင်ယွီကျွင်း အနောက်ကို အနည်းငယ် ခေါင်းစောင်းကြည့်လိုက်သည်။ ထို့နောက်တွင် အပိုပြောလိုက်တာဆိုသော အကြည့်တစ်ချက် ပေးလိုက်သည်။

“ ဟ! မင်းရဲ့ မရပ်မနားလေ့ကျင့်မှုကြီးကို မင်းတစ်ယောက်ထဲလုပ် လျန်ဖန်း။ လူတိုင်းက တစ်နေ့ခင်းလုံး မင်းလိုမျိုး ကျင့်ကြံပြီး အချိန်ဖြုန်းဖို့မလိုအပ်ဘူး!”

ရှောင်လျန်ဖန်းသည် မျက်နှာတစ်ချက် မပျက်ချေ။

“ ဒါက အချိန်ဖြုန်းတာနဲ့မဆိုင်ဘူး ယွီကျွင်း။ ဒါကို ကိုယ်ရောစိတ်ပါ နစ်မြုပ်ထားတယ်လို့ ခေါ်တယ်”

“ တံခါးမပွင့်တာကို လာညည်းမနေနဲ့။ မင်းမှာ ကိုယ်ပိုင်သန်မာမှုမရှိပေမဲ့ စည်းကမ်းမှ မရှိတာ!”

လင်ယွီကျွင်း မျက်နှာကို မဲ့ပြလိုက်သည်။ သို့ပေမဲ့ ဆက်လက်ပြီး အားအကုန် သုံးနေဆဲပင်။

ရှောင်လျန်ဖန်း အနည်းငယ် ခေါင်းခါလိုက်ကာ

“ ယွီကျွင်း ငါလုပ်ကြည့်မယ်”

လင်ယွီကျွင်း ပုခုံးတစ်ချက်တွန့်ကာ ဘေးဖယ် ပေးလိုက်သည်။

အခုအချိန်မှာ စလိုက်မီးသည် ပြိုင်ပွဲဝင်အသစ် ရှောင်လျန်ဖန်းထံ ကျရောက်သွားပြီ ဖြစ်သည်။

လင်ယွီကျွင်းက ပျင်းရိတယ်​ဆိုပေမဲ့ ငြင်းမရတဲ့ သန်မာမှုရှိတာ ရှောင်လျန်ဖန်း သိသည်။ လင်ယွီကျွင်း တံခါးဖွင့်ဖို့ ရုန်းကန် နေရတယ်ဆိုတည်းက ဒီတံခါးက တစ်ခုခု ထူးခြားမှုရှိတာ သူ သဘောပေါက်ပြီးသားပင်။

ညီဖြစ်သူရှေ့မှာ အားနည်းပုံ မပေါက်ချင်တာမို့ ရှောင်လျန်ဖန်း ခြေထောက် ခိုင်ခိုင်ထားပြီး အသာအယာ လက်တင်လိုက်သည်။

ထို့နောက်တွင် တစ်ဆက်ထဲ အားကုန်ထုတ်သုံး လိုက်သည်။ လက်နှစ်ဖက်လုံးနှင့် ဖြောင့်တန်းစွာ တွန်းနေခဲ့သည်။ တံခါးကို အားနှင့်တွန်းနေချိန်မှာ ကြွက်သားအားလုံးကို အသုံးချရင်း ခန္ဓာကိုယ်မှာရှိတဲ့ အင်အားကို တစ်စက်မကျန်ထုတ်သုံးခဲ့သည်။

သို့ပေမဲ့ လင်ယွီကျွင်း တုန်းကလိုပင် တံခါးသည် အဖက်မလုပ်ပေ။

“....”

ရှောင်လျန်ဖန်း အနောက်ပြန်ဆုတ်လိုက်သည်။ သူ့ရဲ့ အသက်ရှုသံသည် ပုံမှန်ထက် အနည်းငယ် ပြင်းထန်နေသည်။ မျက်နှာသည် တည်ငြိမ်ဆဲ ဖြစ်လင့်ကစား စိတ်ထဲတွင်တော့ အလွန်ရှုတ်ထွေးနေ၏။

“ ဘယ်လိုကြောင့်လဲ?”

တံခါးကို သံသယအပြည့်ဖြင့် ကြည့်လိုက်ရင်း ရှောင်လျန်ဖန်း ပြောလိုက်သည်။

အနောက်က လင်ယွီကျွင်း မထိန်းချုပ်နိုင်တော့ချေ။ ကျယ်လောင်သော ရယ်သံသည် လမ်းကြားတစ်လျှောက်တွင် ပဲ့တင်ထွက်သွားခဲ့သည်။

“ ဟဟ! ငါတင်မဟုတ်ဘူး။ လျန်ဖန်း မင်းလဲ ဖွင့်မရဘူးမလား?”

စနောက်နေရင်း.လင်ယွီကျွင်းရဲ့ မျက်နှာပေါ်ရှိ စပ်ဖြဲဖြဲအပြုံးသည် ပို၍ကြီးထွားလာသည်။

“ မင်းဆိုရင်တောင်မှ တံခါးက မဖြုံသလိုပဲ”

ရှောင်လျန်ဖန်း အကြည့်စူးစူး တစ်ချက် စိုက်ကြည့်ပေးလိုက်ပြီးနောက်တွင် နှစ်ယောက်လုံး ရယ်လိုက်ကြသည်။

“ ကြည့်ရတာ တံခါးက ငါတို့နှစ်ယောက်ထပ် အများကြီးသန်မာပုံပဲ ယွီကျွင်း”

လင်ယွီကျွင်း သံသယမရှိတော့ပေ။ သိုင်းသူတော်စင် အဆင့်ကို ချိုးဖြတ်နိုင်တော့မည့်ဆဲဆဲ ရှောင်လျန်ဖန်းပင် မဖွင့်နိုင်ဘူးဆိုသည့်အတွက် ဒီတံခါးက သန်မာမှုနဲ့ပဲ ဆိုင်တာ မဟုတ်လောက်တော့ဘူး။

ရှောင်လျန်ဖန်းရဲ့ ကျင့်ကြံမှုက သူ့ထက် အများကြီးမြင့်သည်။

ရှောင်လျန်ဖန်း အားကုန် သုံးခဲ့တာကိုတောင်မှ တံခါးက မပွင့်တဲ့အပြင် မလှုပ်တောင် မလှုပ်ဘူးဆိုတော့ ဆိုလိုတာတစ်ခုပဲ ရှိသည်။

‘ ဒါက သာမာန်တံခါးတစ်ခုမဟုတ်ဘူး’

လင်ယွီကျွင်း မေးစေ့ကိုပွတ်ရင်း တွေးလိုက်သည်။

“ ဒါကို အရမ်းအားကောင်းတဲ့ ကျိန်စာ ဒါမှမဟုတ် အစီအရင်နဲ့ ကာကွယ်ထားတာဖြစ်မယ်။ မဟုတ်ရင် စကားနဲ့ဖော်ပြဖို့ ခက်ခဲတဲ့ အဆင့်မြင့် ချိတ်ပိတ်ပစ္စည်းတွေ သုံးထားတာလဲ ဖြစ်နိုင်တယ်”

ရှောင်လျန်ဖန်း ခေါင်းငြိမ့်လိုက်သည်။

“ အဓိပ္ပါယ်ရှိတယ်။ သာမာန်တံခါးက ငါတို့နှစ်ယောက်ရဲ့ သန်မာမှုကို ခံနိုင်စရာ အကြောင်းမရှိဘူး။ ဆရာကြီးတစ်ယောက်က ဖန်တီးထားတာဖြစ်ရမယ်”

သူတို့နှစ်ယောက် အတွေးနက်နေစဥ်မှာပဲ အနောက်ကနေ ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ ဟ နင်တို့တွေက ဗလပဲရှိပြီး ဦးနှောက်မရှိကြတာလား? ဒီမှာ ‘ပိတ်တယ်’ ရေးထားတာ မတွေ့ဘူးလား?”

“ ဒါကြောင့် ဖွင့်မရတာလေ”

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်း နေရာတင် တောင့်တင်းသွားသည်။

ထိုအသံသည် နှင်းပွင့်လွှာဂိုဏ်းရှိ ဟွာဖေးရှုရဲ့ အသံပင်။

ဟွာဖေးရှုသည် လက်ပိုက်ကာ အရှေ့က နှစ်ယောက်ကို အထင်သေးသော မျက်နှာဖြင့် ကြည့်နေသည်။ မသိလျှင် အရွယ်ရောက်ပြီး ကလေးစိတ်ဝင်နေသော လူနှစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

ဒါပေမဲ့…

လက်တွေ့မှာတော့ သူမလဲ တစ်ပုံစံထဲ စမ်းကြည့်ပြီးသားပဲ။

ဟွာဖေးရှုလဲ ထိုနှစ်ယောက် မလာခင်က ကံစမ်းမည်ဆိုပြီး တံခါးဖွင့်ကြည့်မလို့ လုပ်ခဲ့သည်။

ကံကောင်းစွာဖြင့် သူမ တံခါးနှင့် ထိခါနီးမှာပင် ယွဲ့ရှုယန်က အင်္ကျီလက်က အမြန်ဆွဲပြီး တားလိုက်သည်။ တစ်ဖက်ခြမ်းရှိ ပိတ်သည် ဆိုသော ဘုတ်ပြားကို လက်ညိုးထိုးပြလိုက်လေသည်။

(ပိတ်သည်)

ဟွာဖေးရှု အနည်းငယ် အရှက်ရစွာ အနောက်ဆုတ်လိုက်သည်။ ယွဲ့ရှုယန်သာ မတားမြစ်ခဲ့ရင် သူမ သေချာပေါက် ကြိုးစားမိခဲ့မှာပင်။

တစ်ကယ်ကို ကံကောင်းသွားတယ်!

မဟုတ်ရင် ဒီလူတွေလို သူမလဲ အရှက်ကွဲတော့မှာ!

ဟီးဟီး

ထိုအချိန်တွင်…

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းသည် အခုမှ ဘုတ်ပြားကို မြင်မိပြီး နေရာမှာပဲ တောင့်ခဲနေတော့သည်။ ထို့နောက်တွင် အချင်းချင်း ကြည့်လိုက်ကြသည်။

အခြေအနေကို သဘောပေါက်တာမို့ ချက်ချင်းပဲ ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်သည်။

နောက်ကျောက အနည်းငယ်တော့ တောင့်တင်းနေဆဲပင်။ သို့ပေမဲ့ မျက်နှာကတော့ တည်ငြိမ်ပြီး ဟိတ်ကြီးဟန်ကြီးပုံစံကို ပြင်လိုက်ကာ မသိလျှင် ဘာမှမဖြစ်ခဲ့သလိုပင်။

သူတို့နှစ်ယောက်လုံးသည် ဟန်ဆောင်ပန်ဆောင် ချောင်းတစ်ချက်စီ ဆိုးလိုက်ကြသည်။

“ အဟမ်း”

“ အဟမ်း”

“ အာ ဟုတ်သား” လင်ယွီကျွင်း ပြောလိုက်သည်။

“ ငါတို့က.. ဒီတိုင်းစမ်းကြည့်တာ”

“ ဟုတ်တယ်” ​ရှောင်လျန်ဖန်း ခေါင်းညိတ်ပြီး အမြန်သဘောတူလိုက်သည်။

“ တစ်ခုခု မှားနေတာ ငါတို့သိပြီးသားပဲ”

All Chapters