(အလှလေးတွေရှေ့မှာတော့ မလုပ်နဲ့လေ)
Vol. 1 Ch. 11
စိတ်ထဲမှာတော့…..
ချီးပဲ!
နှင်းပွင့်လွှာ ဂိုဏ်းသူလေးတွေ ရှေ့မှာမှ ကိုယ့်အရှက်ကိုယ် ခွဲမိလေခြင်း!
ချီးပဲ! ဒီလိုဖြစ်လို့မရဘူးလေ!
အလှလေးတွေရှေ့မှာမှကွာ! ကတောက်စ်!
တစ်ယောက်က ဆောင်းမုန်တိုင်း ဟွာဖေးရှု ဖြစ်ပြီး ကျန်တစ်ယောက်က ပိုပြီးတောင် အံ့သြဖို့ကောင်းသေးသည်။ နှင်းနတ်သမီး ယွဲ့ရှုယန်ပဲ။
သူမတို့နှစ်ယောက်လုံးက အလွန်လှပကြပြီး ပါရမီရှင်များအဖြစ် အများရဲ့ လေးစားမှုကို ရထားကြသူတွေပဲ။
ဂုဏ်သတင်းပိုင်းမှာဆိုလျှင် လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းသည်လည်း ခေသူမဟုတ်ပါချေ။ သို့ပေမဲ့ အစောပိုင်းက လုပ်ရပ်ကြောင့် သူတို့ရဲ့ ဂုဏ်ပုဒ်တွေ အကုန် မြောင်းထဲရောက်သွားလေပြီ။
ရှောင်လျန်ဖန်း လင်ယွီကျွင်းကို လှမ်းကြည့်ပြီး စိတ်ထဲမှ ဆက်သွယ်လိုက်သည်။
‘ ငါတို့ဘာလုပ်ကြမလဲ? ယွီကျွင်း’
လင်ယွီကျွင်းက မျက်နှာနီနီနဲ့ပဲ ရူးချင်ယောင် ဆောင်နေတာဖြစ်သည်။ သူ ရှောင်လျန်ဖန်းကို ချက်ချင်း ပြန်ဖြေလိုက်သည်။
‘ ငါ့မှာလဲအကြံမရှိဘူး လျန်ဖန်း’
“....”
‘ တံခါးက သာမာန်မဟုတ်တာ မင်း သိခဲ့သင့်တာ!’
သူတို့နှစ်ယောက်လုံး စိတ်ထဲကနေ ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ ထိုလေးယောက် ကြားထဲရှိ အနေခက်မှုသည် သိပ်သည်းလွန်းလို့ ဓားနဲ့တောင် ဖြတ်မရလောက်ပေ။
ထိုအချိန်မှာပဲ လင်ယွီကျွင်းရဲ့ ခေါင်းထဲမှာ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ နေအုံး။ ဒီတံခါးကို ဖွင့်ဖို့ အင်အား ဘယ်လောက်လဲ မင်းတို့လဲ သိချင်နေခဲ့တာမလား?”
လင်ယွီကျွင်း ကျယ်လောင်စွာ ပြောလိုက်ရင်း လက်ဝါးနှစ်ချက်ကိုပါ ရိုက်လိုက်သေးသည်။
“ ဒီတံခါးကို အခုလိုခိုင်နေအောင် ပိတ်ထားဖို့ ဘယ်လိုအစီအရင် သုံးထားလဲ သိချင်ကြတယ်မလား?”
ရှောင်လျန်ဖန်း မျက်ခုံးတစ်ဖက် ပင့်သွားသည်။ ထို့နောက်တွင် ချက်ချင်းပဲ သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။
“ ဟုတ်တယ်! ယွီကျွင်း မင်းပြောတာ အဓိပ္ပါယ် ရှိတယ်။ ဒီတံခါးကို အဆင့်မြင့် အစီအရင် တစ်ချို့နဲ့ ပိတ်ထားတာ ဖြစ်မယ်။ မင်းတို့ကော မထင်ဘူးလား?”
စပ်စုချင်စိတ်ကို ထိန်းထားခဲ့တဲ့ ဟွာဖေးရှုသည် သူမ သတိမထားမိလိုက်ခင်မှာပင် ခေါင်း တစ်ဆတ်ဆတ်ညိတ်လိုက်မိကာ..
“ အမှန်ပဲ! ပြောရရင်.. အဲ့ဒါက လုံးဝကို အားကြီးတဲ့ အစီအရင်ပဲ ဖြစ်ရမယ်! ချိတ်ပိတ် သိုင်းတစ်ခုခုများလားပဲ? မဟုတ်ဘူး မဟုတ်ဘူး ငါ့အထင် ဒါကိုသေချာကြည့်ရင်..”
ပြောနေရင်းတန်းလန်း ဟွာဖေးရှု ရပ်တန့်သွားခဲ့သည်။ သူမ မသိလိုက်ဘဲ သူတို့ရဲ့ စကားဝိုင်းထဲ ပါဝင်လိုက်မိပြီမှန်း သဘောပေါက်သွားသည်။
သူမတို့ သုံးယောက်လုံးသည် အတွေးကိုယ်စီဖြင့် တံခါးကိုပဲ စိုက်ကြည့် နေလိုက်ကြသည်။
ယွဲ့ရှုယန်သည် ဘေးမှ တစ်ချိန်လုံး ကြည့်နေခဲ့တာပင်။ သူမရဲ့ မျက်လုံးတွေက တံခါးပေါက်ကို ပြန်ရောက်သွားချိန်မှာ တံခါးပေါက်ရှိ ဘုတ်ပြားလေးက ‘ဖွင့်သည်’ အဖြစ်ပြောင်းပြီမှန်း သူမ မြင်လိုက်သည်။ လွဲမှားစရာ မရှိတော့ဘူး။ ဆိုင် တစ်ကယ် ဖွင့်ပြီပဲ။
စကားတစ်ခွန်းမှ မပြောဘဲ ယွဲ့ရှုယန် အရှေ့တိုးကာ တံခါးကို အသာအယာ ဖွင့်လိုက်သည်။ အထဲကို ဝင်သွားလိုက်ရင်း
“ သွားမယ် ဖေးရှု”
ဟွာဖေးရှု မျက်တောင် တစ်ဖြတ်ဖြတ်ခတ်ရင်း အခုမှ အိပ်မက်က နိုးလာခဲ့သည်။ သူမ ယွဲ့ရှုယန်အနောက်ကို အမြန်လိုက်ဝင် သွားလိုက်သည်။
လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းသည် တံခါးအပြင်တွင် မလှုပ်မယက် ရပ်နေကြဆဲပင်။ သူတို့တွေ တိတ်တဆိတ် အချင်းချင်းကြည့်လိုက်ကြသည်။
“ ငါတို့တစ်ကယ်ကြီး..”
လင်ယွီကျွင်း စကားဟလိုက်ပေမဲ့ ရှောင်လျန်ဖန်းက ချောင်းဟန့်ရင်း တားလိုက်သည်။
“ ငါ့အထင် ငါတို့ဒါကို ဘယ်တော့မှ ကျော်ဖြတ်နိုင်တော့မယ်မထင်ဘူး”
ရှောင်လျန်ဖန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လင်ယွီကျွင်းသည် ဟွာဖေးရှုကို စကားပြောလာအောင် လုပ်ပြီးတာမို့ အရှက်ရမှုကို ကျော်ဖြတ်ပြီးသွားသည့်ဟန်ဖြင့် ကိုယ်ကို မတ်ထားခဲ့သည်။ ဒါပေမဲ့ ရှောင်လျန်ဖန်းက ပြန်အမှတ်ရအောင် လုပ်ပေးသွားလေသည်။ သူတို့ရဲ့ သနားစရာ အရှက်ရှမှုက မမေ့ဖျောက်နိုင်စွာဖြင့် မျက်နှာတွင် အထင်းသားဖြစ်နေတော့သည်။
နှစ်ယောက်လုံးသည် တွန့်ဆုတ်စွာဖြင့် ဆိုင်အတွင်း ဝင်လာကြသည်။ ဘာမှ မဖြစ်ခဲ့သော မျက်နှာများကိုပါ ဆင်မြန်း ထားကြသေးသည်။
ဆိုင်အတွင်းမှာ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်သည် ဟောင်ကို လေးစွားစွာ နှုတ်ဆက်နေကြသည်။
“ မင်္ဂလာပါ အကိုကြီး”
“ မင်္ဂလာပါ အကိုကြီးဟောင်!”
‘ဒါသူတို့ရဲ့ နှုတ်ဆက်တဲ့ပုံစံလား?’
ဟောင် ဈေးဝယ်များစွာကို တွေ့ခဲ့သည်။ ကိုယ့်ကိုယ်ကို ဆရာကြီးလို ခံစားရတာ ဒါပထမဆုံးပဲ။
“ ကြိုဆိုပါတယ်”
ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်သည် ချက်ချင်းပဲ ဒဏ္ဍာရီလာ အသားခေါက်ဆွဲ စင်အနားကို လျှောက်သွားလိုက်ကြသည်။
သို့ပေမဲ့ သူမတို့ရဲ့ အမြင်အာရုံကို တစ်စုံတစ်ခုက ဖမ်းစားသွားသည်။
အသားခေါက်ဆွဲစင်၏ ဘေးကပ်ရပ်တွင် ထုတ်ပိုးပုံဆင်တူသည့် နောက်ထပ် ခေါက်ဆွဲဗူးများရှိနေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အဖုံးရှိ ခေါက်ဆွဲပုံ ဖြစ်၏။
ဟွာဖေးရှု တစ်ဗူးယူလိုက်ပြီး ဖတ်ကြည့်လိုက်သည်။
“ ကြက်သားအရသာ အသင့်စားခေါက်ဆွဲ”
“ အကိုကြီးဟောင် ဒါ ပစ္စည်းအသစ်လား?”
ဟောင် ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။
“ အင်း။ ဒါက အသင့်စားခေါက်ဆွဲကိုမှ အရသာမတူဘူး။ ဒါလဲ စားကောင်းတယ်”
စားကောင်းတယ် ဆိုသော စကားလုံးနားတွင် ယွဲ့ရှုယန်ရဲ့ နားနှစ်ဖက် အနည်းငယ် မတ်သွားသည်။ သတိထားမိဖို့ မလွယ်ကူတဲ့ ပြောင်းလဲမှုသာ ဆိုသော်ငြား သူမနဲ့ ရင်းနီးတဲ့သူသာဆိုလျှင် သူမ စိတ်လှုပ်ရှားသွားမှန်း သေချာပေါက် ပြောနိုင်မှာပင်။
နောက်ဆုံးမှာ လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းလဲ ဝင်လာခဲ့ပြီး ဟောင် ကို အရိုအသေ ပေးလိုက်ကြသည်။
“ မင်္ဂလာပါ သူဋ္ဌေးဟောင်!”
“ မင်္ဂလာပါ သူဋ္ဌေး”
စကားဝိုင်းကို အနည်းငယ် ကြားလိုက်တာမို့ လင်ယွီကျွင်း ချက်ချင်းပဲ ခေါက်ဆွဲ စင်အသစ်နားကို သွားလိုက်သည်။
“ ဒါမနေ့က သူဋ္ဌေးဟောင်ပြောတဲ့ တစ်ခုလား?”
ဟောင် ရိုးရှင်းစွာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်မှာ ခေါက်ဆွဲဗူးအသစ်ကို ကိုင်ထားရင်းဖြင့် ဟွာဖေးရှုသည် ယွဲ့ရှုယန်ကို လှမ်းကြည့်လိုက်ကာ
“ မမကြီး အရသာအသစ် စားချင်လား?”
ယွဲ့ရှုယန် ခေါက်ဆွဲဗူးကို ကြည့်လိုက်ကာ
“ အရင်ဆုံး အမဲသားကို စားရအောင်။ ပြီးမှစားကြည့်ကြမယ်”
ဟွာဖေးရှု ခေါင်းညိတ်လိုက်ပြီး ခေါက်ဆွဲဗူးကို စင်ပေါ် ပြန်တင်လိုက်သည်။
အရသာအသစ်က စိတ်ဝင်စားဖို့ကောင်းတာ မှန်သော်ငြား သူမတို့၏ အတွေးထဲတွင် အမဲသားအရသာခေါက်ဆွဲက လွှမ်းမိုးနေဆဲ ဖြစ်၏။ မနေ့က သူမတို့ကြုံခဲ့ရသော အလင်းပွင့်သည့် ခံစားချက်က ဘာနဲ့မှ နှိုင်းယှဥ်လို့ မရခဲ့ဘူး။
ယွဲ့ရှုယန် အမဲသားအရသာ ခေါက်ဆွဲနှစ်ဗူးကို ယူလိုက်ပြီး ကောင်တာပေါ် တင်လိုက်သည်။
“ အကိုကြီး ဈေးတင်ဖို့ အတွေးမရှိဘူးလား? ငါတို့ပိုပေးလို့ရပါတယ်”
ယွဲ့ရှုယန် မေးလိုက်သည်။
ဟွာဖေးရှု ချက်ချင်းပဲ ယွဲ့ရှုယန်ကို ထောက်ခံလိုက်သည်။
“ ဟုတ်တယ်။ အကိုကြီးဟောင် နင် စိတ်မပူပါနဲ့။ ငါတို့တွေ မစားဘဲမနေဘူး။ နင် ဘယ်လောက်ပြောပြော ငါတို့ရအောင်ပေးမှာ!”
ဒီကိစ္စအတွက် ဟောင် စနစ်ကို ဆွေးနွေးမှုတောင် မလုပ်တော့ပေ။
“ ဝိညာဥ်ကျောက်တုံးတစ်တုံးပဲ။ ပိုလဲမပိုဘူး။ လျော့လဲမလျော့ဘူး။ ကောင်းကင်ဘုံ ဧကရာဇ်က လူ့ပြည်ဆင်းလာပြီး ဈေးတင်ဖို့ တောင်းဆိုရင်တောင် ငါက ငြင်းရမှာပဲ”
“...”
သူ နောက်နေတာလား?
ဒီလူ နောက်နေတာမလား? တစ်ကယ်ကြီး ပြောနေတာလား?
….နောက်နေတာမဟုတ်ဘူးဟ။ အဲ့ဒီတည်တင်းနေတဲ့ ရုပ်ကြီးက သေလောက်အောင် အတည်ပြောနေတဲ့ အနေအထားပဲ!
ယွဲ့ရှုယန် မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားသည်။
‘ အကိုကြီးက ငါတို့ကို နောက်နေတာလား?’
တစ်ဖက်က ဟွာဖေးရှုတွင်တော့ မတူညီတဲ့ အတွေးရှိခဲ့သည်။
‘ ဒါ..ဒါက ကျွမ်းကျင်ပညာရှင်ရဲ့ စစ်မှန်တဲ့ စိတ်ထားပဲ!’
ထိုအချိန်မှာ ကြက်သားအရသာ ခေါက်ဆွဲ အသစ်ကို စစ်ဆေးပြီးပြီ ဖြစ်သော လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းလဲ အနောက်ရောက်နေကြသည်။ သူတို့တွေ နားထောင်နေခဲ့ကြသည်။
လင်ယွီကျွင်းကတော့ စိတ်ထဲ အနည်းငယ် နင်သွားရုံသာ ဖြစ်ပေမဲ့ ရှောင်လျန်ဖန်းသည် ကြီးမားသော အတွေးတောင်ကို ကျော်ဖြတ်နေရသည်။
ဆိုင်ထဲ မဝင်ခင်တွင် ရှောင်လျန်ဖန်းသည် ဟောင်၏ ကျင့်ကြံမှုကို စစ်ဆေးပြီးသားပင်။ သူဘာကိုမှ ရှာမတွေ့ခဲ့ဘူး။ ချီစွမ်းအင် တစ်စက် မတွေ့ရတဲ့အပြင် ကျင့်ကြံမှု နည်းနည်းတောင် မရှိတာဖြစ်သည်။
ဒါတောင်မှ ဒီဆိုင်ရှင်က ကိုယ့်ကိုယ်ကို ကမ္ဘာ့ထိပ်ဆုံးမှာ ထိုင်နေသလို ပြုမူနေတာလား?
နေအုံး… ဖြစ်နိုင်တာ?!
သူတစ်ခါက အထက်ဘုံရဲ့ မကောင်းဆိုးဝါးတွေ အကြောင်းကို ကြားဖူးသည်။ ထိုမကောင်းဆိုးဝါးတွေက သူတို့ရဲ့ ကျင့်ကြံမှုကို လုံးဝဖုံးကွယ်ပြီး သေမျိုးလို ဟန်ဆောင်ကြသည်။ တစ်ချို့က ထိုသို့သေချာဖုံးကွယ်ထားကြပြီး သူတို့ရဲ့ တာအိုနှလုံးသားကို ရလာဖို့ကြိုးပမ်းကြသည်။
ဒီအကိုကြီးဟောင်ဆိုတဲ့သူက.. သူတို့ထဲက တစ်ယောက်လား?!
ရှောင်လျန်ဖန်း ဒီဆိုင်ရှင်ကို အခု ပထမဆုံး တွေ့ဖူးတာဖြစ်သည်။ သို့ပေမဲ့ သူ့ရဲ့ အပြောအဆို၊ အပြုအမူနှင့် ဟန်ပန်ကို ကြည့်လိုက်မယ်ဆိုလျှင်… လုံးဝကို သံသယဖြစ်ဖွယ် မရှိတော့ဘူး။
ဒီလူက သာမာန် အကိုကြီးမဟုတ်ဘူး။
ဒီလူက ဖုံးကွယ်ထားတဲ့ ဆရာကြီးပဲ!
ကောင်းကင်ဧကရာဇ်ကိုပါ ဂရုမစိုက်ဘဲ စိတ်ကြိုက် ဈေးသတ်မှတ်လို့ရပေမဲ့ ခေါက်ဆွဲကို ဝိညာဥ်ကျောက်တုံး တစ်တုံးနဲ့ပဲ ရောင်းပေးတယ်!
သူ ဂရုစိုက်တာ ကမ္ဘာပေါ်က ငွေကြေးချမ်းသာကို မဟုတ်ဘူး။ ဒီမြင့်မြတ်တဲ့ ပုဂ္ဂိုလ်က ငါတို့အတွက် ကျင့်ကြံဆင့်ကိုပါ ဖုံးပြီး ခေါက်ဆွဲရောင်းပေးနေတာ!
ကောင်းကင်ဧကရာဇ်ကိုပါ ဂရုမစိုက်ဘဲ ကြိုက်ဈေးသတ်မှတ်ရဲတယ်။ သူကဒီကမ္ဘာကို ဝိညာဥ်ကျောက်တုံး တစ်တုံးနဲ့ ခေါက်ဆွဲရောင်းဖို့ ဆင်းသက်လာတဲ့ အဆင့်မြင့်နတ်ပဲ!