( သိုင်းသူတော်စင်အဆင့်က… ဒီခေါက်ဆွဲဗူး ကြောင့်လား?!)
Vol. 1 Ch. 12
ကြီးမြတ်သော အမှန်တရားကို ရှာတွေ့လိုက်သလိုမျိုး ရှောင်လျန်ဖန်း ခံစားလိုက်ရသည်။
ရှောင်လျန်ဖန်း နေရာတွင် ရပ်နေခဲ့သည်။ သို့ပေမဲ့ ဗိုလ်ချုပ်ကြီးထံမှ အဆူခံရထားသော စစ်သားတစ်ယောက်လိုမျိုး ဖြောင့်တန်းစွာ ရပ်နေသည်။
ရှောင်လျန်ဖန်း ဆက်ပြီး အတွေးမချဲ့ရဲတော့ပေ။ သူ တိတ်ဆိတ်စွာ အမဲသားအရသာခေါက်ဆွဲဗူးကို ကောင်တာပေါ် တင်ပေးလိုက်သည်။
“ ဝိညာဥ်ကျောက်တုံးတစ်တုံး” ဟောင် ပုံမှန်လို ပြောလိုက်တာပင်။
“ ဟုတ်ကဲ့ အကိုကြီး!”
ရှောင်လျန်ဖန်း ကျယ်လောင်စွာ အော်လိုက်သည်။ ကောင်းမွန်စွာ လေ့ကျင့်ခံထားရတဲ့ တပည့်တစ်ယောက်လိုမျိုး ဝိညာဥ်ကျောက်တုံးကို လျင်မြန်စွာ ထုတ်လိုက်ပြီး ရိုရိုသေသေ ကမ်းပေး လိုက်သည်။
လင်ယွီကျွင်း ရှောင်လျန်ဖန်းကို ထူးဆန်းစွာ လှည့်ကြည့်လိုက်သည်။
“ မင်း..ဘာလုပ်နေတာလဲ?”
ရှောင်လျန်ဖန်း လင်ယွီကျွင်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ့ရဲ့သွေးသောက်ညီကို လင်းယွီကျွင်းက ငတုံးပဲ?!
ဒီအကိုကြီးက အကြည့်တစ်ချက်နဲ့တင် ငါတို့ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်! ဒီပုဂ္ဂိုလ်ရဲ့ စကားလုံးတွေနောက်ကွယ်က မတုန်လှုပ်တဲ့ အကြွင်းမဲ့ သြဇာကို သူ မမြင်ဘူးလား? မသေမျိုး ကောင်းကင်ဧကရာဇ်ရဲ့ အကြိုက် လိုက်ဖို့ကိုပါ ငြင်းဆိုရဲတဲ့ ပုဂ္ဂိုလ်ပဲ! ငါတို့ ကောင်းကောင်း ပြုမူမှဖြစ်မယ်!
လင်ယွီကျွင်းသည် ရှောင်လျန်ဖန်းရဲ့ ကြီးမားသော အတွေးမုန်တိုင်းကို သတိပင် မထားမိချေ။ သူ ပျင်းရိစွာဖြင့် အမဲသားအရသာ ခေါက်ဆွဲဗူးကို ကောင်တာပေါ်တင်လိုက်သည်။ ထို့နောက်တွင် ဝိညာဥ်ကျောက်တုံးတစ်တုံးကို ကမ်းပေး လိုက်သည်။
ဘေးမှ ရှောင်လျန်ဖန်း နှလုံးရောဂါ ရတော့မတတ် ဖြစ်လာသည်။
အရမ်းဂရုမစိုက်ရာကျတယ်! အရမ်းမထီမဲ့မြင် ပြုနေတယ်!
လင်ယွီကျွင်းကို နားရင်း အုပ်ချင်စိတ် ပေါက်နေပြီပင်။ ညီဖြစ်သူ၏ မလေးမစား အပြုအမူကို အကိုကြီးက အမှုမထားတာ မြင်တော့ ရှောင်လျန်ဖန်း သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ဘေးဒုက္ခက လွတ်သွားပြီ!
အခုလောလောဆယ် အတွက်ပေါ့။
အကိုကြီးဟောင်က တစ်ကယ်မြင့်မြတ်တာပဲ။ အရေးမပါတဲ့သူတွေကို အပြစ်ပေးဖို့ လောက်နဲ့ ကိုယ့်ကိုယ်ကို အနိမ့်ကျမခံဘူး။ ကြင်နာတတ်တဲ့ ပုဂ္ဂိုလ်ပဲ…
ဒီလိုဖြင့် ထိုလေးယောက်သည် ဆိုင်ထောင့်ရှိ ခုံတွင် အတန်းလိုက် ထိုင်လိုက်ကြပြီး သုံးမိနစ် စောင့်နေလိုက်ကြသည်။
ထိုအချိန်တွင် ရှောင်လျန်ဖန်းသည် လင်ယွီကျွင်းအနားကို ကပ်လိုက်ပြီး
“ ဒီခွက်သေးသေးလေးက တစ်ကယ်ပဲ မင်းရဲ့အောင်မြင်မှုကို ဖြစ်စေတာနော်?”
လင်ယွီကျွင်းရဲ့ နားပူနားဆာ လုပ်မှုကြောင့်သာ ရှောင်လျန်ဖန်း ဒီဆိုင်ကို လိုက်လာခဲ့တာဖြစ်သည်။ မယုံနိုင်စရာ ကောင်းခဲ့ပေမဲ့ အမှန်တရားကို ငြင်းဆိုလို့ မရခဲ့ဘူး။
လင်ယွီကျွင်းက တစ်ကယ်ကို အဆင့်တက်သွားတာပင်။ မနေ့က လက်ရည်ချင်း ယှဥ်တဲ့အချိန်မှာ လင်ယွီကျွင်းက သူ့အရှေ့မှာပဲ ဓားအရှိန်အဝါကို ထုတ်ပြလာခဲ့၏။
ရှောင်လျန်ဖန်းလဲ ဓားရည်ရွယ်ချက်ကို သိပ်မကြာခင်ကမှ နားလည်ခဲ့တာဖြစ်သည်။ သို့ပေမဲ့ သူ့ရဲ့ အောင်မြင်မှုတွင် စိတ်ရောကိုယ်ပါနှစ်ခဲ့ရပြီး နေ့ညမအား ကြိုးစားမှုတွေ ပါဝင်ခဲ့သည်။ သူ သွေးနှင့်ချွေးကို ရင်းခဲ့ရသည်။ ရုန်းကန်ခဲ့ရသည်။ ပေးဆပ်ခဲ့ရသည်။
ဒါပေမဲ့လင်ယွီကျွင်းကကော?
ဒီကောင်က လေ့ကျင့်မဲ့အစား ခရီးပဲ ထွက်နေတာလေ!
လင်ယွီကျွင်းမှာ ပင်ကိုယ်အရည်အချင်းကောင်း ရှိတာ ရှောင်လျန်ဖန်း လက်ခံပေမဲ့ တစ်ရက်ထဲနဲ့ ဓားရည်ရွယ်ချက်ကို သဘောပေါက်ဖို့လား? လုံးဝမယုံဘူး!
သူ အသင့်စားခေါက်ဆွဲကို ငုံ့ကြည့်လိုက်သည်။ ဒါကကော သူ အဆင့်တက်ဖို့ သော့ချက်တစ်ခု ဖြစ်လာနိုင်လောက်လား?
ဖြစ်နိုင်မှာလား? ခေါက်ဆွဲတစ်ပွဲကြောင့်နဲ့ အဆင့်တက်ပြီး သိုင်းသူတော်စင်နယ်ပယ်ကို ရောက်သွားမယ်ထင်လား?
ထိုအချိန်မှာပဲ မွှေးပျံ့လွန်းသော ရနံ့တစ်ခုက ရှောင်လျန်ဖန်းရဲ့ နှာခေါင်းဝကို လာရောက် ကျီစယ်သွားသည်။
သူ ကြည့်လိုက်ချိန်တွင် ဟွာဖေးရှုနှင့် ယွဲ့ရှုယန်မှ အဖုံးဖွင့်လိုက်ကြတာကို မြင်လိုက်ရသည်။ သူမတို့က အရင်ငွေရှင်းခဲ့တာဖြစ်၍ သူမတို့ခေါက်ဆွဲက အရင် ကျက်သင့်သည်။
လင်ယွီကျွင်းရဲ့ မပြီးဆုံးနိုင်တဲ့ ချီးမွမ်းခန်းဖွင့်မှုကို ရှောင်လျန်ဖန်း ကြားခဲ့ပြီးပေမဲ့ သူ မယုံပေ။ သုံးမိနစ်လောက်အတွင်း ချက်ထားတဲ့ အစားအသောက်က ဘယ်လိုလုပ် အရမ်းစားကောင်းမှာလဲ? ဒါမဖြစ်နိုင်ဘူး။
ဒါပေမဲ့ အခု ကိုယ်တိုင် အနံ့ခံမိပြီးနောက်တွင်…
သူ့ရဲ့ အစာအိမ်က အချက်ပြလာခဲ့သည်။
ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်က စပြီးစားသောက်နေကြပြီမို့ သူ အမြန်ပဲ အကြည့်လွှဲလိုက်တော့သည်။ သူသာ ဆက်ကြည့်နေပြီး သွားရည်ယိုနေမယ်ဆိုရင် ကိုယ့်အရှက်ကိုယ် ခွဲမိရုံပဲ ရှိမည်။
တစ်ဖြည်းဖြည်းနဲ့ အချိန်ကုန်သွားပြီး နောက်ဆုံးမှာ သူ့ရဲ့ ခေါက်ဆွဲလဲ ရလာခဲ့ပြီ။
ရှောင်လျန်ဖန်း အဖုံး ခွာပြီးပြီးချင်းမှာပဲ မွှေးလှသော အဖြူရောင် အပူငွေ့တွေက ရေစီးကြောင်းတစ်ခုလို သူ့ကို လာရိုက်ခတ်တော့သည်။ အရမ်း စွဲမက်စရာ ကောင်းတာပဲ။
“ လျန်ဖန်း မစားခင် အရင်တူနဲ့မွှေရမှာ”
ဘေးမှ လင်ယွီကျွင်း သတိပေးလိုက်သည်။
ရှောင်လျန်ဖန်း တူယူကာ ခေါက်ဆွဲကို မွှေလိုက်သည်။ တစ်ဖြည်းဖြည်းနဲ့သူ့ရဲ့ မျက်လုံးသည် ပြူးကျယ်လာသည်။
…ချီစွမ်းအင်?
ခေါက်ဆွဲကနေ စိမ့်ထွက်နေတဲ့ ချီစွမ်းအင်တွေ အများကြီးပဲ!
ရှောင်လျန်ဖန်းရဲ့ လှုပ်ရှားမှုက ပိုမြန် သွားသည်။ ချီစွမ်းအင် ကောင်းကောင်းနှံ့စေရန် သူ သေချာ မွှေမှ ဖြစ်မည်။ ကောင်းကင်ဘုံရဲ့ ဟင်းရည်ထဲမှာ ခေါက်ဆွဲတစ်မျှင်ချင်းစီတိုင်းက ကောင်းကောင်း စိမ့်ဝင်နေမှဖြစ်မည်။
ကျေနပ်သည်အထိ မွှေပြီးနောက်တွင် ရှောင်လျန်ဖန်းသည် တူနှင့် ခေါက်ဆွဲအများကြီးကို ဆယ်ယူလိုက်သည်။ တစ်ထိုင်နဲ့ ပါးစပ်အပြည့် သွင်းလိုက်လေသည်။
သူ့ရဲ့ထင်မြင်ချက်က သူ့ကို သစ္စာမဖောက်သွားဘူး။
ထင်ထားသည့်အတိုင်း ပါးစပ်ထဲ ထည့်လိုက်တာနှင့် အနံ့အရသာ ပြည့်စုံသော အသားဓာတ်က ခန္ဓာကိုယ်ထဲ ပေါက်ကွဲ ထွက်သွားသည်။ ဟင်းရည်သည် အရသာ ပြင်းပြင်းနှင့် အစပ်အဟပ်မိတာမို့ ခေါက်ဆွဲဖတ်တိုင်းသည်လည်း ပြည့်စုံစွာ အရသာစုပ်ယူထားနိုင်သည်။ အရွက်စိမ်း နံ့သင်းသင်းလေးကို ရနိုင်ပြီး ကြွတ်ဆတ်ဆတ် အရွက်စိမ်းရဲ့ အရသာက တစ်ခါဝါးလိုက်မိတာနဲ့ နတ်သုဒ္ဒါ စားနေရသလိုပဲ နက်ရှိုင်းစွာ စိမ့်ဝင်သွားသည်။
ရှောင်လျန်ဖန်း မထိန်းချုပ်နိုင်တော့ပေ။
“ ဒါက အရမ်းအံ့သြဖို့ကောင်းတာပဲ!”
ဘေးမှာရှိသော ဟွာဖေးရှု၊ ယွဲ့ရှုယန်နှင့် လင်ယွီကျွင်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့တွေ ခေါက်ဆွဲဗူးကို မနေ့ကလဲ စားခဲ့ဖူးသည်။ ဒါပေမဲ့ ဘာကြောင့်ရယ်မသိ ဒီနေ့စားပြန်တော့ ပိုစားကောင်းနေသလို ခံစားရသည်။
ထို့နောက်မှာ ဘာစကားသံမှ ထွက်မလာတော့ချေ။
ထိုလေးယောက်လုံးသည် နေရာတွင် ထိုင်နေပြီး သူတို့ရဲ့ အာရုံအလုံးစုံသည် ခေါက်ဆွဲဗူးတွင်သာ ရှိသည်။ ခေါက်ဆွဲ စားနေသော တစ်ရှုးရှုး တစ်ရှဲရှဲ အသံများသာ စတိုးဆိုင်အတွင်း ပျံ့နှံ့နေတော့သည်။
နောက်ဆုံးသော ခေါက်ဆွဲဖတ်အပြီးမှာ ဆိုင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။
အရသာကောင်းလှသော ခေါက်ဆွဲအကြောင်း ရှောင်လျန်ဖန်း ပြန်တွေးမလို့ လုပ်ရုံရှိသေးသည်၊ သူ့၏ တစ်ကိုယ်လုံးကို တစ်စုံတစ်ရာက လွှမ်းမိုးသွား၏။ မျက်လုံးများ လေးလံလာမှုကို ခံစားမိသည်နှင့် အများကြီးမတွေးတော့ပဲ ရှောင်လျန်ဖန်း မျက်လုံးမှိတ်ချလိုက်သည်။
ထို့နောက်တွင်…
ဘုန်း!
ရှောင်လျန်ဖန်း၏ စိတ်တွင်းတွင် အမြင်တစ်ခု ပေါက်ကွဲသွားသည်။ ဧရာမ တံခါးချပ်ကြီး ပွင့်သွားသည့်နှယ် အသိပညာ၊ နားလည်နိုင်စွမ်းနှင့် ချီစွမ်းအင် အမြောက်အမြားသည် တောင်ကျရေလို အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။ သူ့ရဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားကာ အလင်းပွင့်သည့်ဖြစ်စဥ်၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။ ရှောင်လျန်ဖန်းသည် နေရာတင် မိန်းမောနေတော့သည်။
ရှောင်လျန်ဖန်း တစ်ယောက်ထဲ ကြုံရခြင်း မဟုတ်ပါချေ။
ပတ်ဝန်းကျင်ရှိ ထိုင်ခုံရွေ့သံ အနည်းငယ်သည် အဆင့်တက်ခြင်းကြုံရတာ သူတစ်ယောက်ထဲ မဟုတ်မှန်း သိသာစေသည်။ ဟွာဖေးရှုထံမှ အာမေဋိတ်သံဖျော့ဖျော့သာ ကြားရပြီး အာရုံစိုက်နားထောင်လျှင် ယွဲ့ရှုယန်၏ တည်ငြိမ်သော အသက်ရှုသံကိုပါ ကြားနိုင်သည်။ လင်ယွီကျွင်းလဲ တိတ်ဆိတ်နေခဲ့သည်။ တစ်ယောက်ချင်းစီသည် မိန်းမောခြင်း အသွင်ကို ရောက်ရှိသွားတော့၏။
ပတ်ဝန်းကျင်းမြင်ကွင်းသည် တစ်ဖြည်းဖြည်း မှိန်ဖျော့လာသည်။ ဘေးမှ လေတိုက်သံများနှင့် ဟောင်၏ ကောင်တာ သုတ်နေသော အသံကိုလဲ သူတို့ မကြားရတော့ဘူး။
ကျယ်ပြောပြီး အဆုံးမဲ့သော အာကာသတွင် လွတ်လပ်စွာ လွင့်မြောနေသလိုမျိုး ရှောင်လျန်ဖန်း ခံစားနေရ၏။ သူ့ရဲ့ အတွင်းစိတ်သည် မယုံနိုင်လောက်အောင် ကြည်လင်လာခဲ့သည်။ အတွင်းထဲရှိ ဓားရည်ရွယ်ချက်အပေါ် အမြင်သည် မြင့်တက်လာပြီး မမြင်ရတဲ့ တွန်းအားတစ်ခုရဲ့ ဖိအားပေးမှုအောက်မှာ သူ့ရဲ့ အသိဉာဏ်တွေက သန့်စင်သန်မာလာပြီး ပိုစူးရှလာသည်။
အခုလိုမျိုး ဘယ်လောက်ကြာသည်အထိ လွင့်မြောနေမယ် သူ မသိဘူး။ စက္ကန့်ပိုင်းလား? မိနစ်ပိုင်းလား? အချိန်တွေကို သူ မမှန်းဆ နိုင်တော့ဘူး။
ထိုအချိန်မှာပဲ သူ့ရဲ့ကိုယ်တွင်းရှိ စွမ်းအင်အားလုံးသည် ပေါင်းစည်းသွားသည်။
သိုင်းသွေကြောများ ပိုရှည်လာပြီး အတွင်းချီစွမ်းအင် ပိုကြီးထွားလာသည်။ အတွင်းကနေ တစ်စုံတစ်ခု နိုးထလာသလို ခံစားနေရသည်။
ဒုန်း!
နှစ်များစွာ တိုင်အောင် သူ့ကို တားဆီးထားခဲ့သော အကာအရံ ပျက်ဆီးသွားပြီ!
ရှောင်လျန်ဖန်း တုန်ယင်သွားသည်။
ဖြစ်နိုင်တာဒါက…..
နေ့စဥ်မပျက် ကြိုးစားကျင့်ကြံခဲ့ပေမဲ့ သူ တိုးတက်မှုသာ ရခဲ့ပြီး အဆင့်မတက်ခဲ့ဘူး!
သူ့ကို နှစ်ပေါင်းများစွာ ကာဆီးထားတဲ့ တံတိုင်းကြီးက နောက်ဆုံးတော့ ပျက်ဆီးသွားပြီပဲ! သူ့ရဲ့ နယ်ပယ်က နေရာအသစ်ကို တက်လှမ်းသွားပြီ။ ခေါက်ဆွဲစားလိုက်တာနဲ့ သန်မာမှုက ကန့်သတ်ချက်ကို ကျော်ပြီး ချက်ချင်း ခုန်တက်သွားတာပဲ!
သိုင်းသူတော်စင်နယ်ပယ်!
ရှောင်လျန်ဖန်းရဲ့ မျက်လုံးများ ပွင့်လာခဲ့သည်။
အဆင့်တက်သွားတာ သူ တစ်ယောက်ထဲ မဟုတ်ဘူး။
မျက်နှာချင်းဆိုင်က ယွဲ့ရှုယန်ရဲ့ အေးစက်စက် မျက်နှာထားက ပျောက်ကွယ်သွားပြီ။ သူမသည်လည်း သိုင်းသူတော်စင် အဆင့်၃ ကို ချိုးဖြတ်လုနီးနီး အထိ တိုးတက်သွားသည်။
သူမ၏ ပင်ကိုယ်ပါရမီနှင့်ဆိုလျှင် အချိန်တစ်လလောက်သာ ယူဖို့လိုအပ်သည်။ သို့ပေမဲ့ အခုတော့ တစ်နာရီတောင်မကြာလိုက်ပေ။ ခေါက်ဆွဲတစ်ပွဲနှင့် တိုးတက်မှုကြီးကို ရသွားတာပင်။