← Chapters

( ပထမဆုံးအကြိမ် ကိုလာသောက်ခြင်း)

Vol. 1 Ch. 13

( ပထမဆုံးအကြိမ် ကိုလာသောက်ခြင်း)

Vol. 1 Ch. 13

ဟွာဖေးရှုသည် စားပွဲခုံကို ဆုတ်ကိုင်ထားရင်း စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုသံ မြန်နေသည်။ သိုင်းသူတော်စင်စဦးနယ်ပယ်ရဲ့ အဆင့်ငါးကို သူမ အဆင့်တက်သွားခဲ့ပြီ!

အဆင့်တက်ခြင်းကို တစ်ခါကြုံဖူးပြီးသားဖြစ်၍ လင်ယွီကျွင်းရဲ့ ပုံစံ သိပ်မပြောင်းလဲချေ။ အခုတစ်ခေါက်တွင်လဲ သူ့ရဲ့ ကျင့်ကြံမှုက မြင့်တက်သွားပြီး သူသည်လည်း သိုင်းသူတော်စင်စဦး နယ်ပယ်ရဲ့ အဆင့်ငါးကို ရောက်သွားခဲ့သည်။

ထိုလေးယောက်သည် အချင်းချင်း ကြည့်လိုက်ကြသည်။

တူညီသော အတွေးများဖြင့် ကောင်တာအနောက်ကလူကို အကုန်လုံး လှည့်ကြည့်လိုက်ကြသည်။

ထိုလေးယောက်၏ စူးစိုက်ကြည့်နေမှုကို ပုံမှန်ကျသော မျက်နှာထားဖြင့် လက်ပိုက်ကာ ဟောင် ပြန်ကြည့်လိုက်သည်။

“ ခေါက်ဆွဲက စားကောင်းတယ်မလား?”

ရှောင်လျန်ဖန်းက အရင်ဆုံး တုံ့ပြန်ခဲ့သည်။ ခုံကနေ ဆတ်ခနဲ မတ်တပ်ရပ်ပြီးတာနှင့် လက်သီးနှစ်ဖက်ကို ယှက်လိုက်ကာ ထိုင်ခုံနှင့် ထိလုမတတ် ခါးညွတ်နှုတ်ဆက်လိုက်သည်။

“ လမ်းပြပေးလို့ ကျေးဇူးပါ အကိုကြီး!”

ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ သိုင်းသူတော်စင်နယ်ပယ်ကို အကိုကြီး ကျေးဇူးကြောင့် အဆင့်တက်သွားပါပြီ”

လင်ယွီကျွင်းရဲ့ မျက်နှာသည် ရှုံ့မဲ့သွားသည်။ သူ့အကိုရဲ့ အပြုအမူကြောင့် ​မြေကြီးထဲ ​ကျွင်းတစ်ကျွင်းတူးပြီးသာ ဝင်လိုက်ချင်တော့သည်။ ဒါပေမဲ့လဲ တစ်ချိန်ထဲမှာ အကိုဖြစ်သူကို အပြစ်လဲ မမြင်ရက်ပေ။

သိုင်းသူတော်စင်နယ်ပယ်ကို အဆင့်တက်နိုင်တာက တစ်ကယ်ကို မဟာ အောင်မြင်မှု အခိုင်အတန့်လို့ ပြောလို့ရသည်။ ကျင့်ကြံသူတွေအတွက် နှစ်များစွာ အချိန်ယူရပြီး တစ်ချို့ဆိုလျှင် ဆယ်စုနှစ် တစ်ခုအထိ ကြာတတ်သည်။ ရှောင်လျန်ဖန်းရဲ့ အခုလို ပြုမူပုံကို သူနားလည်ပါသည်.. နည်းနည်းလေး ရှက်မိတာကလွဲရင်ပေါ့။

လင်ယွီကျွင်း သက်ပြင်းချလိုက်ပြီး သူလဲ လိုက်ပြောလိုက်သည်။

“ လမ်းပြပေးလို့ကျေးဇူးပါ သူဋ္ဌေး”

ထင်သည့်အတိုင်းပဲ ဟွာဖေးရှုလဲ တက်ကြစွာ ခုန်ပေါက် ဝင်ရောက်လာခဲ့သည်။

“ အကိုကြီး နင့်မှာငါ့ရဲ့ အနက်ရှိုင်းဆုံး ကျေးဇူး တင်မှုတွေ ရှိတယ်! ခေါက်ဆွဲက အရမ်းအရမ်း စားကောင်းတယ်”

“ နင့်ရဲ့ခေါက်ဆွဲတွေကြောင့် မဟုတ်ရင် ငါဒီလောက်အမြန် အဆင့်တက်လာမှာ မဟုတ်ဘူး!”

အမြဲလိုလို တိတ်ဆိတ်တတ်သည့် ယွဲ့ရှုယန်သည် ရိုးရှင်းစွာ ပြောလိုက်သည်။

“ ကျေးဇူးပါ အကိုကြီး”

အခြေခံယဥ်ကျေးမှုကို ပြပြီးတာနှင့် ဟွာဖေးရှုရဲ့ မျက်လုံးက ကြက်သားအရသာ ခေါက်ဆွဲဘက်ကို လှည့်နေခဲ့ပြီ။ ခေါက်ဆွဲ နှစ်ဗူးကို သွားယူပြီး ကောင်တာပေါ် တင်ပေးလိုက်သည်။ ကြက်သားအရသာ ခေါက်ဆွဲသည် အမဲသားအရသာ ခေါက်ဆွဲနှင့် ဈေးအတူတူပင် ဝိညာဥ်ကျောက်တုံး တစ်တုံး ကျသည်။

ဟောင် စကန်ဖတ်ပြီး ပြန်ပေးလိုက်တာနှင့် သူမနှင့် ယွဲ့ရှုယန်သည် ချက်ချင်းပဲ ရေနွေးစက်နားကို သွားပြီး လုပ်ရိုးလုပ်စဥ်အတိုင်း ဆောင်ရွက်လိုက်သည်။

ထိုအချိန်မှာ ရှောင်လျန်ဖန်းသည် အခြေအနေကို မနည်း လိုက်မှီဖို့ ကြိုးစားနေခဲ့သည်။ သိုင်းသူတော်စင် နယ်ပယ်ကို အဆင့်တက်ရုံတင်မကပဲ သူ့ရဲ့ အခြေခံကလဲ တည်ငြိမ်နေသေးသည်။ သူ အမှတ်မှားတာများလား?

ပုံမှန်ဆိုလျှင် နယ်ပယ် အဆင့်တက်ပြီးသွားလျှင် အတွင်းအခြေအနေတွေကို တည်ငြိမ်ဖို့ရန် အချိန်ယူပြီး ကျင့်ကြံရသေးသည်။ သို့ပေမဲ့ အခုချိန်မှာ ဘယ်လို မတည်ငြိမ်မှုက သူ မခံစားရဘူး။

ဒါဘယ်လို ဆန်းကြယ်တဲ့ ဖြစ်ရပ်ကြီးလဲ? ဒီ အမဲသားခေါက်ဆွဲက ဘယ်လောက်တောင် အင်အားကြီးတာလဲ?!

ထပ်မံ အတည်ပြုချင်တာမလို့ ရှောင်လျန်ဖန်း နောက်ထပ် အမဲသားအရသာ ခေါက်ဆွဲဗူးကို ယူကာ ကောင်တာပေါ်တင်လိုက်သည်။

ဟောင် အရင်လိုပဲ ပျင်းရိစွာ ရှောင်လျန်ဖန်းကို ကြည့်လိုက်သည်။

လင်ယွီကျွင်း မျက်တောင်ခတ်သွားသည်။

အဲ့ဒီအကြည့်က… အိုး.. မဖြစ်ဘူး။

ကလေးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဟောင် သက်ပြင်းချလိုက်သည်။ လက်တစ်ဖက် ​မြှောက်ကာ နံရံပေါ်က ဘုတ်ပြားကြီးကို ညွန်ပြလိုက်သည်။

လက်ညိုးညွှန်ရာကို လှမ်းကြည့်လိုက်ချိန်မှာ ရှောင်လျန်ဖန်း သူ့အရှေ့က ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားသလို ခံစားလိုက်ရသည်။

“ စည်းကမ်းနံပါတ်တစ်- နေ့စဥ်ကန့်သတ်ချက်များ ရှိပါသည်။”

ရှောင်လျန်ဖန်းရဲ့ လက်နှစ်ဖက်သည် တုန်ယင်သွားသည်။ စိတ်လှုပ်ရှားမှုတို့က ချက်ချင်းပဲ တိုက်စားခံလို​က်ရသည်။ ဒီနေ့ထပ်ပြီး ဒဏ္ဍာရီလာ နတ်သုဒ္ဒါကို မစားရတော့ဘူးလား…!

ဟောင် ခေါင်းရမ်းလိုက်ပြီး

“ မင်း မနက်ဖြန် ထပ်ဝယ်လို့ရတယ်”

ရှောင်လျန်ဖန်း ပါးစပ်ဟလိုက်သည်။ ထို့နောက်တွင် ပြန်ပိတ်လိုက်သည်။ ဒါက… ဒါက သက်သက် နှိပ်စက်တာမဟုတ်ဘူးလား?

လင်ယွီကျွင်း ရှောင်လျန်ဖန်းရဲ့ ပုခုံးကို ပုတ်ပေးလိုက်ကာ

“ ငါမင်းကို သတိပေးခဲ့ရမှာ”

အငြင်းခံလိုက်ရတဲ့အတွက် ရှောင်လျန်ဖန်း ဘေးဖယ်ပေးလိုက်သည်။ လုပ်စရာ တစ်ခြားမရှိတော့သည်မို့ လင်ယွီကျွင်း ကြက်သာအရသာ ခေါက်ဆွဲ စင်အရှေ့ကို သွားလိုက်သည်။ သို့ပေမဲ့ တစ်စုံတစ်ခုသည် သူ့အမြင်အာရုံကို ဖမ်းစားသွားသည်။

မှန်ဖြင့်ပြုလုပ်ထားသော စင်တစ်ခုတွင် အနီရောင်ဗူးများကို အစီအရီ တင်ထားသည်။ မျက်မှောင်ကြုတ်ဖြင့် လင်ယွီကျွင်း တံခါးဖွင့်ပြီး တစ်ဗူးထုတ်ယူလိုက်သည်။ လက်ချောင်းထိပ်ဖျားမှ အအေးဓာတ်ကို ချက်ချင်းရလိုက်သည်။ ထို့ကြောင့် ဟောင် ဆီကို မပေးခင် အနီရောင်ဗူးကို သူ သေချာ စစ်ဆေးလိုက်သည်။

“ သူဋ္ဌေးဒါဘာကြီးလဲ?”

ဟောင် လင်ယွီကျွင်းကို ကြည့်လိုက်ပြီး

“ ကိုလာ.. ဖျော်ရည်ပဲ”

ကိုလာ? ဖျော်ရည် ဟုတ်လား?

လင်ယွီကျွင်း တစ်ခါမှ မကြားဖူးသော်ငြား ဆိုင်ရှင်ရဲ့ ပြောကြားချက်အရ သောက်စရာ တစ်ခုခုဖြစ်မှန်း မှန်းဆလိုက်သည်။

ထို့နောက်တွင် သူ့ရဲ့အာရုံသည် အောက်ခြေရှိ ဈေးနေရာကို ရောက်သွားသည်။

ဝိညာဥ်ကျောက်တုံးသုံးတုံး?!

လင်ယွီကျွင်း မျက်လုံးများမှေးကျဥ်းပြီး ထပ်ဖတ်ကြည့်လိုက်သည်။ သေချာအောင် သူ နှစ်ခါလောက် ဖတ်လိုက်သေးသည်။

မမှားဘူး။ တစ်ကယ်ကို ဝိညာဥ်ကျောက်တုံး သုံးတုံးလို့ ရေးထားတာပဲ။

သူဋ္ဌေးက ဈေးမှားရေးစရာ အကြောင်းမရှိဘူး။ ဒါကလဲ ထူးခြားတာပဲ ဖြစ်ရမည်။ ဒီလိုမှ မဟုတ်ရင် ဒါကဘာကြောင့် အသင့်စား ခေါက်ဆွဲထပ် ဈေးကြီးနေရမှာလဲ? ခေါက်ဆွဲကတောင် ကျင့်ကြံမှုကို အများကြီး တိုးစေတာလေ။

လင်ယွီကျွင်း ကိုလာတစ်ဗူးဆွဲလိုက်ပြီး ကြက်သားခေါက်ဆွဲနှစ်ဗူးကိုပါ တစ်ခါထဲ ယူပြီးတာနှင့် ကောင်တာပေါ်ကို ဝိညာဥ်ကျောက်တုံးငါးတုံးနှင့် တင်လိုက်သည်။

ရှောင်လျန်ဖန်းကိုပါ ဆွဲခေါ်ပြီး ရေနွေးထည့်ခိုင်းပြီးတာနှင့် ခုံပေါ် ပြန်သွား ထိုင်လိုက်သည်။

နေ့စဥ်ကန့်သတ်ချက် စည်းကမ်းမှ ​ရှောင်လျန်ဖန်း အခုထိ အကြည့်မဖယ် နိုင်သေးပေ။ သူ့၏ ပုံစံသည် ဘဝရည်မှန်းချက် ပျောက်သွားသူတစ်ယောက်လို အသိစိတ် လွတ်နေပုံပေါက်သည်။ စားပွဲမှာ ထိုင်ပြီးသည့်တိုင်အောင် စားပွဲခုံကြီးကိုပဲ ဗလာဖြစ်စွာ စိုက်ကြည့်နေလေသည်။

ထိုအချိန်မှာပဲ လင်ယွီကျွင်းရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ခဲရောင်နှင့် အနီရောင်ပါသော ဗူးလေးကို သူ မျက်လုံးထောင့်က မြင်သွားခဲ့သည်။ ထိုဗူးသည် ကျင့်ကြံရေးလောကရဲ့ သေရည်ထည့်သော ဘူးသီးပုံအိုးနှင့် ကျောက်စိမ်းအိုးတွေလိုမျိုးပင် သိပ်ကွာခြားမှုမရှိချေ။

“ ယွီကျွင်း အဲ့ဒါဘာလဲ?”

“ ကိုလာလို့ခေါ်တယ်”

ရှောင်လျန်ဖန်းရဲ့ ခန္ဓာကိုယ်က မတ်သွားသည်။ ကိုလာတဲ့လား? အခုလို သောက်စရာကို ဒါ ပထမဆုံးကြားဖူးတာပဲ။

“ ဘယ်လောက်ပေးရလဲ?”

လင်ယွီကျွင်း လက်​သုံးချောင်း ထောင်ပြလိုက်သည်။

“ သုံးခုကဘာလဲ? ရွှေဒင်္ဂါးလား? ဈေးပေါသားပဲ။ ငါလဲတစ်ခုလောက်ယူမယ်”

“ မဟုတ်ဘူး”

“ ဝိညာဥ်ကျောက်တုံးသုံးတုံး”

ရှောင်လျန်ဖန်း; “.....”

“ ဘာ?!”

ရှောင်လျန်ဖန်း လန့်ပြီး ထခုန်လိုက်သည်။

“ မင်း ဒါအတွက် ဝိညာဥ်ကျောက်တုံး သုံးခုတောင် ပေးခဲ့တယ်!”

“ အင်း”

လင်ယွီကျွင်းက လှည့်တောင် မကြည့်ဘဲ ဗူးကိုသာ အာရုံစိုက်နေသည်။

ရှောင်လျန်ဖန်း သူ့ရဲ့ရင်ဘတ်ကို ဆုတ်ကိုင်လိုက်သည်။ သူ့ရင်ဘတ်ကို တစ်ယောက်ယောက် ဓားနဲ့ ထိုးသွားသလိုပဲ!

သောက်စရာတစ်ခုအတွက် ဝိညာဥ်ကျောက်တုံး သုံးတုံးတောင်?!

ဒါက ခေါက်ဆွဲရဲ့ သုံးဆလောက် ရှိသည်! ဒီဗူးထဲ ကောင်းကင်ဘုံရဲ့ ဘယ်လို ဝတ်ရည်မျိုး ရှိနေနိုင်မှာမလို့လဲ?!

လင်ယွီကျွင်း သူ့လက်ထဲက ဗူးကို အပေါ်အောက် ကြည့်နေခဲ့သည်။ အဖုံးလဲ မရှိသလို၊ အဆို့နဲ့ပိတ်ထားတာမျိုးလဲ မရှိဘူး။ ထိပ်တွင် ရွှေရောင်ကွတ်ထားသော အဝိုင်းပြားလေးပဲ ရှိသည်။

ဘယ်လို ဖွင့်ရမလဲ လင်ယွီကျွင်း အဖြေရှာနေခဲ့၏။ ထိုအချိန်တွင် ရွှေရောင် အဝိုင်းပြားအောက်ရှိ အမြှောင်းလေးကို သတိထားမိတာမို့ လက်ထည့်ပြီး မလိုက်သောအခါ…

ပေါ့ပ်!

ရှီး!

အမြုပ်အသေးလေးများ အပေါ်ကို တက်လာသလို ဂတ်စ်ရဲ့ စူးရှရှ အသံလဲ ထွက်ပေါ်လာသည်။ လင်ယွီကျွင်းရဲ့ မျက်နှာက အနည်းငယ် ရှုံ့သွားသည်။ သူ ဒါကို မမျှော်လင့်ထားမိဘူး။

အနံ့ချိုချိုတစ်ခုသည် လေထုထဲ ပျံ့လာခဲ့သည်။ ဒီအနံ့က သူရဖူးသည့် အနံ့များနှင့် လုံးဝမတူဘူး။ အနံ့နဲ့တင် လန်းဆန်းသွားစေပြီး အချိုဓာတ်အနည်းငယ်ကိုလဲ အာရုံခံမိသည်။

လင်ယွီကျွင်း သတိလက်လွတ်ပဲ ဗူးကို နှာခေါင်းနားကပ်ပြီး အနံ့ခံကြည့်လိုက်သည်။

လင်ယွီကျွင်း မျက်ခုံးတစ်ဖက် ပင့်သွားသည်။ ဒီအနံ့က… ပြန်လည်ရှင်သန်သွားသလိုပဲ။

လင်ယွီကျွင်း သူ့ရဲ့ သိချင်စိတ်ကို သည်းမခံနိုင်တော့သည့်အဆုံးတွင် တစ်ငုံ သောက်ကြည့်လိုက်သည်။

ကိုလာနှင့် လျှာနဲ့ထိတွေ့သော အခိုက်အတန့်မှာ..

ဖီဇ်း!

လျှာဖျားမှာ စုဝေးသွားသော ပူပေါင်းငယ်တွေက သူ့ရဲ့အာရုံခံမှုကို ကလိထိုးသွားသလိုပင်။ ချိုပေမဲ့ လွှမ်းမိုးမှု မရှိဘူး။ အေးမြပြီး ချောမွေ့တယ်။

ချိုမြမှုက ပါးစပ်ထဲ စွဲကျန်နေခဲ့ပြီး သောက်ပြီးသည့်တိုင် ကျေနပ်မှုကို ခံစားနေရသည်။

ငါ အညို့ခံလိုက်ရတာလား!

ချိုပြီး! အေးပြီးတော့! အမြုပ်လေးတွေနဲ့!

အေးစိမ့်စိမ့် အရသာသည် လည်ချောင်းမှ တစ်ဆင့် ခန္ဓာကိုယ်တစ်လျှောက် စီးဆင်း သွားပြီး အတွင်းကနေ အင်အားတက်စေလိုက်သည်။

လင်ယွီကျွင်း သဘောမပေါက်ခင်မှာပဲ နောက်တစ်ငုံထပ်သောက်လိုက်သည်။ ထို့နောက် နောက်တစ်ငုံသောက်လိုက်သည်။

သူ မရပ်နိုင်တော့ပေ။

သိပ်မကြာခင်မှာပဲ လင်ယွီကျွင်း ဗူးကို အပေါ် စောင်းလိုက်ပြီး လက်ကျန်အကုန်လုံးကို တစ်ကြိုက်ထဲ မော့သောက်လိုက်တော့သည်။

All Chapters