← Chapters

အခန်း (၂၆၉)

Vol. 20 Ch. 269

အခန်း (၂၆၉)

Vol. 20 Ch. 269

လူတိုင်းသည် ရှေ့ဘက်သို့ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ထိုတောင်ကြားနေရာတွင် တောက်ပနေသော စွမ်းအင်ကိုယ်ထည်များစွာရှိပြီး ၎င်းတို့သည် သုံးမီတာခန့်ကျယ်ပြန့်ကာ တုတ်ချောင်းပုံသဏ္ဌာန် ရှိကြ၏။ မြင်နေရသော ကိုယ်ထည်များမှတစ်ဆင့် ဤအဆင့်၏ပြိုင်ပွဲအကြောင်းအရာကို သူတို့မှန်းဆနေလိုက်ကြသည်။

“အရမ်းကြီးတာပဲ၊ ထည့်လို့တောင် မဆံ့လောက်ဘူး” လုံးကြီးပေါက်လှ ကိုယ်လုံးကိုယ်ထည်နှင့် ဟိုဖော်သည်ချွတ် ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူ တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။

သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ စူးစူးရဲရဲ အကြည့်ပေါင်းများစွာက သူမထံသို့ ရောက်ရှိလာသည်။

အမျိုးသမီးကျင့်ကြံသူလည်း ထိုအခါမှ စကားမှားသွားမှန်း သဘောပေါက်သွားပြီး ပါးပြင်များ အနည်းငယ် နီရဲသွားသည်။

ထိုအချိန်တွင် ခမ်းနားကျယ်လောင်သော ခေါင်းလောင်းသံကဲ့သို့ အသံသည် ကောင်းကင် နှင့် မြေကြီး ကြားတွင် ပဲ့တင်ထပ်လာပြီး လူတိုင်း၏အသိစိတ်ထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာ၏။

“ကျေးဇူးပြု၍ စမ်းသပ်မှု ပါဝင်သူများခင်ဗျာ၊ ပုံရိပ်ယောင် နေရာလွတ်ထဲကို စည်းကမ်းတကျ ဝင်ရောက်ပေးပါ။ အထဲမှာ ကြာကြာ အသက်ရှင်နိုင်လေလေ၊ အနိုင်ရဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်ပါလိမ့်မယ်။ ဒီအဆင့်မှာတော့ နေရာတစ်ရာစာသာ ကျန်ရှိတော့မှာဖြစ်ပြီး ကျန်တဲ့စမ်းသပ်မှု ပါဝင်သူများအားလုံးကတော့ ထွက်သွားရတော့မှာဖြစ်ကြောင်း သတိပေးလိုက်ရပါတယ်ခင်ဗျာ!”

ကြေညာသံဆုံးသော်။

အမျိုးသား၊ အမျိုးသမီး ကျင့်ကြံသူအပေါင်း ဆူညံသွားကြသည်။

ဒီအဆင့်မှာ လူတစ်ရာသာ အနိုင်ရခွင့်ရှိမယ်ဆိုပါလား? ကျန်သူအားလုံး ထွက်သွားရမယ်တဲ့လေ!

ကစားပွဲပတ်ဝန်းကျင်သည်လည်း အလွန်ကြမ်းတမ်းပုံရ၏။

“ကျွန်တော် သဘောတရားကိုတော့ နားလည်ပါတယ်၊ ဒါပေမဲ့ ဘာလို့ ဒီကောင်တွေကို ဒီလိုပုံစံမျိုး လုပ်ရတာလဲ? နားလည်မှုလွဲဖို့ လွယ်လိုက်တာ” လီဝူကျယ်က သူ့ခေါင်းကို ကုတ်လိုက်သည်။

ယဲ့ကျွင်းလင်လည်း ခေါင်းခါပြရုံသာ တတ်နိုင်တော့၏။ “ဟေ့၊ ဘာပဲဖြစ်ဖြစ် ဒီဇိုင်နာရဲ့ အလှတရားကို ထင်မြင်သတ်မှတ်တဲ့ပုံစံက ငါတို့နဲ့ကွဲပြားနေတာလည်း ဖြစ်နိုင်တာပဲလေ၊ ဒီလောက်တော့ နားလည်ပေးရမှာပေါ့”

ပတ်ဝန်းကျင်မှာ စကားသံများကို နားထောင်နေသော လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်၏မှတ်ချက်စကားတွင်တော့ ပြေးထွက်ငြင်းခုန်ချင်လောက်သည်အထိ ဒေါသထွက်သွားရ၏။ လက်ရှိသူမှာ ဝိညာဉ်ခန္ဓာ သက်သက်သာဖြစ်သော်လည်း စိတ်ခံစားချက်တော့ ရှိသေးသည်ပင်။

“မသိနားမလည်တဲ့ ကလေးတွေ၊ မင်းတို့ အလှတရားဆိုတာ ဘာမှန်းတောင် သိလို့လား?”

“ငါဖန်တီးထားတဲ့ ပုံရိပ်ယောင် နေရာလွတ်က ဒီလောက် ကြီးမားထူထဲနေတာကို၊ ဒါက အမျိုးသားတွေအတွက် အကြီးမြတ်ဆုံးအလှတရားရဲ့ သင်္ကေတ မဟုတ်ဘူးလား?”

လျိုဟွမ်းရှုသည် ရေပြင်ပေါ်တွင် ထင်ဟပ်နေသော လူငယ်၏ပုံရိပ်ကို လက်ညှိုးထိုးကာ စိတ်တိုတိုဖြင့် ဆူပူပြောဆိုနေလိုက်၏။

ထိုအချိန်တွင်။

လူတိုင်းသည် ၎င်းတို့၏ သက်ဆိုင်ရာ ပုံရိပ်ယောင် နေရာလွတ်များထဲသို့ စည်းကမ်းတကျ ဝင်ရောက်နေရာယူလိုက်ကြသည်။

စည်းကမ်းများအရ ၎င်းတို့သည် ပုံရိပ်ယောင်နယ်မြေတွင် အသက်ရှင်ရပ်တည်နိုင်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ပြီး ရက်ကြာကြာ အသက်ရှင်နိုင်လေလေ အဆင့်ပိုမြင့်လေလေဖြစ်၏။

ထိပ်ဆုံး အယောက်တစ်ရာစာရင်းထဲ မဝင်နိုင်တော့သည့် ကျင့်ကြံသူများအား တိုက်ရိုက်ဖယ်ရှားပစ်မည်ဖြစ်သည်။

လီဝူကျယ် မျက်လုံးဖွင့်လိုက်သောအခါ ထူးဆန်းသော သူ့ကိုယ်သူ တောင်တစ်လုံးပေါ်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုတောင်ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းပင်များ ထူထပ်ပြီး ချုံပုတ်များစွာလည်းရှိသည်။ သူ့ခေါင်းပေါ်ရှိ နေရောင်သည် လူတစ်ကိုယ်လုံးကို ကြည်လင်စွာလွှမ်းခြုံထားသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလျက်ပင်။

“ဟင်၊ ငါ့ဓား ဘယ်မှာလဲ?”

လီဝူကျယ် မသိစိတ်ဖြင့် သူ့ခါးမှ ဓားကို လှမ်းစမ်းလိုက်သော်လည်း ဘာမှ မတွေ့ရှိလိုက်ရသောကြောင့် မကောင်းတော့ဘူး ဟု တိုးတိုးရေရွတ်မိလိုက်သည်။

သူ အကြိမ်အနည်းငယ်မျှ လှုပ်ရှားကြည့်ရာ ကိုယ်လက်ကြံ့ခိုင်မှုသည် အလွန်ပျော့ညံ့အားနည်းနေပြီး အရင်ကလို ဓားသမားတစ်ယောင်၏ တက်ကြွလန်းဆန်းသော ခံစားချက်မျိုးက ရေးရေးပင် ပေါ်ထွက်မလာခဲ့ပေ။

“နေဦး၊ ဒါ ငါ့ခန္ဓာကိုယ် မဟုတ်ဘူးလေ!”

လီဝူကျယ် မျက်လုံးများ ပြူးကျယ်သွားပြီး လက်များကို မျက်လုံးရှေ့သို့ မြှောက်ကြည့်လိုက်သည်။ လက်မောင်းများတစ်လျှောက်ရှိ သက်ကြီးမှဲ့စက်များကို ကြည့်ခြင်းအားဖြင့် ဤခန္ဓာကိုယ်သည် အိုမင်းနေသော အဘိုးအိုတစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ပြီး ကျင့်ကြံခြင်းစွမ်းရည်လည်း အနည်းငယ်မျှပင် မပါရှိသည်ကို သဘောပေါက်သွားရ၏။

ထိုအချိန်တွင် သူ့ရှေ့၌ စာကြောင်းအနည်းငယ် ပေါ်လာသည်။ “မင်္ဂလာပါ၊ ပါဝင်သူခင်ဗျာ၊ ပါဝင်သူသည် သာမန်အဖိုးအို တစ်ဦးအဖြစ် သရုပ်ဆောင်ကာ ဤသားရဲများ ပြည့်နှက်နေသော တောင်တွင် မတော်တဆ မသေဆုံးခင်အချိန်အထိ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါမည်။”

“မင်း ဘာကောင်လဲ…”

လီဝူကျယ် ဒေါသထွက်လွန်း၍ ကျိန်ဆဲချင်စိတ် ပေါက်လာသည်။ ဤအဆင့်သည် ထင်ထားသည်ထက်ကို အလွန်ခက်ခဲလွန်းလှ၏။

ဤခန္ဓာကိုယ်သည် အလွန်အိုမင်းပြီး ချိနဲ့အားပျော့နေပြီဖြစ်သည်။ အသက်တစ်ရာတွင် သေဆုံးတတ်ကြသော သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ကြည့်လျှင် အသက်ခုနစ်ဆယ်ခန့်နှင့် ညီမျှမည်ဟု ခန့်မှန်းမိရသည်။

ဤကဲ့သို့သော အိုမင်းအားနည်းလှသည့် ကိုယ်လက်အခြေအနေဖြင့် သားရဲများ ပြည့်နှက်နေသော တောင်တစ်လုံးပေါ်တွင် အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရမည်တဲ့လား?

ငါ့မြေးက ဘိုးဘိုးလီကို လာနောက်နေတာလား!

တွေးရင်းတွေးရင်း ဒေါသအလိပ်လိုက်ထွက်လာသည်။

လီဝူကျယ်သည် နာကျင်နေသောရင်ဘတ်ကို လက်လှမ်းဖိကိုင်ရင်း အသက်ရှူနှုန်းကိုထိန်းညှိလိုက်ရာ မျက်နှာအမူအရာမှာ အလွန်တရာတော့ ဆိုးရွားမနေတော့ပါချေ။

ဒီရောင်းရင်းကတော့ လှုပ်‌တောင်မလှုပ်ရသေးဘူး နေရာမှာတင်လဲသေတော့မယ်ထင်တယ်!

ဤကဲ့သို့သော ခန္ဓာကိုယ်ဖြင့် တောတောင်ကြားတွင် မည်သို့ အသက်ရှင်နိုင်မည်နည်း၊ အမျိုးမျိုးသော သားရဲများ၏ ခြိမ်းခြောက်အမဲလိုက်မှုများကို မည်သို့ ရှောင်ရှားနိုင်မည်နည်း၊ အငတ်ဘေးနှင့် ရောဂါဘယ အန္တရာယ်များကိုရော မည်သို့ခုခံတွန်းလှန်နိုင်ပါမည်နည်း။

စည်းကမ်းများအရ ရက်အရေအတွက်ကို တွက်ချက်မှုယူနစ်အဖြစ် အသုံးပြုသည်မှာ မထူးဆန်းတော့ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သာမန်လူများမှာ အများအားဖြင့် နှစ်ရက် သို့မဟုတ် သုံးရက်ခန့်သာ အသက်ရှင်နေနိုင်ကြမည်သာ။

လီဝူကျယ်သည် ရင်ဆိုင်နေရသော ဒုက္ခများကိုပါ ခါထုတ်လိုက်ချင်ဟန်ဖြင့် ခေါင်းကို ပြင်းပြင်းခါချလိုက်သည်။

စိတ်ကို ငြိမ်သက်အောင်ထားပြီး သူ၏ အိုမင်းသော ခန္ဓာကိုယ်ကို တရွတ်ဆွဲထရပ်လိုက်၏။ သစ်ကိုင်းတစ်ကိုင်းကို ပင်ပင်ပန်းပန်း ချိုးဖဲ့လိုက်ပြီး သစ်သားတောင်ဝှေးအဖြစ် အသုံးပြုကာ အိုမင်းရှုံ့တွနေသော မျက်နှာကြီးဖြင့် ရှေ့တူရူသို့စေ့စေ့ကြည့်လျက် သတိဖြင့်ခရီးစလိုက်သည်၊

အရေးအကြီးဆုံးအလုပ်မှာ စားသောက်စရာရှာပြီး တတ်နိုင်သမျှ ကြာကြာ အသက်ရှင်ရပ်တည်ရန်သာ ဖြစ်သည်။

ပထမနေ့တွင် လီဝူကျယ်သည် ကံကောင်းစွာဖြင့် စားသုံးနိုင်သော သစ်သီးများစွာကို ကောက်ယူရရှိခဲ့ပြီး ရေငတ်ပြေရန် ချောင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့လေသည်။ အနီးအနားရှိ သန့်သန့်ပြန့်ပြန့် တစ်နေရာတွင် သစ်ကိုင်းသစ်ရွက်များဖြင့် တဲသေးသေးလေး ဆောက်လုပ်ကာ အပြင်ဘက်တွင် မီးပုံဖိုလိုက်သည်။

ညဘက်တွင် လီဝူကျယ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်ခံစားမှုကို ရှာဖွေရန် ကြိုးစားခဲ့သေး၏။ ဤအိုမင်းသော ခန္ဓာကိုယ်ဖြင့် ကျင့်ကြံမှုလမ်းကြောင်းကို စတင်ရန် ဆန္ဒရှိခဲ့သော်လည်း မကြာမီပင် လက်လျှော့အရှုံးပေးခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤခန္ဓာကိုယ်သည် အမှိုက်တစ်စနှယ် အသုံးမဝင်လှကာ ကျင့်ကြံမှုတည်ဆောက်ဖို့အတွက် အခြေခံလိုအပ်သော အချက်အလက်များကိုပင် ဖြည်ဆည်းနိုင်စွမ်း မရှိသောကြောင့်။

အခြေခံ အသက်ရှူခြင်းနည်းလမ်းကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်အခြေအနေကို ဖြည်းဖြည်းချင်း တိုးတက်အောင် ကြိုးစားခဲ့သည်။ အာနိသင်သည် အနည်းငယ်မျှသာ သက်ရောက်သော်ငြား ဘာအားအင်မှမရှိခြင်းထက်တော့ ပိုကောင်းသည်ပင်။ ဤကြမ်းတမ်းရက်စက်သော ပတ်ဝန်းကျင်တွင် ခန္ဓာကိုယ် ကြံ့ခိုင်လေလေ၊ အသက်ရှင်နိုင်ရန် မျှော်လင့်ချက် ပိုများလေလေဖြစ်၏။

ညခင်းလေပြေသည် အလွန်အေးစိမ့်လှပြီး လီဝူကျယ်မှာ မီးပုံလေးကို အားကိုးလျက်သာ အနွေးဓာတ်ယူပြီး ရှည်လျားသော ညကို ရုန်းကန်ဖြတ်သန်းခဲ့ရသည်။

ဒုတိယနေ့တွင် လီဝူကျယ်သည် ပုံမှန်အတိုင်း အစားအသောက်ရှာဖွေပြီး အားမွေးဖို့ကြိုးစားရပြန်၏။ ဖြတ်သန်းခဲ့သော အတွေ့အကြုံများစွာနှင့် ကျွမ်းကျင်မှုများအားကိုးဖြင့် ချောင်းထဲတွင်ငါးသွားဖမ်းကာ ငါးကင်ကိုစားသောက်ခဲ့သည်။ ထိုကာလအတွင်း တောရိုင်းသားရဲများဖြင့် ကြုံတွေ့ခါနီးအခြေအနေတွေလည်း ရှိခဲ့သည်သာ။ လီဝူကျယ်သည် ဓားကျင့်ကြံသူတစ်ဦး၏ ထက်မြက်သော အလိုလိုသိစိတ် ကို အားကိုးကာ သားရဲတို့ကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားနိုင်ခဲ့သည်။

တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ ဆဋ္ဌမနေ့…

ဤကာလတစ်လျှောက်လုံးတွင် လီဝူကျယ်သည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခက်အခဲများစွာဖြင့် ရုန်းကန်ခဲ့ရ၏။ ဤခန္ဓာကိုယ်သည် မကြာခဏဆိုသလို လေ့ကျင့်ခန်းသဖွယ် လှုပ်ရှားနေရပြီး အသက်ရှူနည်းလမ်း၏ သက်ရောက်မှုများဖြင့် ပေါင်းစပ်သော် ကိုယ်လက်ကြံ့ခိုင်မှုပိုင်းမှာတော့ ရောက်ခါစနှင့်ယှဥလျှင် အများကြီး ပိုမိုသန်မာလာခဲ့သည်။ မတော်တဆမှုများ မရှိလာသရွေ့ ပြဿနာအကြီးအကျယ် ရှိမလာနိုင်ဟု သူယုံကြည်ထားခဲ့၏။

ရှစ်ဆယ့်ရှစ်ရက်မြောက်နေ့တွင်တော့ မတော်တဆမှုတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။

All Chapters