အခန်း (၂၇၀)
Vol. 20 Ch. 270
လီဝူကျယ်တစ်ယောက် တွင်းတစ်တွင်းတူးလျက် အလေးသွားနေစဥ် မြေကြီးထဲတွင် ပုန်းကွယ်နေခဲ့သော လက်မလောက်အထူရှိ အဆိပ်ရှိမြွေတစ်ကောင် ခုန်ထွက်လာပြီး သူ့တင်ပါးကို ပြင်းပြင်းထန်ထန် ကိုက်ခဲလာသည်။ လီဝူကျယ်သည် သူ အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရပြီးနောက် လုံးဝရူးသွပ်သွားခဲ့သည်ပင်။ ထိုအဆိပ်ရှိမြွေကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်ကို အားရပါးရပြန်ကိုက်ကာ နှစ်ကောင်သား အတူတကွသေဆုံးသွားရရှာတော့၏။
ထိုအချိန်တွင် အခြားသော ပါဝင်သူများလည်း စမ်းသပ်ပွဲကို ရုန်းကန်ကျော်ဖြတ်နေကြရသည်။ အများစုမှာ ရက်သုံးဆယ်အထိပင် မရှင်သန်နိုင်ကြဘဲ အနည်းငယ်မျှသာ ရက်ငါးဆယ်အထိ ဆက်သွားနိုင်ကြပေ၏။
၎င်းတို့ထဲမှ ရွှယ်ဝူဟန်သည် ထိပ်တန်း ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ အံ့သြဖွယ်ရာ ထိုးထွင်းသိမြင်မှုနှင့် အလိုလိုသိစိတ်များကို ပိုင်ဆိုင်ထား၏။ စိတ်ပိုင်းဆိုင်ရာထက်မြက်မှု အားကိုးဖြင့် ထိုသူသည် မတော်တဆများကို ထပ်ခါထပ်ခါ ရှောင်ရှားနိုင်ခဲ့ပြီး ရက်၁၀၀ကျော်သည်အထိ ဆက်လက်ရှင်သန်နိုင်ခဲ့လေသည်။
မိုးစက်များက တဖျောက်ဖျောက် ရွာသွန်းနေသည်။
ကောက်ရိုးဦးထုပ် ဆောင်းထားသော ဆံပင်ဖြူဖြူ အဖိုးအိုတစ်ဦးသည် ချွန်မြ၍ ရိုးရှင်းသော သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်ကာ သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နေသည်။ သူ၏ မှုန်မှိုင်းသော မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်စွန်းတစ်စ ရှိနေပြီး မျက်နှာထားမှာ တည်ငြိမ်နေကာ ကမ္ဘာလောကအကြောင်းကို နှံ့နှံ့စပ်စပ် လေ့လာသိကျွမ်းပြီးသူ သက်ကြီးရွယ်အိုတစ်ဦး၏ ပုံပန်းသဏ္ဍာန်နှင့် အရှိန်အဝါအား ပိုင်ဆိုင်ထား၏။
ရွှယ်ဝူဟန်က အေးအေးဆေးဆေး သက်ပြင်းချလိုက်သည်။ “ဒီလောကကို ရောက်လာတာ ရက်ပေါင်း တစ်ရာ့ခြောက်ဆယ် ရှိပြီ။ ငါ့ထက် ပိုကြာကြာ အသက်ရှင်တဲ့ တာအိုရောင်းရင်းတွေများ ရှိနေသေးလားမသိဘူး”။
ထိုစဥ် အဆိပ်ရှိ အင်းဆက်တစ်ကောင် သူ့ဆီသို့ ဦးတည်ပျံသန်းလာသည်။ ရွှယ်ဝူဟန်က သွက်သွက်လက်လက်ပင် အချိန်မီ တုံ့ပြန်လိုက်ပြီး သစ်သားဓားကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်ရာ အဆိပ်ရှိအင်းဆက်မှာ နေရာတွင်ပင် နှစ်ပိုင်းပြတ် သေဆုံးသွားရ၏။
“ဟမ့်၊ ငါ့ကောင်တို့က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာကိုး”။
ရွှယ်ဝူဟန်က သစ်သားဓားကို ရင်ဝယ်ပိုက်ကာ ဂုဏ်ယူဝင့်ကြွားဟန်အပြည့်ဖြင့် ပြောလိုက်သည်။
သူသည် မိုးသည်းသည်း ရပ်တန့်သွားသည်အထိ စောင့်ဆိုင်းပြီးမှ နေအိမ်သို့ပြန်သွားရန် စီစဉ်ထားသည်။ အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက် ရွှံ့များဖြင့် ချောမွတ်နေပြီး မတော်တဆချော်လဲမည်ကို စိုးရိမ်သောကြောင့်ပင်။
သူ ဘယ်လိုပဲ ဉာဏ်ရည်ဉာဏ်သွေးကောင်းနေပါစေ ဤ အားနည်းချိနဲ့သော ခန္ဓာကိုယ်အား လျစ်လျူရှု၍မရ။ တစ်ချက်လောက် ပြင်းပြင်းထန်ထန် လဲကျပါက ဒဏ်ရာကြီးကြီးရမည် ဧကန်ပင်။
ရုတ်တရက် တိမ်များ ထူထပ်စွာ စုဝေးလာပြီး ရင်တုန်ဖွယ် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
ဘုန်း~!
ကောင်းကင်တွင် လျှပ်စီးများ လင်းလက်ပြီး မိုးခြိမ်းသံများ ဆူညံလျက် လေပြင်းများလည်း တိုက်ခတ်လာသည်။
ရွှယ်ဝူဟန်၏ မျက်ခုံးများ ထောင်တက်သွားပြီး ဘေးအန္တရာယ်တစ်ခု ရောက်လာတော့မည်အား အလိုလိုသိစိတ်ဖြင့် ခံစားလိုက်ရ၏။
“မကောင်းတော့ဘူး!”
သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျှပ်စီးတစ်ပွင့်သည် ကောင်းကင်ကို ထိုးဖောက်၍ သူ့ထံတိုက်ရိုက် ထိုးဆင်းချလာသည်။ ရွှယ်ဝူဟန်မှာ ချက်ချင်းပင် အကင်ခံလိုက်ရပြီး နူးညံ့သောအသားကင်လေးတစ်ချောင်းအဖြစ် ဇာတ်သိမ်းသွားရရှာလေတော့၏။
မိုးသည်းထန်သည့်အချိန်၊ အထူးသဖြင့် လျှပ်စီးတပြက်ပြက်လက်နေချိန်တွင် သစ်ပင်ကြီးများအောက် မရပ်နားသင့်ပါ။ သင်ခန်းစာယူကြကုန်လော့။
ခြံဝင်းထဲတွင် လျိုဟွမ်းရှုသည် စမ်းသပ်မှု ပါဝင်သူ တစ်ဦးစီ၏ ပုံရိပ်ယောင်ကမ္ဘာကို စောင့်ကြည့်နေပြီး အန္တရာယ်များ ပြည့်နှက်နေသော တောင်ပေါ်တွင် တုန်တုန်ချိချိ အဘိုးအိုကြီးများအဖြစ် မည်သို့ အသက်ရှင်ရပ်တည်ကြသည်ကို ကြည့်ရှုလေ့လာနေသည်။
“ဒီအဆင့်က အခြေအနေအရ လိုက်လျောညီထွေနေထိုင်နိုင်တဲ့ စွမ်းရည်အပြင် စွမ်းအားရှင်တစ်ယောင်အတွက် အလိုအပ်ဆုံး အလိုလိုသိစိတ်ကိုလည်း စမ်းသပ်အကဲဖြတ်ပေးတယ်။ မင်းမှာ အရင်က ကောင်းကင်ကို ထိုးဖောက်ပျံသန်းနိုင်လောက်တဲ့ စွမ်းအားတွေရှိဖူးခဲ့ရင်တောင် ဒီနေရာမှာတော့ ကျင့်ကြံဆင့် အခြေခံတောင်မရှိတဲ့ အဘိုးအိုတစ်ယောက်အဖြစ် နေထိုင်ရလိမ့်မယ်။ ရထားတဲ့ခန္ဓာကိုယ်ကို ဘယ်လိုပဲလေ့ကျင့်ရေးဆင်းဆင်း သာမန်အဘိုးအိုတစ်ယောက်ထက် နည်းနည်းလေးပိုသန်မာလာရုံကလွဲလို့ ဘာမှထူးခြားလာမှာမဟုတ်ဘူး"
လျိုဟွမ်းရှုသည် မုတ်ဆိတ်ကို သပ်ကာ အောင်ပွဲခံသည့် အမူအရာဖြင့် ရေရွတ်မြွက်ဟလိုက်သည်။
သူ၏အမြင်တွင် ဤကြမ်းတမ်းသော ပတ်ဝန်းကျင်အခြေအနေ၌ ရက်တစ်ရာကျော် အသက်ရှင်နိုင်ခြင်းသည်ပင် အကောင်းဆုံးပါဝင်သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ရက်တစ်ရာ့ငါးဆယ်ကျော် လွန်သူများမှာ အကောင်းဆုံးများထဲမှ အကောင်းဆုံးများသာ ဖြစ်ကြသည်။ ရက်နှစ်ရာအထိ ရောက်ရှိနိုင်သူများမှာ ရှားပါးလှမည်ပင်။
အရေးအကြီးဆုံးတစ်ချက်မှာ ရက်နှစ်ရာ ကျော်လွန်ပြီးနောက် တောင်များရှိ သားရဲများအားလုံး ပိုမိုသန်မာလာမည်ဖြစ်ပြီး တွေ့ဆုံကြုံကြိုက်မည့် အကြိမ်ရေသည်လည်း နှစ်ဆကျော် တိုးလာမည်ဖြစ်ရာ ရက်နှစ်ရာကျော် နေထိုင်ခြင်းသည် ငရဲအဆင့် စိန်ခေါ်မှု သက်သက်သာဖြစ်၏။
“ဒါနဲ့ ဟိုကလေး ဘယ်ရောက်သွားပါလိမ့်?”
လျိုဟွမ်းရှုသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် စူးစမ်းစွာ လိုက်လံရှာဖွေရင်း ယဲ့ကျွင်းလင် ဘယ်နှစ်ရက်အထိ အသက်ရှင်နိုင်ခဲ့လဲဆိုတာကို သိချင်နေမိသည်။
စစ်ဆေးကြည့်ပြီးသောအခါ ထိုသူသည် အပြင်လောကတွင်သာရှိသေးပြီး ပုံရိပ်ယောင်ထဲမဝင်ရသေးကြောင်း သိလိုက်ရ၏။
ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် တောက်ပနေသော မီးတိုင်များ တဖြည်းဖြည်း မှိန်ဖျော့သွားသည်ကို ကြည့်နေရင်း ဤစမ်းသပ်မှုတွင် ပါဝင်သူအုပ်စုတစ်သုတ် ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
အမျိုးသား၊ အမျိုးသမီးများစွာသည် စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ပုံရိပ်ယောင်ထဲတွင် ဖြစ်ပျက်ကြုံတွေ့ခဲ့သည်များကို တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆွေးနွေးပြောဆိုနေကြသည်။
“ဟေ့၊ ငါ ဆယ်ရက်ပဲ အသက်ရှင်ခဲ့ရတာ! တောဝက် ကိုက်လို့ သေသွားရတာကွာ!”
“မင်းက တော်ပါသေးတယ်၊ ငါ နှစ်ရက်တောင် မပြည့်ဘဲ သေသွားတာ၊ ဘာလို့လဲ သိလား? မတော်တဆ ချော်လဲပြီး သေသွားတာတဲ့!”
“ဟားဟား၊ မင်းတို့ထဲက ဘယ်သူမှ ငါ့လောက် ဆန်းဆန်းပြားပြား မသေနိုင်ပါဘူး။ ငါဆို ငါးကင်စားနေတုန်း လည်ချောင်းထဲ ငါးအရိုးနင်လို့ သေသွားတာလေ!”
…
လူတိုင်းက စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြပြီး မည်သူက ပိုပြီး ဆိုးဆိုးရွားရွား သေဆုံးခဲ့သည်ကို နှိုင်းယှဉ်နေကြသည့်နှယ်ပင်။
ယဲ့ကျွင်းလင်သည် လီဝူကျယ် ထွက်လာသည်ကို မြင်သောအခါ စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် လူကိုဆွဲခေါ်ကာ မေးလိုက်သည်။ “ဆရာ့ကို ပြောစမ်း၊ မင်းရော ဘယ်လို သေတာလဲ?”
“အဟမ်း အဟမ်း ကျွန်တော် မြွေကိုက်လို့ အဆိပ်သင့်ပြီးသေတာပါ” လီဝူကျယ် အလေးသွားခြင်းဟူသော အဓိကအချက်ကို တမင်တကာဖုံးကွယ်ထားရင်း ဂုဏ်ယူဝင့်ကြွားစွာ ဆက်ပြောလာသည်။ “ဒါပေမဲ့ မသေခင်မှာ ကျွန်တော် ဒီလိုတစ်ပတ်လှည့်ပြီး သူ့ကို ပြန်ကိုက်သတ်ပေးလိုက်တယ်! ဘယ်လိုလဲ၊ မိုက်တယ်မလား?”
“ရက်စက်လိုက်တာကွာ” ယဲ့ကျွင်းလင် သူ့တပည့်၏ပုခုံးကိုပုတ်ပေးကာ ညည်းညူလိုက်သည်။
ထို့နောက် ရွှယ်ဝူဟန်ကို မြင်သောအခါ ယဲ့ကျွင်းလင် သွားစပ်စုပြန်သည်။ “ခင်ဗျားရော ဘယ်လို သေတာလဲ?”
ရွှယ်ဝူဟန်က ခါးသက်စွာ ပြုံးပြလိုက်သည်။ “ရှက်စရာပါဗျာ။ မိုးကြိုးပစ်လို့ သေသွားရတာပါ”။
“ဒါပေမဲ့ ကျွန်တော် ရက်တစ်ရာ့ခြောက်ဆယ်အထိ အသက်ရှင်နိုင်ခဲ့တယ်”
(ပုံရိပ်ယောင်ကမ္ဘာဆိုတော့ အထဲကအချိန်အတိုင်းအဆတွေမတူပါဘူး။ အတူတူပြန်ထွက်လာခဲ့ကြပေမယ့် ဖြတ်သန်းခဲ့တဲ့ကြာချိန်တွေက ကွာခြားပါတယ်)
ရွှယ်ဝူဟန်က ရင်ကိုကော့ ခေါင်းကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ရက်တစ်ရာ့ခြောက်ဆယ်? မိုက်လိုက်တာ!” လီဝူကျယ်က လက်မထောင်ပြကာ ချီးကျူးလိုက်သည်။
“အဲ့ဒါ အဲ့လောက်ခက်လို့လား?” ယဲ့ကျွင်းလင် နားမလည်ပါးမလည်ဖြင့် ပြန်မေးလိုက်သည်။
“ဆရာသခင်၊ ဒီတပည့် ကောင်းကင်နဲ့ မြေကြီးကို သစ္စာပြုပြီး အမှန်အတိုင်းဖွင့်ဟပါ့မယ်။ တကယ်ကို အရမ်းခက်တာပါနော်!” လီဝူကျယ်က ပြောသည်။
ရွှယ်ဝူဟန် ပြုံးလိုက်၏။ “အကြီးအကဲယဲ့၊ ခင်ဗျား အထဲကို မဝင်ရသေးဘူး မဟုတ်လား? သွားစမ်းကြည့်ရင် သိပါလိမ့်မယ်”
သူ၏စိတ်ထဲတွင်တော့ တွေးနေခဲ့သည်။ “ခင်ဗျားက ဒီအဆင့်မှာတော့ ကျွန်တော့်ကိုမီမှာမဟုတ်ဘူး!”
ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်သည်။ “စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုတော့ ကျွန်တော်လည်း သွားစမ်းကြည့်လိုက်ဦးမယ်”
ထို့နောက် သူသည် အလင်းတန်းထဲသို့ ခြေလှမ်းလိုက်ပြီး ပုံရိပ်ယောင်ကမ္ဘာထဲသို့ စတင်ဝင်ရောက်သွားလေတော့၏။
ထိုအချင်းအရာကို မြင်သော်။
လျိုဟွမ်းရှု အကြီးအကျယ် စိတ်ဝင်စားသွားပြီး အဓိပ္ပာယ်ပါပါ တစ်ချက်ပြုံးလိုက်သည်။ “ဟေးဟေး၊ မင်း အဲ့ကမ္ဘာထဲမှာ ဘယ်လိုဘယ်ပုံ ဂန့်သွားမလဲဆိုတာ ငါ မြင်ချင်သေးလှတယ်”။