← Chapters

အခန်း (၂၇၁)

Vol. 20 Ch. 271

အခန်း (၂၇၁)

Vol. 20 Ch. 271

အပြင်ဘက်မှ အချောင်းပုံစံစွမ်းအင်တိုင်ကြီးများ အလင်းမှိန်ကျသွားပြီး ထွက်ပေါ်လာသော စမ်းသပ်မှု ပါဝင်သူများအားလုံး စိတ်ပျက်အားငယ်နေကြဟန်ရှိပြီး သူတို့ရှင်သန်နိုင်ခဲ့သော ရက်အရေအတွက် မလုံလောက်မည်ကို စိုးရိမ်ပူပင်မဆုံး ဖြစ်နေကြရ၏။

၎င်းတို့ထဲမှ အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက ထင်ရှားစွာ ထွက်ပေါ်လာသည်။ အနီရောင်ဝတ်ရုံစက လေတွင် တဖျတ်ဖျတ်လွင့်ပျံနေပြီး အရှိန်အဝါမှာ သူတကာထက် ထူးထူးခြားခြား ထင်ပေါ်နေလျက်။ လှပသောမျက်နှာတွင်မူ စိတ်လက်မကြည်သာဟန်ကို မသိမသာမြင်တွေ့နိုင်၏။

“အစ်ကိုကြီးဟုန်” လီဝူကျယ်က သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။ “ခင်ဗျား ဘယ်နှစ်ရက် အသက်ရှင်ခဲ့လဲ? နောက်ပြီး ဘယ်လို သေဆုံးခဲ့တာလဲ?”

ဟုန်ချန်ယဲ့က ဟင်းခနဲ သက်ပြင်းချလိုက်သည်။ “၂၀၆ ရက်မြောက်နေ့မှာ အပြင်ထွက်တော့ ဝံပုလွေအုပ် တစ်အုပ် ကိုက်သတ်တာကို ခံလိုက်ရတယ်လေ"

“ဟာဗျာ!” လီဝူကျယ် အာမေဋိတ်ပြုလိုက်ပြီး လက်မထောင်ပြကာ ချီးကျူးလာသည်။ “မိုက်တယ်၊ အဲ့လောက် ကြာကြာတောင် အသက်ရှင်နိုင်တာ!”

“မင်း ဘာသိလို့လဲ? ငါ တကယ်တမ်းအဲ့ထက်ပိုကြာကြာ နေနိုင်လောက်မယ့်ဟာကို"

ဟုန်ချန်ယဲ့ အံတင်းတင်းကြိတ်ကာ ပြန်လည်ငေါက်ငမ်းလိုက်ရင်း‌ တောင်ပေါ်တွင် သူ အဆက်မပြတ် ခံစားခဲ့ရသော စိုးထိတ်ကြောက်ရွံ့မှုနှင့် ဘေးကင်းလုံခြုံကြောင်း သေချာအောင် အထပ်ထပ်အခါခါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ရမှုများအား ပြန်လည်အမှတ်ရနေမိသည်။ သို့သော် မည်မျှပင်အပင်ပန်းခံကြိုးစားခဲ့စေကာမူ နောက်ဆုံးတွင် သားရဲအုပ်တစ်အုပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။ အခဲမကျေစိတ်ကား နှလုံးသားထဲတွင် မီးတောက်တစ်ခုကဲ့သို့ လောင်ကျွမ်းနေခဲ့သည်။

စုတ်ပြတ်အားနည်းနေသော အခြေအနေကို သူအတော်လေးပြန်လည်ထူထောင်နိုင်ခဲ့သည်ပင်။ မတော်တဆမှုများ မရှိလာသရွေ့ နောက်ထပ် ရက်ပေါင်း ရာပေါင်းများစွာ အသက်ရှင်နိုင်ခြေရှိသည်။

သို့သော် ထူးဆန်းစွာပင် ရက် ၂၀၀ ကျော်လွန်ပြီးနောက် တောင်ပေါ်ရှိ တောရိုင်းသားရဲကောင်များမှာ ရုတ်တရက် အမူအကျင့်ပြောင်းလဲသွားပြီး အလွန်အင်အားကြီးမားလာကာ အရင်ကနှင့်မတူ အနီးအနားတွင် မကြာခဏဆိုသလို ပေါ်လာတတ်သောကြောင့် အဘိုးအိုတစ်ဦးအနေဖြင့် ဒီ့ထက်ပိုကာကွယ်ရန် မဖြစ်နိုင်တော့ပေ!

ဟုန်ချန်ယဲ့ ထိုအချက်ကို သတိပြုမိပြီး သွားလာရာတွင်လည်း အလုံအလောက် သတိထားခဲ့သည်ဟု ယုံကြည်သည်။ အန္တရာယ်ရှိသော နေရာအချို့တွင် အမျိုးမျိုးသော ကြိုတင်ခန့်မှန်းချက်ဟောကိန်းများကိုပင် တွက်ချက်ထားခဲ့သေးကာ နတ်ဆိုးကျင့်စဥ်လမ်းတွင် သူအားနည်းခဲ့သည်အချိန်များတုန်းက ဘေးအန္တရာယ်ရှောင်ရှားပြီး ကောင်းမွန်သောကံကြမ္မာကို ဆွဲဆောင်ယူငင်ပေးသည့် ဂါထာမန်းမှုတ်နည်းများဖြင့်ပါ ထုံမွှမ်းသန့်စင်စေခဲ့၏။

သူ၏ ချိနဲ့အိုမင်းသော ခန္ဓာကိုယ်ကိုပင် နတ်ဆိုးလမ်းစဥ် လျှို့ဝှက်ကျင့်စဥ်များကို အသုံးပြုပြီး သာမန် အရွယ်ရောက်ပြီးသူ တစ်ဦး၏ ကိုယ်ခန္ဓာနှင့် နှိုင်းယှဉ်နိုင်သော ကျန်းမာသန်စွမ်းမှုကိုရအောင် ပြုပြင်ပေးနိုင်ခဲ့သည်။ သူ အကောင်းဆုံး အားထုတ်ကြိုးပမ်းခဲ့သည်ပင်။

သို့သော် ထိုသို့ပင်ဖြစ်လင့်ကစား ထိုတစ်ရက်တွင်တော့ သူ သတိလက်လွတ်ဖြစ်သွားခဲ့သည်ဟု ဆိုရပေမည်!

နောက်ဆုံးအချိန်ထိ မီးတုတ်ကို မလွတ်တမ်းကိုင်ဆုပ်ကာ ထို ဝံပုလွေနှင့် ရင်ဆိုင်ရန် တတ်သမျှမှတ်သမျှ လှည့်ကွက်အားလုံးကို အသုံးပြုခဲ့သည်အား သူ မှတ်မိနေသေးသည်။ သို့သော် ဝံပုလွေမှ သူ့မိတ်ဆွေများကို တပ်ကူခေါ်လိုက်သောအခါ ဝိုင်းဝန်းခုန်အုပ်ကိုက်ဖြတ်လာသော ဝံပုလွေအုပ်လိုက်ကြီးကို သူမတားဆီးနိုင်ခဲ့ပါပေ။

ထိုအကြောင်းကို ပြန်တွေးမိသောအခါ ဟုန်ချန်ယဲ့၏ နှုတ်ခမ်းများ ဒေါသဖြင့် တုန်ယင်လာပြီး လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရာမှ လက်ဆစ်သံတဖျောက်ဖျောက်ပင် ထွက်ပေါ်လာသည်အထိ။

ထိုကဲ့သို့သော် ပတ်ဝန်းကျင်တွင် သာမန်လူများ အသက်ရှင်ရန် ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပေ!

လုံးဝမဖြစ်နိုင်!!

“ဒီလောက်များတဲ့ရက်တွေအထိ ရှင်သန်နိုင်ခဲ့တဲ့သူ ရှိနိုင်မယ်‌တောင်မထင်ဘူး။ ဒီတစ်ခေါက်တော့ ငါကအောင်နိုင်သူပဲ"

အတွေးများ ဟိုရောက်သည်ရောက်ဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို ဟုန်ချန်ယဲ့ မျက်လုံးမှေးကြည့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရှိ၏။

လီဝူကျယ်က မေးလိုက်သည်။ “အစ်ကိုကြီး ဆရာသခင့်ကိုရှာနေတာလား? သူအခုထိမထွက်လာသေးဘူး”

ဟုန်ချန်ယဲ့က ထိတ်လန့်တကြားဖြင့် တန့်ခနဲဖြစ်သွားပြီး သူ၏အမူအရာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ “ဆရာသခင်က အခုထိ ထွက်ထလာသေးဘူးလား? ဒါဆို…”

လီဝူကျယ်က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ ရှင်းပြလိုက်သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ အစ်ကိုကြီး ထင်သလို မဟုတ်ဘူး။ ဆရာသခင်က ကျွန်တော်တို့အားလုံးထက် နောက်ကျပြီးမှ ဝင်တာ၊ ဒါဆို နားလည်လောက်မှာပါ"

"ဪ၊ သိပြီ”

ဟုန်ချန်ယဲ့က တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး သူ၏မျက်နှာတွင် ရှားရှားပါးပါး စစ်မှန်သော အပြုံးတစ်ခု ပေါ်လာသည်။ “ဒါဆို သူထွက်လာတဲ့အထိ ငါတို့စောင့်ကြတာပေါ့”

ယဲ့ကျွင်းလင်၊ ခင်ဗျားက ပုံမှန်ကို အရည်ပျော်မတတ်ပျင်းရိနေပြီး သူများတွေကိုခိုင်းစားရတာပဲ ကျေနပ်နေတာမလား။ အခု ခင်ဗျား အထဲမှာ တစ်ယောက်မှ အားကိုးစရာမရှိတော့ ဘဝကို အတော်လေးဆိုးဆိုးရွားရွား ဖြတ်သန်းနေရမှာပဲ၊ စိတ်ထဲမှာလည်း အကြောက်တရားနဲ့ ဆာလောင်မှုတွေနဲ့ပဲ ပြည့်နှက်နေတော့မှာပေါ့၊ ဟုတ်တယ်မလား?

တွေးကြည့်ရုံနဲ့ကို တော်တော်ပျော်စရာကောင်းနေပြီ!

တစ်ဖက်လူ တောကောင်တို့၏ရန်မှ ပုန်းလျှိုးကွယ်လျှိုးနှင့် တကုပ်ကုပ် လှုပ်ရှားနေကာ အစားအသောက်အတွက် အစဥ်အမြဲ ရုန်းကန်ကြိုးပမ်းနေရမည်ကို တွေးလိုက်သည်နှင့် ဟုန်ချန်ယဲ့ နှုတ်ခမ်းထောင့်တို့ကွေးတက်ကာ ခပ်လှောင်လှောင် ပြုံးလိုက်မိသည်။

ရက် ၂၀၀ ကျော်လွန်ပြီးနောက် တောင်သည် ငရဲတမျှ ခက်ခဲပင်ပန်းသောအဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း သူမသိသေးလောက်ပေ၊

ထိုအချိန်တွင် မျက်လုံးအကျအနမှိတ်ကာ အိပ်စက်အနားယူနိုင်ခြင်းသည်ပင် ရှားပါးဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်လာလိမ့်မည်!

ခင်ဗျားလို လူမျိုး၊ အမြဲတမ်း ကြိုးပမ်းအားထုတ်မှုမရှိ ပျင်းရိနေတတ်တဲ့လူ ဘယ်လိုများအဆုံးသတ်ရမလဲ သိချင်စမ်းလှတယ်။ တောရိုင်းသားရဲ ကိုက်လို့ သေမလား? ဒါမှမဟုတ် အငတ်ဘေးနဲ့ သေမလား? ဒါမှမဟုတ် ရောဂါဘယနဲ့ သေမလား?

ဟေးဟေး၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ သင့်တော်တဲ့ အဆုံးသတ်တစ်ခုတော့ ရှိနေမှာပဲ!

ဟုန်ချန်ယဲ့ တည်ငြိမ်စွာပင် ရပ်စောင့်နေရင်း ဆံဖြူလူငယ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာမည့်ပုံကို ကြိုတင်မြင်ယောင်နေမိလိုက်တော့၏။

အခုကတည်းက စိတ်လှုပ်ရှားနေပြီ!

တောင်ပေါ်မှ ယဲ့ကျွင်းလင်၏ ဘဝ၊ ရက် ၂၀၀ မြောက်နေ့မှ စ၍

ရက် ၂၀၀ မြောက်နေ့။

စိမ်းလန်းစိုပြည်သော တောအုပ်ကြီးထဲတွင် တိရစ္ဆာန်များအားလုံး၏ သဘောသဘာဝမှာ တိတ်ဆိတ်စွာ ပြောင်းလဲကုန်ကြတော့သည်။ ၎င်းတို့၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာပြီး အလွန်အမင်း ရန်လိုကာ အရာရာတိုင်းကို စိတ်တိုဒေါသထွက်လာကြ၏။

၎င်းတို့သည် တစ်ချိန်လုံးလိုလို လေကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေကြပြီး ရိုင်းစိုင်းကြမ်းတမ်းလာသော အမူအကျင့်တို့ဖြင့် သားကောင်ကို အဆက်မပြတ် ရှာဖွေနေကြလေသည်။

ဒုန်း!

ခပ်ပြင်းပြင်း အသံတစ်သံ ထွက်ပေါ်လာသည်။

တရှဲရှဲမြည်နေသော သစ်ရွက်များနှင့် သစ်ပင်အောက်ခြေတွင် လဲလျောင်းနေသော ယုန်အသေကောင် ကို ကြည့်ရင်း သစ်ပင်ဘေးတွင် ပုံမှန်အတိုင်း စောင့်ဆိုင်းနေသော ယဲ့ကျွင်းလင်သည် ပါးစပ်အဟောင်းသားဖြစ်နေရပြီး သူ၏အိုမင်းသော မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

ဘာတွေဖြစ်နေတာလဲ?!

အန္တရာယ်မရှိသော၊ နူးနူးညံ့ညံ့ ယုန်ကလေးတစ်ကောင်သည် သစ်ပင်ကြီးတစ်ပင်ကို ထိုမျှလောက် ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသလား?

အဲ့သစ်ပင်နေရာမှာ သူ့ဗိုက်သာဆိုရင် နေရာမှာတင် သွေးတပွက်ပွက်အန်ပြီး သေသွားမှာ မဟုတ်ဘူးလား?

ယဲ့ကျွင်းလင် ထိုအကြောင်းကို တွေးမိသည်နှင့် တုန်လှုပ်သွားရသည်။ ထို့နောက် ယုန်အသေကောင်ကို နားနှစ်ဖက်မှ ကိုင်ဆွဲကာ အိမ်သို့ အလျင်အမြန် ပြန်ပြေးသွားတော့၏။ အိမ်ပြန်ရောက်သည်အထိ ရင်တုန်မရပ်နိုင်သေး။

ဤတောင်ပေါ်ရှိ တိရစ္ဆာန်များ တစ်မျိုးတစ်မည် ပြောင်းလဲသွားကြကြောင်းကို သူ ဝိုးတဝါး ခံစားမိနေသည်။

“ဝေါင်း~”

ရုတ်တရက် ဝမ်းခေါင်းသံလို ခပ်နိမ့်နိမ့်ဖြင့် မိုးခြိမ်းသံကဲ့သို့ ကြက်သီးထစရာ ကျားဟိန်းသံတစ်သံထွက်ပေါ်လာပြီး ယဲ့ကျွင်းလင်တစ်ကိုယ်လုံးရှိ မွေးညင်းများကို ထောင်ထစေကာ နဖူးတွင် ချွေးအေးများစီးကျလာစေ၏။

“ဒီအနီးအနားမှာ တကယ်ကြီး ကျားရှိနေတာလား?”

All Chapters