အခန်း (၂၇၂)
Vol. 20 Ch. 272
ယဲ့ကျွင်းလင် မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ယခင်ရက်များက ဘယ်နေရာမဆို သူ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့သည်ပင်။ မိမိနေထိုင်ရာမှ မီတာတစ်ရာပတ်လည်အတွင်း အသက်အန္တရာယ် ခြိမ်းခြောက်နိုင်လောက်သော တောရိုင်းသားရဲများ မရှိခဲ့သော်ငြား ယခုတော့ အနီးအနားတွင် ကျားတစ်ကောင် အမှန်တကယ် ရောက်ရှိနေလေပြီ။
ဒါက တကယ်ကြီးကို...
အန္တရာယ်များလွန်းတယ်!
ကျားဟိန်းသံက ပိုမိုနီးကပ်လာသည်။ ယဲ့ကျွင်းလင် ယုန်ကို နားနှစ်ဖက်မှ ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေကာ ကြက်သီးများလည်း အသီးလိုက်ထနေသည်။
ရိုးရိုးသားသားပြောရရင် သေခြင်းတရားနဲ့ တိုက်ရိုက်ရင်ဆိုင်ရတဲ့ ဒီလိုခံအခြေအနေမျိုးကို သူ မခံစားရတာ ကြာခဲ့ပြီလေ။
ဘာပဲဖြစ်ဖြစ် အပြင်လောကမှာဆို သူ့မှာ ရွှေလက်ချောင်းရှိတယ်၊ သူ့ရဲ့ ကျင့်ကြံဆင့်က ပြိုင်ဘက်တွေထက် အမြဲပိုမြင့်တယ်။ ဒါ့အပြင် အစွမ်းထက်တဲ့ ကျင့်စဥ်အမျိုးစုံနဲ့ နတ်ဘုရားစွမ်းအားတွေကိုလည်း လက်ကိုင်ထားရတော့ ပွဲဦးထွက်ကတည်းက တစ်ခါမှမရှုံးဖူးရုံမက ရှုံးခါနီးအခြေအနေတောင် မရောက်ဖူးဘူးလေ။
ဒါပေမဲ့ ဒီ ပုံရိပ်ယောင်ကမ္ဘာမှာတော့ ရွှေလက်ချောင်းနဲ့စနစ်ကိုပါ ဖျက်သိမ်းခံထားရတယ်။ သူ အဲဒီ ကျားကို လက်ရှိခွန်အားနဲ့ နှိမ်နင်းလို့မရနိုင်ဘူး။
အန္တရာယ်၊ အန္တရာယ်၊ အန္တရာယ်၊ အန္တရာယ်က အနားကိုရောက်လာနေပြီ~!
သားကြီး မတွေ့တာကြာပြီနော် ဟဲဟဲ...
အဲ့သားရဲတွေ ဒီအထိရောက်လာနိုင်ရင်တော့ ငါတစ်ခါတည်းကြွတော့မယ်ထင်တယ်။
သူ အတွေးလမ်းကြောင်းမှားတော့မည်ကို သဘောပေါက်သွားသောအခါ ယဲ့ကျွင်းလင် ခေါင်းကိုအတင်းခါယမ်းလိုက်သည်။ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်မှုတစ်ချို့ ပြန်လည်ဝင်ရောက်လာပုံရ၏။
အခုဘယ်အချိန်တောင် ရှိနေပြီလဲ၊ ဒီမှာပဲထိုင်ပြီး သေဖို့ စောင့်နေတုန်းပဲလား? ဒါက ခန္ဓာကူးပြောင်းလာသူတစ်ဦး ရှိနေသင့်တဲ့အခြေအနေ မဟုတ်ဘူးလေ!
“အဲဒီ သားရဲသာ ငါ့အိမ်ကိုလာရဲရင် ငါ ဒီလိုဒီလို လျှောတိုက်ရှောင်ပြီး မြိနေအောင်သွေးထားတဲ့ သစ်သားဓားနဲ့ သူ့ဗိုက်ကိုထိုးခွဲလိုက်မယ်၊ အဲ့ကောင်လည်း တစ်ခါတည်း သွေးပန်းပြီး သေရုံပဲပေါ့!”
ဆံပင်ဖြူ အဖိုးအိုသည် နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်နိုင်ပုံရ၏။ သူ၏မျက်လုံးများ တောက်ပနေပြီး လက်ထဲတွင် ချွန်ထက်နေသော သစ်သားဓားကို ဆုပ်ကိုင်ထားကာ တိုက်ခိုက်ရန်အသင့်အနေအထားဖြင့် ရှိသည်။
သို့သော် ဤအချိန်တွင် အခြားသော တောဝက်ဟိန်းသံတစ်သံပါ ထွက်ပေါ်လာပြီး ပြင်းပြင်းထန်ထန် ရန်လိုမှုများ ပြည့်နှက်နေပြန်လေသည်။
လူနံ့ကိုခြေရာခံနေသော ကျားသားရဲသည် ယဲ့ကျွင်းလင်ကို ရှာဖွေရန် ပြင်ဆင်နေစဉ် သူ၏ခေါင်းကို လှည့်ကာ ဘေးပတ်လည်ရှိ ချုံပုတ်များထဲမှ ထွက်ပေါ်လာသော ဧရာမအညိုရောင်ဝက်ဝံကြီးကို စိန်ခေါ်လိုက်သည်။
ရန်သူကိုမြင်လိုက်သော ကျား၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖျတ်ခနဲလက်သွားပြီး တစ်ချက်ဟိန်းဟောက်လာ၏။
ဝေါင်း~!
ကျားဟိန်းသံသည် နားကွဲမတတ် ကျယ်လောင်လှပြီး ကျေးငှက်များကိုပင် လန့်ဖျပ်ပျံသန်းစေသည်အထိ။
ဧရာမ အညိုရောင်ဝက်ဝံလည်း ဒေါသထွက်နေသောကျားထံ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး မျက်လုံးများတွင် သေသေကျေကျေ တိုက်ပွဲဝင်လိုက်စိတ်များ ဆူပွက်နေကာ တွန့်ဆုတ်ဟန်တစ်စက်မရှိ။ အာရုံပြောင်းသွားသော ကျားရဲသည် နဂိုပစ်မှတ်ဖြစ်သော ယဲ့ကျွင်းလင်အား လုံးလုံး လျစ်လျူရှုလိုက်မိတော့၏။
သားရဲနှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် စိုက်ကြည့်နေကြပြီး ပြင်းထန်သောတိုက်ပွဲတစ်ခုကို အငွေ့အသက်ဖြင့် အစပျိုးနေလေပြီ။
ဤအချင်းအရာကို မြင်လျှင်။
ယဲ့ကျွင်းလင် ရှိုးကြည့်ရန် စိတ်မပါတော့ဘဲ ယူစရာရှိတာယူပြီး အိမ်ကောက်ပြန်လေတော့၏။
လမ်းတစ်လျှောက်တွင် သားရဲဟိန်းသံများ ရံဖန်ရံခါ ထွက်ပေါ်လာလေရာ ယဲ့ကျွင်းလင်သည် အရိုးခိုက်လောက်သော အေးစက်စက်ကြောက်စိတ်ဖြင့် နှလုံးသားတစ်ခုလုံး တုန်လှုပ်ခြောက်ချားနေရတော့သည်။
“ငရဲကျတာနဲ့ ဘာများထူးသေးလို့လဲ?”
“စည်းကမ်းချက်ချမှန်တဲ့လူက ငါ့ရဲ့ အေးအေးချမ်းချမ်းအငြိမ်းစားဘဝလေးကို မနာလိုနေတာ အသိသာကြီးပဲ!”
ယဲ့ကျွင်းလင် အိမ်ပြန်ရောက်ပြီးနောက် ကြောက်ရွံ့စွာ သစ်သားတံခါးကို မြန်မြန်ပိတ်လိုက်သည်။
ဤကာလသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး ဤနေရာတွင် သေဆုံးလျှင်လည်း အရေးမကြီးကြောင်း သူ သိရှိထားသော်လည်း သူသည် အသက်အန္တရာယ်နီးကပ်သောအခြေအနေတွင် ပြင်းပြင်းထန်ထန် ကြောက်ရွံ့မိစေဆဲပင်။ သားရဲတစ်ကောင်ဆီက ကိုက်သတ်စားခံရဖို့ကို ဘယ်သူကသတ္တိအပြည့်နဲ့ ကြိုဆိုနေနိုင်မှာတဲ့လဲ?
တစ်ဖက်လူ၏ ပျာတီးပျာယာမြင်ကွင်းကို မြင်သောအခါ။
လျိုဟွမ်းရှုသည် နောက်ဆုံးတွင်တော့ ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်နိုင်ပြီး သူ၏မုတ်ဆိတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “ဟုတ်တယ်၊ ဒီဒီဇိုင်းကိုထုတ်ခဲ့တဲ့ မူလရည်ရွယ်ချက်ကလည်း ဒါပဲလေ"
ယဲ့ကျွင်းလင်တစ်ယောက် ပုံရိပ်ယောင်ကမ္ဘာထဲတွင် အလွန်တရာမှ အေးဆေး ငြိမ်းချမ်း ပေါ့ပါးနေသည်ကိုမြင်သော သူကိုယ်တိုင်တည်ဆောက်ခဲ့သော နည်းလမ်းများကိုပင် သံသယဝင်လာရသည်အထိ။
ကံတရားမျက်နှာသာပေးခံရတဲ့လူတစ်ယောက်မလို့ ဖြစ်သင့်ပါတယ်လို့ ဖြေတွေးလို့လည်းရပေမဲ့ ကြာတော့ လူကိုစိတ်ပျက်စေမိတာ အမှန်ပဲ!
သူကိုယ်တိုင် သေသေချာချာ စေ့စေ့စပ်စပ် ဖန်တီးထားတဲ့ကမ္ဘာက အဲ့လူနဲ့မှ ကလေးကစားကွင်းလိုကိုဖြစ်နေတာလေ။
ယဲ့ကျွင်းလင် ဤသို့ ကြောက်ရွံ့နေသည်ကို မြင်သောအခါ လျိုဟွမ်းရှု၏ စိတ်အစဥ်သည် ရုတ်တရက် လန်းဆန်းတက်ကြွလာပြီး မာန်လည်းပြန်တက်လာတော့၏။
အင်အားအပြည့်ဖြင့် သူ့ကျောကို ကော့မတ်ကာ ရေရွတ်လိုက်သည်။
“ကောင်လေးရေ၊ ခက်ခဲပင်ပန်းရတော့မယ့်နေ့ရက်တွေက မင်းကိုစောင့်ကြိုနေပြီနော်”
လျိုဟွမ်းရှု ပြောသည့်အတိုင်းပင်။
ရက်၂၀၀မြောက် နေ့ရက်မှ စတင်ကာ ယဲ့ကျွင်းလင်မှာ စိတ်မအေးချမ်းရစွဦ စိုးရိမ်ပူပန်မှုများဖြင့် ဒွန်တွဲနေထိုင်ခဲ့ရသည်။ ညဘက်တွင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘဲ မတော်တဆ ဖြတ်သွားသော တောရိုင်းသားရဲ တစ်ကောင် အိမ်ထဲပြေးဝင်လာပြီး သူ့ကို ဆုတ်ဖြဲကိုက်သတ်ပစ်မည်ကို ကြောက်ရွံ့နေရသည်။
၂၀၅ ရက်မြောက်နေ့တွင် ယဲ့ကျွင်းလင်မှာ အအိပ်ပျက်အစားပျက်ဒဏ်များကြောင့် အရင်လို ကျန်းမာလန်းဆန်းနေဟန်အား ထိန်းသိမ်းမထားနိုင်တော့ပါ။ သူသည် ရုတ်တရက် အများကြီးပိုရင့်ရော်သွားပုံရ၏။ ဤရက်များအတွင်း ကောင်းကောင်းအနားယူနိုင်ခြင်းဆိုသည်မှာ ရွှေလိုရှားပါးနေလေပြီ။
အသက်ကြီးကြီး အဘိုးအိုတစ်ဦး ကောင်းကောင်းအနားမယူနိုင်ခြင်းမှာ ကျန်းမာရေးအတွက် လွန်စွာစိုးရိမ်ရ၏။
ယဲ့ကျွင်းလင်၏ ယခုအခြေအနေမှာလည်း သားရဲကိုက်မသတ်ခင် သူ့ဘာသာလန့်ဖျပ်သေဆုံးသွားနိုင်ချေရှိနေ၏။
“အင်း၊ ဒီလိုသာ ဆက်သွားနေရရင်တော့ ငါ မကြာခင် ဂန့်တော့မှာပဲ”။
ယဲ့ကျွင်းလင်သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို ဒရွတ်ဆွဲကာ ခြံဝန်းတံခါးကိုတွန်းဖွင့်ရင်း သာယာစိုပြည်သော ပတ်ဝန်းကျင်လေးအား ဝမ်းနည်းမှုစွက်လျက် နှမြောတသစွာ လှည့်ပတ်ကြည့်လိုက်သည်။
“ဒီ အဘိုးကြီးတော့ ဆက်ပြီး မနေနိုင်တော့ဘူးထင်ပါတယ်!” ယဲ့ကျွင်းလင် ငြီးတွားရင်း သက်ပြင်းချလိုက်သည်။
ရုတ်တရက် နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။ “အဘိုး! အဘိုး!”
ယဲ့ကျွင်းလင် အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ဒီနေရာမှာ လူသံသူသံ ဘယ်လို ရှိနိုင်တာလဲ? နောက်ပြီး အသံကလည်း ကလေးသံလေး။
“အဘိုး၊ ကျွန်တော်တို့ ဒီမှာ!”
အသံနောက်သို့ လိုက်သွားသောအခါ ယဲ့ကျွင်းလင် ကြောင်အသွားရပြီး နှုတ်ခမ်းတို့တဆတ်ဆတ်တုန်ယင်လျက် ဆိုမိသည်။ “မင်း၊ မင်းတို့က…”
“အဘိုး၊ မကြောက်ပါနဲ့၊ ကျွန်တော်တို့ အဘိုးကို ကာကွယ်ပေးပါ့မယ်!” စကားပြောနေသူမှာ စပျစ်နွယ်ပင်ပေါ်တွင် ချိတ်ဆွဲထားသော ဝဝဖိုင့်ဖိုင့် ဘူးသီးခြောက်အနီရောင်တစ်လုံးဖြစ်၏။ ထို ဘူးသီးခြောက်ကဲ့သို့သော အခြားဘူးသီးခြောက် ခြောက်လုံး ထပ်ရှိနေသေးပြီး တစ်လုံးစီတွင် မတူညီသော အရောင်များပါရှိသည်။
“မင်းတို့က မဟုတ်မှ…”
ယဲ့ကျွင်းလင်သည် ထိတ်လန့်မှုကို မျိုသိပ်လိုက်ပြီး တုန်ယင်စွာ အနားသို့လျှောက်သွားကာ ထူးခြားသော အရောင်အသွေးရှိသည့်၊ စိတ်ဓာတ်ကောင်းမွန်ဟန် ဘူးသီးခြောက်ခုနစ်လုံးကို ကြည့်ရင်း သူ၏ ကလေးဘဝမှ ရင်းနှီးကျွမ်းဝင်ခဲ့သော သီချင်းတစ်ပုဒ်က စိတ်ထဲ၌ မရှင်းမလင်း ပဲ့တင်ထပ်လာသည်။
“ဘူးသီးလေး~ ဘူးသီးလေး~ ဘူးတစ်နွယ်မှာ ခုနှစ်လုံးရှိ~ လေမိုးကိုလည်း မကြောက်တတ်ပါ~ လာလာလာ့လာလာ~”