← Chapters

ဘူးသီးခြောက်ခံတပ်

Vol. 20 Ch. 273

ဘူးသီးခြောက်ခံတပ်

Vol. 20 Ch. 273

ဤရင်းနှီးသောမြင်ကွင်းသည် ယဲ့ကျွင်းလင်၏ ကလေးဘဝ အမှတ်တရများကို ပြန်လည်နိုးထစေခဲ့ပြီး နွယ်ပင်ပေါ်ရှိ လှပသော အရောင်စုံ ဘူးသီးခြောက်ခုနစ်လုံးကို ကြည့်ရင်း နှလုံးအိမ်ထဲမှ စစ်မှန်သော ရင်းနှီးမှုကို ခံစားလိုက်ရသည်။

“အဘိုးအိုတွေ ပုံမှန်အားဖြင့် သီးပင်စားပင်တွေစိုက်ကြတဲ့အလေ့က သူတို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးအတွက် ကောင်းရုံတင်မကဘဲ အရေးကြီးတဲ့ အချိန်တွေမှာ အံ့အားသင့်စရာတွေ ပေးစွမ်းနိုင်ပုံပဲ”

ယဲ့ကျွင်းလင်သည် မုတ်ဆိတ်ဖြူကို သပ်လိုက်ပြီး အိုမင်းသောမျက်နှာကြီးမှာလည်း ပြန်လည်ပျော်ရွှင်လန်းဆန်းလာရ၏။

နောက်တစ်စက္ကန့်အကြာတွင် နားကွဲမတတ် ကျယ်လောင်သော ဆင်အော်သံတစ်သံ ထွက်ပေါ်လာပြီး သစ်တောထဲမှ သစ်ရွက်များ အနင်းခံရ၍ တဖျောက်ဖျောက်မြည်သံနှင့် သစ်ကိုင်း ကျိုးပဲ့သံ တဖြောင်းဖြောင်းကို ကြားလိုက်ရသည်။

အရွယ်ရောက်ပြီးသား ဆင်ကြီးတစ်ကောင်က ဖိနှိပ်အားပြင်းပြင်းဖြင့် သူတို့၏မြင်ကွင်းသို့ ထွက်ပေါ်လာသည်။ ၎င်း၏အစွယ်များမှာ ကောက်ကွေးချွန်ထက်နေပြီး မျက်လုံးကြီးများက နီရဲကာ အသက်ရှူသံမှာ ပြင်းထန်လျက်။ မုန်ယိုချိန်ဝယ် ဒေါသထိန်းမရဖြစ်ကာ မြင်သမျှ အရာအားလုံးကို နင်းတက်ချေမွပစ်ချင်နေသည့်နှယ်။

ခြံဝင်းထဲတွင် ရပ်နေသော ယဲ့ကျွင်းလင် ၏ကို မြင်သောအခါ ဆင်ကြီးက နှာမောင်းကို စိတ်လှုပ်ရှားစွာမြှောက်ပင့်လျက် ကျယ်လောင်စွာထပ်အော်လာပြီး ဒေါသတကြီး ပြေးဝင်လာတော့၏။

ဒုန်း ဒုန်း ဒုန်း~!

၎င်း၏လေးလံသော ခြေလှမ်းကြီးများ မြေကြီးပေါ် ဆောင့်နင်းရာတွင် ဗုံတီးသံကဲ့သို့ လူကိုရင်တုန်စေသည်။ တစ်စုံတစ်ဦးသာ ကံမကောင်းစွာ သူ့လမ်းကိုဖြတ်ရပ်မိပါက ရွှံ့အိုင်ကဲ့သို့ နင်းချေခံရမည် အသေအချာပင်။

ယဲ့ကျွင်းလင် ဘာမှ မပြောရသေးမီ နွယ်ပင်ပေါ်ရှိ ဘူးသီးခြောက်ခုနစ်လုံးက အချိန်မီ တုံ့ပြန်လိုက်ကြသည်။ ၎င်းတို့ထဲမှ အနီရောင်ဘူးသီးခြောက်မှာ အလွန်ဒေါသထွက်နေဟန်ပင်။

“သားရဲကောင်၊ ငါ့အဘိုးကို မထိနဲ့!”

စကားဆုံးသည်နှင့် ဘူးသီးခြောက်အနီသည် အားကုန်လှုပ်ရှားလိုက်ရာ နွယ်ပင်၏ အနှောင်အဖွဲ့ မှ လွတ်မြောက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာသည်။ အလင်းရောင် ပျောက်ကွယ်သွားပြီးနောက် သူ၏ ကိုယ်ခန္ဓာအပြည့်အစုံ ပေါ်ထွက်လာတော့၏။

၎င်းသည် အရပ်ရှည်ရှည် အသွင်ရှိပြီး ညီအစ်ကိုခုနှစ်ဦးတွင် ပထမသားတော်မောင်ဖြစ်သည်။ အနီရောင် အင်္ကျီဟပြဲ ခပ်သေးသေးတစ်ထည်ကို ဝတ်ဆင်ထားပြီး ‌အောက်ပိုင်းကိုတော့ အရွက်ကြီးတစ်ရွက်ဖြင့် ပတ်ခြုံထားကာ သန်မာသော ကိုယ်ခန္ဓာသွင်ပြင်ရှိ၏။ သူ၏ခေါင်းပေါ်တွင် အမှတ်အသားဖြစ်ဟန်တူသော ဘူးသီးခြောက်အနီရောင် သေးသေးလေးတစ်လုံးရှိပြီး နူးညံ့သော ကလေးမျက်နှာ၊ တောက်ပလင်းလင်သော မျက်လုံးများဖြင့် ချစ်စဖွယ်အတိပြီး၏။

တည့်တည့်ပြေးတက်လာသောဆင်ကြီးကို စိုက်ကြည့်ရင်း ခေါင်းပေါ်ရှိ ကလေးမျက်နှာဖြင့် ဘူးသီးခြောက်အနီလေးမှာ ဒေါသအပြည့်ဖြင့် အရှေ့သို့ ခုန်ထွက်လာပြီး ဆင်၏ရှေ့တည့်တည့်တွင် ပေါ့ပေါ့ပါးပါး ဆင်းသက်ကာ သူ၏နူးညံ့သော လက်သေးသေးလေးကို လက်သီးဆုပ်လျက် ဝှေ့ယမ်းထိုးခွဲလိုက်တော့သည်။

နဂါးပျံလက်သီး!

ဘုန်း!

ထိုတစ်ခဏတွင် မူလက ဒေါသအမှောင်ဖုံးနေသော ဆင်ကြီးသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော လက်သီးချက်တစ်ချက်အား အီစလံဝေအောင် ခံစားလိုက်ရသည်။ ၎င်း၏ကြီးမားသော ကိုယ်ခန္ဓာတစ်ခုလုံး ရုတ်တရက် နောက်ပြန် ပျံတက်သွားရာ မီတာတစ်ရာကျော်ခန့်အထိ လွင့်စင်သွားပြီး မြေပြင်သို့ ပြင်းထန်စွာ ပြန်လည်ပြုတ်ကျကာ သွေးအလူးလူးဖုံးလွှမ်းလျက် ငြိမ်သက်သွားလေတော့၏။

ကံကောင်းစွာဖြင့် ယဲ့ကျွင်းလင်သည်လည်း အပြင်လောကတွင် အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦးဖြစ်နေခဲ့သည်ပင်။ အကယ်၍ သူသာ သာမန်အဘိုးအိုတစ်ဦးဆိုလျှင် မျက်စိရှေ့ရှိ အားပြင်းသော တိုက်ပွဲမြင်ကွင်းကြောင့် ကြောက်လန့်၍ စကားပင် ပြောနိုင်တော့မည်မဟုတ်ဘဲ ကောင်းကင်မှ နတ်ဘုရားတစ်ပါးဆင်းသက်လာလေသလားဟုပင် ထင်မှတ်မိပေမည်။

“ငါ့သားအကြီးကောင်၊ တော်တယ်!”

ယဲ့ကျွင်းလင်မှာ ချီးကျူးစကား မပြောဘဲ မနေနိုင်တော့ချေ။

ငါ အိုမင်းနေလို့ လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရမယ် ထင်နေတာလား?

ငါ့မှာ မြေးခုနှစ်ကောင် ရှိသေးတယ်ကွ!

“ဟင်၊ အဘိုး၊ ကျွန်တော်က သားအကြီးဆုံးမှန်း အဘိုး ဘယ်လိုသိတာလဲ?” ဘူးသီးခြောက်အနီက ဆံဖြူအဘိုးအိုရှေ့လျှောက်လာရင်း စပ်စုစွာမေးလိုက်သည်။

“အဘိုး ခန့်မှန်းလိုက်တာပေါ့”

ယဲ့ကျွင်းလင် ပထမသားကြီး၏ ခေါင်းကို တစချက်ပုတ်လိုက်ပြီး သူ၏အိုမင်းသော မျက်နှာကြီးဖြင့် အဓိပ္ပာယ်ပါပါပြုံးပြလိုက်သည်။

“အဘိုးရဲ့ ခန့်မှန်းချက်က တော်တော်မှန်တာပဲဗျာ!” ပထမသားကြီးမှာတော့ ဘာမှမသိရှာဘဲ ပြုံးပြုံးကြီးပြန်လည်ချီးကျူးလိုက်မိတော့၏။

ရုတ်တရက် သားရဲ ဟိန်းသံများ ပတ်ဝန်းကျင် အရပ်ရပ်မှ ထပ်မံထွက်ပေါ်လာသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ခုနက တိုက်ပွဲမှ ဆူညံသံများကြောင့် အနီးအနားတွင် လှည့်လည်နေသော တောရိုင်းသားရဲများ သတိထားမိကာ သစ်သားအိမ်ငယ်လေးဆီသို့ အပြေးလာကြခြင်းဖြစ်ပေမည်။

“တစ်ခုခုတော့ ဖြစ်နေပြီ!”

ပထမသားကြီးက မျက်မှောင်ကြုတ်လိုက်သည်။ “အဘိုး၊ အဘိုး ဒီမှာ ရပ်နေခဲ့၊ ပြေးလွှားမနေနဲ့၊ ကျန်တာကို ကျွန်တော် ကိုင်တွယ်လိုက်မယ်!”

ပထမသားကြီးသည် ဖျတ်ခနဲဆိုသလို ကိုယ်ကိုလှိမ့်လိုက်ပြီး ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှာ စတင်ကြီးထွားလာတော့၏။ မြေပြင်ပေါ်သို့ “ဒုန်း” ခနဲ လဲကျချိန်၌ မီတာတစ်ရာပတ်လည် ဧရိယာတစ်ခုလုံး တုန်ခါသွားသည်အထိ။

ခေါင်းပေါ်တွင် ဘူးသီးခြောက်အနီရောင်လေးတင်ထားသော ပထမသားကြီးသည် ဧရာမလူကြီး တစ်ဦးကဲ့သို့ မြင့်မားစွာ ရပ်တည်နေပြီး အဆက်မပြတ် ချဉ်းကပ်လာသော သားရဲများကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ဟမ့်!”

“မင်းတို့ သားရဲတွေ ဒီကိုသေဖို့လာကြတာလား?!”

ပြောပြီးသည်နှင့် သူ၏ခြေထောက်ကို မြှောက်ကာ ပြင်းပြင်းထန်ထန် နင်းချလိုက်ရာ အရူးအမူးရန်လိုနေသော နွားရိုင်း ဆယ်ကောင်ကျော်ခန့်ကို အသားနုတ်နုတ်စင်းအဖြစ် ကြေမွသွားစေသည်။

ထို့နောက် သူသည် ပစ်မှတ်နောက်တစ်ခုကို ဦးတည်လျက် အားကုန် ကန်ချလိုက်ရာ ခွေးအအုပ်ကြီး တစ်အုပ်လုံးကို အရပ်မျက်နှာအနှံ့ ပျံဝဲသွားစေပြီး ဖြန်းခနဲထွက်လာသောသွေးများမှာ လေထုထက် ပက်ကျဲသွားလေတော့၏။

All Chapters