← Chapters

ဘယ်လောက်ကြာအောင် အသက်ရှင်ခဲ့တာလဲ

Vol. 20 Ch. 275

ဘယ်လောက်ကြာအောင် အသက်ရှင်ခဲ့တာလဲ

Vol. 20 Ch. 275

တောင်တန်းများပေါ်ရှိ သစ်တောတစ်တောတွင် ကျားသစ်တစ်ကောင်က သမင်တစ်ကောင်ကို ကိုက်သတ်လိုက်ပြီး ကိုက်ဖြတ်စားသောက်တော့မည့်ဆဲဆဲတွင် ချုံပုတ်များထဲမှ လှုပ်ရှားသံကို ကြားလိုက်ရသည်။

ကျားသစ်က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ ၎င်း၏အသံသည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်ရှိ ကြွေကျနေသော အရွက်များကိုပင် မွှေနှောက်လှည့်ပတ်စေလိုက်၏။

“အဘိုး! အဘိုးပြောတဲ့ ကျားသစ်က ဒီကောင်ဟုတ်တယ်မလား?”

“ဟုတ်တယ်၊ အဘိုး အရင်က အဲဒီကောင်ဆီကနေ စားခံရလုနီးပါးပဲ”

“ဟင်? အဲဒီလောက်တောင် အန္တရာယ်များတာလား!”

“အဘိုးအတွက် လက်စားချေရမယ်!”

ချည်ကြမ်းဝတ်ရုံ ဝတ်ဆင်ထားသော ဆံဖြူအဘိုးအိုတစ်ဦးက ဦးဆောင်လျှောက်လှမ်းလာပြီး သူ၏နောက်တွင် ခေါင်းပေါ်၌ ဘူးသီးခြောက် သေးသေးလေးများ တပ်ဆင်ထားသော ကလေးခုနစ်ဦးက တိုက်ခိုက်သတ်ဖြတ်မည့်အကြောင်းတို့အား စိတ်အားထက်သန်စွာ ဆွေးနွေးပြောဆိုနေကြသည်။

ထို့နောက် ကျားသစ်ကို အစိမ်းဝါးစားတော့မတတ်မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး ရန်သူကို မသေသေအောင်သတ်ဖို့ စိတ်ပိုင်းဖြတ်ထားသည့် သားရဲများနှယ်။

“ဝေါင်း!”

သူ့ဆီဦးတည်လျှောက်လှမ်းလာသော လူများစွာကို မြင်သောအခါ ကျားသစ်သည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး ကြွက်သားများကို ကျုံ့ကာ ခုန်အုပ်တိုက်ခိုက်ရန် အားအင်စုဆောင်းလိုက်သည်။

၎င်း၏တောက်ပသော ခြေသည်းများက သစ်ပင်သစ်ခေါက်များကို ရက်စက်စွာ ဆုတ်ဖြဲနိုင်စွမ်းရှိနိုင်လောက်၏။

“ဒီသားရဲကောင်တော့ ငါတို့ရှေ့မှာတောင် မာန်မာနထောင်လွှားရဲသေးတာလား!”

ပထမသားကြီးက ဦးဆုံးခုန်တက်သွားပြီး လက်သီးဖြင့် အောက်သို့တည့်တည့် ထိုးချလိုက်ရာ ဧရာမကျားသစ်ကြီးမှာ မြေပြင်ပေါ်သို့ ဒုန်းခနဲတုန်သည်အထိ ဆောင့်ကျသွားရသည်။ ဦးခေါင်းမှာ အရှိန်ဖြင့်ပစ်တိုက်လိုက်သည့်အားကြောင့် ချိုင့်ဝင်ကာ သွေးစိမ်းရှင်ရှင်ပန်းထွက်လျက်။

ထို့နောက် မကြာမီ ကျားသားရေ ထူထူတစ်ထည်ကို ခွာထုတ်လိုက်နိုင်ကြသည်။

ပထမသားကြီးသည် ကျားသားရေကို ဂရုတစိုက် ကောက်ယူပြီး ယဲ့ကျွင်းလင်ထံ ရတနာတစ်ပါးကဲ့သို့ ပေးအပ်ရင်း လေးနက်စွာ ပြောလိုက်သည်။ “အဘိုး၊ ဒါ အဘိုးအတွက်ပါ၊ ဝတ်ထားရင် နွေးထွေးနေလောက်မယ်!”

ယဲ့ကျွင်းလင်က လက်ခုပ်တီးပြီး ပြုံးလိုက်သည်။ “ငါ့မြေးလေးက စိတ်ထားကောင်းလိုက်တာ”

နောက်ပိုင်းတွင် ဘူးသီးခြောက်ညီအစ်ကို ခုနစ်ဦး၏ အစောင့်အရှောက်ဖြင့် ယဲ့ကျွင်းလင်သည် တောင်ကြောတစ်လျှောက်ကို အနှောင့်အယှက်မရှိ လှည့်လည်သွားလာနိုင်ခဲ့သည်ဟု။

တောင်များရှိ သားရဲများ အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်သန်မာလာပြီး ပေါ်လာသည့်ကြိမ်ရေနှုန်းမှာလည်း ပိုမိုမြင့်မားလာသော်ငြား ယဲ့ကျွင်းလင်အတွက်တော့ အရေးစိုက်စရာကိစ္စ ဟုတ်မနေခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဒုတိယသား၏ အဝေမြင်မျက်စိနှင့် အဝေးကြားနားစွမ်းရည်တို့ကြောင့် သူသည် ရေဒါတစ်ခုကဲ့သို့ တောင်တန်းတစ်လွှားရှိ လှုပ်ရှားမှုများကို အဆက်မပြတ် သတိထားမိနိုင်ခဲ့ပြီး အနည်းငယ်မျှ မူမမှန်ခြင်း ရှိလျှင်ပင် စောစောစီးစီး သိရှိရမြဲဖြစ်၏။

ယဲ့ကျွင်းလင်၏ ဒူးကြောပေါင်ကြောများ ညောင်းညာကိုက်ခဲပါက ပထမသားက သူ့ကို ထမ်းသွားပေးသဖြင့် မည်သည့် မတ်စောက်ကြမ်းတမ်းသော တောင်ကုန်း ကျောက်တုံးကိုမဆို မြေပြန့်ကဲ့သို့ ခံစားရစေသည်။

၂၅၀ ရက်မြောက်နေ့။

ယဲ့ကျွင်းလင်သည် ငှက်အုပ်စုတစ်စု၏ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး ခေါင်းပေါ်တွင် ဘူးသီးခြောက်အစိမ်းရောင်လေးတင်ထားသော စတုတ္ထသားက စက္ကန့်မခြား တုံ့ပြန်ကာ ပါးစပ်ကိုဖွင့်၍ ပြင်းထန်သော မီးတောက်များကို ပန်းထုတ်လိုက်ခြင်းဖြင့် ငှက်များအားလုံးကို မီးကင်ပြီးသားဖြစ်သွားစေခဲ့သည်။

မြေပြင်ပေါ်မှ မွှေးကြိုင်လတ်ဆတ်သော ငှက်ကင်များကိုကြည့်ရင်း ယဲ့ကျွင်းလင်သည် ကျေနပ်အားရသော အပြုံးတစ်ခုကို ပြသပြီး တွန့်ဆုတ်မနေဘဲ စတင်စားသောက်တော့လေသည်။

၃၇၀ ရက်မြောက်နေ့။

အဆောက်အဦးမြင့်ကြီး တစ်ခုမှာ မြေပြင်မှ ဗြုန်းခနဲထွက်ပေါ်လာသကဲ့သို့။ အမှန်မှာ ပထမသား၏ အဆုံးမရှိသော ခွန်အားကို အားကိုး၍ တည်ဆောက်ခဲ့ကြသော နေအိမ်အသစ်ပင်။ ယဲ့ကျွင်းလင် သည် ခံတပ်ကဲ့သို့ ခိုင်မာတောင့်တင်းသော အဆောက်အဦကြီးတစ်ခုတွင် နေထိုင်ခဲ့ပြီး ခြံဝင်းအတွင်း၌ အသင့်လုပ်ထားသော ရေကူးကန်တစ်ကန်လည်း ရှိသည်။ ကြည်လင်စိမ်းပြာသော ရေများမှာ ရေစွမ်းအင်ရှိသော ပဥ္စမသား၏ ဖန်တီးမှုလက်ရာပါပေ။ ယဲ့ကျွင်းလင်သည် အသက်ကြီးသော်လည်း သန်မာထက်မြက်လှ၏။ ရေကူးကန်ထဲတွင် ပုံစံမျိုးစုံဖြင့် ရေကူးပြကာ သူ၏မြေးတစ်သိုက်နှင့်အတူ ပျော်ရွှင်စွာ အချိန်ဖြုန်းနိုင်ခဲ့သည်။

၅၀၀ ရက်မြောက်နေ့။

ယဲ့ကျွင်းလင် တောင်ထိပ်ပေါ်တွင် ရပ်နေပြီး လှိုင်းတွန့်ထနေသော တောင်တန်းသွယ်ရှုခင်းကို ကြည့်ရင်း သူ၏စိတ်နှလုံးထဲတွင် သူရဲကောင်းဆန်ဆန်စိတ်ဓာတ်ကတစ်ခု တိုးထွက်ပေါ်ပေါက်လာသည်။

မုတ်ဆိတ်ဖြူကို လက်လှမ်းကာ အသာသပ်လိုက်ပြီး အိုမင်းသောမျက်နှာမှာ ဝမ်းနည်းရိပ်သမ်းနေသယောင် ထင်ရ၏။

တောင်ပေါ်ရှိ ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီးပြီဖြစ်၍ မည်သည့်သားရဲမှ သူ့ကို မခြိမ်းခြောက်နိုင်တော့ကြောင်း ရေရွတ်မြည်တမ်းမိသည်။ ထို့နောက် အဓိပ္ပာယ်ပါပါ သက်ပြင်းတစ်ခုကို ဟင်းခနဲချလိုက်သည်နှင့် အ‌နောက်မှ မီးရှူးတိုင်လေးများကဲ့သို့ စီရပ်နေကြသော ဘူးသီးခြောက်ညီအစ်ကိုခုနှစ်ဦးက "ဟုတ်ကဲ့" ဟု တစ်ညီတည်းပြောလာကြ၏။

၁၀၀၁ ရက်မြောက်နေ့။

ယဲ့ကျွင်းလင်သည် မြင့်မားသော မြို့ရိုးတံတိုင်းပေါ်တွင် ရပ်နေပြီး မိမိ၏ဘဝမှာ အတိုင်းအဆမရှိ လုံခြုံလှကြောင်း ခံစားနေရသည်။

သူသည် သားရဲတို့၏ ဘုရင်ဖြစ်သော ကျားသားရေကို ဝတ်ဆင်ထားပြီး မြေးလေးတစ်ယောက်က ထုလုပ်ပေးထားသော သံမဏိဓားကို ကိုင်ဆောင်ထားကာ နက်ရှိုင်းသော မျက်လုံးများက အဝေးတစ်နေရာမှမှ စိမ်းစိုသော တောင်တန်းသစ်တောတစ်ကြောလိုက်ကို မျှော်ကြည့်နေပုံမှာ သက်တော်ကြီးရင့်လာခဲ့သော စစ်ဘုရင်တစ်ပါး ယခင်က ဂုဏ်ကျက်သရေရှိသော အောင်မြင်မှုနှစ်ကာလများကို ပြန်လည်အမှတ်ရနေသည့်နှယ်ပင်။

မည်သို့ပင်ဖြစ်စေ ဤသို့ ချောမွေ့လုံခြုံသော ဘဝတစ်ခုရအောင် သူ့လက်များဖြင့် ပင်ပင်ပန်းပန်း တည်ဆောက်ခဲ့ရသည် မဟုတ်လော။ နောက်ကွယ်မှ ခရီးကြမ်းသည်ကား နားသောတဆင်သူကို မျက်ရည်ကျစေလောက်အောင်ပင်...

အချိန်သည် မြှားတံမှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မြင်းဖြူတစ်ကောင် ချောက်ကမ်းပါးတစ်ခုကို ဖြတ်ကျော်သွားသည့်နှယ် သူ့ဘဝ၏နေဝင်ချိန်သို့ ဖြုတ်ခနဲရောက်ရှိလာခဲ့၏။

ယဲ့ကျွင်းလင် အသက်ကြီးလာသည်နှင့်အမျှ လမ်းလျှောက်ရန်ပင် မတတ်နိုင်တော့သဖြင့် အပြင်ထွက်တိုင်း ပထမသားက သူ့ကို ထမ်းခေါ်သွားပေးကာ လှပသော တောင်တန်းများနှင့် မြစ်ချောင်းများကို မြင်တွေ့စေနိုင်ပြီး သူတို့အတူ ဖြတ်သန်းခဲ့သော နှစ်ပေါင်းများစွာ၏ အသေးစိတ်အချက်အလက်တိုင်းကို ပြန်လည်အမှတ်ရစေသည်။

နှစ်၁၀၀ပြည့်။

ကျယ်ဝန်းသော အခန်းထဲတွင် တောက်ပဝင်းဝါသော ဖယောင်းတိုင်မီးများ တဖျတ်ဖျတ် လင်းလက်နေပြီး ဆံပင်တွေ တစ်ခေါင်းလုံး ဖွေးဖွေးလှုပ်ဖြူနေသော အဘိုးအိုတစ်ဦးသည် ညှိုးခြောက်နေသော မျက်နှာနှင့် အသက်ရှူသံ တိုးတိုးလျော့လျော့ဖြင့် ခုတင်ပေါ်တွင် လဲလျောင်းနေသည်။

သူ့ပတ်လည်တွင် ချစ်စဖွယ် ဘူးသီးခြောက်ညီအစ်ကို ခုနစ်ဦး ရှိနေသော်လည်း ဤအချိန်တွင် ၎င်းတို့အားလုံး စိုးရိမ်သော အမူအရာများဖြင့် မျက်လုံးကြီးများမှာ မျက်ရည်တို့ရွှဲနစ်ဝဲလည်ကာ အချို့ဆိုလျှင်စတင်ငိုကြွေးနေကြလေပြီ။

“မင်း၊ မင်းတို့အားလုံး ရောက်နေကြတာပဲ…” ယဲ့ကျွင်းလင်သည် ပတ်ဝန်းကျင်ရှိ ရင်းနှီးသော မျက်နှာ လေးများကို ကြည့်ရင်း အသက်ကြီး၍ မှဲ့ခြောက်များဖုံးလွှမ်းနေသော သူ၏ လက်ပိန်ပိန်ပါးပါးလေးကို အသာလှမ်းလိုက်၏။

ပထမသားက ယဲ့ကျွင်းလင်၏ လက်ကို အရင်ဆုံးဆုပ်ကိုင်လိုက်ပြီး မျက်ရည်အပြည့်စီးကျနေသောမျက်နှာဖြင့် ‌ပြောလာသည်။ “အဘိုး! ကျွန်တော်တို့ကို မထားခဲ့ပါနဲ့!!”

“ဝူးဝူး… အဘိုး…” ကျန်သော ဘူးသီးခြောက်ညီအစ်ကိုများမှာလည်း ရင်ကွဲနာကျစွာ ငိုကြွေးကုန်ကြ၏။

ဘူးသီးခြောက်ညီအစ်ကိုများ၏ အမြင်တွင် ဤအဘိုးအိုကြီးသည် အဖေအမေမရှိရှာသော သူတို့အဖို့ အနီးစပ်ဆုံး ဆွေမျိုး၊ သူတို့၏ ကောင်းကင်တမျှ အားကိုးခင်တွယ်ရာ ဖြစ်သည်။

ဝမ်းနည်းမှုနှင့် မခွဲခွာနိုင်သော စိတ်ခံစားမှုလှိုင်းတစ်ခုကား ယဲ့ကျွင်းလင်၏ စိတ်နှလုံးထက် ဂယက်ရိုက်လာခဲ့သည်။

ဤနေရာမှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုသာ ဖြစ်ကြောင်း သူ သိရှိထားခဲ့သော်လည်း နှစ်ပေါင်းများစွာ နေ့ရောညပါ အတူဖြတ်သန်းနေထိုင်ခဲ့ပြီးနောက် ဤကလေးငယ်များအပေါ်တွင် နက်ရှိုင်းသော စိတ်ခံစားချက်များနှင့် သံယောဇဥ်နှောင်ကြိုးများပါ ဖြစ်တည်ထုံးဖွဲ့နေခဲ့လေပြီ။

အခု တကယ်တမ်း ထွက်ခွာရမည့်အချိန်ရောက်တော့ သူ တကယ်ပင် ဝမ်းနည်းမိပါ၏။

“ကျေးဇူး… ကျေးဇူးတင်ပါတယ်… ဒီနှစ်တွေတစ်လျှောက်… အဘိုးကို… အဖော်ပြုပေးခဲ့ကြလို့… တကယ့်ကမ္ဘာမှာ… မင်းတို့အားလုံးကို ငါသတိရနေမှာပါ…”

ထိုစကားကို ကြားသောအခါ။

ကလေးငယ် ခုနစ်ဦးသည် ပို၍ပင် ပြင်းပြင်းထန်ထန် ငိုကြွေးလာကြသည်။ “အဘိုး၊ အဘိုးကို မသေစေချင်ဘူး!”

အဘိုးအို အဓိပ္ပာယ်မရှိတာတွေ ပြောနေသည်ဟု သူတို့ထင်ခဲ့ကြ၏။

ယဲ့ကျွင်းလင် အသက်ကုန်ဆုံးချိန် နီးလာသည်ကို ခံစားမိ၏။ သူ၏မျက်ဆံအိမ်များ ဝိုးတဝါးဖြင့် ငြိမ်သက်လာပြီး နှုတ်ခမ်းထောင့်တွင် ပြည့်စုံကျေနပ်သော အပြုံးတစ်ခု ထင်ပေါ်လာသည်။

တဖြည်းဖြည်း သူ၏မျက်လုံးများ မှေးမှိန်သွားပြီး အိုမင်းသော ခန္ဓာကိုယ်တစ်ခုလုံးမှာ အသက်ဓာတ်ခမ်းခြောက်ကင်းမဲ့သွားလေတော့၏။

All Chapters