← Chapters

အခန်း (၂၇၆)

Vol. 20 Ch. 276

အခန်း (၂၇၆)

Vol. 20 Ch. 276

“ဝါး—”

အိမ်ထဲမှ ငိုသံများမှာ နားကွဲမတတ် ကျယ်လောင်လှသည်။

ဘူးသီးခြောက်ညီအစ်ကို ခုနစ်ဦးသည် လေးလံသော စိတ်နှလုံးများဖြင့် သူတို့၏ ကြင်နာသော၊ ရိုးသားကြိုးစားသော၊ ရိုးရှင်းလွတ်လပ်သော ဆံဖြူအဘိုးအိုအား နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်ခဲ့ရလေသည်။

ယဲ့ကျွင်းလင်၊ အသက်ရှင်ခဲ့သော ရက်ပေါင်းမှာ…

သက်တမ်းကုန်၍ သေဆုံးချိန်အထိပင်!!

ထိုမြင်ကွင်းကို မြင်သောအခါ လျိုဟွမ်းရှုမှာ ရွှံ့စိုင်ရုပ်ထုကဲ့သို့ အကြာကြီး ခဲတောင့်နေခဲ့သည်။ ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးနေပြီး သူ၏အမူအရာမှာ အံ့အားသင့်ခြင်း၊ ကြက်သေသေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အတွေးများခြင်း၊ ထိတ်လန့်ခြင်း အစရှိသည့် ခံစားချက်ပေါင်းစုံဖြင့် ရောယှက်လျက်။

ဒုတိယအကြိမ် စမ်းသပ်မှုက ဤမျှလောက်အထိ တိုးတက်ပြောင်းလဲလာနိုင်သည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပါ။

တခြားသူတွေအားလုံး ကြောက်လန့်ပြီး နေရာအနှံ့ ပုန်းအောင်းနေကြရချိန်မှာ ဒီလူ့အတွက်ကျတော့ စိုးရိမ်ပူပန်မှုမရှိဘဲ စိတ်ချမ်းချမ်းသာသာ နေထိုင်ရတဲ့ ဘဝမျိုးအထိ ဖြစ်သွားရတာလား?

ရိုးရိုးသားသားပြောရရင် ပထမ ရက်နှစ်ရာအတွင်း ဖြစ်ပျက်ခဲ့တာတွေကို နည်းနည်းလေး လက်ခံနိုင်သေးတယ်၊ ဒါပေမဲ့ ပြဿနာက…

နောက်ပိုင်းပေါ်လာတဲ့ အဲဒီ ဘူးသီးခြောက်ညီအစ်ကို ခုနစ်ကောင်က ဘာတွေလဲ?!

ဒီလောက် ဆန်းကြယ်နေစရာ ဘာအကြောင်းရှိလဲ?!

မင်းရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် အခု ငါ့မျက်နှာကို ဘယ်နားသွားထားရတော့မလဲကွ!

လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်၏ ကံကောင်းခြင်းအတိုင်းအဆကို သူ လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားပြီး ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတွင်ပင် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် ကံကောင်းလွန်းလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့။

အန္တရာယ်ပတ်လည်ဝိုင်းနေသော ရေကြမ်းမြေကြမ်းတောတောင်များကြားတွင် သက်တမ်းကုန်၍သေဆုံးရခြင်းမှာ ကောင်းကင်ဘုံကို မည်မျှအထိဆန့်ကျင်နေသော အံ့ဖွယ်ဖြစ်ရပ် ဖြစ်လေသနည်း?

ကြောက်စရာကောင်းတယ်၊ အရမ်းကြောက်စရာပဲ!

လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်ကို မကြုံစဖူး ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ ပြူးကြည့်နေမိဆဲပင်။

စောင့်ဆိုင်းနေရာတွင် စမ်းသပ်မှု ပါဝင်သူများအားလုံး စိတ်အားထက်သန်စွာ ဆွေးနွေးပြောဆိုနေကြပြီး မီးလင်းနေဆဲ တစ်ခုတည်းသော စွမ်းအင်ချောင်းကို လက်ညှိုးထိုးညွှန်းဆိုနေကြသည်။

“ဘုရားရေ၊ ဘယ်လောက်တောင်ကြာနေပြီလဲ? ဘာလို့ အကြီးအကဲယဲ့က ထွက်မလာသေးတာလဲ?”

“မဖြစ်နိုင်ဘူး၊ အဲဒီပတ်ဝန်းကျင်မှာ သူ ဘယ်လိုလုပ် ဒီလောက်အကြာကြီး အသက်ရှင်နိုင်တာလဲ?”

“ကျင့်ကြံဆင့်မရှိတဲ့ သာမန်အဘိုးအို တစ်ယောက်က သားရဲတွေ ပြည့်နေတဲ့ တောင်ပေါ်မှာ ဒီလောက်ကြာကြာကြီးအထိ တကယ် အသက်ရှင်နိုင်တာလား?”

...

လီဝူကျယ်၏ ဦးရေပြားမှာ ထိတ်လန့်စိတ်ဖြင့် ကျဉ်တက်လာသည်။ “မဟုတ်မှ ဆရာသခင်က အထဲမှာ မသေမျိုးများဖြစ်သွားတာလား? မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်အကြာကြီးနေနိုင်မှာလဲ"

“မဖြစ်နိုင်ဘူး!”

ဟုန်ချန်ယဲ့ ချက်ချင်း ယတိပြတ်ငြင်းဆိုလိုက်သည်။ ပုံရိပ်ယောင်ဇာတ်ကောင်၏ စွမ်းရည်သတ်မှတ်ချက်အရ ထိုသို့သော ဖြစ်နိုင်ခြေ လုံးဝ မရှိပေ။

သို့သော် လက်ရှိအခြေအနေကို သူလည်းမယုံနိုင်လှ။ မသေမျိုးကျင့်ကြံဆင့်အထိ မတက်လှမ်းနိုင်ပါလျှင် ထိုပတ်ဝန်းကျင်တွင် မည်သို့ ဤမျှကြာကြာ အသက်ရှင်နေထိုင်နိုင်နေသနည်း?

ဟုန်ချန်ယဲ့မှာ ရက်နှစ်ရာတိုင်တိုင် နေထိုင်ရှင်သန်ခဲ့သူဖြစ်သောကြောင့် တောင်များ၏ ကြောက်မက်ဖွယ်အိပ်မက်ဆိုးလို ဖြစ်တည်မှုနှင့် မည်သည့်နေရာတွင်မဆို မျှော်လင့်မထားစွာ သေဆုံးနိုင်ကြောင်း ကောင်းကောင်း သိရှိထား၏။

“အကြီးအကဲယဲ့၊ သူ အထဲမှာ ဘယ်နှစ်ရက်တောင် ရှင်သန်နေနိုင်တာလဲ…” ရွှယ်ဝူဟန်က စိတ်ရှုပ်ရှုပ်ဖြင့် ခါးသက်စွာပြုံးလိုက်မိသည်။

ကိုယ်တိုင်ကြုံတွေ့ဖူးသူသာ ထိုစမ်းသပ်မှု၏ အခက်အခဲအဆင့်ကို ကောင်းစွာနားလည်သိရှိပေမည်။ ယဲ့ကျွင်းလင်၏ တောင့်ခံနိုင်စွမ်းကို ကိုယ်တွေ့ကြုံရချိန်၌ ရွှယ်ဝူဟန်၏ တစ်ချိန်က ဂုဏ်ယူဝင့်ကြွားမှုနှင့် မာန်မာနတရားများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရလေပြီ။

သူ ဒီလောက်ထိကြာအောင် ဘယ်လိုရှင်သန်ခဲ့တာလဲ?!

ထိုအချိန်တွင် စွမ်းအင်ချောင်းမှ အလင်းရောင် ပျောက်ကွယ်သွားလေရာ နောက်ဆုံးပါဝင်သူ၏၏ စမ်းသပ်မှု ပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရသည်။

လူတိုင်း၏ စူးစိုက်စောင့်ကြည့်မှုအောက်တွင် အနက်ရောင်ဝတ်ရုံထက် ရွှေချည်မျှင်ထိုးချုပ်ထားသော လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လှမ်းလျှောက်လာ၏။ ငွေဖြူရောင်ဆံပင်များမှာ တောက်ပလင်းလက်စွာဖြင့် လေနှင့်အတူ တဖျပ်ဖျပ်လွင့်ခါလျက်။

စိတ်ပျက်အားငယ်စွာ သို့မဟုတ် နောင်တကြီးစွာ ထွက်ပေါ်လာလေ့ရှိသော အခြားပါဝင်သူများနှင့် မတူညီဘဲ ဤလူငယ်၏ ခန့်ညားသော မျက်နှာသွင်ပြင်ထက် အရင်ကမရှိခဲ့ဖူးသည့် ငြိမ်သက်အေးချမ်းခြင်းများ ထင်ဟပ်နေခဲ့သည်။

“အကြီးအကဲယဲ့ ထွက်လာပြီ!!”

လူအုပ်ကြီး ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

All Chapters