ကျွန်းသခင်အဘိုးကြီး ဒီပရက်ရှင်ဝင်
Vol. 20 Ch. 277
“ဟင်?”
ဟုန်ချန်ယဲ့မှာ အတော်လေးတအံ့တသြဖြစ်သွားရ၏။ ဒီကောင်လေး ထွက်လာပြီးမှ ဘာလို့အဘိုးကြီးဟန်ဖြစ်သွားရတာလဲ?
“ဆရာသခင်၊ နောက်ဆုံးတော့ ထွက်လာပြီ!”
ဆံဖြူလူငယ် ထွက်ပေါ်လာသည်ကို မြင်သည်နှင့် လီဝူကျယ်သည် လျင်မြန်စွာနှင့် စိတ်အားထက်သန်စွာ သွားရောက်နှုတ်ဆက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ဒါဆို၊ အဲ၊ အထဲမှာ ဘယ်နှစ်ရက် အသက်ရှင်ခဲ့လဲ? ပြီးတော့ နောက်ဆုံး ဘယ်လို သေဆုံးသွားခဲ့လဲဟင်?”
ထိုမေးခွန်းက လူတိုင်း၏စိတ်ထဲမှမေးခွန်းသာပင်။ သူတို့အားလုံး ယဲ့ကျွင်းလင်ကို သံသယအပြည့်ဖြင့် စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ကြသည်။
ယဲ့ကျွင်းလင်၏ အမူအရာက ထူးထူးခြားခြား ငြိမ်သက်နေလျက်။ မြေးခုနှစ်ယောက်နှင့် အဘိုးအိုတစ်ဦး၏ ဘဝမှ သူရုတ်ချည်း ရုန်းမထွက်နိုင်သေးပေ။ လီဝူကျယ်ကို ညင်သာစွာ ပြုံးပြပြီး သူပြောလိုက်သည်။ "သက်တမ်းကုန်လို့ သေဆုံးသွားခဲ့တာပါ"
သက်တမ်းကုန်လို့ သေဆုံးသွားတာလား?
လူတိုင်း ကျောက်ရုပ်ကဲ့သို့ မှင်တက်မိသွားရသည်။
ရွှယ်ဝူဟန်က ပထမဆုံးတုံ့ပြန်လာသူဖြစ်ပြီး တုန်တုန်ရီရီနှင့် လက်ညှိုးထိုးလာသည်။ သူ့မျက်နှာမှာ မယုံကြည်နိုင်ဟန်အပြည့်ဖြင့် အလန့်တကြား ထပ်မေးလာ၏။ “ခင်ဗျား၊ ခင်ဗျား တကယ်ကို သဘာဝအတိုင်း သေဆုံးသွားခဲ့တာလား?”
ထိုစကာအဆုံးတွင် လူတိုင်း၏မျက်ဝန်းအိမ်မှာ ရုတ်ချည်းကျဥ်းမြောင်းသွားပြီး ယဲ့ကျွင်းလင်အား မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဝိုင်းကြည့်လာကြတော့၏။
ငရဲလို ပတ်ဝန်းကျင်မျိုးမှာ သာမန် အဘိုးအိုတစ်ယောက်က သဘာဝအတိုင်း သေဆုံးသွားနိုင်တယ်တဲ့လား?
သက်တမ်းကုန်လို့ သေဆုံးတယ်ဆိုတာ သာမန်လူတွေ အိပ်ရင်းသေသွားကြတဲ့ အဓိပ္ပာယ်မျိုးပဲ မဟုတ်လား?
လူတိုင်း အတွေးကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
သူတို့အားလုံး တိတ်ဆိတ်နေ၏။
အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ။
အကြီးအကဲယဲ့ ရက်ပေါင်းဘယ်လောက်ကြာကြာ အသက်ရှင်ခဲ့လဲ တွေးနေရမယ့်အချိန်မဟုတ်တော့ဘူး။ သူက နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်ခဲ့တာတဲ့လေ။
ဟုန်ချန်ယဲ့မှာလည်း မျှော်လင့်မထားသောအဖြေစကားကြောင့် ယောင်တိယောင်ဝါးဖြင့် စကားထပ်မဟနိုင်တော့။
ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်။
ရွာသားတစ်ယောက်က ချီစုဆောင်းခြင်းအဆင့်ကို ထိုးဖောက်တက်ရောက်နိုင်ခဲ့ပြီး ကျင့်ကြံမှုလမ်းကြောင်းပေါ် စတင်ရောက်ရှိလာတာကို ကျေနပ်မဆုံးဖြစ်တုန်းမှာ ဘေးအိမ်က အဘိုးကြီးဝမ်က တိတ်တဆိတ် မသေမျိုးအဆင့်ထိ ကျင့်ကြံပြီးသား ဖြစ်နေသလိုပဲ။ နှစ်ဖက်ကြားက ကွာဟချက်က ကောင်းကင်နဲ့ မြေကြီးလို ဆိုပြီး နှိုင်းယှဥ်ရတော့မတတ်ပဲ!
“အကြီးအကဲယဲ့၊ ဘယ်လိုရှင်သန်ခဲ့လဲဆိုတာ မေးခွင့်ပြုပါလား? လှည့်ကွက်တစ်ခုခုများ ရှိလား?” ရွှယ်ဝူဟန်က ရင်ထဲမှထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ပြီး မရဲတရဲမေးမြန်းလိုက်သည်။
သူသည် နှိမ့်ချသော စိတ်သဘောထားဖြင့် ဤထူးခြားသော ပုဂ္ဂိုလ်ထံမှ အဖြေနည်းလမ်းတစ်ခုခုကို ရှာဖွေရန် ကြိုးစားနေခြင်းပင်။
“ဟုတ်တယ်၊ ဆရာသခင်၊ ဘာပဲဖြစ်ဖြစ် ဒုတိယအဆင့်ကို အားလုံးပြီးသွားပြီပဲ။ အဆင့်ကျော်ဖြတ်ခြင်း ရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါဦး!” လီဝူကျယ်လည်း မနေနိုင်မထိုင်နိုင် တိုက်တွန်းမိသည်။
လူတိုင်း နားစွင့်ပြီး ဂရုတစိုက် နားထောင်နေကြသည်။ စပ်စုချင်စိတ်ကြောင့် နှလုံးသားကို လက်သည်းများဖြင့် မထိတထိလာကုတ်ခြစ်ခံရသကဲ့သို့ ရွစိရွစိ ယားယံလျက်။
“အင်း… ကောင်းပြီလေ!”
ယဲ့ကျွင်းလင် ခေါင်းညိတ်ပြီး အလေးအနက် ပြောလိုက်သည်။ “တကယ်တော့ လျှို့ဝှက်ချက်က အရမ်းရိုးရှင်းပါတယ်။ စိတ်အေးအေးချမ်းချမ်းထားပါ၊ ပန်းပင်တွေစိုက်ပါ၊ ပြီးရင် မှော်ဆန်တဲ့ဘူးသီးခြောက် ခုနစ်လုံးကို ရရှိပါလိမ့်မယ်။ အဲ့လိုကနေ တောင်တွေကို လွှမ်းမိုးမင်းမူပြီး အေးအေးလူလူ အငြိမ်းစားဘဝကို ဖြတ်သန်းနိုင်ပါတယ်”
အားလုံး- “…”
မင်းကိုယ်မင်း ဘာပြောနေမှန်းရော သေချာသိရဲ့လား?
သေခါနီးအခြေအနေမျိုးမှာ ဘယ်လိုလုပ် စိတ်အေးအေးထားပြီး ပန်းပင်တွေ စိုက်လို့ရမှာလဲ!
ဒါ့အပြင် မှော်ဆန်တဲ့ ဘူးသီးခြောက် ခုနစ်လုံးက ဘာတွေလဲ?
ရွှယ်ဝူဟန် နှစ်လှမ်းမျှနောက်ဆုတ်သွားပြီး ယဲ့ကျွင်းလင်ကို မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်ကာ သူ၏နှုတ်ခမ်းများ ခဏတာ တရွရွလှုပ်ရှားနေပြီးမှ စကားလုံးအချို့ကို ထုတ်ပြောလိုက်သည်။ “ဒီ… ဒီလောက် ရိုးရှင်းတယ်လား?!!”
ယဲ့ကျွင်းလင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်!”
ရွှယ်ဝူဟန် တိတ်ကျသွားသည်။
ဒါက အဆင့်၂ကစမ်းသပ်ချင်တဲ့ လျှို့ဝှက်စွမ်းရည်တစ်ခုများလား?!
ရည်ရွယ်ချက်က စမ်းသပ်ခံရသူတွေဟာ စိတ်ပျက်အားငယ်ဖွယ်ရာ အခြေအနေတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး နေနိုင်လားဆိုတာကို စမ်းသပ်ဖို့ပဲလား?
ဒီလိုသာဆို ဒီအဖြေစကားရဲ့ အရာအားလုံးက အဓိပ္ပာယ်ရှိနေပါပြီ!
ရွှယ်ဝူဟန်က အတွေးပေါက်သွားဟန်ဖြင့် အသက်ပြင်းပြင်းရှူကာ အရိုအသေပြုလျက် လေးစားစွာ ပြောလိုက်သည်။ “အကြီးအကဲယဲ့၊ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်!”
ဟန်ဆောင်မှုမပါဝင်သော စိတ်ရင်းမှန်ဖြင့် ဦးညွှတ်အရိုအသေပြုခြင်းပင်။
ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တောင်ပေါ်မှာ နေထိုင်နေရပြီး သစ်ပင်ပန်းမန်တွေစိုက်ဖို့ အားလပ်နေသေးတာ၊ ဒီစိတ်ထားတစ်ခုတည်းနဲ့တင် သူ့ကို အလွန်လေးစားသွားပြီ။
“ဒါဆို ငါတို့ရွေးခဲ့တဲ့လမ်းတွေက အကုန်မှားနေတာပဲ၊ ဟူး…” လူတိုင်း နောင်တရစွာ သက်ပြင်းချလိုက်ကြသည်။
အရာအားလုံးကို မြင်တွေ့နေရသော လျိုဟွမ်းရှုမှာတော့ နှုတ်ခမ်းမွေးတလှုပ်လှုပ်ဖြင့်။
မင်းတို့ ဒီလိုပဲ တွေးနေမယ်ဆိုရင်တော့ ငါလည်း ဝင်ဖြေရှင်းပေးမနေတော့ဘူး။
ယဲ့ကျွင်းလင်ကို သူ စိတ်ရှုပ်ရှုပ်ဖြင့် ထပ်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ မတရားသဖြင့်သာလွန်နေသော ကံကောင်းခြင်းစွမ်းအားကို သူနည်းနည်းမှ မကျေနပ်နိုင်တော့ပေ။
အင်းလေ၊ နိုင်သွားမှာတော့ ဆုပေးလိုက်ပါတော့။
ဝှစ်!
မသေမျိုးစွမ်းအင်များဖြင့် ပြည့်နှက်နေသော မသေမျိုးအလင်းတန်း တစ်ခုသည် ယဲ့ကျွင်းလင် အပေါ်သို့ ကျရောက်လာရာ သူ့အား မသေမျိုးအရှင်တစ်ပါး မြေပြင်သို့ ဆင်းသက်လာသည့်နှယ် တောက်ပထွန်းလင်းစေပြီး နတ်ဘုရားဆန်ဆန် ခမ်းနားထည်ဝါသော အရှိန်အဝါကို ပေးစွမ်း၏။
ဝိုး။
လူအုပ်ကြီး ရုတ်တရက် ဆူပွက်သွားသည်။
“အမတကျင့်စဥ်နှစ်ခုရဲ့ ကောင်းချီးကို ဆက်တိုက်ခံယူရတာ၊ အကြီးအကဲယဲ့ရဲ့ အနာဂတ်ကတော့ အကန့်အသတ်မရှိ တိုးတက်ကြီးပွားကြီး မသေမျိုးအဆင့်ဆီတက်ရောက်မယ့် လမ်းကြောင်းဟာလည်း အဆမတန် ချောမွေ့လိမ့်မယ်!” ရွှယ်ဝူဟန်က မနာလိုအားကျစွာ ပြောလိုက်သည်။
“ငါ…” ဟုန်ချန်ယဲ့ကတော့ ကျိန်ဆဲချင်နေလေပြီ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ နှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်မတတ် နာကျင်နေရသည်။
ပထမအဆင့်မှာလည်း ဒီကောင်ပဲ၊ ဒုတိယအဆင့်မှာလည်း ဒီကောင်ပဲ။ ဒီစမ်းသပ်မှုက သူ့နဲ့ တကယ်ပဲ မသက်ဆိုင်တော့ဘူးလား?
ပတ်ဝန်းကျင်က အာမေဋိတ်သံတွေကြားမှာ ယဲ့ကျွင်းလင်က နှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်သည်။
အယ်။
ဘာမသေမျိုးကျင့်စဥ်လဲ? ကြက်ရိုးလောက်မှ အသုံးမကျ။
သူ့အတွက်ကတော့ ကျင့်ကြံဆင့်အခြေခံကအစ လုံးဝ ပျက်စီးသွားပြီး စွမ်းရည်က အမှိုက်သာသာ ဖြစ်နေရင်တောင် ပိုသန်မာအားကောင်းတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရသရွေ့ အမြဲတမ်း ထိပ်သီးစွမ်းအားရှင် ပြန်ဖြစ်လာနိုင်တယ်လေ။
ဘာအရည်အချင်း ဘာကောင်းချီးကမှ သူ့အတွက် ထူးခြားမနေပါဘူး။
“အာ၊ ကျွန်တော်ပဲထင်တာလား၊ အကြီးအကဲယဲ့ကြည့်ရတာ အရမ်းကို စိတ်ပျက်နေပုံပဲနော်?” အမျိုးသား ကျင့်ကြံသူတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ဒဏ္ဍာရီလာ မသေမျိုးကျင့်စဥ်ကိုသာ ဆုလာဘ်အဖြစ်ရရင် သူဆို ပျော်လွန်းလို့ရူးသွားလောက်မှာ မဟုတ်ဘူးလား?
“အကြီးအကဲယဲ့က အတွင်းစိတ်ထဲက ပျော်ရွှင်မှုကို ကောင်းကောင်း မဖော်ပြတတ်ဘူး ထင်တယ်” ကျန်သူများက မရေမရာ ဖြည့်တွေးပေးလိုက်ကြသည်။
“ဟင်?”
လျိုဟွမ်းရှုလည်း ဒေါသဖြင့် မျက်လုံးပြူးထွက်လာသည်။
သောက်ကလေး မင်းမျက်နှာပေါ်မှာ ဘာအမူအရာလဲ?
ငါပေးတဲ့ ဆုလာဘ်က မကောင်းဘူးလို့ တွေးနေတာလား?
လျိုဟွမ်းရှု မယုံနိုင်တော့ချေ။ သူချီးမြှင့်သော ဆုလာဘ်ကိုရလျှင် မသေမျိုးသူတော်စင်များပင် စိတ်လှုပ်ရှားပျော်ရွှင်သွားကြမည်သာ။
ထိုကောင်းချီးကို ခံယူရသော ကျင့်ကြံသူသည် ပစ္စုပ္ပန်ခေတ်ကာလ၏ နတ်ဘုရားဧကရာဇ်တစ်ပါးဖြစ်လာဖို့ ဆယ်ပုံတစ်ပုံမျှသော အခွင့်အရေးကို လက်ခံရရှနိုင်မည်ဖြစ်သည်။
ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ ဂုဏ်ပုဒ်လဲကွာ။
အခုတော့ ဒီနောင်မျိုးဆက်က မလောက်လေးမလောက်စားကောင် နှုတ်ခမ်းတစ်ချက်မဲ့ရုံပဲ တန်တော့တာလား?
လျိုဟွမ်းရှု သူ့ဘဝသူပင် သံသယဝင်ကာ စိတ်ဓာတ်ကျချင်ချင် ဖြစ်လာရ၏။
ငါ့စိတ်ကူးတွေကပဲ ပြဿနာဖြစ်နေတာလား။
“ထားလိုက်တော့၊ တတိယအဆင့် ကို စီစဉ်ကြတာပေါ့။ ဒါက ဒီစမ်းသပ်မှုတစ်လျှောက်လုံးရဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်တယ်။ အဲ့ဒီအဆင့်ကို ငါကိုယ်တိုင် စေ့စေ့စပ်စပ် သေသေချာချာ ဖန်တီးခဲ့တာဖြစ်ပြီး လောကတွေအားလုံးနီးပါးရဲ့ အဆန်းသစ်ဆုံး ဖန်တီးမှုတစ်ခုပဲ!”
ထိုအကြောင်းကို တွေးမိရာတွင် လျိုဟွမ်းရှု၏မျက်လုံးများ တောက်ပလာခဲ့သည်။ သုတေသနပြုလုပ်ရာတွင် တစ်ချိန်လုံး ပင်ပင်ပန်းပန်းလုံးပမ်းခဲ့ရသော ပါမောက္ခတစ်ဦး နောက်ဆုံးတော့ သုတေသနရလဒ်အား ချပြရတော့မည့် ဂုဏ်ယူဝင့်ကြွားမှုကဲ့သို့။
တစ်ချိန်တည်းမှာပင်။
ကွင်းပြင်အထက် ကောင်းကင်ယံတွင် နူးညံ့သိမ်မွေ့ပြီး ခမ်းနားထည်ဝါသော အသံတစ်သံ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ပြန်လှန်မေးခွန်းထုတ်စရာမလိုသော အရှိန်အဝါဖြင့် ကြေညာသည်။ “ဒီတစ်ဆင့် ပြီးဆုံးရင် ထိပ်ဆုံး ၁၀၀အောက် အဆင့်သတ်မှတ်ခံရသူတွေကို ပယ်ချတယ်လို့ သတ်မှတ်မယ်ဆိုတာ ပြောခဲ့ပြီးပါပြီ!”
ပြောပြီးသည်နှင့် အလင်းရောင်တစ်ပြက် လျင်မြန်စွာ ပေါ်ထွက်လာရာ လူအုပ်ထဲမှ ကျင့်ကြံသူ အများစု ချက်ချင်း ပျောက်ကွယ်သွားကြသည်။ အပြင်လောကသို့ တိုက်ရိုက်ဖယ်ထုတ်ခံလိုက်ရခြင်းပင်။
ကျန်ရှိသူများမှာ အဆင့်သတ်မှတ်ချက် ပြည့်မီသော စမ်းသပ်ခံရသူ အယောက်တစ်ရာဖြစ်သည်။
လီဝူကျယ်က လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ကြမ်းတမ်းသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ “ဟုတ်ပြီ၊ ငါ ပယ်ချမခံရသေးဘူး!”
ဟုန်ချန်ယဲ့က သူ့ကိုတစ်ချက်ဝေ့ကြည့်ပြီး မာနကြီးစွာ ပုတ်ခတ်လာသည်။ "မသိရင် ဒီမှာကျန်ခဲ့တာလောက်နဲ့ အနိုင်ပဲရတော့မှာလိုလို"
လီဝူကျယ် တိတ်ဆိတ်သွားရတော့၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အရှက်ပြေ ချောင်းအနည်းငယ်ဟန့်ကာ ပြန်လည်ချေပလာသည်။ "ယှဥ်ပြိုင်မှုက ယှဥ်ပြိုင်မှုပဲလေ"
“အခု၊ နောက်ဆုံးအဆင့်ကို စတင်!”
ခေါင်းလောင်းကြီး မြည်ဟီးသကဲ့သို့ ခမ်းနားထည်ဝါသော အသံ ထွက်ပေါ်လာသည်။
ရှေ့ရှိ လေဟာနယ်တွင် နွားနို့ဖြူရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေသော လျှို့ဝှက်ဆန်းကြယ်သော အက်ကွဲကြောင်း တစ်ခု ပွင့်လာရာ တစ်စုံတစ်ခု တိုးထွက်လာတော့မည့်နှယ်ပင်။
ဝှစ်!
လူတိုင်း ကောင်းစွာ မမြင်ရသေးမီ ထိုအက်ကွဲကြောင်းသည် ရုတ်တရက် ကျယ်ပြန့်လာပြီး ပို၍ ပို၍ ကြီးမားလာသည်။ တစ်စုံတစ်ရာက အတင်းအကျပ် တွန်းဖွင့်လိုက်သလိုမျိုးပင်။
အက်ကွဲကြောင်းကို ဝင်ပေါက်ပုံသဏ္ဌာန်အထိ ချဲ့လိုက်သည်နှင့် အတွင်းရှိ နွားနို့ဖြူရောင် အလင်းတန်းသည် ပိုမိုတောက်ပလာပြီး ဖြည်းညင်းစွာ စီးဆင်းထွက်လာတော့မည့်နှယ်ပင်။
“ကျေးဇူးပြုပြီး လမ်းကြောင်းထဲကို စနစ်တကျ ဝင်ရောက်ပါ!”