← Chapters

အခန်း (၂၇၈)

Vol. 20 Ch. 278

အခန်း (၂၇၈)

Vol. 20 Ch. 278

အမိန့်စကားကို ကြားသောအခါ လူတိုင်းသည် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ရောနှော၍ လမ်းကြောင်းထဲသို့ တစ်ဦးချင်းစီ ဝင်ရောက်ခဲ့ကြ၏။

အဖွဲ့ထဲမှ ခေါင်းစွပ်အနက်ရောင်ပါသည့် ဝတ်ရုံအား ဝတ်ဆင်ထားသော် လူငယ်လေး၏ ခေါင်းစွပ်အောက်မှမျက်နှာသည် ပြိုတော့မည့်မိုးနှယ် အုံ့မှိုင်းနေပြီး မျက်ဝန်းများတွင်လည်း လူသတ်ချင်သည့်အငွေ့အသက်များ ဝေ့ဝဲမှုန်မှိုင်းလျက်ရှိသည်။

“ယဲ့ကျွင်းလင်၊ မင်း ကံကောင်းသွားတယ်မှတ်ပါ၊ ငါကတော့ မသေမျိုးကျင့်စဥ်ကောင်းချီးနှစ်ခုကို မင်းလိုကောင်ကြောင့် ဆုံးရှုံးလိုက်ရပြီပေါ့"

“ဒါပေမဲ့ ဒီတစ်ခါတော့ ငါ ထပ်မရှုံးစေရဘူး။ နောက်ဆုံးအဆင့်ကို ငါ အနိုင်ရရင် မသေမျိုးကျွန်းရဲ့ အမွေအနှစ်ကို ငါရရှိလိမ့်မယ်! ငါသာ မသေမျိုးတစ်ပါးအဖြစ် အစွမ်းထက်လာပြီဆိုင် မင်းလိုကောင်လောက်ကိုသတ်ဖို့က ပန်းကန်လုံးလေးကိုခွဲလိုက်သလိုမျိုး လွယ်ကူနေတော့မှာပေါ့!”

ချန်ရှောင်းသည် အံတင်းတင်းကြိတ်ကာ မုန်းတီးနာကျည်းမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် လူအုပ်ထဲ ရောနှောပုန်းအောင်းနေသည်။ အမှောင်ထဲရှိ အဆိပ်ပြင်းမြွေ တစ်ကောင်မှ သားကောင်ကို လျှာတလှုပ်လှုပ်ဖြင့်ချောင်းမြောင်းနေသလို ပုန်းလျှိုးကွယ်လျှိုး ပြုမူလျက်။

လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် လူတိုင်းသည် ကမ္ဘာကြီးလည်ပတ်နေသည်ကို သိသိသာသာခံစားမိရသည်။ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ကြိုဆိုနေသောမြင်ကွင်းအသစ်က သူတို့အားလုံးကို အံ့အားသင့်စေခဲ့၏။ "ဘာကြီး...ဒါဘာကြီးလဲ?"

သူတို့ထဲတွင် ယဲ့ကျွင်းလင်၏ အမူအရာကတော့ တမူထူးဆန်းနေသည်။ ဤကမ္ဘာတွင် ဤသို့သော အရာမျိုးကို မြင်ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဤအခြေအနေမှာ အနည်းငယ် ဆန်းသစ်လွန်းသည် မဟုတ်ပါလား?

သူတို့ရှေ့၌ ဂိမ်းကစားပွဲတစ်ခုနှင့်ဆင်တူသည့် ကွန်ပျူတာမျက်နှာပြင်တစ်ခု ပေါ်လာပြီး မိမိအသုံးပြုမည့်ကာရိုက်တာအတွက် မျက်နှာစိတ်ကြိုက်ပြင်ဆင်ခြင်း၊ ဆံပင်ကေ အပြောင်းအလဲ၊ ကျား၊ မ ရွေးချယ်ခြင်းနှင့် နာမည်ရွေးချယ်ခြင်း တို့ကို ခွင့်ပြုထားသည်။ သူကစားခဲ့ဖူးသော တရုတ်ပြည်မှ နာမည်ကြီးဂိမ်းတစ်မျိုးနှင့် အ‌တော်လေးဆင်တူနေသည်ပင်။

လူတိုင်း မင်သက်နေစဉ်တွင် ခမ်းနားလှသောကြေညာသံကြီးက ထပ်မံ ထွက်ပေါ်လာသည်။ "ပုံရိပ်ယောင် ကမ္ဘာအသစ်ကနေ ထပ်မံကြိုဆိုလိုက်ပါတယ်။ ဒီအဆင့်မှာ ပါဝင်သူအားလုံး မျှတတဲ့အခွင့်အရေးရဖို့ သေချာစေရန်အတွက် လူတိုင်းဟာ မိမိစိတ်ကြိုက်ကာရိုက်တာကို သတ်မှတ်ပြီး အစစ်အမှန်မဟုတ်တဲ့အထောက်အထားနဲ့ ပြိုင်ပွဲမှာပါဝင်ရမှာဖြစ်ပါတယ်၊ ဒါမှသာ ပြိုင်ပွဲအပြီး အငြှိုးအတေးနဲ့လက်စားချေမယ့်ကိစ္စမျိုး ရှိမလာနိုင်မှာဖြစ်ပါတယ်"

“ရွေးချယ်ပြီးပြီးဆိုရင် မသေမျိုးလှေတစ်စင်းကိုစီးပြီး ပိကျီးကျွန်းလို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းကို သွားရောက်ရပါမယ်။ ကျွန်းကို ဒေသခြောက်ခု ပိုင်းခြားထားပါတယ်။ ခရီးသွားနေစဥ်အချိန်မှာ ပါဝင်သူတို့ဟာ ကိုယ်ဆင်းသက်ချင်တဲ့နေရာကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ ပစ္စည်းကိရိယာတွေ၊ ဆေးလုံးတွေ၊ အဆောင်လက်ဖွဲ့တွေနဲ့ ကျင့်စဥ်စွမ်းအားတွေကို လမ်းတစ်လျှောက် ကောက်ယူရရှိခြင်း ဒါမှမဟုတ် မိစ္ဆာသတ္တဝါများကို သတ်ဖြတ်နှိမ်နင်းခြင်းနဲ့ ရရှိနိုင်ပါတယ်။ ပြိုင်ပွဲစတင်ချိန် ကြာလာတာနဲ့အမျှ သေခြင်းတရားချီစွမ်းအင်က စက်ဝိုင်းသဏ္ဍာန်ဖြစ်လာပြီး ပါဝင်သူတို့ကို ဝါးမျိုသွားပါလိမ့်မယ်။ ကပ်ဆိုးကနေ လွတ်မြောက်ဖို့အတွက် ပါဝင်သူတို့ဟာ အချိန်မီ ဘေးလွတ်ရာကို ကြိုတင်ရှာဖွေထားရမှာဖြစ်ပြီး ကြားကာလတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ကြရပါဦးမယ်။ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူက မသေမျိုးကျွန်းကို အမွေဆက်ခံရပါလိမ့်မယ်!”

ပြိုင်ပွဲအချက်အလက်များကို ကြားရသောအခါ လူတိုင်း၏ စိတ်နှလုံးများ တုန်လှုပ်ခြောက်ခြားသွားသည်။ ဤမျှ ဆန်းသစ်သည့် စမ်းသပ်မှုအဆင့်ကို သူတို့ စိတ်ပင်မကူးမိခဲ့ကြပေ။

ဤသည်မှာ ရှင်သန်လာသည့်ကာလတစ်လျှောက် ကြားပင်မကြားဖူးပါသော ပြိုင်ပွဲပုံစံတစ်ခုသာဖြစ်၏။

(PUBG ကစားသလိုပဲ)

ကမ္ဘာသစ်တစ်ခု ပွင့်ဟလာသကဲ့သို့ ခံစားရသည်။

ထို ရှေးခေတ်ကစွမ်းအားရှင်များ ဤမျှအထိ လက်ဆော့တတ်လေသလား?

ယဲ့ကျွင်းလင် ငါးစက္ကန့်တိတိ တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် သူ သည်းမခံနိုင်စွာ အော်ဟစ်လိုက်တော့၏။ "ငါ့ကောင်ရေ၊ မင်းက ကြက်သားဟင်းစားကြေးပြိုင်ချင်တာပေါ့လေ"

(ကြက်သားဟင်းဆိုတာ သူတို့ဂိမ်းသမားတွေကြားမှာ အောင်ပွဲလို့အဓိပ္ပာယ်ရတဲ့ ဘန်းစကားပါ)

(Winner Winner Chicken Dinner)

သူ သည်းမခံနိုင်ခြင်းမှာ အံ့သြစရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤထူးဆန်းသည့် အခြေအနေသည် သူ၏ယခင်ဘဝ တရုတ်ပြည်တစ်ခွင်တွင် ရေပန်းစားခဲ့သည့် ဗီဒီယိုဂိမ်းများနှင့် တစ်ထေရာတည်းတူညီနေသောကြောင့်ပင်။

မကြာမီပင် လူတိုင်း ဇာတ်ကောင်စတင်ရွေးချယ်ခဲ့ကြ၏။ ဇာတ်ကောင်ပုံရိပ်များကို စိတ်လှုပ်ရှားစွာ ရွေးချယ်ကြသည်။ မျက်နှာများကို စိတ်ကြိုက်ပြင်ဆင်ကြသည်။ အဝတ်အစားများကို လိုက်ဖက်အောင် ရွေးချယ်ကြပြီး နာမည်များ ပေးကြသည်။

အဘယ်ကြောင့်ဆိုသော် စမ်းသပ်မှု တရားဝင် စတင်သည်နှင့် သူတို့သည် စိတ်ကြိုက်ဒီဇိုင်းထုတ်ထားသည့် ဇာတ်ကောင်များနေရာတွင် ကိုယ်တိုင်အစားထိုးယူပြီး ကြမ်းတမ်းသည့် ပြိုင်ဆိုင်မှု အဆင့်သစ်ကို စတင်ကြတော့မည်ဖြစ်သောကြောင့်ပင်။

“တန်ဖိုးရှိပါတယ်။ ဒီတစ်ကြိမ် လက်ဗလာနဲ့ ပြန်လာရရင်တောင် ဒီလောက်ဆန်းသစ်ပြီး စိတ်ဝင်စားစရာပြိုင်ပွဲကို တွေ့ကြုံလိုက်ရတာမလို့ တန်တယ်လို့ပြောလို့ရတယ်!” အမျိုးသား ကျင့်ကြံသူ တစ်ဦးက ရယ်ရယ်မောမောပြောလာသည်။

“ဟမ့် မျက်နှာလှလှလေးတစ်ခုရအောင် ဖန်တီးရမယ်။ ဒါမှ ဒီသခင်မလေးရဲ့ နဂိုမျက်နှာလှလှလေးနဲ့ကိုက်ညီပြီး အရှိန်အဝါက လမင်းကိုတောင်လွှမ်းမိုးလို့ ပန်းပွင့်တွေကိုအရှက်ရသွားစေမယ်” အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက ကျေနပ်စွာ ရေရွတ်နေသည်။

လီဝူကျယ်သည် မျက်နှာပြင်ပေါ်ရှိ ဇာတ်ကောင်များနှင့် ကျား၊ မ များကို ကြည့်ရှုနေရင်း ဘာကြောင့်ရယ်မသိ ရင်ခုန်စိတ်လှုပ်ရှားလာသည်။ ရုတ်တရက် ဆိုးဆိုးဝါးဝါး တစ်ခုခု လုပ်ချင်စိတ် ပေါ်ပေါက်လာခြင်းပင်။

တကယ်တော့ သူ့စိတ်ထဲတွင် ထိုအတင့်ရဲလှသည့်စိတ်ကူးက အမြဲရှိနေခဲ့ခြင်းပင်။

“ဒီတစ်ခါတော့ ငါ အမျိုးသမီးဇာတ်ကောင်ကို ရွေးမယ်။ ခန္ဓာကိုယ်အချိုးအစားကို သန်မာအောင် ချိန်ညှိပြီး သူ့ကို စွမ်းဆောင်ရည်မြင့်တဲ့ ယောက်ျားဆန်ဆန်အရှိန်အဝါထွက်နေအောင် ဖန်တီးမယ်…”

လီဝူကျယ်၏ စိတ်ကူးကား ရိုးရှင်းပါသည်။ မည်သို့ပင်ဆိုစေ အထောက်အထားများကို လျှို့ဝှက်ထားရမည်ဖြစ်ရာ ဤအခွင့်အရေးကိုယူ၍ သူ၏ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ဖန်တီးလိုခြင်းပင်။

ညစ်ကျယ်ကျယ်အတွေးပေါင်းစံဖြင့် ဇာတ်ကောင်ကို အပြီးတိုင်သတ်မှတ်ပြီးနောက်လီဝူကျယ် သည် အမည်ပေးရန် ဗလာကျင်းနေသည့် အကွက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။

အင်း၊ နာမည်ကျ ဘယ်လိုပေးရင်ကောင်းမလဲ?

လီဝူကျယ် အချိန်အကြာကြီး စဉ်းစားနေရသည်။ ထို့နောက် သူ၏ ဖောက်ထွက်ချင်နေသော အတွင်းစိတ်ဆန္ဒများကို ဖုံးကွယ်ထားလျက် အမည်ပေးသည့် အကွက်ထဲတွင် စာလုံးကြီးများဖြင့် လေးနက်စွာ ရေးလိုက်သည်။ “လောကအလုံးစုံ၏ နံပါတ်တစ် ဓားနတ်ဘုရား!”

တစ်ဖက်တွင် ယဲ့ကျွင်းလင်သည်လည်း သူ ဝင်ရောက်မည့်ဇာတ်ကောင်၏ အသွင်အပြင်ကို ဒီဇိုင်းထုတ်နေခဲ့သည်။

ထိုဇာတ်ကောင်မှာ တစ်ခေါင်းလုံအပြောင်ရိတ်ထားပြီး ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်အချိုးအစားရှိ၏။ ကွယ်ဝှက်သင့်သည့် နေရာများကို လုံသည်ဆိုရုံမျှသာကြီးမားသည့် အဖြူရောင်ဘောင်းဘီကို ဝတ်ဆင်ထားသည်။ အတော်လေး ရိုင်းစိုင်းဆိုးသွမ်းဟန် မျက်နှာသွင်ပြင်ဖြင့် ပြောင်စပ်စပ်ရုပ်လည်း ပေါက်နေသေး၏။

ပြဿနာမရှိ ပြဿနာရှာချင်နေသည့်ပုံစံဖြစ်ပေရာ အလွန်ပင် ဆွဲထိုးချင်စရာ။

ဇာတ်ကောင်၏ IDနာမည်နှင့် ပတ်သက်၍ ယဲ့ကျွင်းလင်က နက်နက်နဲနဲ မစဥ်စားချင်တော့လှသဖြင့် စာလုံးကြီးများဖြင့် ရေးလိုက်သည်။ "ပြိုင်ဘက်ကင်းအထီးကျန် လူပျိုကြီး"

ပါဝင်သူတိုင်း သူတို့၏ဇာတ်ကောင်များကို ဒီဇိုင်းထုတ်ပြီးသည်နှင့် အေးစက်စက်နှင့် စိတ်ခံစားချက်မထင်ဟပ်သည့် ခပ်မာမာသတိပေးချက် တစ်ခု ထွက်ပေါ်လာသည်။ “ပြင်ဆင်ရေးအဆင့်ကိုရောက်ပါပြီ။ ပါဝင်သူများ အသင့်ပြင်ထားပေးကြပါ"

ဝှစ်!

အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာသည်။

အလွန်တောက်ပသောကြောင့် မျက်လုံးများကိုမမှိတ်ဘဲမနေနိုင်။ ပြန်ဖွင့်လိုက်သော် မြင်ကွင်းအသစ်တစ်မျိုးက ဆီးကြိုလျက်။

ခမ်းနားထည်ဝါသော၊ အရှိန်အဝါအားကောင်းသော မသေမျိုးလှေတစ်စင်းသည် ကောင်းကင်ယံကို ဖြတ်သန်းကာ လျှို့ဝှက်ဆန်းကြယ်လှသည့် ပိကျီးကျွန်းထံသို့ ဦးတည်သွားနေသည်။

လှေပေါ်တွင် အမျိုးသားနှင့် အမျိုးသမီး ပုံရိပ်များ အတူတကွ စုဝေးနေကြသည်။

အသွင်သစ်များဖြင့် ဟန်ဆောင်ထားရသောကြောင့် လူတိုင်းသည် ပိုမိုသက်သောင့်သက်သာနှင့် အေးဆေးတည်ငြိမ်နေကြသည်။ လေထုမှာ သာမန်အချိန်ထက် ပိုမိုလွတ်လပ်ပေါ့ပါးလျက်။

“အားလုံး ကြည့်ကြစမ်း၊ အဲဒီအမျိုးသမီးရဲ့အကြိုက်က အတော်လေးထူးခြားတာပဲ” တစ်စုံတစ်ဦးက အံ့အားသင့်နေဟန်မျက်နှာပေးဖြင့် လက်ညှိုးထိုးပြလိုက်သည်။

All Chapters