← Chapters

အခန်း (၂၇၉)

Vol. 20 Ch. 279

အခန်း (၂၇၉)

Vol. 20 Ch. 279

ထိုသူကြည့်နေသောဘက်သို့ လိုက်ကြည့်လိုက်သောအခါ အရပ်ရှည်ပြီး ကြွက်သားအထစ်ထစ်ဖြင့် သံမဏိသွန်းလောင်းထားသကဲ့သို့ တောင့်တင်းခိုင်မာသည့် ယောက်ျားဆန်ဆန် ခန္ဓာကိုယ်ကြီးတစ်ခုအား မြင်လိုက်ကြရ၏။ သို့သော် လိုက်ဖက်မညီလှဆုံးမှာတော့ မိန်းမဆန်ဆန် နူညံ့သိမ်မွေ့သော မျက်နှာလေးနှင့် ချယ်ရီရောင်တောက်တောက် နှုတ်ခမ်းဖူးဖူးလေးပါပင်။

“သခင်မလေး၊ ခင်ဗျား ရင်ဘတ်ကြွက်သားတွေက ဘာလို့ ဒီလောက် အများကြီး ဖြစ်နေတာလဲ?” အမျိုးသားတစ်ဦးက သူ့ထံငုံ့ကိုင်းလျက် ရယ်ရယ်မောမောပြောလာသည်။

“မင်းနဲ့ဘာဆိုင်လဲ? ငါကြိုက်လို့ငါယူထားတာပေါ့!” ကြွက်သားအပြည့်ဖြင့် မိန်းမပျိုလေးက ထိုသူ့ကို မြေပြင်ပေါ်တွန်းချကာ ခပ်ရိုင်းရိုင်းတုံ့ပြန်လိုက်သည်။

ပတ်ဝန်းကျင်မှ အံ့အားသင့်နေသည့် အကြည့်များကို ခံစားရင်း ထိုကြွက်သားမမလေးသည် ကြွက်သားအဖုဖုဖြင့် ရင်ကိုကော့ ခေါင်းကိုမော့လျက် ဂုဏ်ယူစွာ ရှေ့သို့ လျှောက်လှမ်းသွားသည်။ လူတွေ၏တုံ့ပြန်ပုံကိုလည်း စိတ်ကူးထဲမှ တိတ်တဆိတ်ကျေနပ်နေမိ၏။

“ဟားဟား၊ မင်းတို့ ငါ ဘယ်သူလဲဆိုတာ ခန့်မှန်းလို့မရကြဘူး မဟုတ်လား?”

"ဟဲဟဲ လီမျိုးရိုး မင်းမှာဒီလိုထူးဆန်းတဲ့ဝါသနာရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး" ဘေးမှ ခပ်လှောင်လှောင်အသံတစ်ခု ထွက်ပေါ်လာသည်။

လီဝူကျယ်၏ ဂုဏ်ဝင့်နေသော မျက်နှာတစ်ခုလုံး အေးခဲသွားသည်။ တုံ့ခနဲဖြစ်သွားကာ ခေါင်းကို စက်ရုပ်တစ်ရုပ်လို ဖြည်းဖြည်းချင်းလှည့်၍ အနောက်မှလက်ပိုက်ထားသောသူအား လှည့်ကြည့်လိုက်၏။ ထိုသူသည် ဓားသွားကဲ့သို့ မျက်ခုံးများနှင့် ကြယ်လိုတောက်ပသော မျက်လုံး များရှိပြီး ဂုဏ်သိက္ခာအပြည့် အသွင်အပြင်ဆောင်သော်ငြား အကြည့်များက လှောင်ရိပ်ပါးပါးသန်းလျက်။

လီဝူကျယ် ထိတ်လန့်တကြားဖြင့် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းငြင်းဆန်လိုက်သည်။ “ငါ လီမျိုးရိုးမှမဟုတ်တာ! အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့!”

ထိုလူက ကြွက်သားမမလေး၏ခေါင်းပေါ်ရှိ “လောကအလုံးစုံ၏ နံပါတ်တစ် ဓားနတ်ဘုရား!” ဟူသည့် နာမည်ကို ကြည့်လိုက်သည်။ ထို့နောက် လီဝူကျယ်၏ မျက်လုံးများကို တိုက်ရိုက်ပြန်ကြည့်ကာ သူ၏နှုတ်ခမ်းမှာ ပျော်ရွှင်စွာ ကွေးညွှတ်တက်လာကာ အပြုံးတစ်ခု ပေါ်လာသည်။ "ဒီအရှင်က မင်းမျိုးရိုးကို ဘယ်လိုသိသွားတယ်လို့ မင်းထင်လဲ?”

လီဝူကျယ်: “…”

အိုး မဟုတ်၊ ငါတော့ တကယ်ပါးနပ်တဲ့သူနဲ့ ပြိုင်ငြင်းနေမိတာလား?

ငါ တကယ်ပဲ ဒီလောက် သိသာနေတာလား?

နေစမ်းပါဦး

ဒီလူက သူ့ကိုယ်သူ ဒီအရှင်လို့ သုံးလိုက်တာလား?

လီဝူကျယ် စိတ်ကို တည်ငြိမ်အောင်ထားပြီး လူငယ်၏ ခေါင်းပေါ်ရှိ စာသားကို ကြည့်လိုက်သည်။ နာမည်မှာ ထင်ရှားပြီး မာနအပြည့်ဖြင့် “တစ်ပါးတည်းသော အချုပ်အခြာအာဏာရှင်” ဟူ၍ ဖြစ်၏။

ရင်းနှီးနေသော စကားအသွားအလာနှင့် ဆက်စပ်စဥ်းစားသော် လီဝူကျယ် နှုတ်ခမ်းကို မနည်းဆွဲဆန့်ပြုံးလိုက်ရကာ ပြန်ပြောလိုက်သည်။ “အစ်ကိုကြီးဟုန်၊ ငါတို့ အချင်းချင်း ဒီလောက် အကြီးအကျယ်လုပ်နေဖို့မလိုပါဘူး၊ ဟုတ်တယ်မလား?"

ထိုလူက မျက်ဆံလှန်ကာ မထီမဲ့မြင် ပြန်ပြောလိုက်သည်။ “အခုမှာ လူကိုခွာထုတ်ချင်နေတာလား။ ဒီဂုဏ်ပုဒ် ဒီအဆင့်အတန်းနဲ့ ဒီလောက်ထူးထူးဆန်းဆန်း နှာဘူးထချင်နေတာ၊ မတော်တဆ မင်းရဲ့ပုံရိပ်မှန်သာပေါ်သွားရင် တစ်ဘဝလုံး အမည်းစက်စွန်းထင်းသွားတော့မှာ မကြောက်ဘူးလား?"

“မင်း!”

လီဝူကျယ် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မျက်နှာအနေအထားအရ ပို၍ပင်ထိတ်လန့်လာဟန်။ သို့သော် ခဏမျှ စဉ်းစားပြီးနောက် မယုံဟန်ဖြင့် ရယ်မောလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ငါ့ကိုကြောက်အောင်ခြောက်ဖို့ မစဥ်းစားနဲ့။ ဘယ်မှာလဲ သက်သေ? ငါ့ခေါင်းပေါ်က နာမည်ကနေ ခန့်မှန်းလိုက်တာလား? အဲဒါက အရမ်း တစ်ဖက်သတ်ဆန်လွန်းတယ်မထင်ဘူးလား? ငါ မဝန်ခံသရွေ့ ဘယ်သူက အမှန်တရားကိုသိမှာတဲ့လဲ?”

ပြောရင်းဆိုရင်းပင် ရင်ဘတ်ကြွက်သားများကို ဟန်အပြည့်ဖြင့် တစ်ချက်လှုပ်ပြလိုက်သေး၏။ သူ၏မျက်လုံးများမှာ ကြေးနီခေါင်းလောင်းများကဲ့သို့ ပြူးကျယ်နေပြီး နူးညံ့သောမိန်းမသားမျက်နှာမှာ ပုန်ကန်ထကြွလိုစိတ်အပြည့်ဖြင့်။

ဘယ်လိုနေလဲ? စိတ်တိုသွားလား? စိတ်တိုရင် လာကိုက်ကြည့်လေ။

ဟုန်ချန်ယဲ့ မျက်လုံးထောင့်တစ်ချက် အကြောတွန့်သွားရသည်။ မင်းနိုင်ပါတယ်!

လီဝူကျယ်တစ်ယောက် ကာလဗလမောင်ကဲ့သို့ ဟန်အမျိုးမျိုးကို လွတ်လွတ်လပ်လပ်ထုတ်ပြနေစဥ်တွင် လူအုပ်ထဲမှ ရုတ်တရက် အံ့အားသင့်နေဟန် အော်သံတစ်ခု ထွက်ပေါ်လာသည်။ “ဟာကွာ၊ ငါ ဒီလောက် ထိုးချင်စရာကောင်းတဲ့ မျက်နှာမျိုး တစ်ခါမှ မမြင်ဖူးဘူး!”

ဖျတ်ခနဲ~!

မျက်လုံး ကိုးဆယ့်ကိုးစုံ ချက်ချင်း စုစည်းသွားပြီး ထိုစကား၏ဦးတည်ရာ ပိန်ပါးပါးပုံရိပ်ကို ဝိုင်းကြည့်မိလိုက်ကြသည်။

ဦးပြည်းပြောင်ပြောင်က နေရောင်အောက်တွင် အလင်းဝိုင်းတစ်ခုဖြစ်အောင် တောက်ပနေသည်။ သို့သော် အထူးခြားဆုံးမှာ ထို အမြင်ကပ်စရာ ထောင့်မကျိုးသည့်မျက်နှာကြီးပင်။ ဘယ်ဘက်ကကြည့်ကြည့် ထထိုးချင်စရာမျက်နှာပါပေ။

ခေါင်း‌ပေါ်မှာရေးထားတဲ့နာမည်က ပြိုင်ဘက်ကင်းအထီးကျန် လူပျိုကြီးတဲ့။

မယုံနိုင်ဘူး။

ဆွဲထိုးချင်စိတ်က အမြင့်ဆုံးထိတက်ရောက်သွားရလေပြီ။

အမျိုးသားအမျိုးသမီးအားလုံးသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသထွက်နေသောမျက်လုံးများဖြင့် ထိုသူအား ဝိုင်းကြည့်လိုက်ကြသည်။

“အဲ့ဒီလူရဲ့ ဟန်ပန်အမူအရာက တစ်နည်းနည်းနဲ့တော့ ရင်းနှီးနေသလိုပဲ” ဟုန်ချန်ယဲ့က တစ်ခုခုကိုစဥ်းစားမိလိုက်သကဲ့သို့ စက်ဆုပ်ရွံရှာစွာရေရွတ်လာ၏။

လီဝူကျယ်မှာ လက်သီးများကိုတင်းနေအောင်ဆုပ်ရင်း တဖျစ်ဖျစ်မြည်သံများပင်ထွက်လာကာ ဒေါသတကြီးပြောလိုက်သည်။ “ဒီလူက ဘယ်သူလဲ? တအားကိုပဲ သောက်ခွက်ကို ထိုးချင်စရာ ကောင်းလိုက်တာ!”

ပြင်ဆင်ချိန်အတွင်း ဘယ်သူမှ တိုက်ခိုက်ခွင့်မရှိ၍ကြောင့်သာ စိတ်ထိန်းထားရခြင်းပင်။ မဟုတ်လျှင် သူချက်ချင်းပြေးသွားပြီး လက်သီးစာတစ်ချက်ကောင်းကောင်း ကျွေးလိုက်ချင်လှ၏။

ပတ်ဝန်းကျင်မှ ရင်းနှီးဖော်‌ရွေမှုကင်းမဲ့‌သော အကြည့်များကို ခံစားလိုက်မိသောအခါ ယဲ့ကျွင်းလင် လျစ်လျူရှုစွာ ပခုံးတွန့်လိုက်သည်။

“မတတ်နိုင်ဘူး ငါကဘယ်နေရာမှာမဆို အထင်ပေါ်ဆုံးဖြစ်နေတတ်တာပဲလေ!”

ယဲ့ကျွင်းလင်သည် လှေလက်ရန်းနောက်တွင် ရပ်ပြီး ကျယ်ပြောလှသည့် တိမ်ပင်လယ်ကို ကြည့်လြိပ်သည်။ ထိုမှတစ်ဆင့် ဧရာမကျွန်းကြီးတစ်ကျွန်း၏ ပုံသဏ္ဌာန်ကို ဝိုးတဝါး မြင်နေရသည်ပင်။ ပိကျီးကျွန်းသို့ ရောက်ရှိတော့မည်ဖြစ်၏။

စိတ်ထဲတွင် ပုံရိပ်ယောင်မျက်နှာပြင်ကြီးတစ်ခု ပုံပေါ်လာသည်။ သူတို့ကိုပြသခဲ့သော မြေပုံအရ ပိကျီးကျွန်းတွင် အဓိကဒေသကြီးခြောက်ခုရှိ၏။ ရှေးဟောင်းဓားဂူ၊ ရှုပ်ထွေးဓားချိုင့်ဝှမ်း၊ မြူခိုးတောနက်၊ နှင်းခဲလွင်ပြင်၊ ချီမေ့တောင် နှင့် လခြမ်းကန် တို့ ဖြစ်သည်။

မသေမျိုးလှေ ပိကျီးကျွန်းထက် ဝဲပျံလှည့်လည်နေသည့်အချိန်အတွင်း ပါဝင်သူတို့က ဆင်းသက်ရမည့်နေရာကို သတ်သတ်မှတ်မှတ်‌ ရွေးချယ်ရမည်ဖြစ်သည်။

“ဘယ်နားခုန်ချရကောင်းမလဲ?”

ယဲ့ကျွင်းလင် မေးစေ့ကိုပွတ်သပ်လျက် စိတ်ရှုပ်ရှုပ်ဖြင့် စဥ်းစားနေလိုက်၏။

All Chapters