အခန်း (၂၈၀)
Vol. 20 Ch. 280
ယဲ့ကျွင်းလင် တစ်ဦးတည်းသာမက၊ ကျန်ပါဝင်သူတို့လည်း စိတ်ထဲတွင် ချီတုံချတုံဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာတွင် ဆင်းသက်မည်ဟူသည့် ရွေးချယ်မှုသည် နောက်ဆက်တွဲပြိုင်ပွဲအခြေအနေကိုသာမက သွားရေးလာရေး အဆင်ပြေမပြေ ဆိုသည့်အချက်ကိုပါ တိုက်ရိုက်သက်ရောက်နေသောကြောင့်ပင်။
“အဲ့လို နေရာရွေးဖို့လိုသေးတာလား?”
လီဝူကျယ်ကမူ နေရာတစ်ခုကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူက ပြတ်သားစွာ ပြောသည်။ “ငါတော့ ရှုပ်ထွေးဓားချိုင့်ဝှမ်းကို တန်းသွားမယ်!”
ဓားရေးကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် ဓားနှင့်သက်ဆိုင်သည့်နေရာကို သဘာဝအလျောက် ရွေးချယ်လိုက်ခြင်းသာပင်။ နာမည်အရ ထိုနေရာတွင် ဓားနှင့်ပက်သက်သော ကျင့်စဥ်များ၊ လျှို့ဝှက်ကျမ်းစာများနှင့် မှော်လက်နက်အမျိုးမျိုး ရှိနိုင်မည့်ပုံပေါ်၏။
“အစ်ကိုကြီးဟုန်၊ ခင်ဗျား ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ?” လီဝူကျယ်က မေးလိုက်သည်။
ဖြူစင်နူးညံ့သော မိန်းမဆန်ဆန်မျက်နှာလေးကိုကြည့်ရင်း ဟုန်ချန်ယဲ့ခေါင်းခဲသွားရသည်။ ထိုမျက်နှာလေးနောက်ကွယ်တွင် ကြမ်းကြမ်းတမ်းတမ်းယောက်ျားကြီးတစ်ယောက်ရှိနေသည် ဟူသောအတွေးက သူ့ကိုအတော်လေး စက်ဆုပ်ရွံရှာစေ၏။
“လျှို့ဝှက်ချက်ပဲ။”
လီဝူကျယ်က အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ “အစ်ကိုကြီးဟုန် တော်တော် သတိကြီးတာပဲ။ ဆရာတူညီလေး အကောက်ကြံမှာ စိုးရိမ်လို့လား?”
ဟုန်ချန်ယဲ့က လှောင်ပြောင်လိုက်သည်။ “မင်းကိုစိုးရိမ်ရမှာ? နောက်ဆုံးအထိ အသက်ရှင်နိုင်ရင်မှ ပြောစမ်းပါ!”
တစ်ချိန်က အောက်ဆုံးအဆင့်မှ ရုန်းကန်ခဲ့ရသည့် နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတစ်ဦးအနေဖြင့် ရှင်သန်လွတ်မြောက်ရေးအတွေ့အကြုံကိုတော့ သူကောင်းကောင်းကြွယ်ဝထားသည်ပင်။ အရေးအကြီးဆုံးအချိန်များတွင် အနီးပတ်ဝန်းကျင်ရှိလူများအပေါ် ပို၍ပင် သတိထားရန် လိုအပ်သည်။
ဟုန်ချန်ယဲ့သည် ဆိတ်ငြိမ်သည့်နေရာတစ်ခုတွင် ဆင်းသက်ဖို့ရာ စီစဉ်ထား၏။ ထို့နောက် တိတ်တဆိတ် လှုပ်ရှားကာ အခြေအနေအရ မီးစဥ်ကြည့်ကရမည်။ ပြိုင်ဘက်တွေကို အဆက်မပြတ် ဖယ်ရှားပြီး သူ၏ စွမ်းအားကို မြှင့်တင်ရန် ဆုလာဘ်များကို သိမ်းယူမည်။
ဤ ပုံရိပ်ယောင်ကမ္ဘာတွင် သူတို့အပြင်ကတတ်ကျွမ်းခဲ့သည့် ကျင့်စဥ်နည်းလမ်းများကို အသုံးပြု၍ရမည်မဟုတ်။ အားလုံးကို တဖြည်းဖြည်းစုဆောင်းယူရမည်သာ။ နည်းပရိယာယ်မသုံးပါဘဲ ချက်ချင်း တွေ့သမျှလူကိုတိုက်ခိုက်သိမ်းကြုံးအနိုင်ယူလိုသည် ဆိုပါက အပြင်ကမ္ဘာတွင် မည်မျှပင်ကြီးမြတ်သော စွမ်းအားရှင်တစ်ယောက်ဖြစ်နေပါစေ၊ အလုပ်ဖြစ်မည်မဟုတ်ပေ။
ပြောရလျှင်..
ဤနေရာတွင် ကျင့်စဥ်များကို ကောင်းကင်အဆင့်၊ ကမ္ဘာမြေအဆင့်၊ ဉာဏ်အလင်းအဆင့်နှင့် အဝါရောင်အဆင့် ဟူ၍ အဆင့်များ ပိုင်းခြားထားသည်။ ကျင့်စဥ်တစ်ခု၏ ပြန့်ကျဲနေသော အပိုင်းအစများကို စုဆောင်းပေါင်းစပ်နိုင်ပါက ထိုကျင့်စဥ်အား စက္ကန့်ပိုင်းအတွင်း ပြည့်စုံစွာ စုစည်းတတ်မြောက်နိုင်ပေမည်။
လက်နက်ကိရိယာများတွင်လည်း အဆင့်များ ပိုင်းခြားထားသည်။ အဖြူ * ညံ့ဖျင်း၊ အစိမ်း * သာမန်၊ အပြာ * ကောင်းမွန်၊ ခရမ်းရောင် * ရှားပါး၊ လိမ္မော်ရောင် * သမိုင်းဝင်၊ ရွှေရောင် * ဒဏ္ဍာရီလာ ဟူ၍ ဖြစ်သည်။
ဆေးလုံးများမှာ ဒဏ်ရာကို ကုစားရန်နှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရန်ဖြစ်ပြီး အသေး၊ အလတ်နှင့် အကြီး ဟူ၍ အမျိုးအစားခွဲခြားထားသည်။
အဆောင်လက်ဖွဲ့များတွင် ကိုယ်ဖျောက်ခြင်း၊ အရှိန်မြှင့်ခြင်း၊ နေရာကူးပြောင်းခြင်းနှင့် ရန်သူကို အားနည်းစေခြင်းစသည့် အမျိုးမျိုးသော လုပ်ဆောင်ချက်များပါရှိသည်။
ထို့အပြင် ကျင့်ကြံသူများ စီးနင်းနိုင်သည့် စီးတော်ယာဥ်များလည်း ရှိသေး၏။ အချို့သော စီးတော်ယာဥ်များမှာ ကူညီတိုက်ခိုက်ပေးရာတွင် ပါဝင်နိုင်ပြီး အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့် ဟူ၍ ပိုင်းခြားထားသည်။
ဤအချက်အလက်များသည် ပါဝင်သူ၏စိတ်ထဲတွင် တွေးလိုက်သည်နှင့် အလိုအလျောက်ပေါ်ထွက်လာမည်ဖြစ်ပြီး စည်းမျဉ်းများကို ပိုမိုကောင်းမွန်စွာ လိုက်နာနိုင်စေရန် ကူညီပေးလိမ့်မည်။
“သတိပြုပါ။ ပါဝင်သူတို့ဟာ ပိကျီးကျွန်းရဲ့ လေပိုင်နက်ထဲကို ရောက်ရှိသွားပါပြီ။ ကျင့်ကြံသူများအားလုံး၊ ဆင်းသက်မည့်နေရာကို ရွေးချယ်ပေးပါ။ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ နောက်ဆုံး အောင်နိုင်သူကိုလည်း မျှော်လင့်စောင့်စားနေပါတယ်!”
စက်ရုပ်ဆန်ဆန်အသံတစ်ခု လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာပြီး အပြင်းထန်ဆုံး နောက်ဆုံးပြိုင်ဆိုင်မှု စတင်ပြီဖြစ်ကြောင်း ဖော်ပြနေသည်။
“တာအိုမိတ်ဆွေတို့၊ အောက်မှ တွေ့ကြတာပေါ့!”
ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးလည် လှေအစွန်းတွင်ရပ်ကာ ကျန်သူများကို ရယ်ရယ်မောမောဖြင့် ဦးညွှတ်နှုတ်ဆက်လာပြီး လက်ကိုဖြန့်ကားကာ ခုန်ချသွားလေတော့၏။
ဆင်းသက်လိုက်သည်နှင့် ထိုသူ၏နောက်တွင် တောက်ပသည့် ငွေရောင်အတောင်ပံများ ပေါ်လာသည်။ ငွေရောင်အတောင်ပံများမှာ ချီစွမ်းအင်ကို ထိန်းညှိနှိုးဆွပေးပြီး ဦးတည်ရာနေရာသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိနိုင်ရေးအတွက်လည်း အသုံးဝင်သည်။
“ငါတို့လည်း သွားကြစို့!”
အမျိုးသား အမျိုးသမီး အုပ်စုတစ်စုသည် တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ခုန်ချလိုက်ကြ၏။ ၎င်းတို့မှာ လှေပေါ်တွင်ပင် ယာယီပူးပေါင်းထားသည့် အဖွဲ့ငယ်လေးဖြစ်ကြောင်း ထင်ရှားသည်။
ထိုသို့သောအခြေအနေများတွင် ပါဝင်သူအချို့သည် တစ်ကိုယ်တည်းအားနည်းကင်းကွာနေရမည့် အခြေအနေမျိုးကိုရှောင်ရှားရန် အတူတကွပေါင်းစည်းလုပ်ဆောင်တတ်ကြ၏။
အချိန်တန်လာရင်တော့လည်း အချင်းချင်းပြန်တိုက်ကြရမှာ ပုံမှန်ပါပဲ။
ဟုန်ချန်ယဲ့ကတော့ ထိုအုပ်စုကိုကြည့်ရင်း ခေါင်းတခါခါဖြင့် မာနကြီးစွာ ကဲ့ရဲ့ပုတ်ခတ်လိုက်သည်။ “သိုးတွေက အုပ်လိုက် စုဝေးတတ်ပေမယ့်၊ ကြမ်းတမ်းတဲ့ သားရဲတွေကတော့ တစ်ကောင်တည်း လမ်းဖောက်နိုင်တယ်”
“မင်း! ခွေးကောင် ပြန်ပြောလိုက်စမ်း"
ရုတ်တရက် ရိုင်းစိုင်းသည့် အော်ဟစ်ဆဲဆိုသံတစ်ခု ထွက်ပေါ်လာသည်။
ပြောသူမှာ မျက်လုံးတစ်ဖက်ကို ဖုံးအုပ်ထားသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးဖြစ်ပြီး အဖော်များစွာဖြင့် ဝန်းရံတည်ရှိ၏။ ဟုန်ချန်ယဲ့၏စကားကြောင့် အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ခါသွားသည်မှာ မဆန်းလှပေ။
ဟုန်ချန်ယဲ့၏ မျက်နှာတွင် အေးစက်မှုတစ်ခု ဖြတ်သန်းသွားသည်။ သူ၏မျက်လုံးများတွင် ဒေါသများ တောက်လောင်လျက်။ “မင်း ခုနက ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ?!”
အပြင်လောကတွင် ဟိုလူတစ်ယောက်မှလွဲ၍ သူ့ကို မည်သူတစ်ဦးတစ်ယောက်ကမှ လက်လွတ်စပယ် ဆက်ဆံရဲသည်မဟုတ်။
ထို့အပြင် ထိုလူအုပ်စုမှာလည်း မလောက်လေးမလောက်စားလေးများသာ ဖြစ်ဟန်တူ၏။
“ခွေးစကားပြောလို့ ခွေးကောင်လို့ခေါ်တာပဲ! မကျေနပ်ရင် လာစုပ်လိုက်လေ!” မျက်လုံးတစ်ဖက်ဖြင့်လူက ထပ်မံလှောင်ပြောင်လိုက်သည်။ နောက်လိုက်အဖွဲ့ပါသောကြောင့် ယုံကြည်မှုကတော့အပြည့်ပင်။ မည်သို့ပင်ဖြစ်စေ သူတို့၏ အထောက်အထားများကို ဤနေရာတွင် လျှို့ဝှက်ပေးထားသောကြောင့် အကောင်ကြီးကြီးတစ်ယောက်ကို စော်ကားမိမှာမျိုး စိုးရိမ်နေစရာမလိုပေ။
“ဟုတ်တယ်! မင်းပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်လဲ? မင်းကိုယ်မင်း ဘာထင်နေလဲ? အောက်ဘက်မှ ငါတို့အုပ်စုနဲ့မတိုးမိစေဖို့ သတိထားပေါ့၊ တွေ့ရင်သေအောင်ရိုက်ပစ်ဦးမယ်။ ကျက်သတုံးကောင်!”
တစ်အုပ်စုလုံး တက်ညီလက်ညီ ခြိမ်းခြောက်ဆဲဆိုလာကြတော့၏။
သူတို့အမြင်အရ အုပ်စုဖွဲ့ထားလျှင် အားသာပြီးသားသာဖြစ်သည်။ မိမိတို့၏ မူလစွမ်းအင်ကျင့်စဥ်များကို စွန့်လွှတ်ထားခဲ့ရကာ အရာအားလုံးကို တတိတိပြန်လည်စုဆောင်းယူရမည်ဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် သာမန်လက်သီးကိုသာ အားကိုးရန်ရှိတော့သည်လေ။
“အို့…!”
လီဝူကျယ် တအံ့တသြ အာမေဋိတ်ပြုလိုက်ကာ မေးစေ့ကိုပွတ်သပ်လျက် စဥ်းစားလိုက်ည်။
ပုံမှန်အားဖြင့် လွန်စွာမာနကြီးသော အစ်ကိုကြီးဟုန်တစ်ယောက် ဤသို့ ပက်ပက်စက်စက် ဝိုင်းဝန်းဆဲဆိုခံရချိန်တွင် သူ နည်းနည်းဖြစ်ဖြစ်တော့ ကျေနပ်သွားမိသည်သာ။
ဟဲဟဲ၊ အဲ့ဒါ ငါ့ကိုခြိမ်းခြောက်လို့ ဝဋ်ပြန်လည်တာလေ။
ဒီနေရာမှာ မင်းကို ဘယ်သူကရိုသေပေးမယ်ထင်နေတာလဲ?
ဟုန်ချန်ယဲ့၏မျက်နှာကား အေးစက်တောင့်ခဲလျက်။ ထို့နောက် ဒေါသတကြီး ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့ကို ငါမှတ်ထားတယ်။ ငါနဲ့တွေ့တဲ့အထိ အသက်ရှင်အောင် ကြိုးစားနေထားကြစမ်းပါ။”
“ငါတို့ ခြောက်ယောက် ကတော့ နောက်ဆုံးအထိ အသက်ရှင်မှာ သေချာတယ်၊ ဒါပေမဲ့ မင်းလို တစ်ကောင်တည်းသမား အတွက်တော့ မသေချာဘူး” မျက်လုံးတစ်ဖက်ပါလူက မထီမဲ့မြင် ပြန်လည်ချေပပြီးနောက် သူ၏ အပေါင်းအပါများကို ခုန်ချရန် အချက်ပြလိုက်သည်။ တောက်ပသည့် ငွေရောင်အတောင်ပံများ နောက်ကျောတွင်ပေါ်ထွက်လာပြီး ချီစွမ်းအင်စီးကြောင်းများကိုစီးနင်းလျက် ဦးတည်ရာတည့်တည့်သို့ ပျံသန်းထွက်ခွာသွားကြတော့၏။
“ခွိခွိခွိ…”
မျက်နှာကြီးတစ်ခုလုံး မည်းပုပ်နေသည့်လူကိုကြည့်ရင်း လီဝူကျယ် ရယ်သံကိုထိန်းချုပ်ဖို့ကြိုးစားသော်ငြား မအောင်မြင်ခဲ့ပေ။
အဘိုးကြီးဟုန်တော့ ဒီနေ့ကံမကောင်းပါလား!
“ဘာရယ်တာလဲ?!”
ဟုန်ချန်ယဲ့ ဒေါသတကြီး မာန်မဲလိုက်သည်။
အတိတ်မှာသာ တစ်စုံတစ်ဦးက သူ့ကိုလာရောက်ထိပါးစော်ကားလျှင် နောက်ခံအချက်အလက်ကို မရရအောင်ရှာဖွေထုတ်ဖော်ပြီး လက်စားပြန်ချေမည်ဖြစ်သော်ငြား လက်ရှိပုံရိပ်ယောင်ကမ္ဘာဝယ် တခစ်ခစ်ရယ်နေသောမိန်းမပျိုလေးကအစ ဓားသမားကြမ်းကြီးဖြစ်နေနိုင်လေရာ အခွင့်အရေးတော့ သိပ်ရှိဟန်မတူပေ။
ထို့ကြောင့် သူ့တွင် မကျေနပ်မှုအား ပုံချစရာနေရာမရှိခဲ့။
“မရယ်ပါဘူး” လီဝူကျယ် လက်များကိုဖြန့်ပြပြီး ပုခုံးတွန့်ပြလိုက်သည်။
ကင်းကောင်းခန္ဓာကိုယ်ဖြင့် နူးညံ့သောမျက်နှာကို ပေါင်းစပ်ထားသည့်ပုံကြီးဖြင့် ဖြူစင်ရိုးသားဟုန်လုပ်ပြနေလေရာ ဟုန်ချန်ယဲ့ စက်ဆုပ်စွာ ဟမ့်ခနဲတစ်ချက်လုပ်ပြီး အင်္ကျီလက်ကိုခါးယမ်းလျက် လှည့်ထွက်သွားလိုက်ရတော့သည်။
ဝှစ်!
နောက်တစ်စက္ကန့်တွင် သူသည် လှေလက်ရန်းကို မဆိုင်းမတွ ကျော်ဖြတ်လိုက်ကာ ငှက်ကြီးတစ်ကောင်ကဲ့သို့ လေထဲတွင် လျင်မြန်စွာ ပျံဝဲလျက် သတ်မှတ်ထားသည့် နေရာသို့ ဦးတည်သွားလိုက်သည်။
“အကုန်သွားပြီဆိုတော့ ငါလည်း သွားတော့မယ်” လီဝူကျယ်လည်း လက်ရန်းပေါ်ခုန်တက်ကာ ရှုပ်ထွေးဓားချိုင့်ဝှမ်းကို ဦးတည်ဖို့ပြင်ဆင်လိုက်သည်။
လူအုပ်ကြီး အတော်အတန်လျော့ကျသွားချိန်၌ ပြောင်စပ်စပ်မျက်နှာဖြင့် ခေါင်းတုံးလူသားလည်း စတင်လှုပ်ရှားလေတော့၏။
“ဟာကွာ၊ ရွေးလေ ရွေးလေ စိတ်ရှုပ်ဖို့ကောင်းလေပဲ။ ဒီတိုင်း ခုန်ချလိုက်တော့မယ်!”
ယဲ့ကျွင်းလင်သည် တွေဝေတုံ့ဆိုင်းမနေတော့။ လက်ရန်းပေါ်သို့ခုန်တက်ကာ လေဟာနယ်ကို ကျောခိုင်းလျက် သူ၏လက်များကို ဖြန့်ကားလိုက်သည်။ ဂိမ်းတစ်ခုမှ နာမည်ကြီးစတိုင်တစ်ခုဖြစ်ကာ ထိုသို့ကျောပေးလျက်နှင့် ခပ်ဖြည်းဖြည်းလှဲချလိုက်ရမည်ဖြစ်၏။
အစီအစဥ်တစ်ခုလုံးက အတော်လေးအထင်ကြီးစရာကောင်းပေသည့် ပြောင်စပ်စပ်မျက်နှာက အရှိန်အဝါကို ဖျက်ဆီးနေသလိုပင်။
ဝှစ်~!
ကောင်းကင်ယံ အမြင့် မီတာတစ်သောင်းမှ ခုန်ချလိုက်ရာ ယဲ့ကျွင်းလင်သည် နားထဲတွင် လေစီးကြောင်းများ အလုအယက် တိုးဝှေ့နေသံနှင့် ပေါ့ပါးလွင့်မျောနေသည့် အရသာကို ခံစားမိရ၏။ ရုတ်တရက် အနောက်တွင် ငွေရောင်အတောင်ပံတစ်စုံပေါ်လာပြီး တဖျတ်ဖျတ်ခတ်ကာ တောက်ပစွာလင်းလက်လာသည်။
အောင်မြင်စွာ ဆင်းသက်ပြီးနောက် သူ၏မျက်လုံးများရှေ့တွင် တွေ့မြင်ရသည်မှာ အဆုံးအစမရှိ ကျန်ပြန့်လှသည့် ကန်ကြီးတစ်ခုဖြစ်ပြီး နီလာကျောက်ကဲ့သို့ ပြာလဲ့နေသည်။ ထိုကန်သည် လခြမ်းပုံသဏ္ဌာန် ရှိပြီး စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များ ဝန်းရံထားကာ လေထုမှာ အလွန်ပင် လတ်ဆတ်ချိုမြိန်နေလျက်။
ဒေသကြီးခြောက်ခု အနက်မှ တစ်ခုဖြစ်သည့် လခြမ်းကန် သို့ ရောက်ရှိလာခြင်းပင်။
ကန်ရေပြင်ပေါ်တွင် အလင်းတန်းများ ထင်ဟပ်နေသည်။ ၎င်းတို့အားလုံးမှာ ကျင့်စဥ်တစ်ခု၏ အပိုင်းအစများသာပင်။ ပြည့်စုံသည့် ကျင့်စဥ်တစ်ခုအား ပိုင်ဆိုင်နိုင်ရန် ထိုအပိုင်းအစများကို ပေါင်းစည်းနိုင်ဖို့လိုအပ်သည်။
ရုတ်တရက် နောက်ထပ်ပုံရိပ်ငါးခု လျင်မြန်စွာ ဆင်းသက်လာကြသည်။ နဂါးပျံများကဲ့သို့ ခမ်းနားစွာဆင်းသက်လာကြကာ ကျင့်စဥ် အပိုင်းအစများဖြင့် ပြည့်နေသည့် အလင်းတန်းများကို မြင်သောအခါ ၎င်းတို့၏ မျက်လုံးများတွင် လောဘရိပ်များလင်းလက်လာပြီး ရေပေါ်နင်း၍ ချက်ချင်းအလုအယက် စုဆောင်းယူကြတော့၏။
“ဟားဟား၊ ဒါတွေအားလုံး ငါ့ဟာပဲ!”
“အိပ်မက်မက်နေလိုက်လေ!”
“ရိုင်းနိုင်တုန်းရိုင်းထားပေါ့၊ နောက်မှမင်းကို သေအောင်ရိုက်ပစ်မယ်!”
စာစဉ်ပြီး၏