အခန်း (၂၆၈)
Vol. 20 Ch. 268
“ဟာ ဟေ့ရောင်~!”
လျှပ်စီးတစ်ချက်ပမာ လျင်မြန်သော ဘေးကန်ချက်တစ်ချက် ထွက်ပေါ်လာပြီး လီဝူကျယ်ကို ဆယ်မီတာကျော် ကန်ထုတ်လိုက်သည်။ ထိုသူမှာ နှစ်ပတ်သုံးပတ်လှိမ့်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သဲတစ်ဆုပ်ပါ ပါးစပ်ထဲဝင်သွားရ၏။
လီဝူကျယ်မှာ နာကျင်စွာ မျက်နှာရှုံ့မဲ့ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ခေါင်းတစ်ခုလုံးလည်း မူးဝေလျက်။
အသားကင်လေးစားချင်ရုံပဲကို ဆရာတပည့်ချင်းချင်း ဒီလောက်ထိလုပ်စရာ လိုလို့လား?
“ငါ မင်းနဲ့ အဲဒီလောက် ရင်းနှီးသလား? ဘယ်ကနေဘယ်လိုရောက်လာပြီး သူများအစားအစာကို လာလုစားရသလဲ? ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လဲ!” ယဲ့ကျွင်းလင်က ဝတ်ရုံလက်စကို ဖျတ်ခနဲခါလျက် အေးစက်စက်ရန်လုပ်လာသည်။
လီဝူကျယ်မှာ လုံးဝကြောင်အသွားရပြီး အချိန်အတော်ကြာမှ စကားတစ်ခွန်းကို မနည်းညှစ်ထုတ်လိုက်ရသည်။ “ဆ-ဆရာသခင်၊ ကျွန်တော်က ဆရာ့ရဲ့တတိယမြောက် တပည့်လေဗျာ၊ ဘာလို့ ကျွန်တော့်ကို မမှတ်မိရတာလဲ”
ယဲ့ကျွင်းလင်လည်း အူကြောင်ကြောင်ဖြင့် ဟုန်ချန်ယဲ့ကို အတည်ပြုသလိုလှမ်းကြည့်လိုက်ရာ ဟုန်ချန်ယဲ့က စိတ်ပျက်လက်ပျက် ခေါင်းညိတ်ပြသည်။
အခြေအနေက ရှင်းနေပြီ!
ယဲ့ကျွင်းလင် တမင်တကာ ချောင်းဆိုးလိုက်ပြီးနောက် သူ၏ တတိယမြောက် တပည့်ကျော်လေးကို ကူညီရန် အလျင်အမြန် ပြေးသွားလိုက်သည်။ ထို့နောက် ကို့ရို့ကားရားပြုံးလျက် နှစ်သိမ့်ရ၏။ “တောင်းပန်ပါတယ် ရှောင်လီရာ၊ မင်းက တော်တော်လေး ပြောင်းလဲသွားတာပဲ”
“ရပါတယ်၊ ကျွန်တော် အသားကျနေပြီ”
လီဝူကျယ်သည် ခါးသက်သက်ပြုံးကာ ပြန်ဖြေလာပြီး အရှေ့သို့လက်ညှိုးထိုးလျက် အင်မတန်မှ ယဥ်ကျေးစွာဖြင့် တိုးတိုးလေးမေးလိုက်သည်။ “ဆရာသခင်၊ အခု ကျွန်တော် စားလို့ရပြီလားဟင်”
ယဲ့ကျွင်းလင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။ “စားလို့ရပြီ"
လီဝူကျယ်တွင် အတော်လေးခွင့်လွှတ်တတ်သော စိတ်သဘောထားရှိသည်ပင်။ သူသည် အလျင်အမြန် ပြေးသွားကာ အသားကင် များစွာကို ဆွဲယူပြီး အရူးအမူး စားလိုက်ပြီးနောက် မျက်လုံးထောင့်များတွင် အပျော်မျက်ရည်များစို့လာသည်အထိ။
ယဲ့ကျွင်းလင်လည်း ဘေးတွင်အတောင့်သားရပ်နေပြီး အားပေးနေ၏။ “ရှောင်လီ၊ မင်းများနည်းနည်းလောက်ပိုနောက်ကျရင် ဆရာသခင်ဗိုက်ပြည့်နေလောက်ရောပေါ့။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ကျန်တဲ့ဟာတွေ အားလုံး မင်းအတွက်ပဲ!”
လီဝူကျယ်သည် အသားကင်စားနေခြင်းကို ခေတ္တရပ်နားလိုက်ပြီး ငိုချင်းချတော့မတတ်အသံလေးဖြင့်ပြောလာသည်။ "ဆရာသခင်က တကယ်ကိုနှစ်သိမ့်တတ်တာပဲ"
ထို့နောက်။
ရွှေရောင်သဲနာရီ မှ သဲများ ကုန်ဆုံးသွားသည်နှင့် ဤအဆင့်သည်လည်း အဆုံးသတ်ပြီဟု ဆိုလိုပေသည်။
ကွင်းပြင်ရှိ ကျင့်ကြံသူ အရေအတွက်သည် ထက်ဝက်ကျော်ခန့်ကို သိသိသာသာ လျော့နည်းသွားပြီး ပြိုင်ဆိုင်မှုကား မည်မျှ ပြင်းထန်သည်ကို မြင်နိုင်ပေသည်။
“ရှေးခေတ် မသေမျိုးတစ်ပါးရဲ့ စမ်းသပ်မှုဆိုတာ မျှော်လင့်ထားတဲ့အတိုင်းပဲ။ နောက်အဆင့်ကို ကျွန်တော် ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်”။ ယခင်အဆင့်ကို ဖြတ်ကျော်ပြီးနောက် ရွှယ်ဝူဟန် ၏ မောက်မာဝင့်ကြွားမှုမျာ လုံးပါးပါးသွားရပြီး လေးနက်စွာ ပြောလာသည်။
ထိုအချိန်၌။
ခမ်းနားပြီး သာယာသော အသံတစ်ခုက မသေမျိုးကျွန်း တစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။ “ဒီတစ်ဆင့်ရဲ့ စိန်ခေါ်မှု ပြီးဆုံးသွားပြီ။ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့ စမ်းသပ်မှု ပါဝင်သူတွေကို ဂုဏ်ယူပါတယ်။ ပထမနေရာကို ရရှိသူက မသေမျိုးပညာနဲ့ ကောင်းချီးပေးသန့်စင်ခြင်း ခံရပါမယ်!”
ရွှစ်!
ယဲ့ကျွင်းလင်အပေါ်တွင် တောက်ပသော မသေမျိုးအလင်းတစ်ခု ထွန်းလင်းလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မရေမတွက်နိုင်လောက်အောင် များပြားသော အဆင့်မြင့်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
“ဝိုး!” လူအုပ်ထဲမှ အာမေဍိတ်သံများ ထွက်ပေါ်လာသည်။
“ဒီ မသေမျိုးပညာရဲ့ ကောင်းချီးပေးခြင်းနဲ့ဆိုရင် သူ့ရဲ့ ကျင့်ကြံမှု လမ်းကြောင်းက နောင်မှာ နတ်ဘုရားတွေရဲ့ ကူညီစောင်မခြင်းခံရသလို လွယ်ကူချောမွေ့သွားလိမ့်မယ်။ အကြီးအကဲ့ယဲ့ မသေမျိုးဖြစ်ဖို့ သိပ်မလိုတော့ဘူးပဲ" ရွှယ်ဝူဟန်၏ မျက်လုံးထဲတွင် မနာလိုမှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ဤသည်မှာ ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိသော ဆုလာဘ်ဖြစ်သည်ကို သူကောင်းကောင်းသိ၏။
“သေလိုက်လေ၊ ဒီကောင် ဘယ်လို ခွေးချေးကံမျိုး ရထားတာလဲ!” ချန်ရှောင်း၏ မျက်လုံးများ နီရဲနေပြီး ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်လျက်။ သူ၏ စိတ်နှလုံးသည်လည်း မနာလိုမှုကြောင့် ရူးသွပ်လုနီးပါးပင်။
ဟုန်ချန်ယဲ့လည်း စိတ်ရှုပ်ထွေးနေသောမျက်နှာဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ရ၏။ သူသည်လည်း ဒုတိယနေရာရထားသော်ငြား ထို ပထမနေရာမှလူကသာ ကောင်းချီးပေးဆုလာဘ်ကို ရရှိခဲ့သောကြောင့် နည်းနည်းဖြစ်ဖြစ်တော့ ချဥ်သွားရသည်သာ။
တောက်ပသော မသေမျိုးအလင်း ပျောက်ကွယ်သွားသည်အထိ။
ယဲ့ကျွင်းလင်ကတော့ မျက်နှာအမူအရာ တစ်ချက်မှ မပြောင်းလဲသေးပေ။
ရိုးရိုးသားသားဆိုရလျှင် ရွှေလက်ချောင်း ပိုင်ဆိုင်ထားသော သူ့အတွက် ဤဆုလာဘ်သည် အသားကင် လောက်ပင် အသုံးမဝင်ပေ!
လီဝူကျယ်က သိချင်စိတ်ဖြင့်မေးလာသည်။။ “ဆရာသခင်၊ မပျော်ဘူးလား”။
လူတိုင်းလည်း အလွန်ထူးဆန်းသည်ဟု ခံစားရသည်။ ဤကဲ့သို့သော ဆုလာဘ်မျိုးမှာ အပြင်လောကတွင်ဆိုလျှင် ကောင်းကင်ပြိုလဲကာ၊ မြေကြီးကွဲအက်ပြီး သွေးချောင်းစီးစေသော မသေမျိုးစစ်ပွဲ တစ်ခုကို ဖြစ်စေမှာ သေချာသည်။ သို့သော် အကြီးအကဲယဲ့က တုံ့ပြန်မှုတစ်ခုပင် ရှိမလာခဲ့ပေ။
“ဟားဟား၊ ငါ အရမ်းပျော်တာပေါ့” ယဲ့ကျွင်းလင် လက်များကိုမိုးပေါ်သို့မြှောက်ကာ ပျော်ချင်ယောင်ဆောင်ပြလိုက်ရ၏။
လူတိုင်းအံ့သြသွားရသည်။
သရုပ်ဆောင်ညံ့လိုက်တာနော်။
လျိုဟွမ်းရှုလည်း မျက်နှာကြီးတစ်ခုလုံးမည်းမှောင်ကာ အစော်ကားခံရသည်ဟု ခံစားရ၏။
မသေမျိုးပညာဖြင့် ကောင်းချီးပေးခံရခြင်းမှာ ခွင်းလွင်နယ်မြေ၏ ရွှေခေတ်တုန်းကပင် အလွန်တန်ဖိုးရှိသော အကျိုးကျေးဇူးတစ်ခုဖြစ်ကာ ကောင်းကင်ဘုံ၏ဆုလာဘ်ဟုပင် သတ်မှတ်ခံခဲ့ရသည်သာ။ မသေမျိုးဧကရာဇ်များ၏ မျိုးဆက်များပင် ထိုကောင်းချီးကိုလက်ခံရယူဖို့ မရေမတွက်နိုင်အောင် တန်းစီကြပေမည်။ ကျင့်ကြံရေးလမ်းတစ်လျှောက်လုံး လွန်စွာအကျိုးပြုနိုင်သော ဆုလာဘ်မျိုးပါပေ။
သို့သော် ဤတစ်ယောက်က အတော်လေးပေါ့ပေါ့တန်တန် သဘောထားလိုက်သည်လား?
စိတ်လှုပ်ရှားစွာ အော်ဟစ်ခြင်း၊ မျက်ရည်ကျခြင်း၊ သို့မဟုတ် ပျော်ရွှင်စွာ မြေပြင်ပေါ် လူးလှိမ့်ခြင်းကဲ့သို့ ချဲ့ကားသော တုံ့ပြန်မှုမျိုးကို မပြသလျှင်တောင် အနည်းဆုံး ကျေးဇူးတင်သော တုံ့ပြန်မှုမျိုးတော့ ပြသင့်သည် မဟုတ်လား?
အခု မင်းလုပ်နိုင်သမျှက ဒါပဲလား? ဟမ်?
လျိုဟွမ်းရှု စေတနာကို အလဟဿ ဖြစ်သွားစေသကဲ့သို့ ရုတ်တရက် ခံစားရ၏။
ခဏအကြာတွင်။
လူတိုင်း၏ ခေါင်းပေါ်တွင် ခမ်းနားသော အသံတစ်သံ တစ်ဖန် ထွက်ပေါ်လာသည်။ “အခု၊ ဒုတိယအဆင့် စိန်ခေါ်မှုကို စတင်ပါပြီ။ စမ်းသပ်မှု ပါဝင်သူများ ကျေးဇူးပြု၍ နောက်တစ်နေရာသို့ ဆက်သွားကြပါ”
ရှေ့ရှိ ကျယ်ပြန့်သော တောင်နံရံသည် နောက်တစ်ကြိမ် အက်ကွဲသွားပြီး ဘေးနှစ်ဖက်သို့ ရွေ့လျားသွားသည်။ မီးခိုးလုံးများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေ၏။
လူတိုင်းသည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ လျှောက်သွားကြပြီး ဤတစ်ကြိမ်တွင် မည်သို့သော ထူးဆန်းသည့် စိန်ခေါ်မှု ဖြစ်မည်နည်းဟု တွေးမိနေကြသည်။
လီဝူကျယ်လည်း လက်ထဲမှ နောက်ဆုံးလက်ကျန် အသားကင် အနည်းငယ်ကို ကိုက်ဝါးရင်း လျှောက်သွားသည်။ အရှေ့မှ မြင်ကွင်းကို မြင်သောအခါ သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။
“ဒါ… ဒါက…” ဟုန်ချန်ယဲ့၏ ဦးရေပြားသည်လည်း ထုံကျင်သွားရပြီး မရေမရာ အာမေဋိတ်ပြုလိုက်မိ၏။
“ဟင်?” သုံးဦးစလုံး၏ အလယ်တွင်ရှိသော ယဲ့ကျွင်းလင်သည်ပင် ခြေလှမ်းများကို တုံ့ခနဲရပ်လိုက်မိသည်အထိ။ ထူထဲခိုင်မာသော တုတ်ချောင်းသဏ္ဍာန် စွမ်းအင်ကိုယ်ထည်ကြီးများက သူ့မျက်လုံးထက် ထင်ဟပ်သွားကာ သူလည်း အတွေးထဲနစ်မျောသွားရတော့လေသည်။