← Chapters

နေရာ

Vol. 017 Ch. 1676

နေရာ

Vol. 017 Ch. 1676

ကောင်းကင်ပြက္ခဒိန် ၁၀၀၃၆ခုနစ်၏ ပထမဆုံးသော နေ့ရက်တွင် ဗဟိုအင်ပါယာဘုံ၏မြောက်ပိုင်းဒေသသည် အလွန်စည်ကားသိုက်မြိုက်နေ၏။ အထူးသဖြင့် မြောက်ပိုင်းဒေသမှ ရှောင်မိသားစုဖြစ်ပေသည်။ ရပ်နီးရပ်ဝေးမှ အင်အားစုများစွာတို့သည် ရှောင်မိသားစုရှိနေရာသို့ ရောက်လာနေကြသည်။

ဗဟိုအင်ပါယာဘုံမှ အင်အားကြီးအဖွဲ့အစည်းများသည် သူတို့၏စွမ်းအားမြင့်တန်ခိုးရှင်များကို ဂုဏ်ပြုပွဲသို့ တက်ရောက်စေခဲ့၏။

ရှောင်ကလန်သည် မကြာခင် နတ်သမီးဘွဲ့ကို တစ်စုံတစ်ယောက်အား အပ်နှင်းတော့မည်ဖြစ်သည်။ မြောက်ပိုင်းဒေသကို အုပ်စိုးသော ရှောင်မိသားစုသည် မကြာခင် ဆက်ခံသူအား ရွေးချယ်တော့မည်။

လှုပ်ခတ်မှုက မည်မျှ ကြီးမားသည်ကို ခန့်မှန်းနိုင်သည်။ မြောက်ပိုင်းဒေသမှ အင်အားကြီးကလန်များအားလုံး ရောက်နေကြသည်။ မည်သို့ဆိုစေ ရှောင်ကလန်သည် မြောက်ပိုင်းဒေသ၏အုပ်စိုးသူ မဟုတ်ပါလား။

ယခုတွင် အင်အားစုများမှ စွမ်းအားမြင့်တန်ခိုးရှင်များအားလုံး ရှောင်ကလန်ခြံဝင်း၏အပြင်သို့ ရောက်နေပြီဖြစ်သည်။

ခြံဝင်းအပြင်ဘက်၌ စုဝေးကာ ပြောဆိုဆွေးနွေးသူများစွာတို့လည်း ရှိနေသည်။

“ကောလာဟလတွေအရ နတ်သမီးဘွဲ့ကို ဆက်ခံမယ့်လူက ရှောင်မုယွီပဲ”

“ရှောင်မုယွီကို ငါတစ်ခါ တွေ့ဖူးတယ်။ သူမက ပါရမီရှင်ဆိုပေမယ့် ရှောင်ကလန်မျိုးဆက်တစ်ခုလုံးကို အပြတ်အသတ် သာလွန်နေတာတော့ မဟုတ်ဘူး။ ပြီးတော့ သူမက အက်ကြောင်းမဲ့ဝင်ရိုးကို နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ မဟုတ်ဘဲ အပြင်မှာ ဖွဲ့စည်းခဲ့တယ်။ ဒါက အံ့အားသင့်စရာပဲ” တစ်ယောက်က ပြောသည်။

“သူမက နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ နားလည်သဘောပေါက်ပြီးမှ အပြင်မှာ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခဲ့တာလည်း ဖြစ်နိုင်တာပဲ” တစ်ယောက်က ခန့်မှန်းသည်။ ရှောင်မုယွီအား လမ်းညွန်ပြသပေးသူရှိကြောင်း သိသူ သိပ်မများပေ။

ထိုအခိုက်တွင် ရှောင်ကလန်ခြံဝင်းအပြင်သို့ လူတစ်စု ဆင်းသက်လာသည်။

“နတ်ဘုရားမာန်ဟုန်ကျောင်းတော်က လာရောက်ပါတယ်” အသံတစ်သံက ကြေညာသည်။ လူအများအပြားက သူတို့အား ဦးညွတ်နှုတ်ဆက်ကြသည်။

နတ်ဘုရားမာန်ဟုန်ကျောင်းတော်ကား ဗဟိုအင်ပါယာဘုံ၏နာမည်ကျော် ကျောင်းတော်တစ်ခုဖြစ်သည်။

ရှန်းကလန်၊ ကောင်းကင်မျှော်စင်ကျောင်းတော်နှင့် နန်ထျန်းနတ်ပြည်ထောင်တို့ကဲ့သို့ ထိပ်သီးအင်အားစုများလည်း ရောက်လာကြ၏။ ထိပ်သီးအင်အားစုများအားလုံး တဖွဲဖွဲရောက်လာနေကြသည်။

သို့သော်လည်း ထိုအဖြစ်အပျက်များမှာ နတ်သမီးနန်းတော်အတွင်းရှိသော ရီဖူရှင်းအား သိပ်မသက်ရောက်ပေ။ မည်သို့ဆိုစေ ရှောင်ကလန်ခြံဝင်းကား ကြီးမားလွန်းပေသည်။ လှုပ်ရှားမှုအရိပ်အယောင်များကို ရီဖူရှင်းက အနည်းငယ်မျှသာ ရိပ်မိပေသည်။

“ဆရာ...” ထိုအခိုက်တွင် ရှောင်မုယွီ သူ့ဘေးနားသို့ ရောက်လာ၏။

ရှောင်မုယွီကား ယနေ့တွင် ပိုလှနေသည်။ အနက်ရောင်ဝတ်စုံ၊ သရဖူတို့ဖြင့် သူမသည် နတ်သမီးတစ်ပါးအလား တင့်တယ်နေ၏။ သူမထံမှ ဘုရင်မတစ်ပါး၏အငွေ့အသက်များလည်း ထွက်ပေါ်နေ၏။

“ဆရာက ဘာကို ကြည့်နေတာလဲ...” ရီဖူရှင်း၏အကြည့်ကို ခံစားမိကာ ရှောင်မုယွီက မေးသည်။

“ငါ့သမီးရဲ့လက်ထပ်ပွဲလိုမျိုး ဘာလို့ ခံစားနေရတာလဲ” ရီဖူရှင်းက ပြုံးသည်။

ရှောင်မုယွီကား ဆွံ့အရသည်။

“ဒါက ဘယ်လိုခံစားချက်မျိုးလဲ...” ရှောင်မုယွီက ပြုံးလျှက်မေးသည်။

“ဒီလို လှတဲ့ တပည့်မကို နောက်တစ်ယောက်နဲ့ပေးစားလိုက်ရမှာ ငါတစ်ကယ် စိုးရိမ်တယ်။ မင်း လက်ထပ်သွားရင် ငါ့ကို ဘယ်သူ နှိပ်ပေးဦးမလဲ” ရီဖူရှင်းက ပြောသည် “ဒါပေမဲ့ ငါ့တပည့် နတ်သမီးဘွဲ့ကို လက်ခံရတော့မှာဆိုတော့ ဒါက ပျော်စရာပါပဲ”

ရီဖူရှင်း၏အပြောအဆို အပြုအမူများနှင့် ရှောင်မုယွီ အသားကျနေပြီဖြစ်သည်။ သူမက ပြောသည် “ဆရာ... မုယွီ ပြင်ဆင်စရာ ရှိသေးတယ်။ ဆရာ့ရဲ့အဝတ်အစားကို သူတို့လာလဲပေးလိမ့်မယ်”

“အဝတ်အစားလဲမယ်...” ရီဖူရှင်းက ရှောင်မုယွီ၏နောက်မှ အစေခံမိန်းကလေးများကို ကြည့်သည်။

“ဟုတ်တယ်... ရှောင်ကလန် နတ်သမီးရဲ့ဆရာက အခန်းအနားမှာ အရေးကြီးတဲ့နေရာမှာ ထိုင်ရမှာ။ ဆရာက သာမန်လိုဝတ်စားလို့ မရဘူး” ရှောင်မုယွီက ပြုံးသည်။

ရီဖူရှင်းကား အံ့အားသင့်ရသည်။ ထိပ်သီးအင်အားစုများနှင့် ရှောင်ကလန်၏အရေးကြီးပုဂ္ဂိုလ်များကြားထဲတွင် ပထမအဆင့်နတ်ဝင်ရိုးပိုင်ရှင် မိမိက အရေးကြီးနေရာတွင် ထိုင်သင့်ပါသလော။

သို့သော်လည်း ရှောင်ကလန် နတ်သမီး၏ဆရာ ဖြစ်နေသည့်အတွက် သိပ်တော့ မထူးဆန်းပေ။

ကျင့်ကြံခြင်းလောကတွင် ဆရာဟူသည် မိဘနှင့် တန်းတူသော အဆင့်အတန်းဖြစ်သည်။

“ငါက သိုသိုသိပ်သိပ် နေချင်လို့တောင် မရပါလား...” ရီဖူရှင်း သက်ပြင်းချသည်။

ရှောင်မုယွီက သူ့အား ဆွံ့အစွာ ကြည့်သည် “ဒါဆို ဆရာက ပိုပြီးတော့ ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်သင့်တယ်”

“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက သူမ၏တောင်းဆိုမှုကို မငြင်းပယ်တော့။ သူက ပြောသည် “ဒါဆို တစ်လောကလုံးက အမျိုးသမီးတွေ ငါ့ကိုပဲ ကြည့်နေကြတော့မှာပဲ”

“ဆရာကတော်... ဆရာ့ကို ကြည့်ထိန်းပေးပါဦး...” ရှောင်မုယွီကား ပြောစရာ ရှာမရတော့။ သူမက ဘေးမှ ရှားရှင်းယွန်ကို ကြည့်သည်။

ရှားရှင်းယွန် မှင်တက်သွားသည်။ သူမက ရီဖူရှင်းကို ကြည့်လျှင် ရီဖူရှင်းက ရှောင်မုယွီကို ကပျာကယာပြောသည် “ပေါက်ကရတွေ ပြောမနေနဲ့... အမြန်သွားတော့...”

“အင်း...” ရှောင်မုယွီ ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

ရီဖူရှင်းက ထွက်ခွာသွားသော ရှောင်မုယွီကို ကြည့်ကာ တီးတိုးပြောသည် “အရင်က တပည့်လက်ခံတာ အရမ်းစိတ်ရှုပ်ရမယ်လို့ ထင်ခဲ့တယ်။ ဒီလိုသာ စိတ်ချမ်းသာရမယ်ဆိုရင် အယောက်တစ်ရာလောက် လက်ခံရင်လည်း မမှားဘူး”

“နင်ပြောတာ မိန်းကလေးတပည့်တွေကိုပဲမလား” ရှားရှင်းယွန်က ပြောသည်။

“သေချာတာပေါ့...” ရီဖူရှင်းက ပြုံးသည်။ ရှောင်မုယွီ၏အစေခံများအားလုံး ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။ နတ်သမီး၏ဆရာမှာ အနည်းငယ် မသင့်တော်သော အတွေးများ ရှိဟန်ရ၏။

ရီဖူရှင်းသည် ငယ်ရွယ်ပုံပေါ်သော်လည်း သူ၏တကယ့်အသက်မှာ ရာကျော်နေပြီဟု သူတို့ တွေးထင်ကြသည်။

မဟုတ်လျှင် သူက မည်သို့ နတ်သမီး၏ဆရာ ဖြစ်မည်နည်း။

သူတို့၏အတွေးများကိုသာ သိလျှင် ရီဖူရှင်းက ထိုအစေခံမိန်းကလေးများအားလုံးကို ရိုက်ထုတ်လိုက်ပေလိမ့်မည်။

ရှောင်ကလန်၏ပင်မခန်းမသည် ကောင်းကင်ထက်တွင် တည်ရှိသည်။ နန်းတော်၏ထည်ဝါခန့်ညားမှုကို ပြောနေစရာ မလိုပေ။

ပင်မခန်းမ၏အပြင်ဘက်တွင်ကား ကွင်းပြင်ကြီး ရှိသည်။

ထိုအခိုက်တွင် များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များသည် ရင်ပြင်၌ ရှိနေကြ၏။ ရင်ပြင်ကို အဆင့်ငယ်များဖြင့် ခွဲခြားထားကာ အင်အားစုအသီးသီးတို့ကိုသည် သီးသန့်အစုများအနေဖြင့် ရှိနေကြ၏။

ရှောင်ကလန်မှ လူများသည် ဧည့်သည်များကို ဧည့်ခံနေကြ၏။ မြောက်ပိုင်းဒေသမှ အင်အားစုများကို ဂျူနီယာများက ဧည့်ခံပြီး တခြားသော အင်အားကြီးကလန်များကိုမူ အကြီးအကဲများက ဧည့်ခံကြ၏။

ရီဖူရှင်းသည် ရင်ပြင်တစ်လျှောက် တက်လှမ်းလာသည်။ ထိုအခိုက်တွင် သူသည် အဖြူရောင်ရတနာဝတ်စုံကို သပ်ယပ်စွာ ဝတ်ဆင်ထားသည်။ ရှောင်ကလန်က သူ့အတွက် အထူးတလေ ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ဝတ်စုံက သူ့အား ပိုမိုခန့်ညားချောမောစေကာ ထည်ဝါသော အငွေ့အသက်များ ရစေသည်။ နေရောင်အောက်တွင် ဝတ်စုံသည် ထူးခြားသန့်စင်သော အရောင်အဝါကို ပေးကာ တည်ငြိမ်အေးဆေးသော သူ၏ဟန်ပင်ဖြင့် အလွန်လိုက်ဖက်လှသည်။

ထိုအဖြစ်က ရီဖူရှင်းအား လူအများ၏အာရုံစိုက်မှုကို ရရှိစေသည်။ သူ၏သွင်ပြင်ကို ကြည့်သည်နှင့် ရီဖူရှင်းသည် ထူးခြားသာလွန်သူဖြစ်ကြောင်း သိသာစေသည်။ မိန်းကလေးများသည် သူ့အား အကြိမ်ကြိမ် ခိုးကြည့်ကြရသည်။

“ရီဖူရှင်း...” ထိုအခိုက်တွင် လူတစ်ယောက် ရီဖူရှင်းအနီးကို ရောက်လာသည်။

ရီဖူရှင်းကလည်း သူ့အား သတိထားမိကာ ပြုံးလျှက်ပြောသည် “မင်း ဘာတွေ လုပ်နေလဲ...”

ထိုသူကား ယွင်ယန်ကလန်မှ ယွင်ဟောင်ဖြစ်သည်။ သူကား ရန်ဟောင်အဆင့်သို့ တက်လှမ်းပြီးဖြစ်သည်။ သူတို့သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် အချင်းချင်း ပူးပေါင်းခဲ့ကြ၏။ ထို့နောက်တွင် ယွင်ဟောင်သည် သူ၏ကလန်ထံသို့ ပြန်ကာ အဆင့်တက်ခဲ့၏။

“မင်းက ရှောင်မုယွီရဲ့ ဆရာဖြစ်လာတယ်ဆို။ အဲဒါ မှန်ရဲ့လား” ယွင်ဟောင်က မေးသည်။ သူ၏မိသားစုက ထိုသတင်းကို ရခဲ့၏။ ထို့ကြောင့်သူသည် ရီဖူရှင်းကို တွေ့တွေ့ချင်း မေးမြန်းခြင်းဖြစ်သည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်၏။

ယွင်ဟောင်က သူ့အား ထူးဆန်းစွာ ကြည့်သည်။ ဆိုလိုသည်က ရှောင်မုယွီ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခြင်းမှာ ရီဖူရှင်း၏အကူအညီကြောင့်လား။

နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ သူသည် ရီဖူရှင်း၏လျှို့ဝှက်ချက်ကို မသိခဲ့ပေ။

“ငါ့ကို အမှန်ပြော။ မင်း ရှောင်မုယွီကို အက်ကြောင်းမဲ့ဝင်ရိုး ဖွဲ့စည်းဖို့ ကူညီပေးခဲ့လား” ယွင်ဟောင်က တီးတိုးမေးသည်။

“ငါနည်းနည်း ကူညီခဲ့တယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ယွင်ဟောင်က သူ့အား မယုံသလို ကြည့်သည်။

“မင်း ငါ့ကို ဘာလို့ မပြောခဲ့တာလဲ” ယွင်ဟောင်က စိတ်ပျက်လက်ပျက်ပြောသည်။ သူကား အက်ကြောင်းမဲ့ဝင်ရိုးကို မဖွဲ့စည်းနိုင်ခဲ့ပေ။

“မင်းမှ မမေးခဲ့တာ...” ရီဖူရှင်းက ပြန်ပြောသည်။ ရီဖူရှင်းက ယွင်ယန်ကလန်သို့ သွားကာ ယွင်ဟောင်အား တပည့်အဖြစ် လက်ခံမည်ဟု ပြော၍ မရပေ။ သူတို့က သူ့အား မသတ်လျှင် ကံကောင်း၏။

ရှောင်မုယွီက သူ့ထံသို့ ကိုယ်တိုင်ရောက်လာကာ အကူအညီမတောင်းခဲ့လျှင် ရီဖူရှင်းက သူမအား တပည့်အဖြစ် လက်ခံရန် စဉ်းစားခဲ့မည် မဟုတ်ပေ။

ဤကား ရေစက်ဖြစ်သည်။

ယွင်ဟောင်က မသက်မသာ ပြုံးလိုက်သည်။ ဆိုလိုသည်က သူသည် အခွင့်အလမ်းတစ်ခုကို လွဲချော်ခဲ့သည်လား။

“မင်းတို့ကလန်မှာ မင်းနဲ့ရွယ်တူ မိန်းကလေးရှိလား။ ငါက သူ့ကို တပည့်အဖြစ် လက်ခံလို့ရတယ်” ရီဖူရှင်းက ပြောသည်။

“ဘာလို့ မိန်းကလေးလဲ” ယွင်ဟောင်က မေးသည်။

“အဟမ်း... မိန်းကလေးတွေက ပိုပြီး လိမ္မာတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ယွင်ဟောင်၏မျက်နှာက နက်မှောင်သွား၏။ ရီဖူရှင်းကား အရှက်မရှိပေ။

သူက မိန်းကလေးများကိုသာ တပည့်အဖြစ် လက်ခံသည်လား။

“မင်း အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့နိုင်တာ သေချာလား” ရီဖူရှင်း၏အရှက်မရှိမှုကို ခံစားမိသော်လည်း သူသည် အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ကြောင်း သူလက်ခံရသည်။

“သေချာတာပေါ့” ရီဖူရှင်းက ပြောသည်။

“ဆိုလိုတာက မင်းဟာ တပည့်လက်ခံဖို့ပဲ တာဝန်ရှိပြီးတော့ ရလဒ်ကို မတွက်ဘူးပေါ့” ယွင်ဟောင်က ပြောသည်။

“မင်းရဲ့အတွေးတွေက မသင့်တော်ဘူး။ အဲဒါတွေ ပြောင်းလဲပြီးမှ ငါ့ကို ပြန်လာပြော” ရီဖူရှင်းက ယွင်ဟောင်၏ပုခုံးကို ပုတ်ကာ ရှေ့ကို ဆက်လျှောက်သွားသည်။

ယွင်ဟောင်က ရီဖူရှင်း၏နောက်ကျောကို ကြည့်ကာ ဆွံ့အရသည်။ သူက ပြောင်းပြန်လာပြောနေသည်။

“ယွင်ဟောင်... မင်း သူနဲ့ သိတာလား” ဘေးမှ အကြီးအကဲတစ်ယောက်က မေးသည်။

“နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ သူနဲ့ပူးပေါင်းခဲ့တယ်။ ကျွန်တော်တို့ အချင်းချင်း ရင်းနှီးတယ် ပြောရမယ်” ယွင်ဟောင်က ပြောသည်။

“သူ အားလပ်တဲ့အခါ ငါတို့ ယွင်ယန်ကလန်ကို ဖိတ်ခေါ်လိုက်လေ။ သူနဲ့ ဆက်ဆံရေးကောင်းရှိတာ ကောင်းတဲ့ကိစ္စပဲ” အကြီးအကဲက ပြောသည်။ ရှောင်မုယွီ၏အက်ကြောင်းမဲ့ဝင်ရိုးကိစ္စမှာ ယုံကြည်ရန် ခက်ခဲသော်လည်း ရီဖူရှင်းက တစ်နည်းနည်းဖြင့် ကူညီခဲ့သည်ကတော့ သေချာသည်။ အနည်းဆုံး ရီဖူရှင်းတွင် အလွန်ကောင်းမွန်သော အနာဂတ်ရှိ၏။

“နားလည်ပါပြီ” ယွင်ဟောင်က ခေါင်းညိတ်သည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် နာမည်ကျော်ကြားလာသော လူငယ်သည် ယခု ထိပ်သီးအင်အားစုများကပင် စတင် သတိပြုမိလာကြပေသည်။

နတ်ဘုရားမာန်ဟုန်ကျောင်းတော်၊ ကောင်းကင်မျှော်စင်ကျောင်းတော်နှင့် ရှန်းကလန်တို့သည်လည်း ရီဖူရှင်းကို သတိပြုမိကြ၏။ နတ်ဘုရားအကြွင်းအကျန်နယ်မြေကို ဝင်ရောက်စဉ်က လူအများအပြား အခန်းအနားကို တက်ရောက်ကြပေသည်။ သူတို့အားလုံး ရီဖူရှင်းကို သိကြ၏။

ထိုအခိုက်တွင် လူအများအပြားက ကောင်းကင်နန်းတော်၏ပင်မခန်းမထံသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် နန်းတော်ရင်ပြင်သို့ ထွက်လာသော လူအများအပြားကို မြင်ကြသည်။

ရှောင်ကလန်၏အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ထိုနေရာသို့ ရောက်လာကြသည်။ ရှောင်ချိန်ရှမ်းလည်း ထိုနေရာတွင် ရှိနေသည်။ နောက်ထပ်လူတစ်စုလည်း သူတို့ဘေးတွင် ရှိနေသည်။

တစ်စုံတစ်ယောက်က ရီဖူရှင်းအား ထိုနေရာသို့ ခေါ်သွားသည်။ ရီဖူရှင်းအားမြင်သည်တွင် ရှောင်ချိန်ရှမ်းက လှမ်းပြောသည် “မိတ်ဆွေလေးရီ... ဒီကိုလာခဲ့...”

ရီဖူရှင်း သူ့ထံသို့ လျှောက်သွားခဲ့သည်။ အားလုံး၏အကြည့်အောက်တွင် ရှောင်ချိန်ရှမ်းသည် ရီဖူရှင်းအား ညာဘက်အခြမ်း၏အမြင့်ဆုံးသော နေရာသို့ ခေါ်သွားသည်။ ရှောင်ကလန်မှ တခြားလူများမှာလည်း ထိုအစီအစဉ်ကို လက်ခံကြဟန်ရသည်။ သူတို့အားလုံး သည်မတိုင်ခင် ဆွေးနွေးထားပြီးဖြစ်သည်မှာ သေချာ၏။

ရီဖူရှင်း၏တခြားတစ်ဘက်တွင် အမြင့်ဆုံးသော နေရာ၌ ထိုင်နေသူမှာ ရှောင်ကလန်၏အကြီးအကဲချုပ်ဖြစ်သည်။

“ဒါ...”

ယွင်ဟောင်အပါအဝင် အားလုံး အံ့အားသင့်နေကြ၏။

ဤသည်က မည်သို့သော အရေးပေးမှုနည်း။

အင်အားစုများအားလုံးမှာ မယုံကြည်နိုင်ဖြစ်ရသည်။ ရီဖူရှင်းသည် နတ်သမီး၏ဆရာဖြစ်သည်မှာ သေချာ၏။ သို့သော်လည်း သူသည် အဆင့်မြင့်ရန်ဟောင်တစ်ပါးဖြစ်မှသာလျှင် ဤသို့သော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်သင့်ပေသည်။

သို့သော်လည်း သူသည်ကား အဆင့်နိမ့်ရန်ဟောင်တစ်ပါးသာဖြစ်သည်။

“အဲဒီလူငယ်က ဘယ်သူလဲ” မြောက်ပိုင်းဒေသမှ အင်အားစုများအားလုံးသည် စိတ်လှုပ်ရှားခြင်းကြီးစွာ ခံစားနေရသည်။ သူတို့အားလုံးက ရီဖူရှင်းနှင်ပတ်သက်၍ စတင်မေးမြန်းစုံစမ်းကြ၏။

***

All Chapters