အခန်း (၄၇၀)
Vol. 32 Ch. 470
လီရွှမ်၏အတွေးများ ပျံ့နှံ့နေချိန်တွင် ကောင်းကင်ထက်မှ မိုးကြိုးကပ်ဘေးက နောက်ဆုံးအချိန်သို့ ရောက်နေခဲ့ချေပြီ။
မိုးခြိမ်းသံများ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လျှပ်စီးပင်လယ်ကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ထက်တွင် ခရမ်းရောင်နှင့်ရွှေရောင် ရောစပ်ကာ တောက်ပနေသည့် မှော်ဆေးလုံးတစ်လုံးသာ ကျန်ခဲ့၏။
၎င်းက တဖြည်းဖြည်း အောက်သို့ကျဆင်းလာပြီး ရွှမ်ယီ၏ လက်ဖဝါးအတွင်းသို့ ရောက်သွားခဲ့သည်။
“ ဒီတစ်ကြိမ် ဆေးလုံးသန့်စင်မှုက ငါမှန်းထားတာထက်ပိုပြီး အကျိုးအမြတ်တွေ ရခဲ့တာပဲ…”
ရွှမ်ယီ မိမိ၏ခန္ဓာကိုယ်အား စစ်ဆေးကြည့်လိုက်လျှင် သူ၏အသိစိတ်ပင်လယ်က ကျန်းပေါင်းထောင်နှင့်ချီ ကျယ်ပြန့်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းအားမြင်လျှင် ရွှမ်ယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မှော်ဆေးပညာရှင်တစ်ဦး၏ ခွန်အားတိုးတက်လာမှုက ၎င်း၏ ဆေးလုံးသန့်စင်ခြင်းအပေါ်၌ အခြေခံနေသည်။
သူ ဤ အဆင့် (၇) ဆေးလုံးအား သန့်စင်သည်မှာ တစ်လပင် မပြည့်သေးချေ။
သို့သော် ထိုအချိန်တွင် သူစုဆောင်းရရှိခဲ့သော နတ်အသိစွမ်းအားပမာဏက သုံးလခန့် တံခါးပိတ်ကျင့်ကြံသည့် ရလဒ်ထက် များစွာပိုနေခဲ့သည်။
လီရွှမ်နှင့် ကျန်အင်ပါယာအဆင့်ကျင့်ကြံသူများ ရွှမ်ယီထွက်ပေါ်လာသည်အား မြင်လိုက်ရသည်နှင့် လေးစားသောအမူအရာများ ထုတ်ဖော်လိုက်ကြသည်။
အထူးသဖြင့် လီရွှမ်ဖြစ်၏။ သူ၏မျက်ဝန်းများထဲ၌ ထိတ်လန့်မှု အရိပ်အယောင်များပင် စွန်းထင်းနေခဲ့သည်။
သူက ရွှမ်ယီ ဆေးလုံးဖော်စပ်ခြင်းနှင့် ပတ်သက်၍ ယုံကြည်ချက်ရှိနေခဲ့သော်လည်း အမှန်တကယ်တွင် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေဆဲပင်။
ရွှမ်ယီက လီရွှမ်၏စိတ်အတွင်းမှ ပူပန်မှုများအား သတိပြုမိလိုက်ပြီး ပြုံးပြလိုက်ကာ နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးအား လီရွှမ်ထံသို့ ကမ်းပေးလိုက်သည်။
“ ကံကောင်းထောက်မစွာနဲ့ ဘာအမှားအယွင်းမှ ဖြစ်မသွားခဲ့ဘူး… ဒီဆေးလုံးကို လီလန်ကို ပေးပြီး သောက်ခိုင်းလိုက်ပါ… ကိစ္စတွေအားလုံး (၁၀)ရက်အတွင်း အပြီးသတ်ရမယ်…”
အဆင့်(၇) ဆေးလုံးဖြစ်သော နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးအား သန့်စင်ရန် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော လီလန်အတွက် ကြိုးစားအားထုတ်မှုများစွာ လိုအပ်ပေလိမ့်မည်။
ရွှမ်ယီက လီရွှမ်ထံသို့ နှစ်သွယ်ပြောင်းလဲခြင်းဆေးလုံးအား ပေးအပ်ခဲ့ပြီးနောက် ရူးသွပ်ခြင်းဓားဂိုဏ်းနှင့် ပတ်သက်သော ကိစ္စများအား စုံစမ်းပေးရန် လီရွှမ်ထံသို့ အကူအညီတောင်းလိုက်သည်။
ထို့နောက် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ ထွက်လာခဲ့ပြီး မြင့်မြတ်ခြင်းမူလ စုဝေးပွဲနေရာသို့ ရောက်လာခဲ့၏။
မြင့်မြတ်ခြင်းမူလ စုဝေးပွဲက သူရောက်ရှိလာတုန်းကကဲ့သို့ စည်ကားနေဆဲပင်။
ကျင့်ကြံသူပေါင်းများစွာ စုဝေးရောက်ရှိနေခဲ့ကြပြီး လမ်းတစ်လျှောက်တွင် လှပစွာ အလှဆင်ထားသည့် အမျိုးမျိုးသောဆိုင်များလည်း ရှိနေခဲ့သည်။
ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများနှင့် အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူများပင်လျှင် မြင့်မြတ်ခြင်းမူလ စုဝေးပွဲနေရာ၏ ဆွဲဆောင်ခြင်းကို တွန်းလှန်နိုင်ခြင်းမရှိပေ။
သို့သော် ထိုအရာအားလုံးက ရွှမ်ယီအတွက် စိတ်၀င်စားစရာမရှိချေ။
သူ့ရည်ရွယ်ချက်က အလွန်ရိုးစင်းပြီး မြင့်မြတ်ခြင်းမူလ စုဝေးပွဲ အရှေ့မြောက်အရပ်သို့ ဦးတည်လျှောက်လာခဲ့သည်။
ထိုနေရာက သတင်းအချက်အလက်များကို အဓိကထား ရောင်း၀ယ်ရာ နေရာဖြစ်၏။
ရွှမ်ယီ ထိုနေရာသို့ ရောက်သည်နှင့် လီရွှမ်၏ အဆိုပြုချက်အတိုင်း မြင့်မြတ်ခြင်းမူလ လေလံစံအိမ် တံဆိပ်ပြား ထုတ်ပြလိုက်လျှင် နာမည်ကြီး သတင်းကုန်သည်များ ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။
သို့သော် ရွှမ်ယီ၏ မေးခွန်းက သူတို့အားလုံးကို အံ့အားသင့်သွားစေခဲ့၏
တောင်းပိုင်းကောင်းကင်တံခါး လက်အောက်မှ မြင့်မြတ်ခြင်းမူလ စုဝေးပွဲ၌ သတင်းရောင်း၀ယ်နိုင်သူများအနေဖြင့် ၎င်းတို့ ကွန်ယက်က တောင်းပိုင်းနယ်မြေတစ်ခုတည်း၌ ကန့်သတ်မထားပေ။
နတ်ဆိုးများ အုပ်စိုးရာဒေသဖြစ်သော အနောက်ပိုင်းကန္တာရ၌ပင် ၎င်းတို့ သူလျှိုများရှိ၏။
သို့သော် ရွှမ်ယီမေးသော ရူးသွပ်ခြင်းဓားဂိုဏ်းနှင့်ပတ်သက်ပြီး သူတို့ တစ်ခါမှ မကြားဖူးကြချေ။
ရွှမ်ယီအနေဖြင့် ထိုရလဒ်အား ကြိုတင် မှန်းဆထားခဲ့ပြီးသားပင်။
အစပိုင်းတွင် သူ့အနေဖြင့် ရူးသွပ်ခြင်းဓားဂိုဏ်းအား အရှေ့ပိုင်းတိုက်ကြီး၌ အင်အားအသင့်အတင့်ရှိသော အင်အားစုတစ်ခုအဖြစ် ယူဆထားခဲ့၏။
သိုသော် အရှေ့ပိုင်းတိုက်ကြီးသို့ ရောက်လာပြီး မြင့်မြတ်နယ်မြေများ ( မဟာအင်အားစုကြီးများ) နှင့် ထိတွေ့ပြီးချိန်၌ ရူးသွပ်ခြင်းဓားဂိုဏ်းက ဘာမှမဟုတ်ကြောင်း နားလည်သွားခဲ့သည်။
အင်ပါယာအဆင့်ကျင့်ကြံသူပင်မရှိသော ထိုဂိုဏ်းလေးက အရှေ့ပိုင်းတိုက်ကြီး၌ ပုရွက်ဆိတ် တစ်ကောင်ထက် နည်းနည်းသာ ကြီးပေသည်။
ရွှမ်ယီ အဆင့်မြင့် သတင်းကုန်သည်များအား နှုတ်ဆက်ခဲ့ပြီး အလယ်အလတ်နှင့် အသေးစား သတင်းကုန်သည်များ စတင်ရှာဖွေတော့၏။
လက်ရှိအချိန်တွင် သူက မြင့်မြတ်ခြင်းမူလ စုဝေးပွဲ၌ အလွန်နာမည်ကြီးသူတစ်ဦး ဖြစ်နေချေပြီ။
မလိုလားအပ်သော ပြသနာများဖြစ်မလာစေရန် အလို့ငှာ သူ့ရုပ်အား အနည်းငယ်ပြောင်းလဲထားခဲ့၏။
ရူးသွပ်ခြင်းဓားဂိုဏ်း ဆက်လက် တည်ရှိနေသေးသလား ၊ ပျက်စီးသွားပြီလား ဆိုတာ သူလည်း သေချာမသိချေ။
လက်ရှိအချိန်တွင် သူက တောင်ပိုင်းကောင်းကင်တံခါးမှ ဌာန(၃)ခုနှင့် ရန်ငြိုးဖွဲ့ထားခဲ့သည်။
အကယ်၍ သူ ရူးသွပ်ခြင်းဓားဂိုဏ်းအား ရှာဖွေနေကြောင်း သတင်းပေါက်ကြားသွားပြီး ရူးသွပ်ခြင်းဓားဂိုဏ်းကလည်း တည်ရှိနေဆဲဖြစ်ပါက ကြားရှောင် ဒုက္ခများသွားပေလိမ့်မည်။
ဤသို့ဖြင့် သတင်းကုန်သည် တစ်ဦးထံမှ အသုံး၀င်ဿာ သတင်းတစ်ချို့ ရွှမ်ယီ ရရှိခဲ့သည်။
“ ရူးသွပ်ခြင်းဓားဂိုဏ်း…”
“ အင်း… အဲ့နာမည်နဲ့ နည်းနည်းရင်းနှီးနေသလိုပဲ… ကြည့်ရတာ မြောက်ပိုင်းလွင်ပြင်က ဂိုဏ်းငယ်လေးတစ်ခု ဖြစ်မယ်ထင်တယ်…”
ရွှမ်ယီအနေဖြင့် မိမိ၏ ရုပ်ရည်အစစ်အမှန်အား ဖုံးကွယ်ထားခဲ့သည့်ဖြစ်ရာ သတင်းရောင်းသူက ရွှမ်ယီအား မှတ်မိခြင်းမရှိချေ။
ဤသို့ဖြင့် အနည်းငယ် ရယ်မောလိုက်ပြီး
“ ဒီသတင်းက နည်းနည်းတော့ကြာပြီ… ပြီးတော့ မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှာ မြောက်ပိုင်းလွင်ပြင်က ဂိုဏ်းငယ်လေးတွေနဲ့ ပတ်သက်ပြီး ကျုပ်လောက်သိတဲ့လူ ဘယ်သူမှမရှိဘူး..”
“ညီလေး… ဒါကြောင့်မို့လို့ ဈေးက နည်းနည်း…..”
ရွှမ်ယီ၏ အမူအရာက သာမန်အတိုင်းငြိမ်သက်စွာရှိနေခဲ့ပြီး သတင်းကုန်သည် ဈေးမြှင့်ခြင်းအပေါ် အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
ချက်ချင်း တာအိုအရင်းအမြစ် တစ်တုံးထုတ်ယူပြီး သတင်းကုန်သည်ရှေ့သို့ ချပေးလိုက်၏။
ထိုအခါ မူလက ပျင်းရိပျင်းတွဲဖြစ်နေသော ချန်းမျိုးရိုး သတင်းကုန်သည်၏ မျက်၀န်းများ အလွန်တောက်ပသွားခဲ့သည်။
သို့သော် သေချာကြည့်လိုက်ပြီးနောက် တာအိုအရင်းအမြစ်၏ သန့်စင်မှုနှုန်းအား မြင်သွားလျှင် မျက်၀န်းများအတွင်းမှ လောဘာများနေရာတွင် ကြောက်လန့်မှုများ အစားထိုး၀င်ရောက်လာခဲ့သည်။
ထိုသို့ သန့်စင်မှု အလွန်မြင့်မားသည့် တာအိုအရင်းအမြစ်အား ထုတ်သုံးနိုင်သော လူအား သူ့ကဲ့သို့ သာမန်သတင်းကုန်သည်တစ်ဦးအနေဖြင့် အနည်းငယ်မျှ စော်ကားမိ၍ မဖြစ်ချေ။
ချက်ချင်း မျက်နှာထက်၌ အလွန်ရိုသေ လေးစားမှုများ ဖြစ်ပေါ်လာခဲ့ပြီး တာအိုအရင်းအမြစ်တုံးအား လက်ပင်မလှမ်းရဲတော့ပေ။
ထို့နောက် အလွန်ဟောင်းနွမ်းနေပြီဖြစ်သော စာအုပ်တစ်အုပ်အား အိတ်အတွင်းမှ ထုတ်ယူလိုက်ပြီး ရွှမ်ယီထံသို့ တလေးတစား ကမ်းပေးလိုက်သည်။
ရွှမ်ယီက ၎င်းအား နတ်အသိဖြင့်စစ်ဆေးကြည့်လိုက်လျှင် ရူးသွပ်ခြင်းဓားဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်တစ်ချို့အား တွေ့လိုက်ရ၏။
“ မြောက်ပိုင်းလွင်ပြင်က ဂိုဏ်းငယ်လေးတစ်ခုက နှစ်ပေါင်း(၂၀၀၀၀)ကျော်ကြာအောင် အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်ခဲ့တယ်လား…”
ရွှမ်ယီ ပထမဆုံးအနေဖြင့် ရူးသွပ်ခြင်းဓားဂိုဏ်းနှင့် ပတ်သပ်သော အထွေထွေမိတ်ဆက်အား ကြည့်ရှုလိုက်ပြီး ဒေါသအိုးဆေဘာဘုရင် ပြောခဲ့သော အချက်အလက်များနှင့် ကိုက်ညီမညီ စစ်ဆေးကြည့်လိုက်ပြီးလျှင် အနည်းငယ်အံ့ဩသွားခဲ့၏။
သတင်း ရောင်းသူက အလျင်အမြန်ရှေ့တိုးလာခဲ့ပြီး
“ ဆရာ.. ကျွန်တော်ရှင်းပြပါ့မယ်…”
“ ရူးသွင်ခြင်းဓားဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခုပေမယ့် လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀၀)ကျော်တုန်းက ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးက အရမ်း အံ့ဩဖို့ကောင်းပါတယ်… သူက အင်ပါယာအဆင့်ကျင့်ကြံသူဖြစ်ပြီးတော့ ဓားနဲ့ပတ်သက်ပြီး တော်တော်လေးကျော်ကြားခဲ့တယ်… သူမသေဆုံးခင် အဆင့်(၄) ဓားရည်ရွယ်ချက်အထိ ရောက်ခဲ့တယ်လို့လည်း ဆိုကြတယ်…”
“ တိုက်ပွဲမှာ သေဆုံးသွားတာလား…”
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိ၏။