အခန်း (၄၇၄)
Vol. 32 Ch. 474
၎င်းတို့က လီရွှမ်နှင့် ပင်မအဖွဲ့အစည်းတူညီသော်လည်း ဌာနများမတူကြချေ။
ယခုတစ်ကြိမ်တွင် သူတို့အချိန်မှီ ရောက်ရှိလာကြခြင်းဖြစ်၏။ အစပိုင်းတွင် သူတို့က လီလန်ကိစ္စနှင့် ပတ်သက်ပြီး လီရွှမ်အား နှိပ်ကွက်ရန် အခွင်းအရေးအား အသုံးချနိုင်မည်ဟု ထင်ခဲ့ကြသော်လည်း သူတို့ရောက်လာချိန်တွင် လီလန်က အင်ပါယာအဆင့်သို့ ချိုးဖျက်ပြီးသွားချေပြီ။
သို့ဖြစ်ရာ အခြေအနေမကောင်းတော့မှန်းသိသဖြင့် ၎င်းတို့ဌာနချုပ်ထံသို့ ချက်ချင်းစာပို့လိုက်သည်။
ဌာနချုပ်ကလည်း လျှင်မြန်စွာ ပြန်လည်တုန့်ပြန်လိုက်၏။
ဇီလင်းယွမ်နှင့် လီလန်တို့အား မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ နတ်ဘုရားမ နှစ်ယောက်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်းဆုံးဖြတ်လိုက်သည်။
သူတို့အမြင်တွင် ထိုဆုံးဖြတ်ချက်က မိုးကြိုးအင်ပါယာ လီရွှမ်အပေါ် မျက်နှာသာ များစွာ ပေးနေချေပြီ။
သို့သော် လီရွှမ်က ထိုမျှ အရှက်ကင်းမဲ့လိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မျှော်လင့်ထားခြင်းမရှိခဲ့ပေ။
သူက ထိုအခွင့်အရေးအား ချက်ချင်းငြင်းပယ်ခဲ့ရုံမျှမက လီလန်အား အခြားဂိုဏ်းတစ်ခုသို့ ဝင်ခိုင်းလိုက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
ဤသို့ဖြင့် သူတို့ သည်းမခံနိုင်ဖြစ်လာခဲ့ကြ၏။
“ ဘယ်သူက လွန်နေတာလဲ…”
လီရွှမ်၏ စကားသံက မိုးခြိမ်းသံအလား ထွက်ပေါ်လာခဲ့သည်။
ပဉ္စမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်၏ ဖိအားကလည်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။
အလွန်ကြောက်မက်ဖွယ်ဖိအားကြောင့် အစိမ်းရောင်၀တ် အဖွဲ့တစ်ခုလုံး အသက်ရှူကြပ်သွားခဲ့ကြသည်။
“ ပထမအတိဒုက္ခအဆင့် အင်ပါယာတွေကများ ငါ့ကို အထက်စီးက လာဆက်ဆံချင်နေကြတယ်… ဟမ့် မင်းတို့အားလုံးကို ငါ မသတ်ရဲဘူးလို့ ထင်နေလား…”
အင်ပါယာအဆင့်အား အဆင့် (၇) ဆင့် ခွဲခြားထားသည်။
၎င်းတို့မှာ-
-ပထမအတိဒုက္ခအဆင့်
-ဒုတိယ အတိဒုက္ခအဆင့်
-တတိယ အတိဒုက္ခအဆင့်
-ကောင်းကင်ပလ္လင်အဆင့် ( စတုတ္ထ အတိဒုက္ခအဆင့် )
-ဆန်းကြယ်ပလ္လင်အဆင့် ( ပဉ္စမ အတိဒုက္ခအဆင့် )
-မြင့်မြတ်ပလ္လင် ( ဆဌမ အတိဒုက္ခအဆင့် ) နှင့် နောက်ဆုံး (၇) ဆင့်မြောက်အား
-အန္တိမအင်ပါယာအဆင့် (သတ္တမ အတိဒုက္ခအဆင့် )
ဟု ခွဲခြားထားသည်။
၎င်းတို့အထက်တွင်မူ တာအိုအရှင်သခင် တစ်ဝက်အဆင့် ရှိ၏။
အင်ပါယာအဆင့်၏ ပထမအဆင့် (၃) ဆင့်အကြား ကွာခြားချက်ကို နတ်တန်ခိုးစွမ်းရည်များ ၊ ကျန်ပြင်ပ အကူအညီများဖြင့် ဖြည့်ဆည်းပေးနိုင်သည်။
သို့သော် ထိုအဆင့်များအား ကျော်လွန်ပြီးနောက် အဆင့်တစ်ခုနှင့်တစ်ခုအကြား ကွာဟချက်မှာ အလွန်ကြီးမားလွန်းလှ၏။
ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် လီရွှမ်၏ ခွန်အားဖြင့် ထိုလူများအား အလွယ်တကူ ရိုက်သတ်ပစ်နိုင်သည်။
အရှိန်အဝါတစ်ခုတည်းဖြင့်ပင် အမှုန့်ချေပစ်နိုင်စွမ်းရှိ၏။
လီရွှမ်ထံမှ လူသတ်ငွေ့များကို ခံစားမိလိုက်လျှင် မောက်မာနေသူများ ပြန်လည် သတိ၀င်လာကြသည်။
သူတို့ရောက်ရှိနေသော မြင့်မြတ်ခြင်းမူလံ စံအိမ် ဌာနခွဲက ကျန်ဌာနများနှင့် မတူကြောင်း အမှတ်ရသွားကြ၏။
ဤနေရာမှ ဌာနခွဲအား တောင်ပိုင်းကောင်းကင်တံခါးနှင့် မြောက်ပိုင်းနတ်ဘုရားလမ်းကြောင်းမှ ကျင့်ကြံသူ(၂)ယောက်က ဦးဆောင်နေခြင်းဖြစ်သည်။
၎င်းတို့က ဌာနခွဲ အကြီးအကဲနှင့် ဒုတိယအကြီးအကဲဖြစ်ပြီး ကျန်ဌာနခွဲများအား ဖိနှိပ်နိုင်စွမ်းရှိ၏။
ချက်ချင်း အစိမ်းရောင်၀တ်ထားသော လူများအကြားမှ အဘိုးအိုတစ်ဦး ရှေ့ထွက်လာခဲ့သည်။
သူက ဒေါသများကို မြိုသိပ်လိုက်ပြီး အတတ်နိုင်ဆုံး လေးလေးစားစားပုံစံဖြစ်စေရန် ပြင်ဆင်လိုက်ပြီး
“ ဒုတိယအကြီးအကဲ လီ.. ကျေးဇူးပြုပြီးစိတ်လျှော့ပါ… ကျုပ်တို့ လွန်သွားပါတယ်…”
“ ကျုပ်အနေနဲ့ ပြောရမယ်ဆိုရင် မိန်းကလေး လီလန်ဆိုတာ ကျုပ်တို့ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က ဂရုတစိုက် ပျိုးထောင်ပေးခဲ့တဲ့ မျိုးစေ့တစ်စေ့ပဲ…
“ သူမကို အဝေးတစ်နေရာပို့လိုက်ဖို့ မသင့်တော့ဘူးလေ… ပြီးတော့ မိန်းကလေး လီလန်က ခင်ဗျားရဲ့ အချစ်ဆုံးသမီးလေး မဟုတ်ဘူးလား… ခင်ဗျားကိုယ်တိုင်လည်း ဘယ်ကမှန်းမသိတဲ့ ဂိုဏ်းလေးတစ်ခုကို မပို့ချင်ဘူးဆိုတာ ကျုပ်နားလည်ပါတယ်…”
“ ဒီတော့ လူကြီးတစ်ယောက်အနေနဲ့ အကြံပေးရမယ်ဆိုရင် ဒုတိယအကြီးအကဲလီအနေနဲ့ မိန်းကလေး လီလန်ကို ပြန်ခေါ်သင့်တယ်…”
“ ကျုပ်တို့က လီလန်ကို အကောင်းဆုံး ပျိုးထောင်ပေးဖို့ ကြိုးစားသွားမှာပါ… အနာဂါတ်မှာ မိန်းကလေး လီလန်ရဲ့ ကျင့်ကြံမှု နှင့် အောင်မြင်မှုတွေက ဒုတိယအကြီးအကဲ လီရဲ့ လက်အောက်မှာပဲ ရှိနေတော့မှာမဟုတ်ဘူး….”
ဂရုတစိုက်လေ့ကျင့်ပေးမှာလား…?
ထို အဘိုးအို၏ အရှက်ကင်းမဲ့သော စကားများကြောင့် လီရွှမ် ရယ်ချင်သွားခဲ့သည်။
လီလန်က လွန်ခဲ့သော (၃)နှစ်ကတည်းက ကောင်းကင်ဘုရင်အဆင့်သို့ ရောက်နေခဲ့ခြင်းဖြစ်၏။
သို့သော် ထိုအချိန်မှစပြီး သူမ ခန္ဓာကိုယ်မှ ပြသနာများ ပိုမိုထင်ရှားလာခဲ့သည်။
ဤသို့ဖြင့် မြင့်မြတ်ခြင်း မူလ လေလံစံအိမ်က သူမအပေါ် အရင်းအမြစ် ထောက်ပံ့မှုများ တဖြည်းဖြည်း လျှော့ချလာခဲ့၏။
ဌာနခွဲများမှ ထိပ်တန်း ပါရမီရှင်များနှင့် နှိုင်းယှဉ်ခံရသည့်အပြင် ကျန် မြင့်မြတ်နယ်မြေများမှ မြင့်မြတ်သားတော် ၊ သမီးတော် အလောင်းအလျာများပင် လီလန်ထက် အရင်းအမြစ်များ ပိုမို ရရှိခဲ့သည်။
အကယ်၍ လီရွှမ်၏ ထောက်ပံ့မှုများသာ ရှိမနေပါက လီလန်အနေဖြင့် အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းရာနှင့်ချီ ကြာသွားနိုင်ချေရှိ၏။
သို့တိုင်အောင် ထိုလူများက အရှက်မရှိ ပြောနေရဲသေးသည်။
လီရွှမ် ၎င်းတို့နှင့် စကားဆက်ပြောလိုစိတ်မရှိတော့ချေ။
“ မင်းတို့ ဘာလိုချင်တာလဲ… ပွင့်ပွင့်လင်းလင်းပြော…”
“ ပြီးတော့ ငါ စကား အကုန်ပြောပြီးသွားပြီ… လီလန်ရဲ့ ဆုံးဖြတ်ချက်ကို ငါ့အနေနဲ့ လုံး၀ ၀င်စွက်ဖက်မှာ မဟုတ်ဘူး… မင်းတို့ ဒီမှာ ဆက်ပြီး ကပ်တွယ်နေလို့လဲ ဘာအကျိုးမှမရှိဘူး…”
ထိုစကားများအား ကြားလျှင် အစောပိုင်းက စကားပြောခဲ့သော အဘိုးအို မျက်၀န်းထဲ၌ ဒေါသအရောင်များ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူက ထပ်မံမြိုသိပ်ထားလိုက်ပြီး
“ ကောင်းပါပြီ… ဒီလိုဆိုမှတော့ ဒုတိယအကြီးအကဲ လီကို ထပ်ပြီး ဒုက္ခမပေးတော့ပါဘူး… ကျုပ်တို့ဖာသာပဲ ဆက်လက် ကိုင်တွယ်သွားပါ့မယ်…”
“ ဒါပေမယ့် နောက်ဆုံးအနေနဲ့ ဒုတိယအကြီးအကဲလီ နာမည်တစ်ခုပဲ ပြောပေးပါ…”
လီရွှမ် မျက်ခုံးပင့်ပြီး ထိုကြောင်တောင်တောင်လူများအား ကြည့်လိုက်သည်။
ထို့နောက် လှောင်ပြုံးလိုက်ပြီး
“ ဘာနာမည်ကို သိချင်တာလဲ…?”
အင်ပါယာအဆင့် အဘိုးအိုနောက်မှ လူငယ်တစ်ယောက် ခုန်ထွက်လာခဲ့ပြီး
လူသတ်ငွေ့များဖြင့်
“ လီလန်၀င်သွားခဲ့တဲ့ ဂိုဏ်းနာမည်ပဲ… ဒုတိယအကြီးအကဲလီ.. ငြင်းမှာတော့ မဟုတ်ပါဘူးနော်…”
လီရွှမ်က အေးစက်စွာဖြင့်
“ မင်းတို့က အဲ့ဂိုဏ်းကိုရှာပြီး ဘာလုပ်မလို့လဲ…?”
“ ထုံစံအတိုင်းပဲလေ… ကျုပ်တို့ အဲ့ဂိုဏ်းက ဂိုဏ်းချုပ်ကို ပြောပြီး လီလန်ကို ပြန်ခေါ်လာမှာပေါ့…”
အင်ပါယာအဆင့် လူငယ်က ပြန်ဖြေလိုက်၏။
“ အိုး… အဲ့ဒီ ဂိုဏ်းချုပ်က သဘောမတူရင်ရော…? မင်း ဘာလုပ်မလဲ…?”
ရွှမ်ယီ၏ စကားသံ ထွက်ပေါ်လာခဲ့သည်။
ထိုအခါ အင်ပါယာအဆင့် လူငယ်က ဆက်လက်ပြီး
“ အဲ့တာက သူ့သဘောထားပေါ် မူတည်တယ်လေ… သဘောထားအဆင်ပြေရင် ဂိုဏ်းတံခါးကို ဖျက်ဆီးပြီး ပညာအနည်းအပါး ပေးရုံပေါ့… တကယ်လို့ သဘောထား အဆင်မပြေဘူးဆိုရင် ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးပေးလိုက်မယ်….”
“ တော်တော် လေလုံးထွားတာပဲ…”
စကားသံနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေကြောင်း အင်ပါယာအဆင့် လူငယ် နားလည်သွားပြီး ရုတ်တရက် နောက်လှည့်ကြည့်လိုက်သည်။
ထိုအခါ ခန်းမအတွင်း ၀င်ရောက်လာသော လူငယ်တစ်ဦးအား တွေ့လိုက်ရ၏။
ထိုလူငယ်က နွေးထွေးသော အရှိန်အဝါ ပိုင်ဆိုင်ထားသော်လည်း ပထမဆုံး မြင်လိုက်ရချိန်၌ အလွန်ထက်ရှသော စူးရှမှု တစ်ခုက အသက်ရှုကြပ်သွားစေနိုင်စွမ်းရှိနေသည်။
“ မင်း ဘယ်သူလဲ…”
“ သိစရာမလိုဘူး…”
ရွှမ်ယီ၏ စကားဆုံးသည်နှင့် ခန်းမအတွင်း ဓားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အစိမ်းရောင်၀တ်လူများ မျက်လုံး ပြူးသွားကြ၏။
ထို့နောက် ၎င်းတို့ရင်ဘတ်မှ သွေးများ စီးကျလာခဲ့သည်။
အလွန်ထက်မြိသော စွမ်းအားတစ်ခုက ခန္ဓာကိုယ်များအတွင်း လျင်မြန်စွာ ၀င်ရောက်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ထာ၀ရ နတ်ဘုရားစင်မြင့်ရှိရာသို့ ရောက်သွား၏။
ဝုန်း…
ပထမအတိဒုက္ခအဆင့် အင်ပါယာ(၇)ယောက် ဓားတစ်ချက်အောက်၌ ထာ၀ရ နတ်ဘုရားစင်မြင့်များနှင့်အတူ သွေးမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။။
ရွှမ်ယီ တိုက်ခိုက်ခဲ့စဉ် လီရွှမ် တားရန်ပြင်လိုက်သေး၏။
သို့သော် ၎င်းတို့အား သူကိုယ်တိုင်လည်း သင်ခန်းစာ ပေးချင်နေသဖြင့် လွှတ်ပေးထား လိုက်သည်။
အစပိုင်းတွင် အပြင်းအထန် ဒဏ်ရာရစေရုံမျှသာဖြစ် လိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။
သို့သော် ရွှမ်ယီ၏ ခွန်အား များစွာ တိုးတက်လာလိမ့်မည်ဟု လုံး၀ထင်မထားခဲ့ချေ။
ရွှမ်ယီနှင့် ပတ်သက်ပြီး သူ့ခန့်မှန်းချက် နောက်တစ်ကြိမ် မှားယွင်းသွားပြန်ပြီ ဖြစ်၏။