အခန်း (၄၇၆)
Vol. 32 Ch. 476
“ အသက်ငယ်ငယ်လေးနဲ့ ဒီလိုအရည်အချင်းမျိုးတွေ ပိုင်ဆိုင်ထားတယ်… ပြီးတော့ သူက အင်ပါယာအဆင့်ကိုတောင် မရောက်သေးဘူးဆိုတာ မင်းမေ့ထားလို့မရဘူး… အနာဂတ်ကျလို့ရှိရင် သူက အရှေ့ပိုင်းတိုက်ကြီးက လူသားမျိုးနွယ်ရဲ့ ထိပ်တန်းစွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်ခြေရှိတယ်…”
“ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက အရမ်းမာနကြီးလွန်းတယ်… စော်ကားလို့မရတဲ့ တည်ရှိမှုတစ်ခုကို စော်ကားခဲ့ပြီးသွားပြီ…”
“ အဲ့လိုချည်းပဲလည်း ပြောလို့မရသေးဘူး… အဲဒီရွှမ်ယီက နက်နဲခြင်းအင်ပါယာဂိုဏ်းက ခေါင်းဆောင်လို့ ကြွေးကြော်ထားတဲ့ မှော်ဆေးအင်ပါယာ ရွှမ်ယီ မဟုတ်ဘူးလား… အဲဒီလျှို့ဝှက်ဂိုဏ်းသာ တကယ်ရှိနေလို့ရှိရင် ဒီကပ်ဘေးကနေ သူ့ကိုကာကွယ်ဖို့ တစ်ယောက်ယောက် ရှိနေနိုင်တာပဲလေ…”
“ အိုး… အသင်္ချေနဂါးမင်းဆက်က အဲဒါတွေကို ထည့်မတွေးထားဘူးလို့ မင်းထင်နေတာလား… သူတို့က တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ရှာဖွေပြီးသွားပြီ… ပြီးတော့ ထိပ်တန်းအင်အားစုကြီးတွေဆီကိုတောင်မှ လူတွေစေလွှတ်ပြီးတော့ စုံစမ်းခဲ့ကြတယ်… အရှေ့ပိုင်းတိုက်ကြီးနဲ့ ပတ်သက်တဲ့ ရှေးဟောင်းစာအုပ်တွေအားလုံး စစ်ကြည့်ခဲ့ပေမဲ့ နက်နဲခြင်းအင်ပါယာဂိုဏ်းဆိုတဲ့ဂိုဏ်းကို လုံးဝမတွေ့ခဲ့ရဘူး…”
“ ဒါဆိုရင် မှော်ဆေးအင်ပါယာရွှမ်ယီက လိမ်နေတယ်လို့ ပြောချင်တာလား… ကြည့်ရတာ လေလုံးထွားနေတယ်နဲ့ တူတယ်…”
“ ဟားဟားဟား… သူက ငယ်ရွယ်ပြီးတော့ တော်တော်လေး စိတ်မြန်တာပဲ… မြင့်မြတ်နယ်မြေတစ်ခုကိုတောင် သူ့လက်နဲ့သူကိုယ်တိုင် ဖန်တီးချင်နေတယ်…”
တစ်စုံတစ်ယောက်က ရယ်မောရင်းပြောလိုက်သော်လည်း သူ၏ မျက်လုံးများအတွင်း၌ အထင်မြင်သေးမှုနှင့် လှောင်ပြောင်မှုများ ထင်ရှားစွာ ထွက်ပေါ်နေခဲ့သည်။
“ သူလိမ်ညာနေတာပဲဖြစ်ဖြစ် အမှန်တရားပဲဖြစ်ဖြစ် မကြာခင်မှာ အဖြေကိုသိရမှာပဲလေ… အခု အသင်္ချေနဂါးမင်းဆက်က စစ်တပ်ကြီးနဲ့ ရောက်လာတော့မှာ… ပြီးတော့ သူတို့ရဲ့ မြင့်မြတ်သားတော်ကိုယ်တိုင်တောင်မှ ပါလာမယ်လို့ သတင်းကြားတယ်… ကြည့်ရတာ သူတို့က ရွှမ်ယီကို မြင့်မြတ်သားတော်အတွက် ခြေနင်းကျောက်တုံးတစ်တုံးအဖြစ် အသုံးပြုချင်နေပုံပဲ…”
“ စိတ်မကောင်းစရာပဲ… သူက မှော်ဆေးတာအိုမှာ အရမ်းပါရမီပါပြီးတော့ သိုင်းတာအိုမှာလည်း တော်တော်လေး အစွမ်းထက်တယ်… အသက်ငယ်ငယ်လေးနဲ့ ဒီလိုအစွမ်းထက်တဲ့ ဓားရည်ရွယ်ချက်ကို နားလည်ထားရုံမကသေးဘဲ မှော်ဆေးအင်ပါယာအဆင့်ကိုတောင် ရောက်နေခဲ့ပြီ… ဟူး… နှမြောဖို့ကောင်းလိုက်တာ…”
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အနီးတစ်ဝိုက်တွင် အလွန်များပြားသော အစွမ်းထက်ကျင့်ကြံသူများ စုဝေးနေခဲ့ကြ၏။
၎င်းတို့အားလုံးက ရောက်လာတော့မည့် အသင်္ချေနဂါးမင်းဆက်၏ စစ်တပ်ကြောင့် ဆွဲဆောင်ခြင်းခံခဲ့ရသည်မှာ ထင်ရှားသည်။
၎င်းတို့အားလုံး ပါရမီရှင်တစ်ဦး၏ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကို ကြိုတင် မှန်းဆနေကြချေပြီ။
ထိုကပ်ဘေးမှ ရွှမ်ယီ လွတ်မြောက်လိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ အသင်္ချေနဂါးမင်းဆက်၏ အလွန်ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်ရှေ့တွင် ကောင်းကင်ဘုရင်အဆင့်ရွှမ်ယီ မဆိုထားနှင့် သူက အင်ပါယာအဆင့်သို့ ရောက်ရှိသွားလျှင်ပင် အဖြေက တစ်ခုတည်းသာရှိသည်။
ဘုန်း…
လူတိုင်း အချင်းချင်းဆွေးနွေးနေကြစဉ် တောင်ပိုင်းကောင်းကင်တံခါး ကောင်းကင်ယံအထက်မှနေ၍ မိုးခြိမ်းသံ အကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အလွန်ကျယ်လောင်သော မိုးခြိမ်းသံများအကြား ကောင်းကင်ထက်ရှိ လေဟာနယ်တံခါးပေါက်မှနေ၍ မိုးပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ထိုနဂါးကြီး၏ ကိုယ်ထည်က ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားပြီး ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက အဆုံးအစမဲ့ ကြီးမားလွန်းလှသည်။
အဆင့်နိမ့်ကျင့်ကြံသူများဆိုလျှင် မြေပေါ်သို့ပင် လဲကျသွားကြ၏။
ထို မိုးပြာရောင်နဂါးကြီး ထွက်ပေါ်လာသည်နှင့် စောင့်ကြည့်နေသူတိုင်း၏ မျက်နှာအမူအရာများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားခဲ့ကြသည်။
“ အဲဒါက မိုးပြာနဂါးစစ်ရထားကြီး ဖြစ်မယ်ထင်တယ်… အသင်္ချေနဂါးမင်းဆက်က ဒီလိုရတနာမျိုးကိုတောင် ထုတ်ယူလာတာပဲ…”
“ ကြည့်ရတာ ရွှမ်ယီကိုသတ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီနဲ့တူတယ်…”
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အတွင်းမှ လီရွှမ်လည်း ကောင်းကင်ထက်မှ မိုးပြာရောင်နဂါး၏ အရှိန်အဝါကို ခံစားမိခဲ့သည်။
သူ့မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့၏။
ဤကမ္ဘာကြီးပေါ်တွင် အစစ်အမှန်နဂါးကဲ့သို့သော မြင့်မြတ်သားရဲများ မရှိသလောက်ပင်။
နောက်ဆုံးအစစ်အမှန်နဂါးတစ်ကောင် အရှေ့ပိုင်းတိုက်ကြီးမှ ထွက်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်းသန်းနှင့်ချီ ကြာမြင့်ခဲ့ချေပြီ။
ကောင်းကင်ထက်၌ ပျံဝဲနေသည့် မိုးပြာရောင်နဂါးက အသင်္ချေနဂါးမင်းဆက်မှ ရတနာတစ်ခုဖြင့် ဖန်တီးထားခြင်းဖြစ်၏။
၎င်းက အစစ်အမှန်နဂါးတစ်ကောင် မဟုတ်သော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါနှင့်စွမ်းအားများက အစစ်အမှန်နဂါးတစ်ကောင်ထက် များစွာနိမ့်ကျမည် မဟုတ်ပေ။
အကြောင်းရင်းက ရိုးရှင်းပေသည်။
ထိုမိုးပြာရောင်နဂါးက အဆင့်(၇) တာအိုလက်နက်တစ်ခုဖြစ်သော်လည်း ၎င်းထံတွင် ကံကြမ္မာစွမ်းအားကို စုဆောင်းနိုင်သော အကျိုးသက်ရောက်မှုတစ်ခုရှိ၏။
နှစ်သန်းပေါင်းများစွာကြာခဲ့ပြီး အသင်္ချေနဂါးမင်းဆက်ကလည်း တဖြည်းဖြည်း ပို၍ကြီးပွားတိုးတက်လာသည်နှင့်အမျှ ထိုတာအိုလက်နက်ထံတွင် ကံကြမ္မာစွမ်းအား အများအပြား စုစည်းတည်ရှိလာခဲ့သည်။
၎င်း၏ကံကြမ္မာစွမ်းအားက အစစ်အမှန်အဖြစ်သို့ ဖွဲ့တည်လုနီးပါးဖြစ်နေခဲ့ပြီဖြစ်ပြီး အဆင့်(၈) သူတော်စင်လက်နက်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာနေချေပြီ။
၎င်း၏ အသွင်ပြောင်းလဲမှု ပြီးဆုံးသည်နှင့် အသင်္ချေနဂါးမင်းဆက်တွင် အန္တိမကံကြမ္မာရတနာတစ်ခု ရှိလာပေလိမ့်မည်။
ထိုအခါ ၎င်းတို့က အရှေ့ပိုင်းတိုက်ကြီးမှ မဟာဂိုဏ်းကြီးအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်သော်လည်း မြင့်မြတ်နယ်မြေများအကြားထဲတွင် ၎င်းတို့ အဆင့်သတ်မှတ်ချက်က ထိပ်ဆုံး(၃)ခုထဲသို့ ရောက်သွားနိုင်ခြေရှိသည်။
ထိုတာအိုလက်နက်က လီရွှမ်အား ကြောက်ရွံ့သွားစေခဲ့သည်။
အစပိုင်းတွင် မည်သို့သောကိစ္စများ ဖြစ်လာပါစေ ရွှမ်ယီအား ကယ်တင်နိုင်မည်ဟု လီရွှမ်းယုံကြည်နေခဲ့၏။
သို့သော် ယခုအချိန်တွင် သူ့ကိုယ်သူ ယုံကြည်မှုများ ပျောက်ဆုံးလာခဲ့သည်။
ကောင်းကင်ထက်တွင်မူ မိုးပြာရောင်နဂါးကြီး ထွက်ပေါ်လာပြီးနောက် ၎င်းနောက်ဘက်မှ စစ်ရထားများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာကာ တောင်ပိုင်းကောင်းကင်တံခါးအထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
ထိုစစ်ရထားတစ်စင်းချင်းစီ၌ ဘုရင်အဆင့်ကျင့်ကြံသူများ ရပ်နေကြ၏။
မိုးပြာနဂါး၏ အနောက်ဘက်တွင် အသင်္ချေနဂါးမင်းဆက်မှ ချပ်ဝတ်တန်ဆာများ ဝတ်ထားသည့် ဘုရင်အဆင့်ကျင့်ကြံသူပေါင်း (၃၀၀၀)ခန့် ရှိနေသည်။
၎င်းတို့အကြားမှ အင်ပါယာအဆင့်ကျင့်ကြံသူ (၁၂)ယောက် ရှေ့သို့ဖြည်းညင်းစွာ ထွက်လာ၏။
ထိုအဖွဲ့၏ ရှေ့ဆုံးတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦး ရှိနေခဲ့သည်။ ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံး၏ အကြည့်များကို ဆွဲဆောင်လိုက်၏။
“ အဲဒါ အသင်္ချေနဂါးမင်းဆက်က အကြီးအကဲ တိမ်နဂါးအင်ပါယာပဲ…”
ထိုအဘိုးအိုက အနီရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ လက်ထဲတွင် အပြာရောင်ကြိုးတစ်ချောင်း ကိုင်ထားကာ ထိုကြိုးက မိုးပြာရောင်နဂါးကြီးနှင့် ချိတ်ဆက်ထားခဲ့ပြီး သူ့ထံမှထွက်ပေါ်နေသည့် အရှိန်အဝါနှင့်ပုံစံအား ပိုမိုကြောက်မက်ဖွယ်ကောင်းသွားစေသည်။
သူထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်မှ လေဟာနယ်ပင် ကြေမွသွားခဲ့၏။ ထို့အပြင် အနားသို့ မည်သူမှ မချဉ်းကပ်ဝံ့လောက်သော အရှိန်အဝါတစ်ခုကိုလည်း ပိုင်ဆိုင်ထား၏။
သို့သော် အားလုံးထံမှ အကြည့်များကို အဖမ်းစားနိုင်ဆုံးက ထိုအဘိုးအိုနောက်၌ ရပ်နေသော ရွှေရောင်ဆံပင်နှင့်လူငယ်လေးပင်။
သူထွက်ပေါ်လာသည်နှင့် လူတိုင်း ၎င်းက မည်သူဖြစ်ကြောင်း သိလိုက်ကြသည်။
“ မြင့်မြတ်သားတော် ဝမ်လုံပဲ… သူက တတိယအတိဒုက္ခအဆင့်ကိုတောင် ရောက်နေပြီလား…”
လူအများ ဆွံ့အသွားခဲ့ကြသည်။
မယုံနိုင်စရာကောင်းသလို ခံစားနေခဲ့ရသည်။
အသင်္ချေနဂါးမင်းဆက်မှ မြင့်မြတ်သားတော်က မြောက်ပိုင်းလွင်ပြင်ရှိ ထိပ်တန်းပါရမီရှင်များအကြား အင်ပါယာအဆင့်သို့ ပထမဆုံးချိုးဖျက်နိုင်ခဲ့သည့် အသုတ်ထဲ၌ ပါဝင်၏။
၎င်းအဆင့်က ထိပ်ဆုံး (၁၀)ယောက်ထဲ၌ပင် ဖြစ်နိုင်သည်။
သူက အသက် (၁၀၀)ပင် မပြည့်သေးဘဲ အင်ပါယာအဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။
၎င်းက ပတ်ဝန်းကျင်မှ လူတိုင်းအတွက် အလွန်အံ့ဩမှင်သက်စရာ ကိစ္စတစ်ခုပင်။