အခန်း (၄၇၇)
Vol. 32 Ch. 477
ကောင်းကင်ထက်တွင် ရပ်နေခဲ့သော ရွှေရောင်ဆံပင်နှင့်လူငယ်၏ နောက်ဘက်တွင် ထာဝရနတ်ဘုရားစင်မြင့်တစ်ခု ရှိနေခဲ့ပြီး ၎င်းက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေ၏။
၎င်းအပေါ်တွင် ရှိနေသော နတ်ဘုရားအမှတ်အသား (၃)ခုက မြင်လိုက်ရသူတိုင်းကို ထိတ်လန့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက ရွှေရောင်ဆံပင်နှင့်လူငယ်က တတိယအတိဒုက္ခ အင်ပါယာအဆင့်သို့ ရောက်ရှိနေကြောင်း ဖော်ပြနေသောကြောင့်ပင်။
ဤအသက်အရွယ်၌ပင် ထိုအဆင့်သို့ရောက်နေပြီဆိုပါက အနာဂတ်တွင် ၎င်း၏အောင်မြင်မှုများက မည်မျှအထိ မြင့်မားသွားလိမ့်မည်နည်း။
တာအိုအရှင်သခင်အဆင့်သို့ ရောက်နိုင်ခြေရှိ၏။
“ မြင့်မြတ်သားတော်ဝမ်လုံက ကောင်းကင်ဘုရင်အဆင့်မှာ ရှိတုန်းက စိတ်ဝိညာဉ်ဒြပ်စင် (၅၈)ခု ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကောလဟလတစ်ခုရှိတယ်… အဲဒါက ဒဏ္ဍာရီလာကန့်သတ်ချက်နဲ့ နှစ်ခုပဲ ကွာတော့တာ… ကြည့်ရတာ အဲဒီကောလဟလက အမှန်ထင်တယ်…”
တစ်စုံတစ်ယောက်က ထိတ်လန့်မှုများ ပြည့်နှက်နေသော လေသံဖြင့် ရေရွတ်လိုက်သည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံး တိတ်ဆိတ်နေခဲ့ကြ၏။
အစပိုင်းတွင် အသင်္ချေနဂါးမင်းဆက်က ရွှမ်ယီကို ရင်ဆိုင်ရန်အတွက် မိုးပြာရောင်နဂါးစစ်ရထားကို ထုတ်သုံးလာသည်ဟု ပြောခဲ့သူများ ယခုအချိန်တွင် ခေါင်းယမ်းနေခဲ့ကြသည်။
“ ကြည့်ရတာ အသင်္ချေနဂါးမင်းဆက်အနေနဲ့ ရွှမ်ယီကို ရင်ဆိုင်ဖို့အတွက် မိုးပြာရောင်နဂါးစစ်ရထားကို သုံးစရာမလိုလောက်ဘူး… သူတို့က ဆောင်းဦးအမဲလိုက်ပွဲမှာ မြင့်မြတ်သားတော်ဝမ်လုံကို ကာကွယ်ဖို့အတွက် မိုးပြာနဂါးစစ်ရထားကို ထုတ်သုံးလာကြတာပဲ ဖြစ်လိမ့်မယ်…”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်၏။
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသော ကျင့်ကြံသူများက ယခုအချိန်တွင် ရွှမ်ယီအပေါ်၌ ယခင်ကဲ့သို့ လေးစားမှုများ မရှိတော့ဘဲ အမည်ကိုပင် တိုက်ရိုက်ခေါ်နေကြချေပြီ။
ထိုအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ကောင်းကင်ထက်မှ အနီရောင်ဝတ်စုံနှင့်အဘိုးအို စကားစပြောလိုက်သည်။
“ နက်နဲခြင်းအင်ပါယာဂိုဏ်းက ရွှမ်ယီ ဘယ်မှာလဲ… မြင့်မြတ်သားတော်ကို ဂါဝရပြုဖို့ ထွက်လာခဲ့စမ်း…”
၎င်းက စကားသံအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စကားသံက တောင်ပိုင်းကောင်းကင် တစ်ခွင်လုံးသို့ မိုးခြိမ်းသံအလား ပျံ့နှံ့သွားခဲ့၏။
မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှ ကျင့်ကြံသူများအားလုံးလည်း ထိုစကားသံအား ရှင်းလင်းစွာ ကြားခဲ့ရသည်။ ၎င်းတို့အားလုံး တစ်ခဏမျှ တိတ်ဆိတ်သွားကြ၏။
ထို့နောက် တစ်ဖန်ပြန်လည်၍ ပွက်လောရိုက်လာခဲ့ပြန်သည်။
“ အသင်္ချေနဂါးနဂါးဆက်က တကယ်ကို မောက်မာတာပဲ… သူတို့က ကျန်တဲ့လူတွေကို စွမ်းအားပြဖို့အတွက် ရွှမ်ယီကို ဖိနှိပ်ချင်နေတာ…”
“ ဒါပေမယ့် ရွှမ်ယီကရော သူတို့ဖြစ်စေချင်သလို လုပ်ပါ့မလား…”
“ သူသဘောတူလိုက်ရင်လည်း အသတ်ခံရမှာပဲ…. ဒီလိုမျိုး ပါရမီမြင့်တဲ့လူတစ်ယောက်ကို ဘယ်သူက အသက်ရှင်လျှက် ထားရဲမှာလဲ…”
တစ်စုံတစ်ယောက်က သက်ပြင်းချရင်း ခေါင်းယမ်းလိုက်သည်။
သူ့ စကားက မမှားနိုင်ပေ။ ရွှမ်ယီ ခေါင်းငုံ့အညံ့ခံလျှင်ပင် အသင်္ချေနဂါးမင်းဆက်က ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်နည်း။
သို့သော် သူ့စကားအား မြင့်မြတ်သားတော် ဝမ်လုံက ကြားသွားခဲ့သည်။ ထို့နောက် ဖြည်းညှင်းစွာပြောလိုက်၏။
၀မ်လုံ၏ စကားသံက အလွန်ကျယ်လောင်ခြင်းမရှိသော်လည်း အေးစက်မှုများဖြင့် ပြည့်နေခဲ့သည်။
“ သူက တော်တော်လေး ပါရမီကောင်းတယ်… တကယ်လို့ သူသာ ငါ့ဆီမှာ အညံ့ခံဖို့ဆန္ဒရှိရင် ငါ့နောက်ကို လိုက်ခွင့်ပေးလိုက်မယ်… တကယ်တော့ ငါတို့ အသင်္ချေနဂါးမင်းဆက်မှာလည်း အင်ပါယာအဆင့် မှော်ဆေးပညာရှင်မရှိသေးဘူးလေ…”
ဝမ်လုံ၏ စကားကြောင့် ကျင့်ကြံသူအများအပြား စိတ်မတည်ငြိမ်ဖြစ်သွားခဲ့ကြသည်။ ထိုစကားများက အနည်းငယ် မောက်မာနေသော်လည်း ဆွဲဆောင်မှုအပြည့်ရှိနေ၏။
မြင့်မြတ်သားတော် ဝမ်လုံ၏ နောက်လိုက်ဖြစ်ခြင်းက မကောင်းသော ကိစ္စတစ်ခုတော့မဟုတ်ချေ။
အနာဂါတ်တွင် ၎င်းမြင့်တက်လာသလောက် မိမိလည်း လိုက်ပါမြင့်တက်လာပေလိမ့်မည်။
သို့သော် စီနီယာအဆင့် အင်ပါယာကျင့်ကြံသူများကမူ ဝမ်လုံ၏ စကားကြောင့် အနည်းငယ်မျက်မှောက်ကြုတ်သွားကြသည်။
ထိုအချိန်တွင် တောင်ပိုင်းကောင်းကင်တံခါးအပြင်ဘက်ခြမ်းရှိ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင်
လီလန်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် သူမလက်သီးများအား တင်းကြပ်စွာ ဆုပ်ထားခဲ့သည်။
ထို့နောက် ကောင်းကင်ထက်မှ ကျယ်လောင်သောစကားသံများအား မကြားသည့်အလား တည်ငြိမ်စွာ ရပ်နေသော ဆရာဖြစ်သူအား လှမ်းကြည့်လိုက်၏။
လက်ရှိအချိန်တွင် သူမလက်ဖဝါးများ၌ ချွေးများစိုရွှဲနေခဲ့သည်။
မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ခြံဝန်းထဲမှ လီရွှမ်လည်း မျက်နှာ ပျက်သွားခဲ့၏။
ထို ဝမ်လုံဆိုသည့်လူငယ်၏ စကားများက ခမ်းနားဟန်ရှိနေသော်လည်း အမှန်တွင် နောက်ကွယ်မှ အကြံအစည်က ယုတ်မာလွန်းလှသည်။
ရွှမ်ယီသာ အညံ့မခံပါက အသင်္ချေနဂါးမင်းဆက်က အသည်းအသန် လိုက်လံသတ်ဖြတ်ကြပေလိမ့်မည်။
အကယ်၍ ရွှမ်ယီ အညံ့ခံလိုက်လျှင်လည်း သူ၏ တာအိုနှလုံးသား ပျက်စီးသွားလိမ့်မည်ဖြစ်ပြီး အနာဂါတ်၌ မည်သည့်အရာကိုမှ အောင်မြင်တော့မည်မဟုတ်ပေ။
လီရွှမ် အံကြိတ်လိုက်ပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း ထိုစိတ်များအား ပြန်လည်ဖိထားလိုက်၏။
ကောင်းကင်ထက်တွင် မိုးပြာနဂါးစစ်ရထားက တည်ငြိမ်စွာ ရပ်နေဟန်ရသော်လည်း ၎င်းအား အသင်္ချေနဂါးမင်းဆက်မှ အနီရောင်ဝတ်အဘိုးကြီးက ထိန်းချုပ်ထားပြီး မြင့်မြတ်ခြင်းမူလလေလံစံ အိမ်ရှိရာသို့ ဖိအားများ ဦးတည်ပို့လွှတ်ထားခဲ့သည်။
၎င်းက လီရွှမ်အား အဓိကအာရုံစိုက်ကာ ပစ်မှတ်ထားနေခြင်းပင်။ အကယ်၍ လီရွှမ်သာ လှုပ်ရှားလိုက်ပါက ချက်ချင်းတိုက်ခိုက်ခံရပေလိမ့်မည်။
ထိုအချိန်ကျလျှင် ရွှမ်ယီအား မကူညီနိုင်ရုံသာမက သူကိုယ်တိုင်ပင် ဒုက္ခများသွားပေလိမ့်မည်။
နောက်ဆုံးတွင် ရွှမ်ယီ၌ နောက်ခံရှိမရှိ သူကိုယ်တိုင်လည်း သေချာမသိပေ။
ဤသို့ဖြင့် မည်မျှ စိတ်ပူနေစေကာမူ စောင့်ကြည့်ရုံသာ တတ်နိုင်တော့၏။
တောင်ပိုင်းကောင်ကင်တံခါး အပြင်ဘက်ခြမ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အမွှေးတိုင်တစ်ချောင်းစာ အချိန်က တဖြည်းဖြည်းကုန်လွန်သွားခဲ့၏။ သို့သော် ရွှမ်ယီက ထွက်ပေါ်လာခြင်းလည်းမရှိသလို အကြောင်းပြန်ခြင်းလည်းမရှိပေ။
အသင်္ချေနဂါးမင်းဆက်မှ လူများ၏ စကားများကို မရှိသည့်အလား လျစ်လျူရှုထားခဲ့၏။
“ သူ ထွက်ပြေးသွားတာများလား…”
တစ်ချို့လူများက ရေရွတ်လိုက်ကြ၏။ သို့သော် အလျှင်အမြန်ငြင်းပယ်ခြင်း ခံလိုက်ရသည်။
“ မဟုတ်ဘူး… ဒီနေရာက ကီလိုမီတာပေါင်း ထောင်နဲ့ချီဝေးတဲ့ ကြယ်ကြွေတောင်ထိပ်မှာ ရွှမ်ယီရဲ့ အရှိန်အဝါရှိနေတယ်…”
“ ဒါဆို သူက အဲ့မှာ ဘာလုပ်နေတာလဲ… အသင်္ချေနဂါးမင်းဆက်ကလူတွေ ထွက်သွားတဲ့ထိ စောင့်နေတာများလား…”
တစ်ချို့လူများ လှောင်ရယ်လိုက်ကြသည်။
သို့သော် ဝမ်လုံကမူ စိတ်မရှည်တော့ချေ။
ရွှမ်ယီက သူတို့ စကားများအားလုံးကို လျစ်လျူရှုထားခဲ့၏။ ၎င်းက သူတို့အား အရှက်ရစေခဲ့သည်။ ဤသို့ဖြင့် ဝမ်လုံ မျက်မှောက်ကြုတ်လိုက်ပြီး နောက်သို့ လှမ်းကြည့်လိုက်ကာ
“ အကိုကြီး ၊ ဒုတိယအကို ၊ တတိယအကို ခင်ဗျားတို့ (၃) ယောက် ရွှမ်ယီကို သွားခေါ်ချေကြ…”
ဤသို့ဖြင့် အနောက်ဘက်ရှိ အသင်္ချေနဂါးမင်းဆက်မှ အင်ပါယာအဆင့် ကျင့်ကြံသူများအကြားမှ မင်းသား (၃) ယောက် ရှေ့သို့ ထွက်လာခဲ့ကြသည်။
သူတို့အနေဖြင့် အငယ်တစ်ယောက်ထံမှ အမိန့်ပေးခြင်းခံခဲ့ရသော်လည်း အနည်းငယ်မျှ ဒေါသမထွက်ကြပေ။
အကြောင်းမှာ သူတို့ (၃) ယောက်လုံး နှစ်ပေါင်း (၁) သောင်းကျော်အောင် ကျင့်ကြံခဲ့ကြပြီး ဖြစ်သည့်တိုင် ယခုမှသာ တတိယ အတိဒုက္ခအင်ပါယာအဆင့်သို့သာ ရောက်ရှိသေး၏။
သို့သော် သူတို့ညီကမူ အသက် (၁၀၀) ပင်မပြည့်သေးသော်လည်း တတိယအတိဒုက္ခအင်ပါယာတစ်ယောက်ဖြစ်နေခဲ့ချေပြီ။
၎င်းက သူတို့နှင့် အဆင့်အတူတူပင်ဖြစ်၏။
“ အကြီးအကဲ သန့်ရှင်းကောင်းကင်… မင်းသား (၃) ယောက်နဲ့အတူလိုက်သွားပါ…”
တိမ်နဂါးအင်ပါယာ ဝင်ပြောလိုက်၏။
သူက မင်းသား (၃) ယောက်အား ကာကွယ်ရန်အတွက် ကောင်းကင်ပလ္လင် အဆင့် (စတုတ္ထ အတိဒုက္ခအဆင့် အင်ပါယာ) ကျင့်ကြံသူအား အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တောင်ပိုင်းကောင်းကင်တံခါးမှ လူအားလုံး တိတ်ဆိတ်နေကြပြီး မည်သည့်စကားမှ ဝင်မပြောကြပေ။
နောက်ဆုံးတွင် အသင်္ချေနဂါးမင်းဆက် လှုပ်ရှားလိုက်ချေပြီ။ ၎င်းတို့က ပထမဆုံး လလှုပ်ရှားလိုက်ခြင်း ဖြစ်သော်လည်း လှုပ်ရှားမှုက ပြင်းထန်လွန်းလှသည်။
တတိယအတိဒုက္ခ အဆင့် အင်ပါယာ (၃) ယောက်နှင့် ကောင်းကင်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်…
၎င်းတို့က အသင်္ချေနဂါး မင်းဆက်မှ ထိပ်တန်းအင်ပါယာများ ဖြစ်ကြ၏။
အားလုံး အစွမ်းထက်ကြသူများ ဖြစ်ကြသည့်အပြင် အဆင့်တူ၌ အလွန်အစွမ်းထက်သည်ဟုလည်း ဆိုနိုင်သည်။
သို့သော်
၎င်းတို့ ရန်သူကမူ ကောင်းကင်ဘုရင်တစ်ယောက်သာ ဖြစ်၏။
၎င်းက ပုရွတ်ဆိတ်အား ဖိသတ်ရန်ကြိုးစားနေသည့် ဆင်တစ်ကောင်နှင့်မခြားပေ။