← Chapters

အခန်း (၄၇၈)

Vol. 32 Ch. 478

အခန်း (၄၇၈)

Vol. 32 Ch. 478

ကြယ်ကြွေတောင်ထိပ်၌ ရှိနေသော လီလန်က အင်ပါယာအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်ရာ ကီလိုမီတာ (၁) ထောင်ကျော်အကွာမှ သူမတို့ရှိရာသို့ ချဉ်းကပ်လာနေခဲ့သော အရှိန်အဝါ (၄) ခုအား ခံစားမိခဲ့သည်။

“ ဆရာ…”

သူမက ပူပန်နေသော မျက်နှာဖြင့် ရွှမ်ယီအား ကြည့်လိုက်၏။

ထိုအချိန်မှ ရွှမ်ယီတစ်ယောက် အိပ်မက်မှ လန့်နိုးလာသူတစ်ယောက်အလား ဦးခေါင်းအား ဖြည်းညင်းစွာ မော့လိုက်သည်။

ထို့နောက် လီလန်အား ကြည့်ကာ အသာအယာ ပြုံးပြလိုက်၏။

ရွှင်….

ဓါးသံသဲ့သဲ့ လီလန် ကြားလိုက်ရသည်။

သို့သော် သူမကြည့်ရသလောက်ဆိုလျှင် ရွှမ်ယီ၏ လက်ထဲ၌ ဘာမှ မရှိပေ။

“ ဒီပုရွတ်ဆိတ်တွေကို ကိုင်တွယ်ဖို့လောက်ကတော့ ငါ့ ဓါးတောင်မလိုဘူး…”

ရွှမ်ယီ၏ ထူးမခြားနားဟန်ရသော စကားသံထွက်ပေါ်လာခဲ့သည်။

“ ငါတစ်ချိန်လုံး ပြင်ဆင်ထားခဲ့တဲ့ ဓါးက မင်းတို့နဲ့ မထိုက်တန်သေးဘူး…”

ရွှမ်ယီက သာမန်လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည့်တိုင် စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုစကားအား ကြားလျှင် အသင်္ချေနဂါးစစ်တပ်မှ ထွက်ခွါလာသော အင်ပါယာအဆင့် ကျင့်ကြံသူ (၄) ယောက်လုံး အစပိုင်းတွင် အံ့အားသင့်သွားခဲ့၏။

ထို့နောက် လှောင်ပြောင်လိုက်ကြသည်။

ထိုအထဲမှ ‌အမောက်မာဆုံးဖြစ်သော တတိယမင်းသားက

“ ဒီ ရွှမ်ယီဆိုတဲ့ကောင်… ငါတို့စွမ်းအားကို ကြောက်လန့်ပြီး ရူးသွားပြီနေမယ်… ညီငယ်လေးက ဒီကောင်ကို ဘာလို့ ဒီလောက်တောင် အလေးထားနေလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး…”

သို့သော် သူ၏စကားမဆုံးသေးမီ ရုတ်ရက်လည်ပင်း၌ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

“ သူ… သူက…”

တတိယမင်းသား အလွန်အံ့အားသင့်သွားပြီး နံဘေးသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူတစ်ယောက်တည်းမဟုတ်ကြောင်းနားလည်သွား၏။

သူ၏ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုအပြင် သူတို့အား အကာအကွယ်ပေးရန်လိုက်လာသော အကြီးအကဲတို့အားလုံးမျက်နှာပျက်နေခဲ့ကြသည်။

ထို့နောက် မည်သည့်စကားမှ မပြောနိုင်ခင် ဦးခေါင်း (၄) လုံး ကောင်းကင်ပေါ်မှ ပြုတ်ကျသွား၏။

၎င်းတို့ ဦးခေါင်းများ မရှိတော့သည်နှင့်တစ်ပြိုင်နက် လည်ပင်းနေရာမှ သွေးများပန်းထွက်လာခဲ့သည်။

ထိုမျှမကသေးဘဲ ထာဝရနတ်ဘုရားစင်မြင့်များပါ တစ်ပြိုင်နက်တည်း ပျက်စီးသွား၏။

အစမှ အဆုံး ရွှမ်ယီ လှုပ်ရှားသည်ကို မည်သူမှ မမြင်မိခဲ့ကြချေ။

လီလန်တစ်ယောက်တည်းသာ အနည်းငယ်ရိပ်မိခဲ့၏။

သူမ ပါးစပ်အဟောင်းသား‌ဖြင့် ရွှမ်ယီ၏ ကျောပြင်အား အထိတ်တလန့်ကြည့်နေခဲ့သည်။

‘ ဆရာက လက်ချောင်းလေးပဲလှုပ်ပြီး ဓါးချီကြိုးတစ်ချောင်း လွှတ်လိုက်တာလား…’

“ မင်းကိုလာတွေ့ပြီး ဂါဝရပြုရမှာလား… ဟာသပဲ… မင်းက အဆင့်မမှီသေးဘူး…”

ရွှမ်ယီ၏ ထီမထင်သော စကားသံက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် မည်သူမှ ၎င်းအား ဟာသတစ်ခုအဖြစ်သဘောမထားကြတော့ပေ။

လူတိုင်းမှင်သက်လျှက် ကောင်းကင်ထက်မှ သွေးစီးကြောင်း (၄) ခုအား ကြည့်နေခဲ့ကြ၏။

အလွန်အံ့ဩသဖြင့် အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြသည်။

မကြာသေးခင်က မြင်လိုက်ရသော မြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး သမိုင်း၌မှတ်တမ်းတင်ရန်ပင် လုံလောက်၏။

အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူက ဓါးချီမျှင်လေးတစ်ခုနှင့် အင်ပါယာအဆင့် ကျင့်ကြံသူ (၄) ယောက်အား တစ်ပြိုင်နက်တည်း သတ်ပစ်ခဲ့သည်။

အထူးသဖြင့် သိထားရန်လိုအပ်သည်က ၎င်းတို့အားလုံးက အင်ပါယာအဆင့်၌ နှစ်ပေါင်း (၁) သောင်းခန့်နေထိုင်ခဲ့ကြသော တည်ရှိမှုများဖြစ်၏။

အကယ်၍ ရွှမ်ယီက ဤကပ်ဘေး၌ သေဆုံးသွားခဲ့လျှင်ပင် အရှေ့ပိုင်းတိုက်ကြီး၌ ဒဏ္ဍာရီတစ်ခုအဖြစ်ကျန်ရှိနေမည်မှာ အသေချာပင်။

အကြောင်းမှာ လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများအားလုံးက အလွန်တောက်ပလွန်းသောကြောင့်ဖြစ်၏။

မိမိကိုယ်တိုင်သာ မြင်ခဲ့ရခြင်းမဟုတ်လျှင် ရွှမ်ယီ၏ တိုက်ပွဲများအား မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ။

အသင်္ချေနဂါးအင်ပါယာ စစ်တပ်ကြီးအတွင်းတွင် နောက်ဆုံး၌ မြင့်မြတ်သားတော် ဝမ်လုံ အနည်းငယ်မျက်နှာ ပျက်သွားခဲ့၏။

သူက မဲမှောင်နေသော မျက်နှာဖြင့် အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ ထိုအခါ သူ၏ ရွှေရောင်ဆံပင်များက လေထဲ၌ ပြင်းထန်စွာ လှုပ်ရှားလာခဲ့ပြီး ခန္ဓာကိုယ်မှလည်း သတ္တုခြင်းထိခတ်သံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အကြေးခွံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။

အကြေးခွံတစ်ခုချင်းစီတိုင်း၌ တလက်လက်တောက်ပနေသော နတ်ဘုရားအမှတ်အသားများ ရှိနေခဲ့ပြီး ဝမ်လုံ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ရွှေရောင်များ ဖုံးလွှမ်းသွားလေသည်။

၎င်းက အသင်္ချေနဂါးအင်ပါယာ ဝတ်ဆင်ခဲ့သော တိုက်ပွဲဝင်ချပ်ဝတ်ဖြစ်လေသည်။

ကောလဟာလများအရ သူက ထိုချပ်ဝတ်ကို ဝတ်ဆင်ခဲ့ပြီး မြောက်ပိုင်းလွင်ပြင်မှ နတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုကြသည်။

ထို့အပြင် ကောင်းကင်ပလ္လင်အဆင့် ( စတုတ္ထအတိဒုက္ခအဆင့် အင်ပါယာ) ဖြင့် ဆန်းကျယ်ပလ္လင်အဆင့် ( ပဉ္စမအတိဒုက္ခအဆင့် အင်ပါယာ) ကိုလည်း သတ်ပစ်ခဲ့သည်ဟု ဆိုကြ၏။

၎င်းက ဤချပ်ဝတ်အား ဝမ်လုံအား ပေးအပ်ခဲ့သည်မှာ အံ့ဩစရာပင်။

လက်ရှိအချိန်တွင် မြောက်ပိုင်းလွင်ပြင်မှ ရောက်နေသော ကျင့်ကြံသူတိုင်းအလွန်အံ့ဩသွားကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ထိုချပ်ဝတ်အား မှတ်မိကြသည်။

သို့သော် ထိုမျှနှင့် ပြီးဆုံးခဲ့ခြင်းမရှိသေးချေ။

ကောင်းကင်ထက်တွင် ဝမ်လုံက လက်သီးအား တင်းကြပ်စွာ ဆုပ်ထားခဲ့ပြီး သူ၏နံဘေးတွင် နဂါးဟိန်းသံများ ထွက်ပေါ်နေခဲ့၏။

၎င်းက မိုးခြိမ်းသံကျယ်ကြီး တစ်ခုအလားပတ်ဝန်းကျင်သို့ ဟိန်းထွက်နေခဲ့ပြီး လူတိုင်း အမြင်အာရုံများ မှုန်ဝါးသွားသည့်သကဲ့သို့ ခံစားမိလိုက်ကြသည်။

ထို့နောက် ခရမ်းရောင်အလင်းတန်းတစ်ခုက လျှပ်စီးလက်သည့်အလား ဝမ်လုံ၏ လက်ဖဝါးထက်သို့ ရောက်ရှိလာ၏။

၎င်း၏ နံဘေး၌ရှိသော လေဟာနယ်များပင် အက်ကွဲနေခဲ့သည်။

ဝမ်လုံ၏ လက်ထဲသို့‌ရောက်ရှိလာသောအရာက ခရမ်းရောင် အလံတစ်ခုဖြစ်သည်။

အလံတစ်ချက်တုန်ခါသွားတိုင်း နတ်ဘုရား အမှတ်အသားများနှင့် အလင်းများ တဖျတ်ဖျတ်လက်ကာ ထွက်ပေါ်နေခဲ့ပြီး မည်သူမှ ၎င်းအား တိုက်ရိုက်ကြည့်ရဲခြင်းမရှိကြချေ။

ပတ်၀န်းကျင်မှ လူတိုင်းနီးပါး အလွန်တုန်လှုပ်သွားကြ၏။

အသင်္ချေနဂါးမင်းဆက်က ၎င်းတို့ဂုဏ်သတင်းနှင့် ကိုက်ညီလှသည်။ မြင့်မြတ်သားတော်အား အဖိုးတန်ရတနာ (၂) ခုကိုပင် ပေးအပ်ထားခဲ့၏။

ရတနာ (၂) ခုက တာအိုအဆင့်လက်နက်များဖြစ်ကြပြီး တာအိုအဆင့် လက်နက်များထဲတွင်ပင် အလွန်အဆင့်မြင့်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေချေပြီ။

“ ရွှမ်ယီ… သေလိုက်တော့…”

ဝမ်လုံက လက်တွင်းမှ ခရမ်းရောင်အလံအား ဝှေ့ယမ်းကာ ကြွေးကြော်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ၍ ရွှမ်ယီရှိရာ ကြယ်ကြွေတောင်ထိပ်သို့ ပြေးဝင်သွားခဲ့သည်။

၀မ်လုံထံမှ ပြင်းထန်ကာ ကြမ်းတမ်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

တာအိုအဆင့် လက်နက်နှစ်ခုမှ ထောက်ပံ့ပေးထားသော စွမ်းအားများက အလွန်အစွမ်းထက်လွန်းလှသည်ဖြစ်ရာ အလွန်ဝေးကွာသော နေရာမှလူများပင် မနေနိုင်ဘဲ နောက်ဆုတ်မိလိုက်ကြ၏။

ဒဏ်ရာရသွားမည်စိုးသဖြင့် မည်သူမှ တိုက်ပွဲမြေပြင်အနီး မကပ်ဝံ့ကြချေ။

ကောင်းကင်ထက်တွင် ၀မ်လုံက တန်ခိုးကြီး နဂါးတစ်ကောင်အလား ရှေ့သို့ပြေးသွားနေ၏။ လက်ထဲမှ ခရမ်းရောင်အလံကလည်း အဆက်မပြတ် တုန်ခါနေသည်။

တစ်ချက် တုန်ခါသွားတိုင်း နတ်ဘုရားအမှတ်အသားများနှင့်တကွ နတ်အလင်းများ ဖြာထွက်လာနေ၏။

အလွန်တောက်ပသော နတ်အလင်းများအကြား အထူးဖြစ်စဉ်များပင် ဖြစ်ပေါ်လာခဲ့သည်။

နေ နှင့် လ ပျောက်ကွယ်သွားကာ ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားပြီးနောက် ပြန်လည် ဖြစ်တည်လာသည့်အလားပင်။

ထိုအချင်းအရာကြောင့် လူတိုင်း ထိတ်လန့်သွားခဲ့ကြ၏။

ထို့ကဲ့သို့ ရတနာမျိုးက ပုံမှန်အားဖြင့်ဆိုလျှင် မြင့်မြတ်နယ်မြေများ၌ပင် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူကြသည်။ အင်အားစု ခေါင်းဆောင်များသာ ၎င်းအား တိုက်ခိုက်ရာ၌ အသုံးပြုလေ့ရှိကြ၏။

သို့သော် ၀မ်လုံက (၂)ခုတောင် တစ်ပြိုင်နက် ထုတ်ယူ အသုံးပြုလိုက်သည်ဖြစ်ရာ လူအများ ထိတ်လန့် အံ့ဩသွားသည်မှာ မထူးဆန်းပေ။

မြင့်မြတ်သားတော် ၀မ်လုံကလည်း အစွမ်းထက် ရတနာ (၂)ခု၏ အစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

သူက တတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်မျှဖြစ်သည့်တိုင် ၎င်းတို့ စွမ်းအားကို ကောင်းစွာ ထုတ်ဖော်နိုင်စွမ်းရှိနေ၏။

ဤသို့ဖြင့် ပါရမီရှင် တစ်ယောက်နှင့် အစွမ်းထက် ရတနာ (၂)ခု ပေါင်းစပ်မှုက အဆင့်တူကျင့်ကြံသူတိုင်းအား ချေမှုန်းရန် လုံလောက်ပေသည်။

ထိုအချိန်တွင် ထောင်နှင့်ချီသော အထူးဖြစ်စဉ်များက ကြယ်ကြွေတောင်ထိပ်သို့ ဦးတည် ၀င်ရောက်သွား၏။

“ ဆုတ်… မြန်မြန် ဆုတ်ကြ…”

တိုက်ပွဲအား ကြည့်ရှုနေသူများ အလွန် တုန်လှုပ်သွားကြ၏။

All Chapters