← Chapters

အခန်း (၄၇၉)

Vol. 32 Ch. 479

အခန်း (၄၇၉)

Vol. 32 Ch. 479

တတ်နိုင်သမျှ နောက်ဆုတ်ရန် ကြိုးစားခဲ့ကြသော်လည်း တချို့လူများ မလွတ်မြောက်နိုင်ခဲ့ကြပေ။

၎င်းတို့က အဆင့်မြင့် ကောင်းကင်ဘုရင်နှင့် အထက်အဆင့်များ ဖြစ်ကြသော်လည်း တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် ရိုက်ခတ်မှု တစ်စွန်းတစ်စကိုပင် ကာကွယ်နိုင်ခြင်းမရှိကြချေ။

၎င်းတို့ စိတ်ဝိညာဉ်ဒြပ်စင်များ ကွဲအက်သွား၏။ တချို့ဆိုလျှင် ပင်မ အရင်းအမြစ်များပါ ထိခိုက်သွားခဲ့ပြီး သွေးအန်လိုက်ကြရသည်။

၎င်းက အမှန်တကယ် တတိယအတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးထံမှ တိုက်ခိုက်မှု ဟုတ်မှ ဟုတ်ပါလေလော…?

ကောင်းကင်ပလ္လင်အဆင့် ( စတုတ္ထ အတိဒုက္ခ) ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုသို့ စွမ်းဆောင်နိုင်မည်မထင်ပေ။ ထိုတိုက်ခိုက်မှုက ဆန်းကြယ်ပလ္လင်အဆင့် ( ပဉ္စမ အတိဒုက္ခ ) သို့ပင် ရောက်နေပြီဖြစ်၏။

လင်းလက် တောက်ပနေသော နတ်ဘုရား အမှတ်အသားများနှင့် ထူးခြားဖြစ်စဉ်များက ကြယ်ကြွေတောင် ပတ်၀န်းကျင်မှ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ဖုံးအုပ်သွားခဲ့သည်။

တောင်ပိုင်းကောင်းကင်တံခါး မှ ကြယ်ကြွေတောင်အကြား မီတာ(၃)ထောင် ကျယ်သည့် ဧရာမ လျှိုမြောင်ကြီးတစ်ခု ဖြစ်သွားခဲ့၏။

ရွှင်….

‌သတ္တုချင်း ထိခတ်သံတစ်ခုက ကောင်းကင်တစ်ခွင် ပျံ့နှံ့လာသည်။

ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခုနှင့်အတူ ကြယ်ကြွေတောင်ရှိရာဘက်မှ မုန်တိုင်းက ပိုမို ပြင်းထန်လာ၏။

ထိုနေရာ၌ အလင်းများ အလွန်တောက်ပနေသည်ဖြစ်ရာ ဘာတွေဖြစ်နေကြောင်း မည်သူမှ ရှင်းလင်းစွာ မမြင်နိုင်ကြပေ။

တိမ်နဂါး အင်ပါယာ၏ မျက်နှာထက်မှ နဂိုက ဂရုမစိုက်ဟန်ရသော မူအရာပျောက်ကွယ်သွားပြီး မျက်၀န်းများ ကျဉ်းမြောင်းသွားခဲ့သည်။

သို့သော် တိုက်ပွဲက တစ်ခဏမျှနှင့် အဖြေထွက်လာ၏။

အုန်း…

တောက်ပနေသော မုန်တိုင်းကြီး၏ ဗဟိုမှနေပြီး ရွှေရောင် ပုံရိပ်တစ်ခု လွင့်စင်လာခဲ့သည်။

လူတိုင်း မနေနိုင်ဘဲ ဟစ်အော်မိလိုက်ကြ၏။

လွင့်စင်လာသူက မြင့်မြတ်သားတော် ၀မ်လုံ ဖြစ်သည်။

ထို့အပြင် နှုတ်ခမ်းထောင့်၌ သွေးစီးကြောင်းတစ်ခုလည်း ရှိနေခဲ့၏။ သူ့ခန္ဓာကိုယ်ထက်မှ ချပ်၀တ်က နဂိုအတိုင်း ရှိနေဆဲဖြစ်သော်လည်း နတ်ဘုရား အမှတ်အသားများကမူ မှိန်ဖျော့သွားချေပြီ။

တိုက်ပွဲ၌ ဒဏ်ရာအပြင်းအထန် ရသွားကြောင်း ထင်ရှား၏။

“ မဖြစ်နိုင်ဘူး…”

“ မြင့်မြတ်သားတော် ၀မ်လုံက ရွှမ်ယီကို မယှဉ်နိုင်ဘူးတဲ့လား…?”

လူတော်တော်များများ လျှာကိုက်မိမတတ် ဖြစ်သွားခဲ့ကြ၏။

တောက်ပနေသော နတ်အလင်းများပျောက်ကွယ်သွားလျှင် နဂိုနေရာ၌ တည်ငြိမ်စွာရပ်နေသော ရွှမ်ယီအား မြင်လိုက်ရသည်။

သူ့မျက်နှာက ဘာမှထူးမခြားနားဟန်ဖြင့် နဂိုအတိုင်း တည်ငြိမ်နေဆဲပင်။

သူ့နောက်ဘက်၌ ရပ်နေသော လီလန်လည်း တိုက်ပွဲအကျိုးသက်ရောက်မှုမှနေ၍ အနည်းငယ်မျှ ထိခိုက်ခဲ့ခြင်းမရှိချေ။

ကြယ်ကြွေတောင်ထိပ်အား ဗဟိုပြုလျက် အရှေ့ဘက် ကီလိုမီတာ(၁၀၀၀)ပတ်၀န်းကျင်တစ်ခုလုံး ရှုပ်ပွ ပျက်စီးနေခဲ့သည်။

သို့သော် ‌ကြယ်ကြွေတောင် အနောက်ဘက်အခြမ်းကမူ သာမန်အတိုင်းရှိနေဆဲဖြစ်ပြီး ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်း ပြောလျှင် မည်သူမှ ယုံမည်မဟုတ်ပေ။

၎င်းတို့အကြား ခြားနားချက်မှာ အလွန်ကြီးမားဟန်ရသည်။

လူတိုင်း စိတ်ထဲ၌ မှန်းဆနေချိန်တွင် ၀မ်လုံက မိမိကိုယ်ကို ပြန်လည် တည်ငြိမ်စေလိုက်၏။

နဂိုက မောက်မာမှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး မျက်၀န်းထဲ၌ ဒေါသများ ပြည့်နှက်နေခဲ့သည်။

“ ကောင်းတယ်.. ကောင်းတယ်… မင်းက မဆိုးဘူးပဲ… ငါ့ရဲ့ခွန်အား အပြည့်အ၀သုံးဖို့ ထိုက်တန်တယ်…”

၀မ်လုံ အံကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ထို့နောက် နဂိုကမှိန်ဖျော့သွားသော ချပ်၀တ်မှ နတ်ဘုရား အမှတ်အသားများနှင့် ရွှေရောင် အလင်းများ တစ်ဖန် ပြန်လည်၍ တောက်ပလာခဲ့သည်။

သူ့ထံမှ စွမ်းအားများ မြင့်တက်လာသည်နှင့်အမျှ ခရမ်းရောင် အလံမှ တာအိုရုန်းများ ထွက်ပေါ်လာပြီး လေထဲ၌ ကခုန်နေတော့၏။

တာအိုရုန်းပေါင်း (၃၆)ခု ထွက်ပေါ်လာခဲ့ပြီး ရေနဂါးတစ်ကောင်၏ ပုံရိပ်ဖြစ်ပေါ်လာကာ ဝမ်လုံ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားခဲ့သည်။

ဂရား...

ရှည်လျားသော ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ ထွက်ပေါ်လာသော နတ်တန်ခိုးစွမ်းအင်များက ကောင်းကင်နှင့်မြေကြီးအား တုန်ခါသွားစေခဲ့သည်။

တစ်ချိန်တည်းတွင် ပို၍ကြီးမားသော မိုးပြာရောင်နဂါးတစ်ကောင်ပုံရိပ်ဖြစ်ပေါ်လာ၏။ ၎င်းကလည်း တာအိုရုန်းမှ စွမ်းအင်များနှင့် ဆက်နွယ်နေခဲ့ကာ မီတာတစ်ထောင်ကျော် ရှည်လျား၏။

ထို့အပြင် ၀မ်လုံ၏ တစ်ကိုယ်လုံးအား ဖုံးအုပ် ကာကွယ်ထားသေးသည်။

အသစ်ထပ်မံထွက်ပေါ်လာသော ရေနဂါးပုံရိပ်ကြီးကြောင့် ပတ်ဝန်းကျင်မှလူတိုင်း အံ့အားသင့်သွားခဲ့ကြ၏။

နောက်ဆုံးတွင် အသင်္ချေနဂါးမင်းဆက်မှ မြင့်မြတ်သားတော်ဝမ်လုံက သူ၏ ဝှက်ဖဲအား အသုံးပြုလိုက်ပြီး ကြောက်မက်ဖွယ် နတ်တန်ခိုးစွမ်းရည်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် ပတ်ဝန်းကျင်မှ လူအများစုကမူ ၎င်းက နတ်တန်ခိုးစွမ်းရည်တစ်ခုဖြစ်ကြောင်း မသိကြချေ။

ထို့အပြင် ဝမ်လုံ အသုံးပြုလိုက်သော နတ်တန်ခိုးစွမ်းရည်က သာမန်နတ်တန်ခိုးစွမ်းရည်များထက် ကျော်လွန်နေခဲ့၏။

အဖိုးတန် အထွတ်အထိပ်တာအိုအဆင့် လက်နက်နှစ်ခုနှင့်အတူ အဆင့်တစ်ခုအား အလွယ်တကူ ကျော်ဖြတ်တိုက်ခိုက်နိုင်စွမ်းရှိသော အစစ်အမှန် နတ်တန်ခိုးစွမ်းရည်တစ်ခု...

ယခုအချိန်တွင် ဝမ်လုံ၏ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်ပလ္လင်အဆင့် (စတုတ္ထအတိဒုက္ခအဆင့်)ကို ကျော်လွန်သွားချေပြီ။

ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်နှင့် တိုက်ခိုက်ရန်ပင် လုံလောက်၏။

“ သေစမ်း…”

ဝမ်လုံ ဟိန်းဟောက်လိုက်လျှင် သူ၏အနောက်ဘက်ရှိ ထာဝရနတ်ဘုရားစင်မြင့်ထက်မှ နတ်ဘုရားအမှတ်အသားသုံးခုက ရုတ်တရက် ပျံတက်လာခဲ့သည်။ ထို့နောက် ၎င်းက ဝမ်လုံအား အလယ်ဗဟိုနေရာတွင်ထားကာ ကာကွယ်ထားခဲ့သော မိုးပြာနဂါးကြီးနှင့် ပေါင်းစပ်သွားပြီး မူလက အတန်ငယ်ဝိုးတဝါးဖြစ်နေခဲ့သော မိုးပြာနဂါးကြီးအား ပို၍အစစ်အမှန်နှင့် တူလာစေ၏။

ဂရား…

ဝမ်လုံ၏တိုက်ခိုက်မှုက ရွှမ်ယီထံသို့ ဦးတည်ဝင်ရောက်သွားခဲ့ပြီး ကြယ်ကြွေတောင်ထိပ်တစ်ခုလုံးအား ၎င်း၏စွမ်းအားဖြင့် နစ်မြုပ်သွားစေသည်။

ကောင်းကင်နှင့်မြေကြီးအား လှုပ်ခါနိုင်စွမ်းရှိသော နဂါးဟိန်းသံက အချိန်အတော်ကြာအောင် မြည်ဟီးနေခဲ့သည်။

ကြယ်ကြွေတောင်ထိပ်တွင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လေပြင်းများ တိုက်ခတ်လာခဲ့ကာ ဖုန်မှုန့်များ၊ ကျောက်တုံးများ လွင့်စင်ထွက်လာ၏။

ဤသို့ဖြင့် ပေတစ်သောင်းကျော်မြင့်မားသော တောင်တန်းကြီးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

“ ဟီးဟီး…”

ဝမ်လုံ၏ပုံစံက ယခင်ကဲ့သို့ ခမ်းနားမှုများ ရှိမနေတော့ဘဲ ယခုတွင် အသက်ကိုပင် လုရှူနေရ၏။

အစစ်အမှန်နတ်တန်ခိုးစွမ်းရည်ကို အသုံးပြုခြင်းက သူ့ကိုလည်း တန်ပြန်ထိခိုက်စေကြောင်း ထင်ရှားသည်။

အဘယ်ကြောင့်ဆိုသော် သူက ထိုနတ်ဘုရားစွမ်းရည်အား အပြည့်အဝကျွမ်းကျင်ခြင်း မရှိသေးချေ။

ယခုတွင် ၎င်းအား အသုံးပြုရန်အတွက် ကြီးမားသော ပေးဆပ်မှုတစ်ခု ပြုလုပ်ခဲ့ရသည်။

သို့သော် ရလဒ်က ကျေနပ်စရာအတိပင်။

ကြယ်ကြွေတောင်ထိပ်တစ်ခုလုံး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရွှမ်ယီ၏ပုံရိပ်ကို မတွေ့ရတော့ချေ။

၎င်း၏အရှိန်အဝါလည်း ပျောက်ကွယ်သွားခဲ့သည်။

“ ဟားဟားဟား… တကယ်ကို အသိတရားမရှိတဲ့အကောင်ပဲ… မိုက်မဲလွန်းတယ်…”

ဝမ်လုံက အသက်လုရှူနေရသည့်ကြားမှ အေးစက်စွာ ရယ်မောလိုက်သေးသည်။

သို့သော် သူ၏စကားဆုံးသွားသည်နှင့် တိုးညင်းသော စကားသံတစ်ခုက သူ့နောက်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

“ မင်းမှာရှိတာ ဒါအကုန်ပဲလား… ဒါနဲ့များ ငါ့ရှေ့မှာလာပြီး မောက်မာရဲသေးတယ်…”

ရွှပ်…

ထိုစကားသံအား ကြားလျှင် ဝမ်လုံ ချက်ချင်းမျက်နှာပျက်သွားခဲ့၏။

“ ရွှမ်ယီ မင်း... ခွေးမသား… ရပ်စမ်း…”

သူက ရွှမ်ယီအား ဆဲဆိုလိုက်သော်လည်း လေသံအတွင်းမှ ထိတ်လန့်မှုများကမူ ဖုံးကွယ်ထား၍မရဘဲ ထွက်ပေါ်နေခဲ့သည်။

သို့သော် နောက်ကျသွားခဲ့ချေပြီ။

ဝမ်လုံ၏ခန္ဓာကိုယ် အပြင်းအထန်တစ်ချက်တုန်ခါသွားခဲ့ပြီး အောက်သို့ငုံ့ကြည့်လိုက်လျှင် သူ့ ရင်ဘတ်အား ဖောက်ဝင်သွားခဲ့သော ဓားချီတစ်ခုအား မြင်လိုက်ရ၏။

ကောင်းကင်နှင့်မြေပြင်အကြား၌ ဝမ်လုံ၏ အရှိန်အဝါက မျက်စိတစ်မှိတ်အတွင်း ထိုးကျသွားခဲ့သည်။

ထို့နောက် အသက်ဓာတ်များအားလုံး ပျောက်ဆုံးသွားတော့၏။

အသင်္ချေနဂါးမင်းဆက်မှ မြင့်မြတ်သားတော်ဝမ်လုံ သေဆုံးသွားချေပြီ။

တောင်ပိုင်းကောင်းကင်တံခါးတစ်ခုလုံး သေမင်းနယ်မြေကြီးတစ်ခုအလား တိတ်ဆိတ်သွားခဲ့၏။

All Chapters