ထိုဓား၏ ဟန်ပန်
Vol. 121 Ch. 1570
လက်ရှိ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်မှာ ချင်မူ ရောက်ခဲ့ဖူးသော ယခင်တစ်ခေါက်ထက်ပင် ပို၍အန္တရာယ်များနေသည်။ ဖြာထွက်လာနေသည့် အလင်းလှိုင်းများက ယခင်ကထက် ပြင်းထန်အားကောင်းနေ၏။
ချင်မူနှင့် ကုန်းယွင်မှာ ကောင်းကင်နတ်အရှင်များ ဖြစ်ကြသော်လည်း လက်ရှိအဆုံးသတ်မြို့ပျက်ကို ရင်ဆိုင်ရသည့်အခါ၌ ကြောက်ရွံစိတ်တို့ ဖြစ်ပေါ်လာမိသေးသည်။
ကောင်းကင်နတ်ဘုံ ဘိုးဘေးနန်းတော်သို့ ဝင်ရောက်လိုက်သဖြင့် ကောင်းကင်နတ်မြစ် မူလနေရာသို့ ပြန်လည်ရောက်သွားသည့်အချိန်မှစ၍ အဆုံးသတ်မြို့ပျက်၏ စွမ်းအားသည် ယခင်ကထက် များစွာ သန်မာအားကောင်းလာခဲ့လေသည်။ ထိုမျှသာမက ညီအစ်မနှစ်ယောက်ကပါ တစ်ယောက်တည်း ပေါင်းစည်းသွားသောကြောင့် အဆုံးသတ်မြို့ပျက်စွမ်းအားက ပိုမိုမြင့်တက်သွားသယောင်ပင်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်။ သူတို့နှစ်ယောက်သည် ချက်ချင်း မလှုပ်ရှားကြဘဲ ဖြစ်နိုင်ချေအားလုံးကို စိတ်ထဲမှ တွက်ချက်နေကြ၏။
သူတို့သည် တစ်လောကလုံးတွင် အသိစိတ်အလျဉ်အရာ၌ အထူးချွန်ဆုံး မဟုတ်ပါလော။ သူတို့၏ အသိစိတ်အလျဉ်က သူတို့၏အတွေး၊ သူတို့၏စိတ်နှင့် ညီမျှသောကြောင့် သာမန်လူများထက် လျင်မြန်ဖျတ်လတ်စွာ တွေးတောနိုင်ကြသည်။
သိုင်းသမားတို့အနေဖြင့် အတွေးနှင့် အသိစိတ်ကို နတ်ဘုရားအဆင့်အထိ မြှင့်တင်နိုင်မှသာ အသိစိတ်အလျဉ်ဟု ခေါ်ဆိုနိုင်သည်။
အသိစိတ်အလျဉ်သည် လုပ်ဆောင်ပေးနိုင်သည့်အရာ များစွာရှိ၏။ ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည့်အပြင် ရန်သူ၏ အတွေးအခေါ်နှင့် စိတ်ကို ရှင်းလင်းပစ်နိုင်သည်သာမက သူတို့၏ အသက်ဓာတ်ကိုပါ ငှားယူနိုင်သည်။
သို့သော် အသိစိတ်အလျဉ်တွင် အင်မတန် ကောင်းမွန်သည့် အားသာချက်တစ်ခု ရှိသေးသည်။ အလွန် တိုတောင်းသောအချိန်အတွင်း ဖြစ်နိုင်ချေများစွာကို တွက်ချက်ပေးနိုင်သဖြင့် ရန်သူထက် ခြေတစ်လှမ်းသာနေစေသည့် အချက်ပင်။
ရန်သူ ထုတ်လွှတ်တော့မည့် တိုက်ကွက်များကိုပင် မှန်းဆပေးနိုင်သည်။
အချို့သူများက ဤအစွမ်းကို နိမိတ်ဖတ်ခြင်းဟု သမုတ်ကြသော်လည်း အသိစိတ်အလျဉ် ပိုင်ဆိုင်ထားသည့် အင်အားကြီးသိုင်းပညာရှင်များအတွက်တော့ သူတို့၏ လုပ်ရပ်များကို ကြိုတင်တွက်ချက်ပေးနိုင်သည့် ဖြစ်နိုင်ခြေတွက်နည်းတစ်မျိုးသာ ဖြစ်ပေသည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့ကဲ့သို့ အင်အားကြီးမားသော သိုင်းပညာရှင်များ၏ အသိစိတ်အလျဉ်တို့မှာ ဤလောက၌ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး ဖြစ်သည်။ သူတို့၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများပါ ပေါင်းစည်းလိုက်သည့်အခါတွင်တော့ တစ်ဖက်လူ၏ တန်ပြန်တိုက်ကွက်များကို မှန်းဆနိုင်သွားသည်။
သို့သော် အသိစိတ်အလျဉ်အရာ၌ ထူးချွန်သော ပုဂ္ဂိုလ်နှစ်ယောက် တိုက်ခိုက်ကြလျှင်မူ ဖြစ်နိုင်ချေများစွာ ရှိလာတော့သည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းသည် အသိစိတ်အလျဉ် ကျင့်ကြံစဉ်တုန်းက အခြားသူများ၏ အသိစိတ်အလျဉ်များကို ဝါးမြိုခြင်းမပြုခဲ့သလို၊ တခြားသူများ၏ ယဇ်ပူဇော်မှုတို့ကိုလည်း လက်ခံခဲ့ခြင်း မရှိပေ။ ချင်မူသည် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို တုပခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းကို မြှင့်တင်နိုင်ရန်အတွက် အသုံးမချခဲ့ပေ။
သူသာ ဖြတ်လမ်းသုံးခဲ့ပါက ဖြစ်နိုင်ချေများကို တွက်ချက်ရာတွင် သူ၏အသိစိတ်အလျဉ်သည် ဖရိုဖရဲဖြစ်ကာ အနှောင့်အယှက်ပေးပေလိမ့်မည်။ ဤအကြောင်းကြောင့် မဟာဧကရာဇ်၏ အခြေခံမှာလည်း မပြည့်စုံခဲ့ခြင်းပင်။
သားရဲကမ္ဘာ၏ အရှင်သခင်လုံရှောင် ဉာဏ်ပညာအမျှော်အမြင်၌ လိုအပ်နေသည်မှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ကုန်းတို့သည် သူတို့၏အသိစိတ်အလျဉ်စင်ကြယ်မှုကို ထိန်းသိမ်းခဲ့ကြပြီး မည်သည့်ဆွဲဆောင်မှုကြောင့်မှ ညစ်ထေးသွားခြင်း မရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြ၏။
ကောင်းကင်နတ်အရှင်ကုန်းအနေဖြင့် ယောက်ျားတစ်ယောက်အပေါ် အားကိုးခြင်းအပြင် တခြားသူများ မုန်းတီးသည့် လုပ်ရပ်တို့အား ကျူးလွန်ခဲ့သော်လည်း သူမ၏စိတ်ဓာတ်က မြဲမြံတည်တံ့သဖြင့် လေးစားဖွယ်ကောင်းလှသည်။
သူတို့နှစ်ယောက်က အသိစိတ်အလျဉ်များကို အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်နေစေသောကြောင့် အရှိန်အဝါများ အားကောင်းလာကြသည်။ မကြာခင် လျှပ်စီးများ ထွက်ပေါ်လာတော့မည့်အလားပင် ပြင်းထန်လာတော့၏။
ကောင်းကင်နတ်အရှင်ကုန်း၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူမမှာ ချင်မူ၏ တိုက်ကွက်များကို မှန်းဆရာတွင် အခက်အခဲများ တွေ့ကြုံခဲ့ရသည့်အလျောက် ချင်မူ နားလည်သိမြင်ခဲ့သည့်အရာများမှာ အင်မတန် ရှုပ်ထွေးမှန်း ယခုအချိန်မှ သဘောပေါက်ခဲ့ရသည်။ ထိုမျှသာမက ချင်မူ့တွင် အမည်မသိသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းမျိုးစုံလည်း ရှိနေကြ၏။
သို့သော် သူမ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား တာအိုတစ်သောင်းလှည်းဘီးထဲရှိ ချင်မူ့အား သတ်ရန်တွင် အသုံးပြုခဲ့မိသည့်အတွက် ချင်မူက အကြိမ်ကြိမ် လေ့လာနိုင်သွားလေသည်။
တစ်နည်းပြောရလျှင် ချင်မူက သူမအကြောင်း အလုံးစုံသိသော်လည်း သူမမှာတော့ သူ့အကြောင်း များများစားစား မသိပေ။
‘ငါ့သိုင်းအဆင့်ကသာ သူနဲ့အတူတူဆိုရင် သေချာပေါက် ရှုံးလိမ့်မယ်’
သူမက စိတ်ထဲမှ တွေးနေမိသည်။ ‘ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံက သူ့ထက် ခိုင်မာမြင့်မားတဲ့အတွက်ငါက အားသာတယ်… သူက ကျောက်စိမ်းမြို့တော်အဆင့်ကိုတောင် မရောက်သေးပေမယ့် ငါကတော့ ကောင်းကင်နတ်ဘုံတစ်၀က်အဆင့်အထိ ရောက်နေပြီ.. စစ်ခရာကို အသက်သွင်းပြီး ငါ့ရဲ့ ချီနဲ့ သွေးကို သန်မာအားကောင်းစေပြီး အတိုက်အခိုက်စွမ်းအားကို အချိန်တိုအတွင်း အဆပေါင်းများစွာ မြင့်တက်စေလိုက်ရင် တစ်ချက်တည်းနဲ့ တိုက်ခိုက်လို့ ရနိုင်တယ်… ငါလည်း ဒဏ်ရာရသွားနိုင်ပေမယ့် သေစေနိုင်လောက်တဲ့ ဒဏ်ရာတော့ မဟုတ်ဘူး… သူကတော့ အသက်ရှင်နိုင်ရင်တောင်မှ စိစိညက်ညက် ကြေအောင် ရိုက်နှက်ခံရလိမ့်မယ်’
‘မြန်မြန်အဆုံးသတ်ကြတာပေါ့’
‘မြန်မြန်အဆုံးသတ်မှဖြစ်မယ်’
‘အချိန်ဆွဲလေလေ ငါ့ကိုတိုက်ခိုက်နိုင်မယ့် ဖြစ်နိုင်ချေတွေ သူ ပိုတွက်ချက်နိုင်လေလေပဲ’
ထိုသို့ တွေးမိသည့်အချိန်တွင် သူမ၏ မျက်ခုံးများ ပင့်တက်သွားသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရီ၏ အသံက အော်ဟစ်လိုက်၏။ “မဖြစ်ဘူး…. မဖြစ်ဘူး… ဒီ ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းက တစ်ခုခု မှားနေတယ်…. ဒီအတိုင်း လုပ်လိုက်ရင် အဲဒီအပျက်မကို သန့်စင်နိုင်တော့မှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်အရှင်မူ…”
ကောင်းကင်နတ်ဧကရီက လှမ်းခေါ်နေသည်။ ချင်မူ့အရှိန်အဝါမှာ ရုတ်တရက် ပုံပျက်သွားသည်။ ကောင်းကင်နတ်အရှင်ကုန်းက ဤအခြေအနေကို ချက်ချင်း အခွင့်ကောင်းယူကာ သူမ၏ မဟာကောင်းကင်နတ်ဘုံကို အစွမ်းကုန် အသက်သွင်းလိုက်တော့သည်။
သူမ၏ ကောင်းကင်နတ်ဘုံမှာ စစ်ခရာတစ်ခုကဲ့သို့ နေရာယူထားသည်။ သူမ၏ကျင့်စဉ်ကို အသက်သွင်းလိုက်သည့်အချိန်တွင် စစ်ခရာကြီးက အချိန်အတော်ကြာသည်အထိ မြည်ဟီးလာပြီး သူမ၏ ချီနှင့် သွေးတို့ကို ချက်ချင်းဆိုသလို တိုးပွားလာစေသည်။
တခဏအတွင်း အဆုံးသတ်မြို့ပျက်၏ ကြာပန်းပွင့်နှစ်ပွင့်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ချီနှင့် သွေးလှိုင်းဂယက်များဖြင့် ပြည့်နှက်သွားတော့သည်။
ခွန်အားဖြစ်စေ၊ မှော်စွမ်းအင်အရာတွင်ဖြစ်စေ ကောင်းကင်နတ်အရှင်ကုန်းကား မြင့်တက်သွားချေပြီ။ သူမသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရာ အချိန်နှင့် နေရာဟင်းလင်းပြင်၏ ကန့်သတ်ချက်များကို ဖောက်ထွက်သွားပုံရပြီး ချင်မူ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို ဖြတ်သန်းလျက် ချင်မူ့အရှေ့သို့ ရောက်ချလာတော့သည်။
သူမလက်ထဲရှိ ကြာပွတ်က နဂါးလှံတံသဖွယ် ပြောင်းလဲသွား၏။ ၎င်းက ပြင်းပြင်းထန်ထန် တုန်ခါ၍ ရွှမ်းခနဲ ချင်မူ့ထံ ပြေးဝင်သွားတော့သည်။
သူမ လှုပ်ရှားလိုက်သည့်အချိန်မှာပင် ချင်မူ့မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ ကောင်းကင်နတ်အရှင်ကုန်းမှာ ထိုအပြုံးကို မြင်လိုက်သည့်အခါတွင် အောင်မြင်တော့မည့် မိစ္ဆာတစ်ကောင်၏ အပြုံးသဖွယ် ခံစားလိုက်ရသည်။
ခွမ်း…
ချင်မူက သူမ၏ တိုက်ကွက်ကို လျစ်လျူရှုလိုက်ပြီး လက်မြှောက်ကာ ဓားအား ခါလိုက်သည်။ ကောင်းကင်နတ်အရှင်ကုန်းမှာ ဒိန်းခနဲ ရင်ခုန်သွားတော့သည်။ သူမ၏ရင်ဘတ်ကို ဖောက်ထွက်ထားခဲ့သော ချင်မူ့ဓားဒဏ်ရာကား ချက်ချင်း ပေါက်ကွဲသွားချေပြီ။
မရေမတွက်နိုင်သော ဓားရောင်များက သတ္တုအမျှင်များ ပြည့်နေသော ငွေရောင်ဖန်ပုလင်း ကွဲသွားသကဲ့သို့ ဖြာထွက်လာတော့သည်။
ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ်လား
ကောင်းကင်နတ်အရှင်ကုန်းမှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူမက ချီ၊ သွေးနှင့် မှော်စွမ်းအင်တို့ကို အသည်းအသန် စုစည်းလိုက်ရင်း ရင်ဘတ်ရှိ ဒဏ်ရာအား ချုပ်လိုက်သည်။
ကုန်းယွင်သည် တစ်ချိန်က ခိုင်ဧကရာဇ်၏ ဓားအောက်တွင် ရှုံးနိမ့်ခဲ့ရပြီး ထိုတိုက်ပွဲက သူမ၏ ဘဝတွင် ဖျောက်ဖျက်မရနိုင်သော အရိပ်မည်းကြီး ကျန်ရစ်စေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတစ်ခုတည်းသာ မဟုတ်ဘဲ တာအိုနှလုံးသားတွင်လည်း ဒဏ်ရာ ကိန်းဝပ်သွားစေခဲ့သည်။
ချင်မူ ဓားကို ခါလိုက်ခြင်းက ခိုင်ဧကရာဇ်ကြောင့် ဖြစ်တည်နေခဲ့သည့် သူမ၏ အကြောက်တရားကို ပြန်လည်ထွက်ပေါ်လာစေသည်။ ဤအကြောက်တရား နိုးထလာသည်နှင့် သူမမှာ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ စိတ်ထဲ ပေါ်လာသည့်အတိုင်း ဆောင်ရွက်မိတော့သည်။
သူမက မှော်စွမ်းအင်ကို ဒဏ်ရာဆီသို့ စုစည်းလိုက်သဖြင့် တိုက်ကွက်၏ စွမ်းအားမှာ ချက်ချင်း လျော့ကျသွားတော့သည်။
ထို့နောက် ချင်မူ၏ ဓားရောင်နှင့် ဓားလမ်းစဉ်မှာ ခိုင်ဧကရာဇ်လောက် ကြောက်စရာမကောင်းမှန်း သဘောပေါက်သွား၏။
ခိုင်ဧကရာဇ်သည် သူမ၏ တာအိုနှလုံးသားမှ ဓားဒဏ်ရာကို ဓားတာအိုအဖြစ် ပြောင်းလဲရန် ဓားအား တစ်ချက်မျှသာ လှုပ်ခါရန် လိုအပ်ခဲ့သည်။ ဓားတာအိုကို အားဖြည့်၍ သူမအား အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်နိုင်သည်။
ချင်မူ့ဓားကတော့ သူမဒဏ်ရာထဲတွင် ကျန်ရစ်ခဲ့သည့် ဓားတာအိုမှ လက်ကျန်စွမ်းအားကို အသက်သွင်းလိုက်ခြင်းသာ ဖြစ်ပေသည်။
‘ဒီအကောင်ကတော့’
ကုန်းယွင်မှာ တွေးမိသွားသည်နှင့် လှံ၏ စွမ်းအားကို တဖန်မြှင့်တင်ရန် ပြင်လိုက်သော်လည်း ချင်မူက သူမ၏လှံကို တိုက်ခိုက်နေချေပြီ။ တစ်ခဏအတွင်း နှစ်ဆယ်ချက်သော အခြေခံဓားချက်များကား ဓားရောင်ထဲတွင် ခုန်ပျံကာ လှံအား တိုက်ခိုက်လိုက်ကြတော့သည်။
တချွင်ချွင် မြည်သံများက အကြိမ်နှစ်ဆယ် ဆက်တိုက်မြည်သွားကြပြီး လှံကိုယ်ထည်မှာ အကြိမ်နှစ်ဆယ်တိတိ တုန်ခါသွား၏။ ပထမဦးဆုံး တိုက်ကွက်တွင် လှံမှာ ခုနစ်လက်မခန့် ထိုးစိုက်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ လှံတစ်လက်လုံး၏ စွမ်းအားကို ဖောက်ထွက်သွားပြီး ထိုခုနစ်လက်မနေရာရှိ စွမ်းအားများမှာ ပျောက်ကွယ်သွားလေသည်။ သူမလည်း ထိုစွမ်းအားကို အာရုံခံနိုင်စွမ်း မရှိတော့ပေ။
ဒုတိယမြောက် တိုက်ကွက်တွင် တုန်ခါမှုများ ထွက်ပေါ်လာပြီးနောက် လှံတံမှာ ခုနစ်လက်မ တိုသွား၏။
ချင်မူ့ဓားသိုင်းကွက်များက အလွန်မြန်သည်၊ အလွန်သွက်သည်။ ဓားချက်များ လှံထဲ စိုက်ဝင်သွားသည့်အချိန်၌ သူမတိုက်ကွက်၏ စွမ်းအားမှာ ကိုင်ထားသော လှံ၏ အရှည်လောက်သာ ရှိတော့သည်။
ဓားရောင်တို့က လှံထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ကုန်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ၀င်ရောက်လာသည်။
ခြေလှမ်းတစ်ချက် မှားသွားခဲ့ခြင်းက အရာအားလုံးကို မှားယွင်းစေခဲ့ချေပြီ။
ကောင်းကင်နတ်အရှင်ကုန်းသည် ချင်မူနှင့် မတိုက်ခိုက်စဉ်တုန်းက သူမ၏ အသိစိတ်အလျဉ်ဖြင့် ချင်မူ့တိုက်ကွက်တို့အား ကြိုတင်မှန်းဆတွက်ချက်ခဲ့၏။ သို့သော် ချင်မူ့အကြောင်း အနည်းငယ်သာ သိပြီး ချင်မူက သူမအကြောင်း အလုံးစုံသိထားသောကြောင့် ခွန်အားသုံး၍ ဖိနှိပ်ရန်သာ ရွေးချယ်ခဲ့လေသည်။
သို့သော် ပထမဆုံးခြေလှမ်းနှင့်တင် သူ့ထောင်ချက်အတွင်း ကျရောက်သွားခဲ့သည်။ ထို့နောက် အမှားပေါင်း ထောင်နှင့်ချီ မှားယွင်းကာ မရှုမလှ ရှုံးနိမ့်ခဲ့ရချေပြီ။
ကုန်းယွင်သည် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နေသေးသည် မဟုတ်ပါလော။ ချင်မူ့ဓားရောင် သူမမျက်ခုံးနှစ်ဖက်ကြားသို့ ၀င်ရောက်လာသည်နှင့် သူမ၏ မူလဝိညာဉ်က ကောင်းကင်နတ်ဘုံဆီမှ ထလာသည်။ မူလဝိညာဉ်သည် အကန့်အသတ်မဲ့စွာ ကျယ်ပြန့်ပြီး ဘယ်ဘက်လက်ကို မြှောက်၍ ကောင်းကင်နတ်အရှင်ကုန်း၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်သည်။
သူမမူလဝိညာဉ်၏ ဘယ်လက်သည် သူမ၏ ဦးခေါင်းအား ဖောက်ထွက်သွား၏။ ချင်မူ့ကပ်ဘေးဓား သူမမျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်တော့မည့်အချိန်တွင် သူမ၏ ဘယ်လက်ညှိုးက ဓားထိပ်နှင့် ထိတွေ့သွားသည်။
ချွင်…
ကြည်လင်ပြတ်သားသော အသံတစ်တစ်သံ ထွက်ပေါ်လာပြီး ကပ်ဘေးဓားမှာ အရှိန်လျော့ကျသွားသည်။
ကောင်းကင်နတ်အရှင်ကုန်း၏ နဖူးမှ ချွေးတစ်စက် စီးကျလာပြီး ကပ်ဘေးဓားထိပ်သို့ ကျဆင်းသွား၏။ ၎င်းမှာ ချွန်ထက်လှသော ဓားထိပ်ကြောင့် နှစ်ပိုင်းကွဲသွားပြီး သူမ၏မျက်ခုံးနှစ်ဖက်ကြားမှ သွေးတစ်စက် စီးကျလာသည်။
သူမအရှေ့၌ ချင်မူသည် ဓားကိုင်ထားပြီး ခြေလှမ်းနှစ်လှမ်းစာသာ ကွာဝေး၏။
သူတို့မှာ နီးကပ်လွန်းနေသဖြင့် မည်သည့်ကောင်းကင်နတ်သိုင်းကို အသုံးပြုပါစေ အနီးကပ်သိုင်းကွက်လေက် မြန်ဆန်လိမ့်မည် မဟုတ်ပေ။ သို့သော် ဓားတာအိုကောင်းကင်နတ်သိုင်းသည် အနီးကပ် တိုက်ခိုက်ရာတွင် ကြောက်မက်ဖွယ်ကောင်းလွန်း၏။
သို့သော် ကြောက်စရာ အကောင်းဆုံးအရာက ဓားမ ဖြစ်သည်။
ချင်မူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ နောက်တခဏတွင် သူမ၏ အနောက်မှ ခမ်းနားကြီးကျယ်လှသော ဓားမအရှိန်အဝါတစ်ခု ဖြာဆင်းလာသလို ကောင်းကင်နတ်အရှင်ကုန်း ခံစားလိုက်ရသည်။ ၎င်းက သူမရုပ်ခန္ဓာကို ခုတ်ပိုင်းတော့မည့်အလားပင်။
ခံစားချက်သည် အလွန်တရာ ဆိုးရွား၏။ သူမမှာ နောက်ကျောမလုံတော့သလို ခံစားနေရသည်။ သူမတို့နှစ်ယောက်သည် တိုက်ခိုက်နေကျတိုက်ပွဲများကဲ့သို့ မျက်နှာချင်းဆိုင်မနေဘဲ သူမ၏ကျောက ချင်မူ့အရှေ့တွင် ရှိနေဟန်တူသည်။
ဤသည်မှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်၏ ထူးဆန်းသော သဘာဝပင်။
သူမက ချက်ချင်း ရှေ့သို့ခုန်တတ်ကာ အမြွှာကြာပန်းပွင့်နှစ်ပွင့်ထဲရှိ ၀တ်ဆံကြီးတစ်ခုအပေါ် ဆင်းသက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမဦးခေါင်းအနောက်ရှိ ကောင်းကင်နတ်ဘုံထဲမှ မူလဝိညာဉ်က ရဲတင်းစွာဖြင့် ချင်မူ့အား တိုက်ခိုက်လိုက်သည်။
သို့သော် သူမ၏မူလဝိညာဉ် လှုပ်ရှားလိုက်သည်နှင့် အနောက်တွင် ချင်မူ့မူလဝိညာဉ်ကို ခံစားလိုက်ရသည်။ မူလဝိညာဉ်မှာပင် ချင်မူ့ကို ကျောပေး၍ ရပ်နေရချေသည်။
ကောင်းကင်နတ်အရှင်ကုန်း၏ နှလုံးသားမှာ တုန်ရီလာ၏။ သူမ ၀တ်ဆံအပေါ် ဆင်းသက်လိုက်သည့်အချိန်တွင် ချင်မူသည် သူမအနောက်တွင် ကပ်နေသလို ခံစားလိုက်ရပြီး ဓားမတာအို၏ မဟာကောင်းကင်နတ်သိုင်းက သူမအနောက်မှ ဖြာဆင်းလာတော့သည်။
အမွှာကြာပန်းပွင့်နှစ်ပွင့်ထဲရှိ ၀တ်ဆံမှာ အရောင်အသွေးစုံလင်နေ၏။ ၀တ်ဆံတစ်ခုချင်းစီတိုင်းက ကိုက်ထောင်သောင်းများစွာ ရှည်လျားပြီး ဤနေရာတွင် ရပ်တည်နေကြနေသော လက်တံများကဲ့သို့ ရေလှိုင်းများနှင့်အတူ မြောလွင့်နေကြသည်။
ကောင်းကင်နတ်အရှင်ကုန်းက အလျင်အမြန် ပြေးလွှားရင်း ၀တ်ဆံတစ်ခုဆီမှ တစ်ခုသို့ ခုန်ကူး၍ သူမအနောက်ရှိ ဓားမရောင်ကို ရှောင်တိမ်းရန် ကြိုးစားနေသည်။
ဓားမရောင်တို့က လေကိုခွင်းလျက် လိုက်လာနေကြသည်။ ၎င်းတို့က နှိုင်းယှဉ်၍မရနိုင်အောင် တောက်ပသော်လည်း နောက်တစ်ခဏတွင် အနက်ရောင်မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားကြ၏။
ကုန်းယွင်မှာ ထိုသို့ထွန်းလင်းတောက်ပပြီး ကျန်ရစ်ခဲ့သော အနက်ရောင်မျဉ်းကြောင်းများကို သတိထားကာ ရှောင်တိမ်းနေရသည်။ ဤတို့က အလွန်တရာ အန္တရာယ်များသဖြင့် တစ်ချက်လေး ဂရုမစိုက်လိုက်ပါက သူမကိုယ်ပေါ်တွင် ဓားရာများ ဖြစ်ပေါ်လာစေနိုင်သည်။
သို့ထိတိုင် သူမ မရှောင်နိုင်သည့် အချိန်များလည်း ရှိသည်။ ပိုပို၍ များပြားသော ဓားမရောင်တို့က သူမခန္ဓာကိုယ်တွင် ပေါ်လာကြပြီး နောက်ဆုံးတွင် တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်သွား၏။ သူမ မူလဝိညာဉ်မှာလည်း ချင်မူ့မူလဝိညာဉ်၏ တိုက်ကွက်များကို ရှောင်တိမ်းနေရသည်။
သူမ၏ မူလဝိညာဉ်တွင်လည်း ဓားဒဏ်ရာများ ပွထလာတော့သည်။ ဤအတိုင်း ဆက်သွားပါက ချင်မူသည် သူမအား အနှေးနှင့်အမြန် တိုက်ခိုက်နိုင်ပေတော့မည်။
ဝုန်း…
ကျယ်လောင်လှသော အသံကြီးတစ်သံ မြည်ဟည်းသွားပြီး အမြွှာကြာပန်းပွင့်နှစ်ပွင့်မှာ အဆက်မပြတ် တုန်ခါသွား၏။ ကောင်းကင်နတ်အရှင်ကုန်းလည်း အလောတကြီး လှမ်းကြည့်လိုက်ရာ ကောင်းကင်နတ်ဧကရီသည် ကြာပန်းပွင့်နှစ်ပွင့်အလယ်၌ ဒူးတစ်ဖက်ထောက်ထားကြောင်း တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ် ပြန်လည်ပိုင်ဆိုင်ထားသောကြောင့် အလွန်တရာ အားကောင်းသန်မာ၏။ သူမက အနီရောင်နှင့် အနက်ရောင် ကြာပန်းပွင့်နှစ်ပွင့်အလယ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“ကောင်းကင်နတ်အရှင်မူ….” ကောင်းကင်နတ်ဧကရီက စူးရှစွာ အော်ဟစ်လိုက်သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ သူမအနောက်ရှိ ဓားမရောင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ “ကောင်းကင်နတ်အရှင်မူတော့ ကောင်းကင်နတ်ဧကရီကို ကြောက်လို့ ပြေးပြီထင်တယ်”
သူမ လှည့်ကြည့်လိုက်သည့်အခါ ဓားရောင်တစ်ချက် သူမမျက်ခုံးနှစ်ဖက်ကြားသို့ ဖောက်ထွက်သွားချေပြီ။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံရှိ သူမ၏မူလဝိညာဉ်မှာလည်း ဓားရောင်၏ ထိုးဖောက်ခြင်းး ခံလိုက်ရသည်။
ချင်မူက ဓားကို သိမ်းကာ ဦးညွှတ်အရိုအသေပေး၏။ “နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေကုန်း”
ဓားရောင်တို့က ကောင်းကင်နတ်အရှင်ကုန်း၏ စိတ်ထဲ၌ ပေါက်ကွဲထွက်လာတော့သည်။