← Chapters

နတ်ဘုရင်တစ်ပါး၏ ကျဆုံးခန်း

Vol. 121 Ch. 1571

နတ်ဘုရင်တစ်ပါး၏ ကျဆုံးခန်း

Vol. 121 Ch. 1571

ဤဓားရောင်ကား ကပ်ဘေးဓားပင်။ ဓားရောင်သည် ကောင်းကင်နတ်အရှင်ကုန်း၏ မူလဝိညာဉ်မှ စ၍ ကောင်းကင်နတ်အရှင်ကုန်း၏ အခမ်းနားဆုံး ကောင်းကင်နန်းဆောင် ၊ နတ်ကောင်းကင်ခန်းမဆီသို့ တန်းတန်းမတ်မတ် ကျဆင်းသွားတော့၏။

နန်းဆောင်မှာ တစ်ခါတည်း ပြိုကျသွားသည်။

ဤနန်းဆောင်သည် ‌ကောင်းကင်နတ်အရှင်ကုန်း၏ အမြင့်မားဆုံး စွမ်းအားအရင်းအမြစ်ပင်။ ၎င်း ပြိုကျသွားသည့်အချိန်တွင် ကြောက်မက်ဖွယ် စွမ်းအားက အရပ်လေးမျက်နှာသို့ ဖြာထွက်ပေါက်ကွဲသွားပြီး ကျောက်စိမ်းမြို့တော်အတွင်းရှိ နန်းဆောင်တို့အား တိုက်ချဖျက်စီးပစ်လိုက်သည်။

ကောင်းကင်နတ်အရှင်ကုန်းမှာ တစ်စုံတစ်ခု လွဲမှားနေမှန်း သဘောပေါက်လိုက်သဖြင့် သူမ၏ အသိစိတ်ဝိညာဉ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

သို့သော် ချင်မူ၏ လက်ကျန်ဓားရောင်က သူမဦးနှောက်ထဲတွင် ပေါက်ကွဲသွားသောကြောင့် သူမ၏အသိစိတ်အလျဉ်ကို စုစည်းရ ခက်ခဲသွားစေ၏။

ဤဓားရောင်သည် ကမ္ဘာဦးအစ ဖရိုဖရဲတာအိုလမ်းစဉ်မှ ဖွဲ့တည်လာသည့်အလျောက် ချင်မူ ဦးညွှတ်လိုက်သည့်အချိန်၌ သူမ၏ဦးနှောက်နှင့် အသိစိတ်အလျဉ်တို့ကို ဖရိုဖရဲချီအဖြစ် ပြောင်းလဲသွားစေသည်။

သူမ၏ အသိစိတ်အလျဉ်မှာ သန်မာအားကောင်းသဖြင့် ချင်မူ့ဦးညွှတ်မှုကြောင့် အလုံးစုံ ပျက်စီးမသွားခဲ့ပေ။ သို့သော် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားပြီး ပြန်လည်စုစည်း၍ မရနိုင်တော့ချေ။

နတ်ကောင်းကင်ခန်းမ ပြိုကျခြင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့တိုက်ခတ်သွားကြသည်။ သူမ၏ ကျောက်စိမ်းမြို့တော် ပြိုလဲနေခြင်းကလည်း ပိုပို၍မြန်ဆန်လာသည်။

ဓားရောင်တို့က အရပ်လေးမျက်နှာသို့ ဖြာဆင်းနေသည့် စွမ်းအင်လှိုင်းဂယက်များအကြားတွင် တောက်ပနေပြီး အရာအားလုံးကို အမှုန့်ကြေနေစေ၏။

မကြာမီ ပြိုလဲမှုက ကျောက်စိမ်းမြို့တော်တစ်မြို့လုံးအား ခြုံလွှမ်း၍ ကောင်းကင်နန်းဆောင်များဆီသို့ ရောက်ရှိလာတော့သည်။

ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်သာ အထွတ်အထိပ်အခြေအနေ၌ ရှိနေသေးပါက သူမ၏ ခွန်အားဖြင့် ပင်မကောင်းကင်နန်းဆောင်၊ ကျောက်စိမ်းမြို့တော်တို့ကို စွန့်ပစ်ပြီး သူမ၏ မူလဝိညာဉ်နှင့် လက်တစ်ဖက်တို့ကိုပါ ဖြတ်ပစ်ကာ ရုန်းထွက်ရှင်သန်နိုင်သေးသည်။

သို့သော် သူမ၏ဦးနှောက်မှာ ချင်မူ့ဓားရောင်ကြောင့် ဖရိုဖရဲချီလုံးတစ်လုံး ဖြစ်သွားသဖြင့် အသိစိတ်အလျဉ်တို့မှာလည်း ကယောက်ကယက် ဖြစ်နေချေသည်။ သူမအနေဖြင့် မည်သည်ကိုမှ စွမ်းဆောင်နိုင်စွမ်း မရှိတော့ပေ။

ကောင်းကင်နန်းဆောင်များ ပြိုလဲနေသည်ကိုသာ ကြည့်နေရ၏။

သင့်အနေဖြင့် သူမ၏ ကောင်းကင်နန်းဆောင်ထဲတွင် ထိုင်လိုက်ပါလျှင် ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် ခမ်းနားကြီးကျယ်လှသော မြင်ကွင်းများကို မြင်တွေ့ရပေလိမ့်မည်။

ခံ့ညားထည်ဝါသော တိုင်လုံးများဖြင့် ဖွဲ့တည်ထားသည့် အံ့မခန်း ကောင်းကင်နန်းဆောင်များမှာ ကြောက်မက်ဖွယ် ဓားရောင်စွမ်းအင်လှိုင်းများကြောင့် လွင့်ပျယ်ပျောက်ကွယ်နေကြသည်။ ၎င်းတို့၏ ပျက်စီးမှုမှ ပိုမိုကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများနှင့် ဓားရောင်လှိုင်းများကို ထုတ်လွှတ်နေသောကြောင့် နောက်ထပ်နတ်ဘုရားမြို့များကို ပျက်စီးပြိုလဲနေစေတော့သည်။

ကောင်းကင်နန်းဆောင်များမှာ ယိုင်နဲ့လဲပြိုနေကြပြီး အလုံးစုံ ပြိုကျသွားသည်နှင့် ပို၍ပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။

ကုန်းယွင်၏ မူလဝိညာဉ်မှာ ဤစွမ်းအင်များအကြားတွင် မြောလွင့်လျက် အရည်ပျော်နေလေသည်။

ကောင်းကင်နတ်အရှင်ကုန်း၏ မှော်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းများသည် ထူးကဲ၏။ သူမ၏ကောင်းကင်နတ်ဘုံကို ကောင်းကင်နန်းဆောင်များဖြင့် အထပ်ထပ်ဖွဲ့ကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင် ကွေးကောက်နေသော ခရာတစ်ခုနှင့်တူပြီး အခြားသူများ၏ ကောင်းကင်နန်းဆောင်များနှင့် ကွဲထွက်နေလေသည်။

ထိပ်ဆုံးရှိ ကောင်းကင်နန်းဆောင် ပြိုလဲသွားသဖြင့် ကျန်အလွှာများရှိ ကောင်းကင်နန်းဆောင်များလည်း ဆက်လက်ပြိုလဲလာကြ၏။ တဖြည်းဖြည်းနှင့် အရှိန်အဟုန်က တားဆီး၍ မရနိုင်တော့ပေ။

ထိုကောင်းကင်နန်းဆောင်များတွင် ရှည်လျားမြင့်မားသော နတ်ဘုရားရုပ်တုများစွာ ရှိ၏။ ယင်းတို့က ဖန်ဆင်းရှင်တို့၏ ထူးကဲသော မြင်ယောင်ဖန်ဆင်းခြင်းစွမ်းရည်ကို သုံးကာ သူမ ဖန်ဆင်းခဲ့သည့် အထွတ်အမြတ်နတ်ဘုရားများပင်။

ဤသည်က ကုန်းယွင်၏ သူမတူသော စွမ်းဆောင်ရည် ဖြစ်၏။ သူမ၏ ကောင်းကင်နတ်ဘုံ ပြိုလဲနေချိန်တွင် နတ်ဘုရားရုပ်တုများကား ရှင်သန်နိုးထလာကြကာ ထွက်ပြေးကြသည်။ သို့သော် ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် သူမ ဖန်ဆင်းထားသော အခြားရှေးဟောင်းနတ်ဘုရားများပင်လျှင် ဤကပ်ဘေးကြီးမှ မလွတ်မြောက်နိုင်ကြပေ။

ချင်မူ့၏ ကပ်ဘေးဓားသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ပေါ်ပေါက်ခဲ့ပြီးနောက် ဖန်တီးခဲ့သော ဓားတာအိုဟု ဆိုရမည်။ ထိုစဉ်အခါက ချင်မူမှာ တန်ပြန်တိုက်ခိုက်နိုင်သော စွမ်းအားကင်းမဲ့ကာ ဝိညာဉ် မရှိတော့သည့် ခန္ဓာကိုယ်တစ်ခုလို ခံစားခဲ့ရပြီး သေတော့မည့်ဆဲဆဲ ဖြစ်ခဲ့ရသည်။

သူသည် ဤဓားဖြင့် ကပ်ဘေးကို ရင်ဆိုင်ကာ၊ သူကိုယ်တိုင် သေဆုံးရမည့်ဘေးကိုလည်း ကျော်ဖြတ်၍ သူ၏အတိတ်ကို နှုတ်ဆက်နိုင်ခဲ့၏။

ဤဓားသည် သူ၏အခြေခံအားလုံးကို ရှင်းလင်းဖယ်ရှားပစ်ခဲ့ပြီး ကောင်းကင်နန်းဆောင်မှန်သမျှ အက်ကွဲပြိုကျစေ၍ ကောင်းကင်ရတနာများကို ဖျက်ဆီးပစ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်ရတနာအားလုံးကို ဖရိုဖရဲဖြစ်စေခဲ့သည်။

ယင်းသို့ဖြင့် ချင်မူမှာ ပြန်လည်မွေးဖွားလာခဲ့သည်။

ထိုအခိုက်အတန့်မှ စတင်၍ ချင်မူကား သေဆုံးခဲ့ရသည်။ သေရွာမှ ပြန်လာ၍ ဝိညာဉ်အသစ်ဖြင့် စိတ်ရှည်ပြတ်သားပြီး အရှုံးမပေးတတ်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။

ချင်မူသည် ကပ်ဘေးကို ရင်ဆိုင်ကာ ဘဝအသစ် ရရှိခဲ့သော်လည်း ကောင်းကင်နတ်အရှင်ကုန်းကတော့ ထိုသို့မလုပ်နိုင်ပေ။

သူမ၏ကောင်းကင်နတ်ဘုံမှာ အလုံးစုံပြိုလဲသွားပြီး နှိုင်းယှဉ်၍ မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ ပြေးဝင်လာသည်။ မူလချီဖရိုဖရဲတာအိုသိုင်းကွက်၏ တိုက်ခိုက်မှုကြောင့် သူမ၏ အသိစိတ်အလျဉ်မှာ ပြန့်ကြဲပျက်စီးသွားချေပြီ။

ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…

ပေါက်ကွဲသံခုနစ်ချက် ဆက်တိုက်ထွက်ပေါ်လာသည်။ သူမခန္ဓာကိုယ်ထဲရှိ ကောင်းကင်ရတနာခုနစ်ခုမှာ တစ်ခုပြီးတစ်ခု ပျက်စီးကာ စိစိညက်ညက် ကြေကုန်ကြသည်။

နောက်ဆုံးတွင် သူမ၏ ကောင်းကင်နန်းဆောင်များထဲရှိ ကောင်းကင်ရတနာအားလုံး တစ်ခုမှ မကျန်တော့ဘဲ ၎င်းတို့ အသွင်ပြောင်းသွားသည့်စွမ်းအင်များက သူမ၏ တာအိုနှလုံးသားထဲအထိ စိမ့်ဝင်လာကြလေသည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

သူမ၏စိတ်မှာ လုံးဝ တိတ်ဆိတ်သွားပြီး တာအိုနှလုံးသားမှာလည်း ငြိမ်သက်သွားသည်။ သူမ၏မျက်ခုံးနှစ်ဖက်ကြားတွင်သာ ချင်မူ့ဓားကြောင့် ဖြစ်ပေါ်ခဲ့သော ဓားဒဏ်ရာတစ်ခုသာ ကျန်ရစ်ခဲ့ချေပြီ။

ချင်မူက ကပ်ဘေးဓားအား သစ်သားဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် သူမကို လှမ်းကြည့်နေသည်။

ကောင်းကင်နတ်အရှင်ကုန်းကလည်း တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် သူ့ကို ပြန်ကြည့်နေသည်။ သူမ၏မျက်နှာအမူအရာတွင် မည်သည့်ပြောင်းလဲမှုမှမရှိပေ။ စိတ်ခံစားချက်များလည်း မရှိချေ။ “ကောင်းကင်နတ်အရှင်မူ၊ ငါရဲ့အသိစိတ်အလျဉ်က တာအိုကျင့်စဉ်ရဲ့ ကောင်းကင်ဘုံ ၃၅ ဘုံအထိ ရောက်ပြီး တံဆိပ်ခတ်နှိပ်ပြီးနေပြီ… ဒီတိုက်ကွက်လောက်နဲ့ ငါ့ကို မသတ်နိုင်ဘူး” သူမက ခံစားချက်ကင်းမဲ့စွာ ပြော၏။

သူမ၏ အကြည့်မှာ အာရုံစူးစိုက်နိုင်ခြင်းမရှိသည့်အလား ‌ဗလာကျင်းနေသည်။ သူမက ရုတ်တရက် လမ်းလျှောက်လိုက်သည်။ “ငါ သေလို့မရဘူး… ငါက နောက်ဆုံးဖန်ဆင်းရှင်ပဲ”

ချင်မူ၏ မျက်ဝန်းများသည် ရှုပ်ထွေးသွားဟန်တူပြီး သူ၏မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သို့သော် ၎င်းတို့က လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

သူက ကောင်းကင်နတ်အရှင်ကုန်းကို မတားဆီးဘဲ ထွက်သွားခွင့်ပေးလိုက်လေသည်။

ထိုစဉ် ကောင်းကင်နတ်ဧကရီလည်း ရောက်ချလာကာ ကောင်းကင်နတ်အရှင်ကုန်းအား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။ သူမလည်း မတားဆီးဘဲ ထွက်သွားခွင့်ပြုလိုက်သည်။

ကောင်းကင်နတ်အရှင်ကုန်းသည် အမြွှာကြာပန်းပွင့်နှစ်ပွင့်၏ အစွန်းသို့ ရောက်သွားပြီး ဟင်းလင်းပြင်ပေါ် နင်းကာ ရေလှိုင်းများကို ဖြတ်သန်းသွားသည်။

သူမက အဆုံးသတ်မြို့ပျက်ရေလှိုင်းများကို ဖြတ်သန်းထွက်ခွာ၍ ယိုတုမြစ်ဆီသို့ ဆန်တက်သွား၏။ မကြာမီ ယိုတုသို့ ဝင်သွားလေပြီ။

ယိုတုကို မရေမတွက်နိုင်သော ကမ္ဘာပျက်များနှင့် ကောင်းကင်ဘုံများဖြင့် ဖွဲ့စည်းထား၏။ ၎င်းသည် မရဏနယ်မြေ ဖြစ်သလို ၊ မိစ္ဆာလမ်းစဉ်၏ အစပြုရာ ဆိုလည်း မမှားပေ။ ယိုတုကား နှိုင်းယှဉ်၍မရနိုင်အောင် မှောင်မိုက်နေပြီး တစ်လောကလုံးတွင် ကောက်ကျစ်စဥ်းလဲဆုံး မိစ္ဆာသဘာဝများဖြင့် ပြည့်နှက်နေ၏။

သို့သော် ကောင်းကင်နတ်အရှင်ကုန်း၏ တာအိုနှလုံးသားကတော့ ပြောပြမတတ်အောင် တည်ငြိမ်နေသည်။ သူမက ယိုတု၏ ရုပ်ဆိုးအကျည်းတန်မှုကို မမြင်ချင်ယောင်ဆောင်ထား၏။ သူမမှာ လမ်းလျှောက်နေရင်း လူငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။

ကမ္ဘာဦးခေတ်တုန်းက ကုန်းယွင်သည် နွီရှင်းမျိုးနွယ်သူ ဖြစ်ခဲ့သည်။ လွပ်လပ်ပေါ့ပါးသော မိန်းကလေးတစ်ယောက်အဖြစ် ရှင်သန်နိုင်ခဲ့သည်။

ကုန်းယွင်၏ အမြင်တွင် မည်းမှောင်သော ယိုတုကောင်းကင်သည် ကြည်လင်ပြာလဲ့နေသော ကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။ ဧရာမမြေအောက်ဘုံအရှင်သခင်၏ နှာခေါင်းများမှ ထွက်လာနေသည့် မိစ္ဆာမီးတောက်များက ကောင်းကင်ထက်တွင် ထွန်းလင်းတောက်ပနေသော နေလုံးကြီးအသွင်သဏ္ဍာန် ဖွဲ့တည်သွားသည်။

ဖန်ဆင်းရှင်မိန်းကလေးသည် မျိုးနွယ်စု၏ အကြီးအကဲများနောက်မှ လိုက်ရင်း ကျင့်ကြံအားထုတ်ခဲ့၏။ အကြီးအကဲများက ထိုက်ချူနတ်ကျောက်တုံးတစ်တုံးအား သူမ၏မျက်ခုံးနှစ်ဖက်ကြားတွင် မြှုပ်နှံ၍ ကျူယွီမျိုးနွယ်မှ လက်ဆောင်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ကုန်းယွင်မှာ အကြီးအကဲများနှင့်အတူ ကမ္ဘာဦးသားရဲများအား လိုက်လံဖမ်းဆီးခဲ့သည်။ ဦးရီးတော်များနှင့်အတူ အသိစိတ်အလျဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ကျင့်ကြံခဲ့ပြီး ညီအစ်မများနှင့်အတူ မြင်ယောင်ဖန်ဆင်းခဲ့၏။

သူမ အရွယ်ရောက်လာသည့်အခါတွင် နွီရှင်းမျိုးနွယ်စုအကြီးအကဲ ဖြစ်လာခဲ့တော့သည်။ သို့သော် ကုန်းယွင်သည် အိုမင်းခြင်းမရှိ၊ ငယ်ရွယ်လှပနေကာ သူမ၏ခန္ဓာကိုယ်သည် ဖြတ်လတ်နုပျိုသော အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တုန်းက စကြ၀ဠာမှာ ယခုလောက် မကြီးမားခဲ့သေးပေ။ စကြ၀ဠာသည် ကြီးထွားနေဆဲဖြစ်ပြီး နေ့တိုင်း ကျယ်ပြန့်နေခဲ့သည်။ ထိုအချိန်တုန်းက သူမတို့သည် အနောက်ဝင်ရိုးစွန်း၏ အနောက်နတ်မင်းကျားဖြူကို ပူဇော်ကိုးကွယ်ခဲ့ကြပြီး အနောက်နတ်မင်းအား နွီရှင်းမျိုးနွယ်၏ အစောင့်အရှောက် ဖြစ်လာစေခဲ့၏။

မှတ်မှတ်ရရ ... ထိုနှစ် နွေဦးတွင် ကျူယွီမျိုးနွယ်စုမှ လူငယ်တစ်ယောက်နှင့် သူမ တွေ့ဆုံခဲ့သည်။ လူငယ်သည် ဧရာမသားရဲကြီးတစ်ကောင်၏ ကျောပေါ်တွင် ထိုင်ကာ သူမကို အတင့်ရဲစွာ ကြည့်နေခဲ့၏။

ထိုအချိန်တည်းက သူမက နွီရှင်းမျိုးနွယ်စုတွင် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်နေခဲ့ချေပြီ။ မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲများသည် သူမအား မျိုးနွယ်စုခေါင်းဆောင်အရိုက်အရာကို ဆက်ခံခွင့်ပေးရန် ပြောဆိုဆွေးနွေးနေကြပြီဖြစ်၏။

“ကိုယ် မင်းကို လက်ထပ်ချင်တယ်” လူငယ်က သူမကို ချစ်ခွင့်ပန်ခဲ့သည်။

သူမ၏ သူငယ်ချင်းအဖော်များက ထိုလူငယ်၏ တုံးအမှုကို လှောင်ပြောင်ခဲ့ကြ၏။ ထိုလူငယ်ကို သူ၏မျိုးနွယ်ဝင်များက ပြန်လှမ်းခေါ်ခဲ့ကြသော်လည်း သူမက သူမကိုသာ လှည့်ကြည့် လှည့်ကြည့် လုပ်နေခဲ့သည်။

မြင်မြင်ချင်းအချစ် ဟုတ်၊ မဟုတ် သူမ မသိသော်လည်း ထိုလူငယ်ကတော့ သူမအပေါ် မြင်မြင်ချင်း ချစ်နှစ်သက်ခဲ့၏။

နှစ်များစွာ ကုန်ဆုံးခဲ့ပြီးနောက် သူမ မျှော်လင့်ထားခဲ့သည့်အတိုင်း မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင်ဟောင်း နန်းစွန့်သည့်အခါတွင် သူက စိတ်အားထက်သန်စွာ ပြောခဲ့၏။ “ဒီနေ့ကစပြီး မင်းဟာ နွီရှင်းရဲ့ အမွေကို ဆက်ခံရမယ်”

“ငါတို့ပိုင်မြေမှာ အနောက်နယ်မြေ… ရွှေတွေ ထုတ်လုပ်ပေးနိုင်တဲ့ အနောက်ဘဲ… မင်းက အရင်မျိုးနွယ်စုခေါင်းဆောင်လို ငါတို့မြင်ယောင်ဖန်ဆင်းထားတဲ့ နတ်ဘုရား ကျားဖြူကို ပူဇော်ကိုးကွယ်ရမယ်… အရင်မျိုးနွယ်စုခေါင်းဆောင်လို ချစ်မေတ္တာ၊ သံယောဇဉ်တွေမှန်သမျှ ဖြတ်တောက်ပစ်ရမယ်”

“အခုအချိန်ကစပြီး မင်းဘဝမှာ အရေးကြီးဆုံးအရာက မင်းရဲ့ မျိုးနွယ်စုပဲ… မျိုးနွယ်စုက မင်း အသက်လဲပြီး ကာကွယ်တဲ့ အရာဖြစ်လာရမယ်”

“မင်းရဲ့ ခရာသံ ထွက်လာရင် ခရာသံဟာ နွီရှင်းမျိုးနွယ်ရဲ့ အမျိုးသမီးတွေကို ယောက်ျားသားတွေထက် ပိုမိုအင်အားကြီးထွားစေလိမ့်မယ်… ကြာပွတ်ကို တိရစ္ဆာန် ထိန်းကျောင်းတဲ့နေရာမှာပဲ အသုံးပြုရမှာ မဟုတ်ဘူး… ဧရာမသားရဲကြီးတွေကို ထိန်းချုပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်... ယောက်ျားသားတွေကို ထိန်းချုပ်ပြီး မင်းဆီ အညံ့ခံလာအောင်လည်း လုပ်လို့ရတယ်… ကြာပွတ်ကို လှံချွန်တစ်လက်အဖြစ် ပြောင်းလဲပြီး နွီရှင်းမျိုးနွယ်စုရဲ့ အန္တရာယ်တွေအားလုံးကို ဖြိုခွင်းနိုင်လိမ့်မယ်…”

“မင်းက ကျားဖြူရဲ့ ဦးခေါင်းပေါ်မှာ ရပ်ပြီး ကျယ်ပြန့်လှတဲ့ အနောက်နယ်မြေကို ထိန်းချုပ်ရလိမ့်မယ်… မင်းရဲ့ ခရာသံကို ကြားနိုင်တဲ့နေရာအားလုံးက နွီရှင်းမျိုးနွယ်စုရဲ့ လယ်ယာမြေတွေ ဖြစ်လာလိမ့်မယ်...”

“မင်းရဲ့ ကြာပွတ်ရှည်ကို လွှဲရမ်းလို့ အညံ့မခံတဲ့ နတ်ဘုရားတွေကို ရိုက်နှိက်ရလိမ့်မယ်…. ကောင်းကင်မှာ ရှိတဲ့ ကြယ်တာရာတွေအားလုံး သိမ်းပိုက်ပြီးတော့ အညံ့မခံတဲ့သူတွေကိုလည်း အနိုင်ယူရလိမ့်မယ်..”

“မင်းရဲ့ နုပျိုမှု၊ မင်းရဲ့ ဘဝ၊ မင်းရဲ့ လှပမှုနဲ့ မင်းရဲ့အချစ်တို့ကို သုံးပြီးတော့ မင်းရဲ့ ပတ်ပတ်လည်မှာရှိတဲ့ မျိုးနွယ်စုတွေအားလုံးကို သိမ်းပိုက်ပြီး နွီရှင်းမျိုးနွယ်စုမှာ အညံ့ခံလာအောင် လုပ်ရမယ်...”

“မင်းက စကြ၀ဠာတစ်ခုလုံးရဲ့ ဘုရင်… ရှေးဟောင်းနတ်ဘုရားတွေအားလုံးရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်… မင်းက…”

“နတ်ဘုရင်ယွင်ပဲ”

ကောင်းကင်နတ်အရှင်ကုန်းက မြေအောက်ဘုံအရှင်သခင်ဘေးမှ ဖြတ်လျှောက်သွားသည်။ မြေအောက်ဘုံအရှင်သခင်က သူမကို စူးစူးစမ်းစမ်း ကြည့်လိုက်ပြီဂနောက် အံ့အားသင့်သွား၏။ မရဏတမန်တော်အဘိုးကြီးမှာလည်း အံ့သြနေပြီး သူမကို သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။ ထိုစဉ် မြေအောက်ဘုံအရှင်သခင်၏ အသိစိတ်အလျဉ် ပျံ့လွင့်လာ၏။ “တျန်းချိကျွင်း မလိုပါဘူး”

မရဏတမန်တော်အဘိုးကြီးက ကောင်းကင်နတ်အရှင်ကုန်းကို ဂရုတစိုက် ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ “မြေအောက်ဘုံအရှင်သခင်က ဉာဏ်ပညာကြီးမားပါတယ်… မလိုအပ်ပါဘူး”

“သူက သေပြီးနေပြီ... သူ့ရဲ့ တာအိုနှလုံးသား ပျက်စီးမသွားအောင် ပုံရိပ်ယောင်တွေ ဖန်တီးနေတာ”

မြေအောက်ဘုံအရှင်သခင်က သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီး စဉ်းစားတွေးတော၍ မေးမြန်းလိုက်မိသည်။ “သူ့ကို ဘယ်သူများ သတ်လိုက်တာပါလိမ့်”

ကောင်းကင်နတ်အရှင်ကုန်းမှာ ယိုတုမှ ထွက်ခွာသွားချေပြီ။

သူမသည် ငေးကြောင်လျက်ပင် ဘိုးဘေးနန်းတော်သို့ ရောက်ရှိလာ၏။

သူမ မြင်နေရသည်က ဘိုးဘေးနန်းတော်၏ ခမ်းနားတင့်တယ်သော မြင်ကွင်းမဟုတ်ဘဲ အခြားမြင်ကွင်းတစ်ခု ဖြစ်သည်။

ထိုနေ့က သူမ၏ အပျော်ရွှင်ရဆုံးနေ့ရက်ပင်။ သူမကို မြင်မြင်ချင်း ချစ်နှစ်သက်သွားခဲ့၍ လက်ထပ်ချင်သည်ဟု ဆိုခဲ့သော လူငယ်သည် တစ်လောကလုံးကို နာမည်ကြားရုံနှင့် ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့် မဟာဧကရာဇ် ဖြစ်လာခဲ့၏။

ထိုလူငယ်၏ တိုးတက်မှုမှာ အံ့သြဖွယ်ကောင်းလွန်းသည်။ သူကား ငယ်စဉ်ကတည်းကပင် ကျူယွီမျိုးနွယ်စုခေါင်းဆောင် ဖြစ်လာခဲ့လေသည်။

သူ၏အင်အားက နွီရှင်းမျိုးနွယ်စုကို ခြိမ်းခြောက်နေ၏။ လူငယ်က ကျူယွီမျိုးနွယ်စုနှင့်အတူ တစ်လောကလုံးရှိ မျိုးနွယ်စုများကို သိမ်းပိုက်ကာ အင်အားကြီးလာခဲ့သည်။

ကမ္ဘာဦးခေတ်၏ နတ်ဘုရင်သုံးပါးဖြစ်သော ပိုယန်၊ ကုန်းယွင်နှင့် ရှုကျွင်းတို့သည် ဤလူငယ်နှင့် တိုက်ခိုက်ခဲ့ဖူးကြ၏။ လူငယ်က ပိုယန်နှင့် ရှုကျွင်းတို့ကို ဦးရီးတော်များဟု ခေါ်ဆိုခဲ့သော်လည်း သူမကိုမူ တန်းတူသာ ဆက်ဆံခဲ့သည်။

ရှုကျွင်းသည် ထိုလူငယ်ထံတွင် ပထမဦးဆုံးရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ သူမလည်း ရှုံးနိမ့်ခဲ့ရ၏။ နောက်ဆုံးတွင် လူငယ်က ရှေးအကျဆုံးနှင့် စွမ်းအားအကြီးဆုံး နတ်ဘုရင်ပိုယန်ကို သွားရောက်စိန်ခေါ်ခဲ့သည်။

လူငယ်နှင့် ပိုယန်တို့၏ တိုက်ပွဲက တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ ရှေးဟောင်းနတ်ဘုရင်နှင့် သူ၏စီးတော်ယာဉ်လုံရှောင်တို့မှာလည်း ဤလူငယ်ထံတွင် ရှုံးနိမ့်ခဲ့ရလေသည်။

နတ်ဘုရင်သုံးပါးအနေဖြင့် ပေါင်းစည်းရုံးမှလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။ ထိုသို့ဖြင့် ကျူယွီမျိုးနွယ်စု၏ အင်အားကို ခုခံနိုင်လိမ့်မည်။ သူတို့က မဟာမိတ်ဖွဲ့၍ ကျူယွီမျိုးနွယ်စု ကျူးကျော်လာသည်ကို တားဆီးရန် လူငယ်အား မဟာဧကရာဇ်အဖြစ် တင်မြှောက်ခဲ့ကြ၏။

ထိုနေ့ကား သူမ မဟာဧကရာဇ်နှင့် လက်ထပ်ထိမ်းမြားသည့်နေ့လည်း ဖြစ်သည်။

မဟာဧကရာဇ်မှာ သူမအား အကြိမ်ကြိမ် လက်ထပ်ခွင့်တောင်းခဲ့သော်လည်း ကုန်းယွင်ကလည်း အမြဲတမ်း ငြင်းဆန်ခဲ့၏။ သို့သော် သူက လက်မလျှော့ဘဲ ဆက်တိုက်ခွင့်တောင်းခဲ့သည်။

မဟာဧကရာဇ်သည် သူမနှင့် ပတ်သက်လျှင် အလွန်တရာ ဇွဲကောင်း၏။

ကုန်းယွင်မှာ မျိုးနွယ်စုခေါင်းဆောင်နေရာကို ဆက်ခံခဲ့စဉ်တုန်းက ယခင်မျိုးနွယ်စုခေါင်းဆောင်ဟောင်း ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရခဲ့သည်။ သူမသည် မဟာဧကရာဇ်၏ လက်ထပ်ခွင့်တောင်းမှုကို နောက်ဆုံးတွင် လက်ခံခဲ့၏။ ကမ္ဘာဦးခေတ်ကား ရိုင်းစိုင်းသွေးဆာလွန်းသည့် ခေတ် မဟုတ်လော။ သူမအနေဖြင့် နွီရှင်းမျိုးနွယ်စု၏ အနာဂတ်ကို ထည့်တွက်ရလိမ့်မည်။

နွီရှင်းမျိုးနွယ်စုအနေနဖြင့် တစ်လောကလုံးနှင့် စကြ၀ဠာကို မသိမ်းပိုက်နိုင်လေရာ စကြ၀ဠာကို သိမ်းပိုက်အနိုင်ယူခဲ့သည့် ယောက်ျားကိုသာ သိမ်းပိုက်သင့်တော့သည် မဟုတ်ပါလော။

ကောင်းကင်နတ်အရှင်ကုန်းမှာ ဘိုးဘေးနန်းတော်ထဲရှိ နွီရှင်းမျိုးနွယ်စုအပျက်အစီးများအကြားမှ ဖြတ်လျှောက်လာခဲ့သည်။ မဟာဧကရာဇ် ရူးသွပ်သွားပြီး သူမ၏ မျိုးနွယ်၀င်များကို မျိုးသုဉ်းသတ်ဖြတ်ခဲ့သည့်အချိန်အား ပြန်လည်တွေးတောနေမိသည်။

ဤအခိုက်အတန့်တွင် သူမ၏ပုံရိပ်ယောင်မှာ အပြင်းအထန် တုန်ခါပုံပျက်သွားသည်။ ကောင်းကင်နတ်အရှင်ကုန်းက ပုံရိပ်ယောင်ကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ထိုသို့ကြေကွဲဆို့နင့်ဖွယ် မှတ်ဉာဏ်များမှ သူမကိုယ်သူမ ဖယ်ရှားလိုက်၏။

“ငါက နောက်ဆုံးဖန်ဆင်းရှင်ပဲ… သေလို့ မရဘူး” သူမက ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။

ထိုအချိန်တွင် မဟာဧကရာဇ်ကား ဖန်ဆင်းရှင်မျိုးနွယ်အားလုံး၏ ပူဇော်ကိုးကွယ်မှုများကို လက်ခံရရှိခဲ့ပြီး ဖြစ်၏။ သူ၏မူလဝိညာဉ်နှင့် အသိစိတ်အလျဉ်တို့သည် မှန်းဆ၍မရနိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိခဲ့သည်။ သူ၏အသိစိတ်အလျဉ်သည် အန္တိမဟင်းလင်းပြင်အား ဖောက်ထွက်ကာ တံဆိပ်ခတ်နှိပ်၍ အလွန်တရာလှပသော မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအဖြစ် အသွင်ပြောင်းခဲ့၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် တာအိုသစ်ပင်တစ်ပင် ပေါက်လာကာ တာအိုပန်းပွင့်များ ပွင့်လျက် တာအိုသစ်သီးတစ်လုံးလည်း သီးခဲ့သည်။

မဟာဧကရာဇ်သည် ကောင်းကင်ထက်မှ နေမင်းအလားပင်။ အခြားမျိုးနွယ်စုများကို သိမ်းပိုက်စရာ မလိုခဲ့ဘဲ ထိုမျိုးနွယ်စုများက အလိုလို အညံ့ခံလာခဲ့ကြ၏။ ၎င်းကြောင့် နတ်ဘုရင်ကုန်းယွင်မှာလည်း စွမ်းအားအကြီးဆုံး အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးက စကြ၀ဠာအား အတူတကွ အုပ်ချုပ်ခဲ့ကြ၏။

မဟာဧကရာဇ်၏ ရူးသွပ်မှုမှာ အားလုံးထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

သူမ နွီရှင်းမျိုးနွယ်စု၏ အပျက်အစီးများအပေါ်တွင် ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ပြန့်ကျဲနေကြသော မျိုးနွယ်၀င်အလောင်းများကို တွေ့ခဲ့ရသည်။ သူမသည်လည်း ရူးသွပ်ခဲ့လေပြီ။

မဟာဧကရာဇ်ဖြင့် ရရှိခဲ့သော သူမ၏ သားအား သေဆုံးစေခဲ့ပြီးနောက် မဟာဧကရာဇ်၏ မွေးစားသား ဖြစ်သည့် ထိုက်ချူ့ရင်ခွင်ထဲသို့ ပြိုလဲခဲ့သည်။

ကောင်းကင်နတ်အရှင်ကုန်း၏ ခြေလှမ်းများက ဘိုးဘေးနန်းတော်မှ ထွက်ခွာလာခဲ့၏။

သူမက ကမ္ဘာဦးဘုံသို့ ရောက်ရှိလာခဲ့သည်။

ကမ္ဘာဦးဘုံမှာ ရှေးခေတ်တုန်းက မတည်ရှိခဲ့ပေ။ ဖန်ဆင်းရှင်များ၏ နောက်ဆုံးတိုက်ပွဲသည် ဘိုးဘေးနန်းတော်မှ မြေထုကြီးတစ်ခုကို အက်ကွဲစေခဲ့သည်။ တို့မြေထုက ပြန့်ကား၍ ကမ္ဘာဦးဘုံအဖြစ် ပြောင်းလဲခဲ့ကာ ယွမ်တုအဖြစ် ကျော်ကြားလာခဲ့ခြင်းပင်။

သူမသည် ကမ္ဘာဦးဘုံတွင် လမ်းလျှောက်နေပြီး သူမအရှေ့တွင် စစ်ပွဲမီးတောက်များက ကောင်းကင်အထိ တောက်လောင်နေကြသည်။ ပုံရိပ်ယောင်အလွှာများဖြင့် လွှမ်းခြုံခံထားရသော ကောင်းကင်နတ်အရှင်ကုန်းက အဝေးသို့ ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံအား လိုက်ဖမ်းနေကြသည်ကို တွေ့လိုက်ရ၏။ သူတို့သည် ဤနေရာသို့ပင် ရောက်လာခဲ့လေပြီ။

စစ်မြေပြင်တွင် တိုက်ခိုက်နေကြသော ဧရာမခန္ဓာကိုယ်ကြီးများကို မြင်လျှင် သူမ၏ မျက်ဝန်းများမှာ အေးခဲရပ်တန့်သွားတော့သည်။

ထိုသူများမှာ ဖန်ဆင်းရှင်များ မဟုတ်လော။

နတ်ဘုရင်လန်ဝူသည် ကျန်ရစ်သည့် ဖန်ဆင်းရှင်များကို ဦးဆောင်ကာ ရွှင်ပျော်ပျော်ကျေးရွာမှ ခိုင်ဧကရာဇ်၏ အင်အားစုများနှင့်အတူ ကောင်းကင်နတ်ဘုံကို တိုက်ခိုက်နေသည်။

ကောင်းကင်နတ်အရှင်ကုန်းမှာ အိပ်မက်မက်နေသည့်အလား ညည်းညူမိလိုက်ပြီး သူမ၏တာအိုနှလုံးသားမှာ စူးရှဆို့နင့်စွာ နာကျင်လာတော့သည်။

နတ်ဘုရင်လန်ဝူသည် သူမကို သတိထားမိသွားသည့်အခါ အထိတ်တလန့်ဖြစ်သွား၏။ သူမက အလောတကြီး ပျံသန်းလာပြီး ဟင်းလင်းပြင်အား အသိစိတ်အလျဉ်သင်္ကေတများဖြင့် တံဆိပ်ခတ်နှိပ်ကာ ချိပ်ပိတ်လိုက်သည်။ သူမက သတိအနေအထားဖြင့် မေးသည်။ “ကုန်းယွင် ကျွန်မကို သတ်ဖို့လာတာလား… ဒီသူတွေက နောက်ဆုံးကျန်ခဲ့တဲ့ ဖန်ဆင်းရှင်တွေပဲ”

ကောင်းကင်နတ်အရှင်ကုန်းအရှေ့ရှိ အမျိုးသမီးမှာ တုပ၍မရနိုင်သော ယုံကြည်မှုနှင့် စိတ်ဓာတ်ပြတ်သားမှုတို့ကို ပိုင်ဆိုင်ထားလေသည်။ သူမက ခပ်မာမာ အော်ပြော၏။ “လေဟာနယ်တစ်ဖက်ကမ်းက ဖျက်ဆီးခံလိုက်ရပြီ… ဖန်ဆင်းရှင်တွေဆိုလို့ ဒီသူတွေပဲ ကျန်ခဲ့တော့တာ… ရှင် ကျွန်မတို့ကို တားဆီးရင် နောက်ဆုံးကျန်ခဲ့တဲ့ ဖန်ဆင်းရှင်မျိုးနွယ်က ရှင့်လက်ချက်ကြောင့် မျိုးသုဉ်းသွားလိမ့်မယ်”

ကောင်းကင်နတ်အရှင်ကုန်းမှာ သူမအား နားမလည်နိုင်စွာ ကြည့်နေမိသည်။ ဤလှပချောမောသည့် ဖန်ဆင်းရှင်မှာ သူမငယ်စဉ်တုန်းကအတိုင်းပင်။ ကုန်းယွင်မှာ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။ “ငါက နောက်ဆုံးဖန်ဆင်းရှင် မဟုတ်ဘူးလား”

လန်ဝူက ခေါင်းခါ၏။ “ကျွန်မတို့ကို သတ်လိုက်ရင်တောင် ရှင်က နောက်ဆုံးဖန်ဆင်းရှင် ဖြစ်မှာမဟုတ်ဘူး.. ရှင်ဟာ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်လာခဲ့တဲ့နေ့ကစပြီး ဖန်ဆင်းရှင် မဟုတ်တော့ဘူး”

ခွမ်း..

ကောင်းကင်နတ်အရှင်ကုန်းမှာ သူမ၏ တာအိုနှလုံးသား အက်ကွဲသွားသည့်အသံကို ကြားလိုက်ရသယောင်ပင်။

သူမ၏မျက်စိရှေ့တွင် ပုံရိပ်ယောင်အလွှာများက ဖန်စကွဲများကဲ့သို့ အက်ကွဲသွားကြ၏။

သူမက ခါးသီးစွာ ပြုံးလိုက်ပြီး လက်မြှောက်ကာ လန်ဝူ၏ မျက်နှာ‌အား ထိတွေ့လိုက်သည်။ သူမက ခပ်ဖွဖွ မှာလိုက်လေသည်။ “ငါ့လို မဖြစ်စေနဲ့…”

ချင်မူ့ဓားကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများက သူမ၏ တာအိုနှလုံးသားထဲတွင် ပေါက်ကွဲသွားသည်။ နတ်ဘုရင်လန်ဝူအရှေ့ရှိ ကောင်းကင်နတ်အရှင်ကုန်းမှာ ကြွေသားကိုယ်ထည်အလား အက်ကွဲသွားတော့၏။

လန်ဝူမှာ ကြောင်အသွားပြီး ကုန်းယွင်၏ လက်အား လှမ်းကိုင်လိုက်သော်လည်း ပြာမှုန့်များကိုသာ ကိုင်မိလေသည်။

ကောင်းကင်နတ်အရှင်ကုန်း၊ ရှေးခေတ်မှ နတ်ဘုရင်ကုန်းယွင်ကား သူမအရှေ့တွင် ပြာကျသွားလေပြီ။

သူမ၏အသိစိတ်အလျဉ်မှာလည်း ပြာကျသွားလေ၏။

All Chapters