← Chapters

လူ့ဘောင်အလယ်၊ သစ္စာတရား၏ လမ်း

Vol. 121 Ch. 1572

လူ့ဘောင်အလယ်၊ သစ္စာတရား၏ လမ်း

Vol. 121 Ch. 1572

“လူတွေဟာ သေတော့မယ့်အချိန်ဆိုရင် စကားတွေ ချိုသာတတ်တယ်တဲ့”

လန်ဝူက ပြာကျသွားသော ကောင်းကင်နတ်အရှင်ကုန်းကို ကြည့်၍ ခေါင်းရမ်းလိုက်သည်။ “ဒါပေမဲ နှစ်တစ်သန်းတိုင်တိုင် မကောင်းမှုကို အားပေးခဲ့တဲ့ ရှင်ရဲ့ လုပ်ရပ်တွေကို မေ့ဖျောက်ပစ်နိုင်ဖို့ ခက်တယ် ကုန်းယွင်… တခြားသူတွေအပေါ် မကောင်းတာ မလုပ်ဖို့ ဖြောင်းဖျခဲ့တဲ့ နောက်ဆုံးစကားလေးတစ်ခွန်းနဲ့ ရှင် နှစ်တစ်သန်းတိုင်တိုင် ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”

သူမက ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံဆီသို့ ပြန်သွားကာ ယန်ယွင်ရှီအား ပြော၏။ “ကောင်းကင်နတ်အရှင်ကုန်း သေသွားပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ကို အကြောင်းကြားပြီး ကိစ္စလေးတွေ ရှင်းခိုင်းပေးပါဦးရှင်”

ယန်ယွင်ရှီမှာ အံ့ဩတုန်လှုပ်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ လူလွှတ်ကာ လင်ယွိရှို့အား သတင်းပေးလိုက်သည်။

ရက်နှစ်ဆယ်ကြာပြီးနောက် ရှန်းချီအာသည် လင်ယွိရှို့နှင့် တွေ့ဆုံရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာ မြို့တော်သို့ ရောက်လာ၏။

ရှုန်းချီအာမှာ အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်ကို အုပ်ချုပ်နေသော နန်းတော်သခင်မ ဖြစ်ပြီး လင်ယွိရှို့နှင့် ခေတ်ပြိုင်မွေးလာသူပင်။ သူမသည် ချင်မူ့ထက် ငယ်သော်လည်း အနောက်ကမ္ဘာမြေရှိ သူမ၏ ဂုဏ်ဒြပ်ရာထူးကတော့ ရှုရှန်းဟွာထက် မြင့်မားသည်။

ယခင်က အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်သည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်တို့နှင့်အတူ ရင်ဘောင်တန်းနိုင်သော အထွတ်အမြတ်နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ အထွတ်အမြတ်နယ်မြေ ဖြစ်သည့်အလျောက် စိတ်နှလုံးသားသန့်ရှင်းဖြူစင်သူတစ်ယောက်အား အရှင်သခင်အဖြစ် ရွေးချယ်တင်မြှောက်ရန် လိုအပ်ခဲ့၏။ အသက်ငယ်လေလေ ပို၍ကောင်းမွန်လေလေဖြစ်ပြီး ထိုမှသာလျှင် ဝိညာဉ်ပုလဲလေးလုံး၏ အသိအမှတ်ပြုမှုကို ရနိုင်လိမ့်မည်။

ရှုန်းချီအာသည် ဝိညာဉ်ပုလဲလေးလုံး၏ အသိအမှတ်ပြုမှုကို ရှစ်နှစ်အရွယ်ကတည်းက ရခဲ့လေသည်။ သူမက အစစ်အမှန်နတ်ဘုရားအဆင့်၏ ခွန်အားကို ပိုင်ဆိုင်ခဲ့ကာ ချင်မူ့ထက်ပင် များစွာသန်မာခဲ့သည်။

နှစ်ရာပေါင်းများစွာ ကြိုးစားကျင့်ကြံပြီးနောက် သူမတာအိုနှလုံးသားသည် အလွန်တရာမြင့်မားသော အဆင့်တစ်ဆင့်အထိ ရောက်နိုင်ခဲ့၏။ ထို့ကြောင့် မဟာဧကရာဇ်၏ အငှားခန္ဓာကိုယ် ဝေ့ရှစ်ကျဲကို သတ်ဖြတ်ရန် လင်ယွိရှို့က သူမဆီမှ အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

“ကောင်းကင်နတ်အရှင်ကုန်းကလည်း အင်အားကြီးမားတဲ့ အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားပေမယ့် မဟာဧကရာဇ်နဲ့ မတူဘူး”

ရှုန်းချီအာက ဖြစ်ကြောင်းကုန်စဥ် ကြားလျှင် တစ်ခဏ တွေးတောစဉ်းစားနေသည်။ “မဟာဧကရာဇ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နောက်ဆုံးပြုပြင်ပြောင်းလဲမှုတွေကို မထိတွေ့ရဲပေမယ့် ကောင်းကင်နတ်အရှင်ကုန်းရဲ့ လူဝင်စားကတော့ ထိတွေ့ရဲတယ်… သူ့ရဲ့လူဝင်စား တောက်ရှို့ရွီက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မျိုးဆက်သစ်တွေကြားမှာ ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… ဂုဏ်သတင်းက အတော်ကို မွှေးပျံ့တယ်… အရှင်မင်းကြီး၊ ကျွန်မအနေနဲ့ သူ့ကို သတ်နိုင်ပေမယ့် လွယ်တော့မလွယ်ဘူး … သူ့ရဲ့အသိစိတ်အလျဉ်နဲ့ ပုံရိပ်ယောင်တွေက ကျွန်မကို ဝေဝါးထွေပြားသွားအောင် လုပ်ပြီး အဲဒီအခွင့်အရေးကို အသုံးချလို့ ထွက်ပြေးသွားလိမ့်မယ်”

လင်ယွိရှို့က မေးသည်။ “ဒါဆိုရင် တောက်ရှို့ရွီကို ဘယ်သူက ယုံကြည်ချက်ရှိရှိ သတ်နိုင်မယ်ထင်လဲ”

ရှုန်းချီအာက ဖြေ၏။ “ကောင်းကင်နတ်အရှင်ကုန်းကို သတ်ဖို့လား… အတိုက်အခိုက်စွမ်းရည် မြင့်မားတာနဲ့ပဲ သူ့ကို သတ်နိုင်မယ်မဆိုလိုဘူး… သူ့ထက် ပိုပြီးသန်မာတဲ့ အသိစိတ်အလျဉ် ပိုင်ဆိုင်ထားပြီးတော့ သူ့ပုံရိပ်ယောင်တွေအားလုံးကို ထွင်းဖောက်မြင်တတ်ဖို့ လိုတယ်… ဒါကြောင့် တာအိုသခင်လင်းရွှမ်၊ တထာဂကကျန်းခုံးနဲ့ ကျောက်စိမ်းမြို့တော်ငယ်နတ်ဝိဇ္ဇာလည်း လုပ်နိုင်မှာမဟုတ်ဘူး… ကောင်းကင်ဓားမလော့နဲ့ ကျဲ့ဟွလီတို့က စွမ်းအားကြီးပေမယ့် အသိစိတ်အလျဉ်ကို ရင်ဆိုင်နိုင်ဖို့ ခက်ခဲလိမ့်မယ်… ဒါကြောင့် ကျွန်မအနေနဲ့တော့ တစ်ယောက်ကိုပဲ ရည်ညွှန်းချင်တယ်… သူ့ရဲ့အသိစိတ်အလျဉ်က ကျယ်ပြန့်တဲ့အပြင် ကောင်းကင်နတ်သိုင်းတွေကလည်း တိုင်းတာလို့ မရနိုင်ဘူး… အဲဒါကြောင့် သူပဲ ကောင်းကင်နတ်အရှင်ကုန်းရဲ့ လူဝင်စားကို သတ်ဖြတ်နိုင်လိမ့်မယ်… ဒါပေမဲ့ အဲဒီသူက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိမနေဘူး”

လင်ယွိရှို့၏ နှလုံးသားမှာ အနည်းငယ် လှုပ်ရှားလာပြီး သူမက ပြုံးလိုက်သည်။ “အဲဒီသူ ဘယ်မှာရှိလဲ ငါ သိတယ်… နှစ်ရက်လောက်ပဲ စောင့်ပေးပါ”

နှစ်ရက်ကြာပြီးနောက် ဟူလင်းအာသည် နန်းစိုက်မြို့တော်သို့ ရောက်လာ၏။ လင်ယွိရှို့က အဖြစ်အပျက်များကို ရှင်းပြလိုက်သည့်အခါ ဟူလင်းအာက ပြုံးသည်။ “အဲ့လိုလား… ကျွန်မ လှမ်းခေါ်လိုက်မယ်လေ”

“လင်းအာကိုပဲ အကူအညီတောင်းရမှာပဲ”

ဟူလင်းအာက ယဇ်ပလ္လင်ကို ခင်းကျင်းလိုက်ပြီး သူမကိုယ်တိုင် မန္တန်တစ်ခု အသက်သွင်းလိုက်သည်။ ယဇ်ပလ္လင်သည် အခြားကမ္ဘာလောကတစ်ခုနှင့် ဆက်သွယ်သွားပြီး ကောင်းကင်သည် နှစ်ခြမ်းကွဲကာ အလွန်တရာကြီးမားသော အပေါက်ကြီးတစ်ပေါက် ပေါ်လာ၏။ ထိုအပေါက်၏ အခြားတစ်ဖက်တွင် ကြီးမားကျယ်ပြန့်သော မြေထုတစ်ခုက နေရာယူထားသည်။

ကျယ်လောင်ဩရှသော အသံကြီးတစ်သံက မြို့တော်၏ ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ “ဘယ်သူက သားရဲကမ္ဘာက အထွပ်အထိပ်အရှင်သခင်ရဲ့ မွေးစားသားတော်ကို ဆင့်ခေါ်လိုက်တာလဲကွ…”

“လုံပိ”

ဟူလင်းအာက ကျယ်လောင်စွာ လှမ်းပြောလိုက်သည်။ “ငါလေ… နင့်အစ်မ”

ကျယ်လောင်ဩရှသည့် အသံကြီးမှာ ရုတ်တရက် ထိတ်လန့်သွားပုံပင်။ တစ်ခဏကြာသော် ဧရာမဦးခေါင်းကြီးတစ်လုံးက အပေါက်ထဲမှ ပြူထွက်လာ၏။ နဂါးချီလင်က ပြုံးဖြီးနေသည်။ “မမကြီးပါလား… ဘာကိစ္စရှိလို့လဲ မမကြီး”

“ကိစ္စမရှိရင် နင့်ကို ခေါ်လို့မရတော့ဘူးလားဟ”

ဟူလင်းအာက ယဇ်ပလ္လင်ပေါ်တွင် ခါးထောက်ရပ်လိုက်ပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။ “ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ တကယ် အရေးကြီးကိစ္စရှိလို့ ခေါ်လိုက်တာ… မြန်မြန် ဆင်းလာခဲ့”

“မမကြီး… ခဏလေးနော်”

နဂါးချီလင်က ခေါင်းပြန်ရုတ်သွားပြီး သားရဲကမ္ဘာတွင် စကားပြောဆိုနေသံများအား ကြားလိုက်ရသည်။ “မွေးစားဖေဖေ၊ ကျွန်တော့်မမကြီး လှမ်းခေါ်နေလို့ဗျ… ဘာမှမဖြစ်ပါဘူး… မွေးစားဖေဖေကလည်း မစိုးရိမ်ပါနဲ့… ကျွန်တော် ပြန်မလာဘဲ မနေပါဘူးဗျာ… ဂိုဏ်းသခင်ရော၊ ကျွန်တော်မိန်းမနဲ့ ကလေးတွေကိုရော သွားတွေ့ချင်သေးတယ်…. သူတို့နဲ့ မတွေ့ရတာ နှစ်တွေအများကြီး ကြာနေပြီလေ… စိတ်မပူပါနဲ့ဗျ… မွေးစားဖေဖေကို ဒီနေရာမှာ တစ်ယောက်တည်း မထားခဲ့ပါဘူး”

တစ်ခဏကြာသော် ချီလင်ဦးခေါင်းဖြင့် လူငယ်တစ်ယောက်က သားရဲကမ္ဘာမှတစ်ဆင့် ယဇ်ပလ္လင်ပေါ်သို့ ဆင်းသက်လာသည်။ ထိုလူငယ်မှာ နဂါးချီလင် ဖြစ်လေ၏။ သူသည် ရွှေချည်မျှင်ဖြင့် ယက်ထားပြီး ကျောက်စိမ်းတန်ဆာများဖြင့် အလှဆင်ထားသော အနက်ရောင်ဝတ်ရုံတစ်ရုံကို ဝတ်ဆင်ထား၏။ ၎င်းက အင်မတန်တန်ဖိုးကြီးမည့်ပုံပင်။

ဟူလင်းအာက သူ့ကို ခေါင်းအစ အခြေအဆုံး ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။ “နင်က သားရဲကမ္ဘာမှာ ချမ်းသာပြီး ဇိမ်ကျနေတာပေါ့လေ… ယန်အာမှာတော့ ဥ,ဥဖို့ အနက်ရောင်တောင်တန်းမှာ နေ,နေရတယ်… ကလေးပေါက်စတွေဆိုတာလည်း အများကြီးပဲ… တခြားငှက်တစ်ကောင် နင့်မိန်းမကို သွေးဆောင်ဖြားယောင်းသွားမှာ မကြောက်ဘူးလား”

နဂါးချီလင်က တောင်းပန်တိုလျှိုးသော မျက်နှာဖြင့် ပြုံးကာ တုံ့ပြန်သည်။ “မွေးစားဖေဖေက သားရဲကမ္ဘာကို တစ်ယောက်တည်း မအုပ်ချုပ်နိုင်ဘူးလေ… ကျွန်တော်လည်း ကူညီပြီးရင် ပြန်လာမလို့ပါပဲ… မွေးစားဖေဖေက ပြန်မလွှတ်တော့ ဂွကျနေတာ … မမကြီးယန်အာနဲ့ ကျွန်တော်က လက်ထပ်ပြီးနေပြီ… ‌တောင်နတ်မင်းကလည်း သဘောတူတယ်… ဒါ့အပြင် သားရဲကမ္ဘာမှာ ရှိတဲ့ သားရဲမျိုးနွယ်တွေအားလုံးက ကျွန်တော့်စောင့်ရှောက်မှုအောက်မှာလေ… ဘယ်သူကများ ကျွန်တော့်မိန်းမကို ဖြားယောင်းရဲမှာလဲဗျာ”

လင်ယွိရှို့က ဝင်ပြောသည်။ “လုံရှောင်က နင့်ကို မွေးစားသားအပြင် ဧကရာဇ်အတိုင်ပင်ခံကို ခြိမ်းခြောက်နိုင်ဖို့အတွက် ဓားစာခံအဖြစ် ခေါ်ထားတာပဲဟာ … ဆိုတော့ နင့်ကို ပြန်မလွှတ်တာ အံ့ဩစရာတော့မရှိဘူး”

ထို့နောက်မှသာ နဂါးချီလင်သည် သူမကို သတိထားမိသွားပြီး အလောတကြီး နှုတ်ဆက်လိုက်၏။ “အရှင်မင်းကြီး”

လင်ယွိရှို့က ပြော၏။ “သိပ်ပြီး ရိုကျိုးနေစရာ မလိုပါဘူး… ဧကရာဇ်အတိုင်ပင်ခံက နင် အရွယ်ရောက်လာတာကို တွေ့ခဲ့ရလို့ လွှတ်ပေးပြီး ကိုယ်တိုင်လမ်းကြောင်း ရှာစေခဲ့တာပဲ… ဒီနှစ်တွေအတွင်း လုံရှောင်နဲ့ ကျင့်ကြံခဲ့တာဆိုတော့ အောင်မြင်မှုတချို့တလေတော့ ရှိလောက်ပါတယ် … အခုလေးတင် အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မင်းသမီးက နင် ကောင်းကင်နတ်အရှင်ကုန်းရဲ့ လူဝင်စားကို သတ်နိုင်တယ်ဆိုပြီး ပြန်ခေါ်ဖို့ အကြံပေးတာ”

နဂါးချီလင်မှာ ရှန်းချီအာကို ကြည့်လိုက်ပြီး ချက်ချင်း မှတ်မိသွားသည်။ ရှုန်းချီအာက ဝမ်းသာအားရ ပြေးလာကာ အော်နေသည်။ “လျှောစီးမယ်….လျှောစီးမယ်”

နဂါးချီလင်က ကူကယ်ရာမဲ့စွာ ပြောသည်။ “နင်က အစစ်အမှန်နန်းတော်ရဲ့ ခေါင်းဆောင် ဖြစ်နေပြီ… ငါကလည်း သားရဲကမ္ဘာရဲ့ သခင်လေးပဲ… ဒီလိုရှက်စရာကြီးကို လုပ်ပေးနေရဦးမှာလား”

“လျှောစီးမယ်လို့” ရှန်းချီအာသည် အလျှော့မပေးချေ။

နဂါးချီလင်လည်း မတတ်နိုင်တော့သဖြင့် သူ၏ မူလအသွင်သဏ္ဍာန် ၊ ဧရာမသားရဲကြီးအဖြစ် အသွင်ပြောင်းလိုက်သည်။ သူက အမြှီးကို မြှောက်၍ ကုန်းလျှောဖြစ်သွားအောင် ကွေးပေးလိုက်၏။

ရှုန်းချီအာက သူ၏အမြှီးထိပ်အထိ တက်၍ ထိပ်ဆုံးမှ လျှောဆင်းလာသည်။ နဂါးချီလင်၏ ခန္ဓာကိုယ်က ကွေးသွားပြီး ထိုမိန်းကလေးငယ်အား သူ၏ကျောအထိ လျှောကျသွားစေသည်။ သူမမှာ အရှိန်ဟုန်ကြောင့် လေပေါ်သို့ မြောက်တတ်သွားပြီး တခစ်ခစ် ရယ်မောကာ ပြန်ကျလာ၏။

ဤသည်မှာ သာမန်လျှောဆင်းသည်လောက် မရိုးရှင်းပေ။ ရှုန်းချီအာသည် အချိန်အတော်ကြာသည်အထိ မရပ်သေးသဖြင့် လင်ယွိရှို့မှာ ကူကယ်ရာမဲ့စွာဖြင့် သတိပေးလိုက်ရသည်။ “ညီမလေး… အရေးကြီးကိစ္စတွေ ရှိသေးတယ်နော်”

ရှုန်းချီအာမှာ ရှက်သွေးဖြာသွားကာ ချက်ချင်း ရပ်လိုက်၏။

နဂါးချီလင်လည်း လူငယ်အသွင် ချက်ချင်း ပြန်ပြောင်းလိုက်သည်။ “ငယ်ငယ်တုန်းကဆိုရင် ဂိုဏ်းသခင်က သူ့ကို မချော့တော့ ကျွန်တော်ပဲ ဒီလိုဆော့ကစားပြီး ချော့ပေးခဲ့ရတာလေ… တောက်ရှို့ရွှီက ဘယ်မှာတုန်း… သူနဲ့ ကိစ္စပြီးရင် ကျွန်တော့်မိန်းမနဲ့ ကလေးတွေကို သွားတွေ့ရမယ်…. နှာဘူးငှက်တွေကိုလည်း တစ်ခါတည်း မောင်းထုတ်ရတာပေါ့”

ရှုန်းချီအာက သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်၍ တောက်ရှို့ရွှီ၏ အချက်အလက်ကို ရှာဖွေကာ နဂါးချီလင်ဆီ ပေးလိုက်သည်။ “လိုက်ချင်တယ်”

နဂါးချီလင်သည် လင်ယွိရှို့အား အလျင်အမြန် ကြည့်လိုက်ရာ သူမက ပြုံးလိုက်၏။ “လုံပိ ပြန်မလာခဲ့တာ နှစ်တွေကြာခဲ့ပြီလေ… ဘိုးဘေးနန်းတော်က ယန်အာနဲ့ သူ့ကလေးတွေကိုလည်း သွားတွေ့ရဦးမှာမလား…. နောက်တစ်ခေါက်မှ လိုက်သွားပေါ့ ညီမလေးရယ်”

ရှုန်းချီအာမှာ ခေါင်းညိတ်ရန်တစ်ပါး ရွေးချယ်စရာ မရှိပေ။

နဂါးချီလင်က အရှေ့ပင်လယ် ကမ်းခြေတွင် ရှိသည့် ပင့်ကျိုးမြို့သို့ ချက်ချင်း ထွက်ခွာသွားတော့သည်။

သူ၏အမြန်နှုန်းက အလွန်တရာ မြန်ဆန်၏။ သူည် ဤနှစ်များအတွင်း သားရဲကမ္ဘာတွင် ကြိုးစားကျင့်ကြံ၍ လုံရှောင်အား သားရဲကမ္ဘာ ထူထောင်နိုင်ရန် ကူညီပေးခဲ့သည်။ အံ့ဩဖွယ်ရာ အောင်မြင်မှုများ ရရှိခဲ့သည့်အပြင် ထူးကဲသာလွန်သည့် စွမ်းဆောင်ရည်များကိုလည်း ပိုင်ဆိုင်နေချေပြီ။

ချင်မူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရှားရှားပါးပါးမှ ပြန်လာတတ်သော်လည်း သူ့ကို ဟူလင်းအာနှင့် အခြားသူများက ပြန်လည်ဆင့်ခေါ်ပြီး အတိတ်အကြောင်း ပြန်ပြောတမ်းတတတ်ကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများမှာလည်း နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိပေ။

နဂါးချီလင်သည် ယခင်ကထက် ပိုမိုရင့်ကျက်ကာ သန်မာနေပြီဖြစ်သည်။ သားရဲကမ္ဘာသခင်လေး ဟူသော အဆင့်အတန်းကိုလည်း ပိုင်ဆိုင်ထားသေး၏။ သူက လမ်းတလျှောက်လုံး ကောင်းကင်နတ်အရှင်ကုန်းလူဝင်စား၏ အချက်အလက်များကို လေ့လာနေခဲ့သည်။ အချက်အလက်များတွင် သူမ သင်ယူခဲ့သော ကျင့်စဉ်များ၊ သူမ ကျွမ်းကျင်သော ကောင်းကင်နတ်သိုင်းများနှင့် သူမလေ့လာခဲ့သည့် ဘာသာရပ်များ၊ ဘဝတစ်လျှောက်လုံးရှိ တိုက်ပွဲအောင်မြင်မှုများကို အသေးစိတ် မှတ်တမ်းတင်ထားလေသည်။

ချင်မူသည် ကောင်းကင်နတ်အရှင်ရှောင်၏ လူဝင်စား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ဝင်ရောက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာကို ဖမ်းဆုပ်နိုင်ရန် ကြိုစားနေခဲ့ကြောင်း သိရှိခဲ့သည့်အချိန်မှစပြီး ကောင်းကင်နတ်အရှင်တို့၏ လူဝင်စားများကို တိတ်တဆိတ် စောင့်ကြည့်မှတ်တမ်းတင်ခြင်းများ စတင်ခဲ့သည်။

နဂါးချီလင်က စာလိပ်ကို ပိတ်ကာ ခေါင်းမော့ကြည့်လိုက်၏။ သူကား ပင့်ကျိုးသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဖြစ်ပွားခဲ့သည့်အချိန်မှာစ၍ နှစ်တစ်ရာ ကုန်ဆုံးသွားခဲ့ချေပြီ။ ထိုနှစ်တစ်ရာအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် အံ့သြဖွယ်ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပြီး ပိုပို၍ ချမ်းသာကြွယ်ဝလာခဲ့သည်။ သို့သော် ၎င်းနှင့်အတူ ပြဿနာများလည်း ဖြစ်ပေါ်လာခဲ့၏။ နတ်ဘုရားမြို့များက ပိုပို၍ကြီးမားလာခဲ့သည့်အလျောက် နေထိုင်သော လူဦးရေမှာလည်း ပိုပို၍တိုးပွားလာခဲ့သည်။ သို့သော် မြို့တစ်မြို့အနေဖြင့် ဆက်လက်နေရာချဲ့နေရန် မဖြစ်နိုင်ပေ။ ရလဒ်အနေဖြင့် အခြားနတ်ဘုရားမြို့များ ပေါ်ထွက်လာခဲ့၏။

ပင့်ကျိုးမှာလည်း ၎င်းနတ်ဘုရားမြို့များထဲမှ တစ်မြို့ပင်။ ပိုမိုထူးကဲကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးလာခဲ့သော မြို့တစ်မြို့လည်း ဖြစ်သည်။ ဤနေရာက မြို့တော်၌ မြင့်တက်လာခဲ့သော လူဦးရေပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီး လူငယ်အများစုသည် ဤနေရာတွင် လာရောက်စုဝေးတတ်ကြ၏။

နဂါးချီလင် မြို့ထဲသို့ ရောက်လာသည့်အခါ တောက်ရှို့ရွှီ နေထိုင်သည့်နေရာကို တွေ့ရှိသွားသည်။ ဤနေရာ၌ စားပွဲသောက်ပွဲကြီး ကျင်းပနေလေသည်။ ဟိုဟိုသည်သည် မေးမြန်းကြည့်ပြီးနောက် တောက်ရှို့ရွှီ၏ မိသားစုတွင် ကလေးတစ်ယောက် မွေးဖွားလာခဲ့သဖြင့် ထိုကလေးငယ်အတွက် ရက်တစ်ရာပြည့် မွေးနေ့ပွဲကျင်းပနေကြောင်း သိခဲ့ရသည်။

“ကောင်းကင်နတ်အရှင်ကုန်းရဲ့ လူဝင်စားက လက်ထပ်ထားတာလား… မှတ်တမ်းထဲမှာလည်း မပါဘူး”

နဂါးချီလင်မှာ အံ့သြသင့်သွားပြီး ဆက်လက်မေးမြန်းနေသည်။ တောက်ရှို့ရွှီသည် ပင့်ကျိုးမှ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ကို လက်ထပ်ခဲ့၏။ သူမတို့မိသားစုက မိသားစုကြီးတစ်စု မဟုတ်သလို၊ လက်ထပ်ထားသည်မှာလည်း နှစ်နှစ်သာ ရှိသေးသည်။

“ဘာလို့ ကောင်းကင်နတ်အရှင်ကုန်းလို ပုဂ္ဂိုလ်တစ်ယောက်က လက်ထပ်ရတာလဲ… အဲဒီယောက်ျားက ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ လူဝင်စားများ ဖြစ်နေတာလား”

သူက မွေးနေ့ပွဲအတွင်းသို့ ခိုးဝင်သွားပြီး သေခြင်းရှင်ခြင်းစာအုပ် ဖွင့်ကာ မိသားစု၏အိမ်ထောင်ဦးစီးကို ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ အပြစ်ကင်းစင်ပြီး ကောင်းကင်နတ်အရှင်တစ်ပါး၏ လူဝင်စားမဟုတ်မှန်း တွေ့လိုက်ရလေသည်။

ထိုလူ၏ ပါရမီနှင့် နားလည်သိမြင်နိုင်စွမ်းမှာလည်း ပြိုင်ဘက်ကင်းထူးချွန်ခြင်း မရှိပေ။ မဆိုးလွန်းမကောင်းလွန်း သာမန်သာ ဖြစ်၏။ သူ့အနေဖြင့် နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်သော်လည်း တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် အောင်မြင်မှုမျိုး ရရန်တော့ မဖြစ်နိုင်ပေ။

နဂါးချီလင်က တခဏစဉ်းစားနေပြီး တောက်ရှို့ရွှီအား ပြန်ကြည့်လိုက်သည်။ တောက်ရှို့ရွှီသည် အမှန်တကယ်ပင် ကောင်းကင်နတ်အရှင်ကုန်း၏ လူဝင်စားဖြစ်သည်။ သံသယဝင်စရာ မည်သည့်အရာမှမရှိပေ။

သူ၏မျက်နှာအမူအရာမှာ ထူးဆန်းနေတော့သည်။ အဘယ်ကြောင့် ဂုဏ်ကျက်သရေ ကြီးမြတ်သည့် ကောင်းကင်နတ်အရှင်တစ်ပါးက သာမန်လူတစ်ဦးကို လက်ထပ်ရပါသနည်း။

“ကောင်းကင်နတ်အရှင်ကုန်းရဲ့ ပုံရိပ်ယောင်များလား”

သူမ၏ အသိစိတ်အလျဉ်မှာ စွမ်းအားကြီးပြီး သူ၏စွမ်းဆောင်ရည်များသည်လည်း ဤနှစ်များအတွင်း တိုးတက်လာခဲ့၏။ အသေးစိတ် ကြည့်ရှုလိုက်ရာ ပုံရိပ်ယောင် မဟုတ်ချေ။

တောက်ရှို့ရွှီ ၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့လောက် မမြင့်မားပေ။ ပုံရိပ်ယောင်သာ ဆိုပါက သူ ထွင်းဖောက်မြင်နိုင်ပေလိမ့်မည်။

တောက်ရှို့ရွှီ ကလည်း နဂါးချီလင်ကို ဧည့်သည်တော်များအကြားတွင် သတိထားမိသွားသည်။ ဤထူးဆန်းသော အသွင်အပြင်နှင့် လူတစ်ယောက်ကို တခြားသူများ သတိမထားမိရန်မှာ မဖြစ်နိုင်ပေ။

“လုံပိ၊ ဒီနေ့ပြီးအောင် စောင့်လို့ ရမလား” သူမ၏အသိစိတ်အလျဉ်က လှိုင်းထပြီး နဂါးချီလင်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

နဂါးချီလင်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ရက်တစ်ရာပြည့် မွေးနေ့ပွဲမှာ အလွန်တရာ စည်ကားသိုက်မြိုက်၏။ ဤမိသားစု၏ အိမ်ရှင်မအနေဖြင့် တောက်ရှို့ရွှီ သည် ဧည့်သည်များကို နွေးထွေးပြူငှာစွာ ကြိုဆိုနေသည်။ သူမရင်ခွင်ထဲရှိ ကလေးကိုလည်း မိခင်မေတ္တာအပြည့်ဖြင့် ချစ်ခင်နှစ်သက်စွာ ပွေ့ထား၏။ ယခင်ဘဝတုန်းက ရက်စက်ကြမ်းကြုတ်မှုများကို ဤဘဝတွင် ကလေးဖြင့် ပြန်လည်ချေဖျက်နေသည့်အလားပင်။

နဂါးချီလင်က မွေးနေ့ပွဲတွင် ရပ်ကာ တိတ်ဆိတ်စွာ အကဲခတ်နေသည်။ မွေးနေ့ပွဲ ပြီးဆုံးသွားသည့်အခါ ပင့်ကျိုးမြို့ပြင်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

နေလုံးကြီးက အရှေ့အရပ်ရှိ ပင်လယ်မှ ထွက်လာချေပြီ။

ပင်လယ်လေပြေတို့က အေးချမ်းနေပြီး လူငယ်၏ အဝတ်များကို ဖြတ်သန်းတိုက်ခတ်နေသည်။ သူက ပင်လယ်ဘေးတွင် ရပ်လျက် နေထွက်လာနေသည်ကို ကြည့်နေသည်။ နေရောင်က သူ၏မျက်နှာပေါ်တွင် ဖြာကျလျက် ရှိ၏။

တောက်ရှို့ရွှီ က သူ့အနောက်မှ လျှောက်လာသည်။ သူမ၏မျက်နှာအမူအရာမှာ ရှုပ်ထွေးနေ၏။ “ဖန်ဆင်းရှင်ဆိုတာလည်း လူသားတစ်ယောက်ပဲ… ငါက ကောင်းကင်နတ်အရှင်တစ်ပါး ဆိုပေမယ့် လူဝင်စားဖြစ်ပြီးတဲ့နောက် လူသားကမ္ဘာမှာ ကျင်လည်ခဲ့တဲ့အတွက် လူ့နှလုံးသားကို ပိုင်ဆိုင်ခဲ့မိတယ်…. သားရဲကမ္ဘာသခင်လေးက ငါ့ကို သတ်ဖို့ အမိန့်ရခဲ့တာ မဟုတ်လား”

“ကောင်းကင်နတ်အရှင်ကုန်းဆိုတာ နှလုံးသားမဲ့ပြီး ရက်စက်ကြမ်းကြုတ်တယ် ... အခုလို လက်ထပ်ပြီး မိခင်တစ်ယောက် ဖြစ်မယ် ထင်မထားခဲ့ဘူး”

နဂါးချီလင်က သူမကို လှည့်ကြည့်၍ ပြောသည်။ “ကျွန်တော်သာ သိခဲ့မယ်ဆိုရင် ဒီတာဝန်ကို လက်ခံခဲ့မိမှာ မဟုတ်ဘူး…အခုက ခင်ဗျားက ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ မတူဘူး… မိခင်ကောင်းတစ်ယောက် ဇနီးကောင်းတစ်ယောက်နဲ့ တူနေတယ်…. ကျွန်တော့်အနေနဲ့ သတ်ဖို့ ခက်တယ် … ဆိုတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ဖြေရှင်းဖို့ ခင်ဗျားကို နေ့တစ်ဝက် အချိန်ပေးမယ်”

တောက်ရှို့ရွှီ က သူ့ကို ကြည့်ကာ ခပ်တိုးတိုးပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ အာဏာလုပွဲတွေ၊ အားပြိုင်မှုတွေ မရှိတော့တဲ့အခါ ငါ့ရဲ့နှလုံးသားက တည်ငြိမ်လာခဲ့တယ်… အခု လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကို နားလည်နေပြီ… ကောင်းကင်နတ်အရှင်မူက ငါ့ကို သတ်ခဲ့ပေမယ့် ငါ ကလဲ့စားမချေချင်ဘူး… ကောင်းကင်နတ်ဘုံရဲ့ အင်အားအာဏာတွေကိုလည်း စိတ်ထဲမှာ ရှိမနေတော့ဘူး… သားရဲကမ္ဘာသခင်လေးအနေနဲ့ ငါ့ကို သက်ညှာပြီး သာမန်လူသားတစ်ယောက်အနေနဲ့ နေထိုင်ခွင့်ပေးနိုင်မလား…ငါ့မှာ ငါ့ခင်ပွန်းနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပြီး သာမန်လူလို နေလိုတဲ့ ဆန္ဒပဲ ရှိပါတော့တယ်”

သူမအနေဖြင့် မာနနှိမ့်ချရန် မလွယ်ကူသော်လည်း ယခုတွင်တော့ နှိမ့်ချခဲ့ချေပြီ။

နဂါးချီလင်က သူမကို တည်ငြိမ်အေးဆေးစွာ ကြည့်နေ၏။ တစ်ခဏကြာပြီးနောက် သူက ဖြေသည်။ “လူကောင်းတွေအပေါ် သိပ်ပြီး ဆိုးဆိုးရွားရွား မဆက်ဆံဖို့နဲ့ လူဆိုးတွေအပေါ် အရမ်းအကောင်းကြီး မဆက်ဆံဖို့ ဂိုဏ်းသခင် ကျွန်တော့်ကို သင်ပေးခဲ့တယ်… ဒါက ဘက်မလိုက်တာ မဟုတ်ဘူး… တရားမျှတမှုပဲ… လူဆိုးတွေအပေါ် အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်ရင် သူတို့ကြောင့် ထိခိုက်ခဲ့ရတဲ့ လူသားတွေကို စိတ်ပျက်စေမိလိမ့်မယ်…. လူကောင်းတွေကို ဆိုးဆိုးရွားရွား ဆက်ဆံလိုက်မိရင်တော့ သူတို့သယ်ပိုးခဲ့တဲ့ ကောင်းကျိုးတွေကို လျစ်လျူရှုသလို ဖြစ်လိမ့်မယ်… ကျွန်တော်ကိုယ်တိုင်တောင် ကောင်းတဲ့အရာတွေ မလုပ်နိုင်သေးတာ ... လူကောင်းတွေရဲ့ အမည်းစက်သေးသေးလေးတွေကို ဘာလို့ပုံကြီးချဲ့နေရမှာလဲ”

တောက်ရှို့ရွှီ က တိတ်ဆိတ်စွာ နားထောင်နေသည်။

နဂါးချီလင်က ဆက်ပြော၏။ “ကျွန်တော် ဂိုဏ်းသခင်ကို မေးခွန်းထုတ်ဖူးတယ်... ဘာလို့ သူ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်အသက်မသွင်းပေးတာလဲ ဆိုပြီးတော့ပေါ့.... ဂိုဏ်းသခင်က ဖြေတယ်... ပန်းကုန်းစွန်ကို ပြန်အသက်သွင်းလိုက်တာက ပန်းကုန်းစွန် လက်ထဲမှာ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့လူသားတွေကို သတိရမိစေမယ်တဲ့လေ… ပန်းကုန်းစွန် မသေခင်လုပ်ခဲ့တဲ့ ကောင်းကျိုးတွေက ဒီဘဝမှာ သူလုပ်ခဲ့တဲ့ မကောင်းမှုတွေကို ပယ်ဖျက်မပေးနိုင်ဘူး… ကောင်းကင်နတ်အရှင်ကုန်း၊ ခင်ဗျားရဲ့ ရှည်လျားလှတဲ့ သက်တမ်းတစ်လျှောက်မှာ အသနားခံခဲ့တဲ့သူတွေ အများကြီး ရှိတယ်မလား”

တောက်ရှို့ရွှီ သည် တိတ်ဆိတ်စွာသာ ခေါင်းညိတ်ပြ၏။

“ခင်ဗျား သူတို့ကို လွှတ်ပေးခဲ့လား” နဂါးချီလင်က မေးသည်။

တောက်ရှို့ရွှီ က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြောသည်။ “ငါ့မိသားစုအတွက် သေမှာကို ထိုင်စောင့်မနေနိုင်ဘူး”

နဂါးချီလင်က သူမကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကလေးကို နို့တိုက်ပေးမယ့် အငှားမိခင် ရှာပြီးသွားပြီလား… မရှာရသေးရင် ကျွန်တော် နောက်နေ့တစ်၀က် အချိန်ထပ်ပေးပါမယ်”

တောက်ရှို့ရွှီ က ပြန်လည်ဦးညွှတ်၍ ခေါင်ရမ်းပြသည်။ “အကုန်စီစဉ်ပြီးသွားပြီ”

နဂါးချီလင်က ပြုံးလိုက်၏။ “ဒါဆိုရင် ကျေးဇူးပြုပြီး တိုက်ခိုက်ပါတော့”

တောက်ရှို့ရွှီ က အော်ဟစ်ကာ ခုန်လိုက်သည်။ သူမက အားကုန်ထုတ်၍ သူမ၏ကောင်းကင်နတ်သိုင်းများကို အသက်သွင်းကာ သူ့ကို တိုက်ခိုက်လေသည်။

ဝုန်း…

အရှေ့ပင်လယ်မှ လေများက ရုတ်တရက် ပြင်းထန်လာသည်။ ဧရာမလှိုင်းကြီးများက ကမ်းစပ်သို့ ရောက်လာကြပြီး ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည့် အသံများ ထွက်ပေါ်လာ၏။ နဂါးချီလင်က အနောက်အရပ်သို့ လျှောက်သွားပြီး ပင့်ကျိုးသို့ မဝင်တော့ဘဲ ရှောင်ဖယ်သွားသည်။

သူ့အနောက်တွင် လှိုင်းလုံးများက တောက်ရှို့ရွှီ ၏ အလောင်းကို ဝါးမြိုသွားချေပြီ။

"မိုးကောင်းကင်သည်ပင် မေတ္တာတည်းဟူသော တွယ်တာမှုရှိခဲ့လျှင်၊ မိုးကောင်းကင်သည်လည်း အိုမင်း ရင့်ရော်ခြင်းဒုက္ခမှ မလွတ်ကင်းနိုင်။ လူ့ဘောင်အလယ်၊ သစ္စာတရား၏ လမ်းသည် ဖြစ်ခြင်းပျက်ခြင်း အမျိုးမျိုးနှင့် ပြည့်လျှမ်းလျက်ပေတကား"

သူက ပြန်လှည့်ကြည့်လိုက်သည်။ အရှေ့ပင်လယ်၏ လှိုင်းလုံးများမှာ ပြင်းထန်စွာ ရိုက်ခတ်နေကြဆဲပင်။

နဂါးချီလင် အရှေ့သို့ ပြန်လှည့်လိုက်သည့်အခါ နဂါးများရစ်ခွေနေသကဲ့သို့ ထင်ရသော ကျုံးရှန်တောင်က နေရာယူထားသည်။

မိုးသက်လေပြင်းများက ကျုံးရှန်တောင်တွင် ပြင်းထန်လာနေပြီး ကောင်းကင်နှင့် မြေကြီးသည် အဝါရောင် ခပ်‌ဖျော့ဖျော့ သမ်းသွားလေ၏။

All Chapters