ကမ္ဘာဦးခေတ်၏ လူယုတ်မာ မကောင်းဆိုးဝါးကြီး
Vol. 121 Ch. 1574
အရပ်ရှည်ရှည် လူရိပ်တစ်ခု ဘိုးဘေးနန်းတော်ထဲသို့ ဝင်ရောက်လာသည်။ ထိုသူ၏ ခန္ဓာကိုယ်သည် စုတ်ပြတ်နေပြီး ဦးခေါင်းမှာလည်း ပွင့်ထွက်နေသည်။ သူ၏ ဦးနှောက်မှ အငွေ့တထောင်းထောင်း ထနေသည့်အပြင် ခန္ဓာကိုယ်ပေါ်၌လည်း ဒဏ်ရာမျိုးစုံ ပွထနေသည်။
ထိုမျှသာမက သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ဓားဒဏ်ရာတစ်ခု ကိန်းဝပ်နေသေးသည်။ တစ်စုံတစ်ယောက်သည် ချွန်ထက်သော ဓားကို သုံး၍ သူ၏ဦးခေါင်းအား ထိုးစိုက်ကာ သူ၏ ခန္ဓာကိုယ်ထဲတွင် ဓားတာအို၏ တာအိုသစ်ပင်ကို စိုက်ပျိုးခဲ့လေသည်။
ဤတာအိုသစ်ပင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် တစ်ချက်တစ်ချက် ပေါ်လာတတ်ပြီး ရုပ်ခန္ဓာ၏ လုပ်ဆောင်ချက်များကို အဆက်မပြတ် ဖျက်ဆီးတတ်၏။ ထိုအကြောင်းကြောင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းရန်ပင် မလွယ်ကူတော့ပေ။
ဓားဒဏ်ရာက ရုပ်ခန္ဓာကိုယ်မှ သွေးတို့ပါ စိမ့်ထွက်နေစေသည်။ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်းတွင် ခြေရာတွင် သွေးတို့ ရွဲနစ်နေတတ်သည်။
ထိုသူကား ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပြန်ယူခဲ့သော ကောင်းကင်နတ်အရှင်ရှောင်ပင်။ သို့မဟုတ် ထိုက်ချူဟုသာ ဆိုရတော့မည်လော....။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည့် ကောင်းကင်နတ်အရှင်ရှောင်မှာ သေဆုံးသွားခဲ့ချေပြီ။
ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်သည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံတိုက်ပွဲတွင် ခိုင်ဧကရာဇ်နှင့် အခြားသူများကြောင့် လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံခဲ့ရ၏။ ယခုတည်း ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသူမှာ ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူ၏ ဝိညာဉ်သုံးခုထဲမှ တစ်ခု ဖြစ်သည်။
ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ သူ၏ ခန္ဓာကိုယ်အစစ်အမှန်ပင်။
သူသည် ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ရာ ထိုက်ငါးပါးမှ ဒုတိယမြောက် ထိုက်ဖြစ်သည့် ထိုက်ချူ ပြန်ရောက်လာသည့်အဓိပ္ပာယ် ဟု ဆိုရလိမ့်မည်။
ထိုက်ချူမှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲသို့ ခက်ခဲခဲခဲ ဝင်လာနေ၏။ သူ၏ပတ်ဝန်းကျင်မှာ ကပ်ဘေးလွင်ပြင်ကြီးပမာ ပြိုကျပျက်စီးနေသည့် နန်းဆောင်များနှင့် အဆောက်အဦးများက နေရာတိုင်းတွင် ပြည့်နှက်နေသည်။ လေပူနှင့် လေအေးနှစ်ခုကလည်း ညှိုးခြောက်နေသော တာအိုသစ်ပင်တောအုပ်ကို တဝေါဝေါ ဖြတ်သန်းတိုက်ခတ်နေကြလေသည်။
သူက လေးပင်သောခြေလှမ်းများဖြင့် လျှောက်နေသည်။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်လင်၏ တိုက်ကွက်ကို ရှောင်တိမ်းခဲ့သော်လည်း မဟာခြုံလွှမ်းကောင်းကင်ဘုံမှ ပြုတ်ကျလာပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာမျိုးစုံ ပေါက်ကွဲသွားပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။
သူသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများ မတွေ့အောင် ရှောင်တိမ်းနေခဲ့ရ၏။ ယခုတွင် အင်မတန် အားနည်းနေလေပြီ။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သော စွမ်အားများ ပိုင်ဆိုင်ထားသေးသော်လည်း ပြိုင်ဘက်ကင်း မဟုတ်တော့ပေ။ ထို့ကြောင့် သတိကြီးကြီး ထားနေရ၏။
အချိန်အတော်ကြာ လျှောက်လာခဲ့ပြီးနောက် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်လာခဲ့သည်။
ကျောက်စိမ်းမြို့တော်ကို ကောင်းကင်နတ်အရှင်များက ချိပ်ပိတ်ထားခဲ့ကြပြီး ကောင်းကင်နတ်အရှင်ရှောင်မှာလည်း ယခင်ချိပ်ပိတ်ထားခဲ့သူများအနက် ပါဝင်ခဲ့သည်။ သူတို့သည် အပြင်လူများ ဤနေရာသို့ လာရောက်မည်ကို မလိုလားခဲ့ကြပေ။
သို့သော် ကောင်းကင်နတ်ဧကရာဇ် ဖြစ်ခဲ့သည့် ထိုက်ချူအနေဖြင့် ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ချန်ထားခဲ့လေသည်။
သူက ဆက်လျှောက်နေရင်း ဖရိုဖရဲမြစ်ကို ရှာဖွေနေ၏။ ရုတ်တရက် သူ၏သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူ၏အကြည့်က ဓားတစ်လက်အပေါ် ကျရောက်သွားသည်။
၎င်းက ဓားမဟုတ်ပေ။ ယခင်က ဤနေရာသို့ လာရောက်တိုက်ခိုက်ခဲ့ဖူးသည့် ပြိုင်ဘက်ကင်း ဓားတာအိုသိုင်းပညာရှင်၏ တံဆိပ် ဖြစ်သည်။ သူ၏ပြိုင်ဘက်ကင်း ဓားတာအိုကို သုံး၍ ရန်သူအား တိုက်ခိုက်ခဲ့လေရာ သူ၏ တာအိုက ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်တွင် တံဆိပ်ခတ်နှိပ်ကျန်ရစ်ခဲ့သည်။
ထိုက်ချူမှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ “ခိုင်ဧကရာဇ်လည်း ဒီကို ရောက်နေတာပဲ”
သူ့မှာ အသိနှင့် သတိကြီးစွာ ကပ်ထားရသည်။ သူ့အနေဖြင့် ယခုအချိန်တွင် ခိုင်ဧကရာဇ်နှင့် တိုက်ခိုက်ရန် မသင့်တော်ပေ။ သူသာ ခိုင်ဧကရာဇ်နှင့် တွေ့ကြုံရပါက သူ့အသက်ကိုသူ ကယ်နိုင်လိမ့်မည် မဟုတ်။
သူက လမ်းတစ်လျှောက်လုံး ခိုင်ဧကရာဇ် ထားရှိခဲ့သည့် ဓားတာအိုများကို ရှောင်တိမ်းကာ ဖရိုဖရဲမြစ်သို့ ရောက်လာခဲ့သည်။
သူ မြစ်အား ဖြတ်သန်းသွားမည့်အချိန်တွင် သူ၏သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားပြန်၏။ သူ့အရှေ့ရှိ ဖရိုဖရဲမြစ်ပြင်ထက်တွင် လက်နောက်ပစ်လျက် ရပ်နေသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုပုဂ္ဂိုလ်၏ ခြေထောက်အောက်တွင် ဓားနယ်ပယ်တစ်ခု ဖွဲ့တည်နေ၏။ မြစ်ဆီမှလည်း ထူးဆန်းသော တိုက်ခိုက်မှုများ ထွက်လာနေသည်။။ တာအိုသိုင်းပညာရှင်တစ်ဦး၏ အရိုးလက်ဖဝါးကြီးတစ်ဖက်က ထိုပုဂ္ဂိုလ်၏ နဖူးကို ဦးတည်ကာ ပြေးဝင်လာသည်။ သို့သော် ဓားရောင်ဖြင့် ထိုးစိုက်ခံလိုက်ရပြီး မြစ်ထဲသို့ ချက်ချင်း နစ်မြုပ်သွားတော့သည်။
“ချင်ယဲ့” ထိုက်ချူက သူငယ်အိမ်များ ကျုံနေပြီး ဩရှရှအသံဖြင့် လှမ်းခေါ်လိုက်သည်။
ခိုင်ဧကရာဇ်က သူ့ဆီသို့ လှည့်ကြည့်လာသည်။ “အရှင်မင်းကြီးထိုက်ချူ၊ ဒီနေရာအထိ လာပြီး ခင်ဗျားရဲ့ရုပ်ခန္ဓာကို မီလော့နန်းတော်ရဲ့ သခင်လေးသုံးဆီမှာ ပြန်လည်ပြုပြင်နိုင်ဖို့ အတွက် အတော်လေး ဒုက္ခခံခဲ့ရတယ်မလား”
ထိုက်ချူသည် ကမ်းစပ်တွင်ရပ်၍ ထိုလူအား ကြည့်နေသည်။
ယခင်က ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကြောင့် နဂါးဟန်ခေတ်အစောပိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကောင်းကင်နတ်အရှင်ချင် ဖြစ်လာခဲ့သည်။ သူ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင်လည်း ချင်မူနှင့် အတူတကွ တိုက်ခိုက်၍ ကောင်းကင်နတ်သိုင်းအရာ၌ အထွတ်အမြတ်အောင်မြင်မှုများကို ပြသခဲ့၏။
အစပိုင်းတွင် စကြ၀ဠာတစ်ခုလုံးသည် စည်းလုံးသင့်မြတ်နေခဲ့ကြ၏။ ကောင်းကင်နတ်ဧကရာဇ်ဖြစ်သော ထိုက်ချူသည် မျိုးနွယ်စုအားလုံး၏ နတ်ဘုရားများ၊ တန်ခိုးရှင်များကို ဆင့်ခေါ်ကာ ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲကို ကျင်းပခဲ့သည်။
နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲနှင့် ယှဉ်လျှင် အရေးမပါလှချေ။ သို့သ်ော ထိုအချိန်တည်းက ဤလူကို သတိထားမိခဲ့၏။ ချင်ယဲ့နှင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းများကြောင့် အံ့ဩမှင်သက်ခဲ့မိရသဖြင့် ကောင်းကင်နတ်အရှင်ရာထူးများ အပ်နှင်းချီးမြှောက်ကာ နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ခုနစ်ပါးနှင့်အတူ တန်းတူရပ်စေနိုင်ခဲ့သည်။
ယနေ့တွင် ဤလူသည် သူ့အတွက် အင်အားအကြီးမားဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး ရန်သူတော်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ကျုပ် ရှိနေတဲ့အတွက် အရှင်မင်းကြီးအနေနဲ့ မြစ်ကို ဖြတ်သွားနိုင်မှာ မဟုတ်ဘူး”
ခိုင်ဧကရာဇ်က အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ တာအိုရရှိပြီးနောက် ခိုင်ဧကရာဇ်၏ အင်အားကြီးမားလိုစိတ်တို့ လျော့နည်းသွားခဲ့သည်။ ၎င်းအစား ယုံကြည်ချက်နှင့် သူ၏မူလရည်ရွယ်ချက်တို့က အစားထိုး နေရာယူလာခဲ့ကြလေသည်။
ခိုင်ဧကရာဇ်သည် ခေတ်အားလုံးကို ဖြတ်သန်း၍ ယနေ့အထိ ထိုးဖောက်ဝင်ရောက်လာခဲ့သည့် ဓားရှည်တစ်လက်ပမာ ဖရိုဖရဲမြစ်ထက်တွင် ရပ်နေ၏။ ထိုဓားကား အလွန်တရာ ချွန်ထက်နေပြီး အရာအားလုံးကို ပိုင်းဖြတ်နိုင်သည့်ပမာ ထိုက်ချူ၏လမ်းကို ပိတ်ထားလေသည်။
“ဒီစကြ၀ဠာရဲ့ ထိုက်ငါးပါးထဲက တစ်ပါးဖြစ်တဲ့ အရှင်မင်းကြီးအနေနဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့ အတိတ်က တာအိုသိုင်းပညာရှင်တွေကို အားမကိုးသင့်ဘူး”
တာအိုဓားတစ်လက်က ခိုင်ဧကရာဇ်၏လက်ထဲတွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက ခပ်အေးအေး ဆက်ပြောသည်။ “ဒီလိုနည်းနဲ့မှ လုပ်ချင်တယ်ဆိုရင်လည်း ကျုပ်အနေနဲ့ အရှင်မင်းကြီးကို ဒီမြစ်ထဲ မြှုပ်နှံလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိဘူး”
ထိုက်ချူက ကျယ်လောင်စွာ ရယ်မောပြီး မြစ်ဆီ လျှောက်သွားသည်။ သူက မြစ်ရေပြင်ထက်၌ ရပ်လျက် ခိုင်ဧကရာဇ်အား အဝေးမှ မျက်နှာမူလိုက်ချေပြီ။
“ချင်ယဲ့၊ မင်းဟာ သိပ်ကို ထူးချွန်တဲ့သူတစ်ယောက်ပါ…. တာအိုကို ပထမဦးဆုံး ရရှိနိုင်ခဲ့တဲ့အပြင် ငါ့ကိုပါ အံ့ဩစေခဲ့တယ်… ဒါပေမဲ့ တာအိုကျင့်စဉ်စနစ်ကနေပဲ တာအို ရနိုင်တာ မဟုတ်ဘူး… တခြားလမ်းစဉ်တွေ ရှိသေးတယ်… ဆိုတော့ မင်းက ပြိုင်ဘက်ကင်း မဟုတ်ဘူး”
ထိုက်ချူက မှင်သေသေ ပြော၏။ “မင်းရဲ့ တာအိုကျင့်စဉ်စနစ်ကလည်း ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ပေါ်မှာ မူတည်ပြီး ဖန်တီးထားတာဆိုတာ မေ့မသွားနဲ့…. မင်းလည်း ကျောက်စိမ်းမြို့တော်နဲ့ နတ်ကောင်းကင်ခန်းမတို့ရဲ့ စွမ်းအားကို ငှားယူပြီး လက်ရှိအောင်မြင်မှုတွေကို ရနိုင်ခဲ့တာ… မင်းရဲ့ နတ်ကောင်းကင်ခန်းမသာ ဖျက်ဆီးခံလိုက်ရရင် လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ အဆင့်ကို ရနိုင်ဦးမယ် ထင်လို့လား…. ပညာရှိတဲ့သူတစ်ယောက်ဆိုရင် ဆင်ခြင်တတ်တယ်တဲ့… ငါ့ကို ဖြတ်ခွင့်ပေး”
ခိုင်ဧကရာဇ်က တုတ်တုတ်မှမလှုပ်။
ကောင်းကင်နန်းဆောင် ၃၆ ဆောင်ဖြင့် ဖွဲ့တည်ထားသည့် မဟာကောင်းကင်နတ်ဘုံသည် ထိုက်ချူ၏ ဦးခေါင်းအနောက်တွင် ဖွဲ့တည်လာ၏။ နတ်ကောင်းကင်ခန်းမ၏ ပုံရိပ်ယောင်တစ်ခုက ကျဆင်းလာပြီး သူက ခပ်ဩဩ ပြောသည်။ “ ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်မှာဆိုရင် ငါ့အနေနဲ့ မီလော့နန်းတော် သခင်လေးသုံးရဲ့ စွမ်းအားကို အလွယ်တကူ ငှားယူနိုင်တယ်…. သခင်လေးသုံးက မင်းရဲ့ စွမ်းအားအပေါ် ဖိနှိပ်ပြီး နတ်ကောင်းကင်ခန်းမကို အသာလေး ဖျက်ဆီးပစ်နိုင်တယ်… ဒီမြစ်ပေါ်မှာ မင်းကို တစ်စက်လေးတောင် မကြောက်ဘူး”
ခိုင်ဧကရာဇ်က တာအိုဓားကို မြဲမြံစွာ ကိုင်လျက် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ထိုက်ချူက အော်ဟစ်လိုက်သည့်အခါ သူ၏အသံသည် ထိုက်ချူတာအိုသံအဖြစ် ပြောင်းလဲသွား၏။ ၎င်းက ဖရိုဖရဲချီတို့ကို တဟုန်ထိုး ထွက်ပေါ်လာစေကာ သူ၏ အရှိန်အဝါကို မြင့်တက်သွားစေသည်။ သူ၏မူလဝိညာဉ်က နတ်ကောင်းကင်ခန်းမတွင် ထိုင်နေချေသည်။
ထိုက်ချီသည် စွမ်းအင်တို့ကို ကောင်းကင်နန်းဆောင်တို့တစ်လျှောက် ဖြန့်ကျက်လိုက်ရင်း ရှေ့သို့ လျှောက်သွား၏။
ထိုအခိုက်အတန့်တွင် ဖရိုဖရဲမြစ်ပြင်ထက်၌ အလင်းရောင်တစ်ခု ထွန်းလင်းတောက်ပလာသည်။ ထိုက်ချူက မတိုက်ခိုက်တော့ဘဲ ကပျာကယာ ရပ်လိုက်လေသည်။
ခိုင်ဧကရာဇ်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ၏လက်ဖဝါးသည် ဓားရိုးကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး ဓားနယ်ပယ်အလွှာများက အထပ်ထပ် ပေါ်ထွက်နေသည်။ သို့သော် သူက ကမူးရှူးထိုး မတိုက်ခိုက်ပေ။
ခိုင်ဧကရာဇ်နှင့် ထိုက်ချူ ထိပ်တိုက်တွေ့နေသည့်အချိန် ကလေးငယ်တစ်ဦးသည် မီးအိမ်တစ်လုံးကို ကိုင်လျက် ဖရိုဖရဲမြစ်၏ ရေအနက်ပိုင်းထဲမှ ထွက်လာ၏။ သူက တစ်လှမ်းချင်း အေးအေးဆေးဆေး လျှောက်လာပြီး မကြာမီ ဖရိုဖရဲမြစ်ရေပြင်ဆီသို့ ရောက်လာသည်။ မီးအိမ်အလင်းရောင်က သူတို့နှစ်ယောက်အပေါ်သို့ ဖြာကျလာသည်။
ဤသူသည် ဖရိုဖရဲမြစ်၏ အနက်ပိုင်းထဲမှ ထွက်လာစဉ်တုန်းက ကလေးငယ်အရွယ်သာ ရှိခဲ့သော်လညည်း ဖရိုဖရဲမြစ်ရေပြင်ဆီ ရောက်လာသည့်အခါ အိုမင်းရင့်ရောနေချေပြီ။ သူ၏ဆံပင်များက ဖြူနေပြီး အရေးအကြောင်းများပင် ထွက်ပေါ်လာသည်။
မီးအိမ်အလင်းရောင် ထိုက်ချူတို့နှစ်ယောက်အပေါ်သို့ ကျရောက်သွားသည့်အခါ သူက ပြုံးနေသော အမူအရာဖြင့် ပြောသည်။ “ထိုက်ချူ၊ သခင်လေးသုံးက မင်းကို နတ်ကောင်းကင်ခန်းမဆီ ခေါ်လာဖို့ ငါ့ကို လွှတ်လိုက်တယ်… မင်းကို တားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သေရလိမ့်မယ်”
ဤအဘိုးအိုသည် ကလေးငယ်အဖြစ်မှ ဗြုန်းခနဲ အသက်ကြီးသွားခဲ့သော်လည်း မထူးဆန်းတော့သည့်အလားပင်။ နှိုင်းယှဉ်၍မရနိုင်အောင် အစွမ်းထက်သည့် ဓားသမားခိုင်ဧကရာဇ်ကိုပင် သူကား အဖက်ပင်မလုပ်၊ စိတ်ထဲပင် ထည့်ဟန်မတူ။
“မင်းက ချင်ယဲ့လား… ငါ စေတနာနဲ့ သတိပေးချင်တယ်… မင်း မလှုပ်ရှားရင် အကောင်းဆုံးပဲ... မဟုတ်ရင် ငါ့မီးအိမ်အလင်းရောင်ကို တောက်ပအောင် လုပ်ပြီး သိုင်းအခြေခံကို ဖြတ်တောက်ပစ်လိုက်မယ်… မင်းကို ရိုက်နှက်ပြီး သေအောင် သတ်လို့လည်း ရတယ်…မင်းရဲ့ ခန္ဓာကိုယ်နဲ့ တာအိုပျောက်ကွယ်သွားအောင်လည်း လုပ်လို့ရတယ်”
အဘိုးအိုက မောက်မာစွာ ဆက်ပြောသည်။ “မင်းလည်း နတ်ကောင်းကင်ခန်းမရဲ့ စွမ်းအားကို ငှားယူထားတဲ့ လမ်းစဉ်ကို လျှောက်နေရတာမလား… မင်းရဲ့ သိုင်းအခြေခံကို ဖြတ်တောက်ပစ်ဖို့က ငါ့အတွက် စာတောင် ဖွဲ့စရာမလိုဘူး ... အလွယ်ကူဆုံးပဲ”
ခိုင်ဧကရာဇ်က ဓားကို မြှောက်၍ သူကိုယ်တိုင်၏ ဦးခေါင်းနောက်သို့ ခုတ်ချလိုက်သည်။ ထိုအခါ သူ့ဦးခေါင်းနောက်ရှိ ကောင်းကင်နန်းဆောင်ထဲမှ နတ်ကောင်းကင်ခန်းမကား ချက်ချင်း ဝုန်းခနဲ ပြိုကျသွားလေသည်။
အဘိုးအို၏ သူငယ်အိမ်များ ကျုံ့ဝင်သွားတော့သည်။ ဓားရောင်တစ်ချက် ဖြတ်ခနဲ လက်သည့်အချိန်မှာပင် ခိုင်ဧကရာဇ်က နတ်ကောင်းကင်ခန်းမအား အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပြီးချေပြီ။
နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်တို့ကို ခုတ်ပိုင်းပြီးသည့်နောက်၌ ခိုင်ဧကရာဇ်၏ အရှိန်အဝါမှာ အနည်းငယ် လျော့ကျသွားသည်။ ထို့နောက် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် တာအိုတို့မှာ ထိခိုက်ခြင်းမရှိပေ။
“မင်းက ငါ့သိုင်းအခြေခံကို ဖျက်စီးနိုင်တဲ့အထိ အဆင့်မီတယ် ထင်နေတာလား” ခိုင်ဧကရာဇ်က ထိုအဘိုးအိုအား ရွံရှာစွာ ကြည့်လိုက်သည်။
အဘိုးအိုက နှာခေါင်းရှုံ့လိုက်၏။ “အနာဂတ်ရဲ့ မျိုးဆက်သစ်တွေက လူတိုင်းကို အထင်သေးတတ်ကြတာပဲ… ကောင်းကင်ကြီး ဘယ်လောက်ကျယ်လဲ မြေပြင် ဘယ်လောက်ကြီးလဲ မသိကြဘူး…”
သူ လှုပ်ရှားတော့မည့်အချိန်တွင် မြစ်အောက်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြန်၏။ အမျိုးသမီးတစ်ယောက်က မီးအိမ်တစ်လုံး ကိုင်လျက် ဖရိုဖရဲမြစ်ထဲမှ ထွက်လာသည်။ ဤအမျိုးသမီးသည် ပြိုင်ဘက်ကင်းသော အလှကို ပိုင်ဆိုင်ထားသော်လည်း မြစ်ရေပြင်ထက်သို့ ရောက်သည့်အခါတွင်တော့ အဘွားအိုအဖြစ် ပြောင်းလဲသွားရသည်။
အဘိုးအိုက အဘွားအိုကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားည်။ သူက ခိုင်ဧကရာဇ်ကို တိုက်ခိုက်ရန် ပြင်နေသည်အား ရပ်တန့်လိုက်သည်။
“ခိုင်ဧကရာဇ်ချင်ယဲ့၊ မီလော့နန်းတော်ဆီ သွားဖို့ လာခေါ်တာပါ”
အဘွားအိုက ပြုံးလျက် ပြောသည်။ “နင့်ကို သခင်လေးတစ်ယောက် စောင့်နေတယ်”
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်၍ အဘွားအိုကို အသေအချာကြည့်လိုက်ပြီးနောက် မြင်ဖူးသူ မဟုတ်မှန်း အတည်ပြုလိုက်သည်။
အဘိုးအိုက ရွဲ့သလို နှာခေါင်းရှုံ့လိုက်ရင်း အဘွားအိုကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် ကြောက်ရွံ့နေသော အသွင်အပြင်ကို အတင်းအကြပ် ဖုံးကွယ်လျက် ပြောသည်။ “ထိုက်ချူ၊ မီလော့နန်းတော်ဆီ သွားဖို့ မင်းကို လာခေါ်တာ… သခင်လေးသုံးက မင်း ဘာကြောင့်လာတာလဲ သိထားပြီးပြီ … ငါနဲ့ လိုက်ခဲ့”
ထိုက်ချူမှာ ခိုင်ဧကရာဇ်နှင့် တိုက်ခိုက်စရာမလိုတော့သဖြင့် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူ့တွင် အနိုင်ယူနိုင်ရန် အခွင့်အရေး မရှိသောကြောင့် တိုက်ခိုက်စရာမလိုခြင်းက အကောင်းဆုံးအခြေအနေ မဟုတ်ပါလော။
သို့သော် အဘွားအိုမှာလည်း ခိုင်ဧကရာဇ်ကို လာခေါ်လေရာ သူ့မှာ အံ့သြနေမိသည်။ ဤသို့ဖြစ်လာမည်ဟု သူ မထင်ထားပေ။
“ချင်ယဲ့၊ မင်းဟာ ဖြောင့်မတ်တည်ကြည်ချင်ယောင်ဆောင်ထားပေမယ့် ငါနဲ့ ဘာကွာလို့လဲ… မီလော့နန်းတော်က သခင်လေးတွေရဲ့ စွမ်းအားကို ငှားယူချင်နေတာပဲဟာ”
သူက အဘိုးအို၏ နောက်မှ လိုက်သွားပြီး ခိုင်ဧကရာဇ်ဘေးမှ ဖြတ်သွား၏။ ထို့နောက် ခိုင်ဧကရာဇ်၏ ကျောအနောက်တွင် ရပ်ကာ နှာခေါင်းရှုံ့လိုက်သည်။ “မင်းက ငါ့ထက် ပိုပြီး မြင့်မြတ်နေတာ မဟုတ်ဘူး”
ခိုင်ဧကရာဇ် လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုက်ချူကလည်း ပြန်လှည့်ကြည့်လိုက်၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။
အဘိုးအိုက မီးအိမ်ကို ကိုင်လျက် ပြန်လှည့်ကြည့်လာသည်။ သူ၏အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး တာအိုသစ်ပင်တစ်ပင်က ဖရိုဖရဲမြစ်ရေပြင်ကို ခွဲလျက် ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ တာအိုသစ်သီးသည် ဖရိုဖရဲစွမ်းအင်တို့ဖြင့် ရောယှက်နေပြီး တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားများကို ထုတ်လွှတ်နေ၏။
တစ်ချိန်တည်းမှာပင် အဘွားအိုကလည်း မီးအိမ်ကို အသက်သွင်းလိုက်ရာ တာအိုသစ်ပင်နောက်တစ်ပင် ထွက်ပေါ်လာသည်။ တာအိုသစ်သီးက လှည့်ပတ်၍ အဘိုးအိုဆီသို့ အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်လေသည်။
သူတို့နှစ်ယောက်က ခွန်အားများ စုစည်းထားကြရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။
ရုတ်တရက် ခိုင်ဧကရာဇ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ “မီလော့နန်းတော်ရဲ့ ဘယ်သခင်လေးက ကျုပ်ကို တွေ့ချင်တာလဲ မေးခွင့်ရှိမလား… ဘာကြောင့် ကျုပ်ကို တွေ့ချင်ရတာလဲ”
အဘွားအိုမှာ ခန္ဓာကိုယ်တောင့်တင်းသွားပြီး အဘိုးအိုအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ သူမက ဩရှရှလေသံဖြင့် ဖြေသည်။ “မီလော့နန်းတော်မှာ ခန်းမခုနစ်ခု ရှိတယ်… သခင်လေးတစ်ရဲ့ခန်းမက မဟာဥသျှောင်ခန်းမ …. သခင်လေးနှစ်ရဲ့ ခန်းမက အနန္တခန်းမ … သခင်လေးသုံးရဲ့ ခန်းမက နတ်ကောင်းကင်ခန်းမ… သခင်လေးလေးရဲ့ ခန်းမက ခရမ်းရောင်ကောင်းကင်ဘုံခန်းမ…. သခင်လေးငါးရဲ့ ခန်းမက အနတ္တဂိုဏ်းကွဲခန်းမ …. သခင်လေးခြောက်ရဲ့ခန်းမက ဆိတ်ငြိမ်ခန်းမ…သခင်လေးခုနစ်ရဲ့ ခန်းမက ကမ္ဘာခေတ်ဦးဖရိုဖရဲခန်းမ လို့ ခေါ်တယ်…. နင့်ကို ဒီတစ်ကြိမ် တွေ့ချင်တဲ့သူက ကမ္ဘာခေတ်ဦးဖရိုဖရဲခန်းမကပဲ”
“ကမ္ဘာဦးဖရိုဖရဲခန်းမတဲ့လား”
ခိုင်ဧကရာဇ်က တခဏ တွေးလိုက်ပြီးနောက် ပြုံးလိုက်သည်။ “ဆိုတော့ မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်က ကျုပ်ကို တွေ့ချင်နေတာပေါ့လေ… ကောင်းပြီလေ ခင်ဗျားနဲ့ လိုက်ခဲ့မယ်… ကျေးဇူးပြုပြီး လမ်းပြပေးပါ”
သူက သူ၏အရှိန်အဝါတို့ကို ပြန်လည်ရုတ်သိမ်းလိုက်ရာ ဓားနယ်ပယ်သည် ပျောက်ကွယ်သွား၏။ အမျိုးသမီးက ရှေ့မှလမ်းပြပြီး ခပ်ဩဩ ပြောသည်။ “ခိုင်ဧကရာဇ်၊ ကျေးဇူးပြုပြီး ငါ့နောက်က လိုက်ခဲ့ပါ”
သူတို့က ထိုက်ချူနှင့် အဘိုးအိုဘေးမှ ဖြတ်သွားကြသည်။ ထိုက်ချူက ပြုံးလျက် ခနဲ့လိုက်သည်။ “မင်းလည်း ငါ့လို အဆင့်ကျသွားပါပြီကွာ”
ခိုင်ဧကရာဇ်က သူ့ကို လျစ်လျူရှုကာ အဘွားအိုနှင့်အတူ ဖရိုဖရဲချီများထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထိုက်ချူက နှာခေါင်းရှုံ့လိုက်၏။ “ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူများကို ဝေဖန်နေကြတဲ့သူတွေ”
သူနှင့် အဘိုးအို ဖရိုဖရဲချီများထဲသို့ ဝင်ရောက်လာသည့်အခါ သူက မေးလိုက်သည်။ “တာအိုမိတ်ဆွေ၊ မီလော့နန်းတော် ကမ္ဘာဦးဖရိုဖရဲခန်းမရဲ့ သခင်လေးခုနစ်က ဘယ်သူများလဲ”
“လူယုတ်မာတစ်ယောက်ပေါ့”
အဘိုးအိုမှာ မီးအိမ်ကို ကိုင်ထားရင်းဖြင့် ကမ္ဘာဦးဖရိုဖရဲခန်းမ၏ သခင်လေးခုနစ်ဆိုသော အသံကို ကြားလျှင် ကြက်သီးများ ထသွားသည်။ သူက အေးစက်စွာ ပြောပြသည်။ “သူက မကောင်းမှုမှန်သမျှ လုပ်တဲ့သူလေ… ဒါပေမဲ့ တာအိုမိတ်ဆွေ ခိုင်ဧကရာဇ်ကတော့ သူ့အကြောင်း ကြားဖူးမှာပါ… သူက ခုနစ်စင်းမြောက် စကြ၀ဠာကနေ ကမ္ဘာခေတ်ဦးစကြ၀ဠာထဲ ခိုးဝင်ခဲ့တဲ့သူ မဟုတ်ပေလား … မင်းတို့ကမ္ဘာလောကမှာဆိုလည်း တော်တော်နာမည်ကြီးတယ်”
ထိုက်ချူမှာ ကြောင်အသွားသည်။ သူသည် တခဏစဉ်းစားကြည့်ပြီးနောက် အံ့ဩမှင်သက်စွာ မေးလိုက်မိ၏။ “ကျုပ်တို့ခေတ်မှာ အဲ့လိုလူယုတ်မာမျိုး ရှိတယ်လား”
“ငါကြားတာတော့ မင်းတို့ သူ့ကို ကောင်းကင်နတ်အရှင်မူလို့ ခေါ်တယ်ဆိုလားပဲ” အဘိုးအိုက အံကြိတ်ကာ ပြောလိုက်ချေတော့သည်။