← Chapters

အညံ့ခံမည့်အစား အသေသာ ခံလိုက်မည်

Vol. 121 Ch. 1575

အညံ့ခံမည့်အစား အသေသာ ခံလိုက်မည်

Vol. 121 Ch. 1575

“ဘာ ... ကောင်းကင်နတ်အရှင်မူ ဟုတ်စ”

ထိုက်ချူ၏ ဦးနှောက်မှာ ‌ဗလာကျင်းသွားသည်။ သူ့ခမျာ အချိန်အတော်ကြာသည်အထိ တောင့်တောင့်ကြီး ရပ်နေမိလေသည်။

အဘိုးအိုလည်း အသံတိတ်သွားသဖြင့် ပြန်လှည့်ကြည့်လိုက်သည့်အခါ ထိုက်ချူ၏ ဦးခေါင်းထဲရှိ ဦးနှောက်ထဲမှာ တပွက်ပွက် ဆူနေသော ပဲသီးများကဲ့သို့ အငွေ့တထောင်းထောင်း ထနေကြောင်း တွေ့လိုက်ရသည်။

“အော် ... ဒီလူ့နှယ် သခင်လေးခုနစ် အကောက်ကြံတာကို ခဏခဏ ခံခဲ့ရတယ် ထင်ပါ့…. သခင်လေးခုနစ်က အနာဂတ်စကြဝဠာတစ်ခုလုံးကို အကောက်ကြံချောက်ချရတာ ပျင်းသွားလို့ ငါတို့ နေရာအထိ ပြန်လာပြီး ဆက်အကောက်ကြံနေတာပဲဟာ.. ခက်လှချည်ရဲ့”

အဘိုးကြီးမှာ ခေါင်းတခါခါဖြင့် ထိုက်ချူ၏ ဦးနှောက် ခြောက်သွေ့မသွားစေအောင် နှိုးလိုက်သည်။

ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ‌ပထမဆုံး ဖရိုဖရဲမြစ်မှ ဆယ့်ခြောက်စင်းမြောက် ဖရိုဖရဲမြစ်သို့ ရောက်ရန် ကောင်းကင်နတ်အရှင်တစ်ပါးအတွက်ပင် အချိန်တစ်နှစ်မှ နှစ်နှစ် ကြာခဲ့သည် မဟုတ်လော။

သူတို့မှာ ခြေတစ်လှမ်းနောက်ကျနေပြီး ခိုင်ဧကရာဇ်ကမူ အဘွားအိုနှင့်အတူ သူတို့အရှေ့မှ နေ၍ မီလော့နန်းတော်ထဲ ဝင်ရောက်သွားချေပြီ။

မီလော့နန်းတော်၏ ခမ်းနားတင့်တယ်မှုက ခိုင်ဧကရာဇ်ကို အတော်လေး အထင်ကြီးအံ့ဩမိနေစေသည်။ သူက ဤနေရာရှိ နန်းဆောင်တစ်ဆောင်ချင်းစီကို အသေအချာ ကြည့်ရှုနေသည်။ နန်းဆောင်တစ်ဆောင်ချင်းစီမှာ မေ့ပျောက်မရနိုင်သည့် တာအိုညှို့ဓာတ်တို့အား ပိုင်ဆိုင်ထားပေသည်။

ထိုနန်းဆောင်များသည် မတူညီသော လမ်းစဉ်များ လျှောက်လှမ်းနေကြသည့် သခင်လေးအသီးသီး၏ မဟာတာအိုများကို ကိုယ်စားပြုလေသည်။ မီလော့နန်းတော်၏ သခင်လေးများသည် မတူညီသော လမ်းစဉ်များကို လျှောက်လှမ်းခဲ့သော်လည်း သူတို့နန်းဆောင်များမှ ထွက်ပေါ်နေသော အရှိန်အဝါများအရ တာအိုအထွတ်အထိပ်သို့ ရောက်ရှိနေကြလေပြီ။

“မီလော့နန်းတော်နံရံပေါ်က တာအိုသင်္ကေတတွေက ကောင်းကင်နတ်အရှင်မူ ပြောပြခဲ့တဲ့ တာအိုသင်္ကေတတွေမလား”

ခိုင်ဧကရာဇ်က အလယ်ရှိ မီလော့နန်းတော်ကို ‌လေ့လာအကဲခတ်လိုက်သည်။ ၎င်းက မီလော့နန်းတော်အရှင်သခင် နေထိုင်သည့်နေရာ ဖြစ်သည့်အလျောက် ပို၍နားလည်ရခက်သော ခံစားချက်များကို ပေးစွမ်းနေသည်။ သူ့မှာ မည်သည့်ပေါက်ကရအတွေးမှ မတွေးရဲပေ။

အဘွားအိုက ရှေ့မှ ဆက်လက်ဦးဆောင်ခေါ်သွားရင်း ဖြေသည်။ “သခင်လေးခုနစ်က နောက်ကျမှ ရောက်လာခဲ့တာဆိုတော့ မီလော့နန်းတော်က သူ့ရာထူးက တခြားသခင်လေးတွေအောက် နိမ့်ကျတယ်… နောက်လိုက်လည်း သိပ်မရှိဘူး…. ဒါကြောင့် သခင်လေးခုနစ်ကို ချောက်ချကြပြီး နာမည်အမျိုးမျိုးနဲ့ သွားပုပ်လေလွင့်စွပ်စွဲကြတာပဲ…. ဒါပေမဲ့ အဲ့ဒါတွေအားလုံးက ကောလဟာလတွေ”

ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ အဘွားအို ထိုသို့ပြောလေလေ သူ့မှာ ပို၍ စိုးရိမ်ပူပန်လာမိလေလေပင်။

သခင်လေးခုနစ် အဘယ်ကြောင့် သူ့ကို တွေ့ချင်ရသလဲ မသိသလို တွေ့ဆုံရန် ငြင်းဆိုပါက တိုက်ခိုက်လာနိုင်ချေ ရှိ၊ မရှိကိုလည်း သူ မသိချေ။

“ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့‌တော်ထဲ မ၀င်ဖို့ ငါ့ကို တစ်ခါသတိပေးခဲ့ဖူးတယ်… ငါကလည်း အဆုံးသတ်မြို့ပျက်ဆီ မသွားဖို့ သူ့ကို သတိပေးခဲ့တယ်…. အခုတော့ ငါကိုယ်တိုင် ကတိဖျက်ပြီး ကျောက်စိမ်းမြို့တော်ထဲ ၀င်လာခဲ့ပြီ… သူလည်း ကတိမဖျက်ဖို့ မျှော်လင့်ရတာပဲ…”

အဘွားအိုက သူ့ကို ကမ္ဘာဦးဖရိုဖရဲခန်းမဆီသို့ ခေါ်ဆောင်သွားသည်။ သူမက ပြုံးပြလိုက်သဖြင့် သွားကျိုးအနည်းငယ် ပေါ်လာ၏။ “ခိုင်ဧကရာဇ်၊ ကျေးဇူးပြုပြီး ၀င်သွားပါ”

ကမ္ဘာဦးဖရိုဖရဲခန်းမတံခါးက ပွင့်သွားပြီး များပြားလှသော ကမ္ဘာဦးဖရိုဖရဲစွမ်းအင်တို့က ခန်းမထဲမှ ဖြာထွက်လာကာ ရှေးကျသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

ခိုင်ဧကရာဇ်သည် စိတ်ထိန်းလိုက်ပြီး ကမ္ဘာဦးဖရိုဖရဲစွမ်းအင်များကို နင်းကာ ကမ္ဘာဦးဖရိုဖရဲခန်းမထဲသို့ ၀င်သွား၏။ သူက စိတ်ထဲမှ တွေးနေသည်။ ‘ငါတို့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် မီလော့နန်းတော်သခင်လေး‌တွေနဲ့ တိုက်ခိုက်ဖို့ မလုံလောက်ဘူး…. ဒါကြောင့်မလို့ တခြားသခင်လေးတွေ ခွန်အားကို ငှားယူရမယ်…. ဒီသခင်လေးခုနစ်ဆိုတဲ့ သူက အရူးလုပ်ဖို့ လွယ်ပါစေလို့ ဆုတောင်းရမှာပဲ’

သူက ခန်းမထဲသို့ ဝင်ရောက်သွားသည်။ ခန်းမသည် အလွန်တရာ ကျယ်ဝန်းနေပြီး အမိုးခုံး၌ ရေးထွင်းထားသော တာအိုသင်္ကေတများကို ခိုင်ဧကရာဇ်ပင် နားမလည်နိုင်ပေ။ ၎င်းက ကြယ်တာရာများကဲ့သို့ တောက်ပနေသော်လည်း တစ်ချိန်တည်းမှာပင် မှုန်ဝါးနေကြသည်။

ခိုင်ဧကရာဇ်က ဘေးဘီဝဲယာကို မကြည့်ဘဲ တန်းတန်းမတ်မတ်သာ လျှောက်သွားသည်။ သူ့အရှေ့ရှိ ဖရိုဖရဲစွမ်းအင်များမှာ အလုံးကြီးတစ်လုံးကဲ့သို့ စုစည်းပြီး ဖြည်းဖြည်းချင်း လှည့်ပတ်နေကြောင်း တွေ့လိုက်ရ၏။

ခိုင်ဧကရာဇ်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ အဝေးမှ ဖရိုဖရဲစွမ်းအင်အလုံးထဲ၌ ထူးဆန်းသော အရိပ်တစ်ခုကို တွေ့နေရသည်။ သူက ဆက်လျှောက်လာပြီး တခဏကြာသည့်အခါ ဖရိုဖရဲစွမ်းအင်လုံးထဲတွင် ရှေးဟောင်းရတနာသစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။

၎င်းက လောကသစ်ပစ်တစ်ပင်ဖြစ်၏။

“မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်က လောကသစ်ပင်ဝိညာဉ်တစ်ခုလား”

ခိုင်ဧကရာဇ်မှာ အံ့ဩမှင်သက်သွားသည်။ ထိုအချိန်မှသာ သူ့ကို ကျောပေးရပ်နေသည့် သစ်ပင်အောက်ရှိ လူရိပ်တစ်ခုကို မြင်မိလေသည်။

ဖရိုဖရဲစွမ်းအင်လုံးက အက်ကွဲလာပြီး လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ခိုင်ဧကရာဇ်မှာ တခဏတုံ့ဆိုင်းနေသော်လည်း ဖရိုဖရဲစွမ်းအင်လုံးထဲသို့ ၀င်ရောက်သွားပြီး မကြာမီ သစ်ပင်အောက်သို့ ရောက်သွားလေသည်။

သစ်ပင်ပေါ်ရှိ ပုံရိပ်က လှည့်ကြည့်လာပြီး သူ့အား ပြုံးပြ၏။ “ကောင်းကင်နတ်အရှင်ချင်၊ နေကောင်းရဲ့လား”

“မင်း… မင်း…”

ခိုင်ဧကရာဇ်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး ထိုပုဂ္ဂိုလ်အား ကြောင်အစွာ ကြည့်နေမိသည်။ သူ့မှာ အာစေးမိနေတော့သည်။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင်…

ချင်မူမှာ ဆက်လက်ပြိုလဲနေသည့် အခြေအနေတွင် ရှိနေပြီး သူ၏သိုင်းအခြေခံသည်လည်း အတွင်းသို့ ပြိုကျလာနေသည်။ မကြာမီ ကောင်းကင်နန်းဆောင်များ၊ ကောင်းကင်ရတနာများ၊ ကောင်းကင်ပေါ်ရှိ ကြယ်တာရာများနှင် ကမ္ဘာတစ်သောင်းအပြင်၊ ဘိုးဘေးနန်းတော်၊ ရွှမ်တု၊ ယိုတု၊ ယွမ်တုတို့အားလုံး ပြိုလဲလာကြ၏။

အဆုံးသတ်မြို့ပျက်လမ်းစဉ်မှာ ဆန်းကြယ်ထူးခြားပြီး အားသာချက်များ ရှိသည်။ သို့သော် ၎င်းသည် ကျင့်ကြံရန် အလွန်တရာ အန္တရာယ်များ၏။ အဆုံးသတ်မြို့ပျက်၏ မဟာတာအိုသင်္ကေတများကို ဖြေရှင်းပြီးဖြစ်သော်လည်း အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို ကျင့်ကြံနိုင်သူ တချို့သာ ရှိလေသည်။

ကောင်းကင်နတ်ဧကရီသို့ ညီအစ်မအပြင် ဤလမ်းစဥ်ကို ကျွမ်းကျင်သူဟူ၍ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ချင်မူတို့သာ ရှိသေးသည်။

အခြားသူများအနေဖြင့် ကျင့်ကြံကြလျှင်တောင်မှ ကျင့်ကြံနိုင်ရန် ခက်ခဲပေလိမ့်မည်။ အများဆုံး ကောင်းကင်နတ်သိုင်း တစ်ခုမှ နှစ်ခုအထိသာ ကျင့်ကြံနိုင်ကြလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အဆုံးသတ်မြို့ပျက်လမ်းစဉ်မှာ အလွန့်အလွန် အန္တရာယ်များလွန်း၍ပင်။ ထိုသို့မဟာလမ်းစဉ်မျိုးကို ကျင့်ကြံလိုပါက ကျင့်ကြံနေစဉ်အတွင်း အဆုံးသတ်မြို့ပျက်လမ်းစဉ်၏ ဝါးမြိုခြင်းမခံရအောင် ဂရုစိုက်ရပေလိမ့်မည်။

မကြာမီ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်မှာ ဝါးမြိုခံလိုက်ရသည်။ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ကောင်းကင်နတ်ဧကရီထံ ရွတ်ဖတ်ပြနေသော သူ၏မူလဝိညာဉ်ပင်လျှင် ဤကြောက်မက်ဖွယ်ရာပြိုလဲမှုကြီး၏ ဝါးမြိုခြင်း ခံလိုက်ရ၏။ ၎င်းက ပုံပျက်သွားပြီး သူခန္ဓာကိုယ်ထဲရှိ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ကျရောက်သွားတော့သည်။

ရွတ်ဖတ်နေခြင်း ရပ်တန့်သွားသည့်အခါတွင် ကောင်းကင်နတ်ဧကရီက ချက်ချင်း သတိထားမိသွားသည်။ သူမက မျက်လုံးများ ချက်ချင်း ဖွင့်လိုက်ကာ မာမာထန်ထန် ‌မေးသည်။ “ဘာလို့ ဆက်မရွတ်တော့တာလဲ”

ဂျွတ်… ဂျွတ်

သူမ၏ ဦးခေါင်းက တစ်ပတ်လည်သွားပြီး သခင်မယွမ်မု၏ မျက်နှာ ပေါ်လာသည်။ “ချင်၊ နင် သေကြောင်းကြံနေတာလား.. မဟုတ်တာတွေ မလုပ်ကောင်းဘူးနော် … နင့်ကို မိုးကောင်းကင်က အပြစ်ပေးလိမ့်မယ်”

ချင်မူက မည်သည့်စကားမှ မပြောဘဲ ထိုနေရာတွင် ထိုင်နေသည်။ မြင်နေရသူမှာ လစ်ဟာနေပြီး ငြီးငွေ့သလို ခံစားလာရသည်။

သူ့အနောက်တွင်မူ လောကသစ်ပင်တစ်ပင်က သစ်ကိုင်းများ ယိမ်းနွဲ့လျက် နေရာယူထားသည်။

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ ချက်ချင်း အံဩမှင်သက်သွားကြပြီး တစ်စုံတစ်ခုမှားယွင်းနေမှန်း သတိထားမိသွားကြ၏။ လက်ရှိချင်မူ့တွင် အသက်မရှိတော့ပေ။ ချင်မူကား သူတို့အရှေ့တွင် သေဆုံးသွားခဲ့လေပြီ။

ချင်မူ့နှလုံးခုန်နေခြင်း ရပ်တန့်သွားသည်သာမက ဝိညာဉ်ပါ မရှိတော့ပေ။

သူ၏ ပြိုင်ဘက်ကင်းသော အသိစိတ်အလျဉ်မှာလည်း လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပြီး အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းတစ်ခုကြောင့် သေသည်အထိ သန့်စင်ခံလိုက်ရသည့်အလားပင်။

“နင် သူ့ကို သတ်လိုက်တာလား” ကောင်းကင်နတ်ဧကရီမှာ ဒေါသူပုန်ထသွားသည်။

သခင်မယွမ်မုကလည်း ဒေါသထွက်စွာဖြင့် အော်လိုက်၏။ “အခုလေးတင် နင်ပဲ သူ့ကို ကြည့်နေခဲ့တာလေ… ငါက သူ့ကို ကျောပေးထားတာ… သတ်မယ်ဆိုရင် နင် မမြင်ဘဲ ဘယ်လိုလုပ် သတ်လို့ရမှာလဲ… နင်ပဲ သတ်လိုက်တာမလား”

“ခွေးမ၊ ငါ နင့်ကို သေတဲ့အထိ သန့်စင်ဖို့ အခွင့်အရေး အခုမှရတာ… အဲဒီအခွင့်အရေးကို လက်လွှတ်ခံပြီး ငါက သူ့ကိုသတ်မှာတဲ့လား... သတ်ချင်ရင် နင့်ကို သန့်စင်ပြီးမှ သတ်မှာပေါ့”

အမျိုးသမီးနှစ်ယောက်မှာ ရန်ဖြစ်ငြင်းဆိုနေကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။ ရုတ်တရက် သခင်မယွမ်မုက မျက်လုံးဝှေ့လိုက်ရင်း တခစ်ခစ်ရယ်ကာ ပြောသည်။

“ချင်က သေပြီဆိုတော့ ငါတို့ညီအစ်မနှစ်ယောက် မုဆိုးမတွေ ဖြစ်သွားပြီပေါ့နော်… ပန်းလေးလိုလှတဲ့ ညီအစ်မနှစ်ယောက်အနေနဲ့ ချစ်သူ သေဆုံးသွားတာ မြင်ရတာ သိပ်ကို ခံစားရပါတယ်…. ဒါပေမဲ့ ဝမ်းနည်းနေလို့လည်း သေနေတာကနေ ပြန်ရှင်လာမှာ မဟုတ်ဘူးလေ…. ငါတို့ညီအစ်မအနေနဲ့ ချင့်ရဲ့ ကြွယ်ဝမှုတွေကို ခွဲဝေယူပြီး ယောက်ျားကောင်းတစ်ယောက် ရှာသင့်တယ်”

သူမ၏ စကားလုံးများက နားခါးသော်လည်း ကောင်းကင်နတ်ဧကရီမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရတနာတွေနဲ့ ပြည့်နေတာ…. သူက ရွှေငွေတွေ ဝတ်ပြီး လျှောက်သွားတတ်တဲ့ သူဌေးပေါက်စလေးလေ…. အခု သေသွားပြီဆိုတော့ ရတနာတွေ ခွဲဝေယူဖို့ အချိန်ကောင်းပဲ”

အမျိုးသမီးနှစ်ယောက်က မဆိုင်းမတွ သဘောတူလိုက်ပြီး ချင်မူ့ဆီ လျှောက်သွားကြသည်။

ထိုစဥ◌် လောကသစ်ပင်ထံမှ ပြင်းထန်လှသော အသက်ဓာတ် ထွက်ပေါ်လာသဖြင့် အမျိုးသမီးနှစ်ယောက်မှာ ကပျာကယာ ရပ်လိုက်ကြသည်။

ချင်မူ့အနောက်ရှိ လောကသစ်ပင်မှာ လှုပ်ရမ်းနေပြီး ထူးဆန်းသော စည်းချက်တစ်ခုက သူ၏ခန္ဓာကိုယ်ပေါ်မှ ပျံ့လွင့်လာသည်။ ဖရိုဖရဲချီလှိုင်းများက ပျံ့ကားထွက်လာပြီး သူ၏ ပတ်ပတ်လည်တွင် ဧရာမအလုံးကြီးတစ်လုံးအဖြစ် ဖွဲ့တည်သွားသည်။

ရုတ်တရက် ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားသကဲ့သို့ ကျယ်လောင်လှသော အသံကြီးတစ်သံ ကြားလိုက်ရ၏။ ထိုအလုံးကြီးက ကွဲသွားပြီး ချက်ချင်းဆိုသလို နေငါးစင်း ထွက်လာတော့သည်။ ၎င်းတို့က ထိုက်ယီမှ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိအဖြစ် အသီးသီးပြောင်းလဲသွားကြ၏။

စကြ၀ဠာ၏ အခြေအနေငါးရပ်မှာ ချက်ချင်း ပြီးပြည့်စုံသွားပြီး အကန့်အသတ်မဲ့သော နေရာဟင်းလင်းပြင်တို့ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ကြယ်တာရာများနှင့် နဂါးငွေ့တန်းများက ကောင်းကင်နတ်ဧကရီဘေး၌ ဖြစ်တည်လာကြတော့သည်။

တစ်ခဏအတွင်း ဘိုးဘေးနန်းတော် မွေးဖွားလာပြီး ကမ္ဘာလောကအားလုံး စီးဖြာထွက်လာကြသည်။ ရှေးဟောင်းနတ်ဘုရားမျိုးစုံက ဆင်ကဲ့ပြောင်းလဲပြီး ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအပြင် သက်ရှိအားလုံး မွေးဖွားလာကြချေပြီ။

ကျောက်တုံးတွင်းငါးတွင်းသည် ဘိုးဘေးနန်းတော်ထဲတွင် တည်ရှိနေကြပြီး တစ်တွင်းနှင့်တစ်တွင်း ဆက်နွယ်နေကြ၏။ ရှေးဟောင်းနတ်ဘုရားများက ကြယ်တာရာများနှင့် ကြယ်အစုအဝေးများမှ ကိုယ်ပိုင်ဟန်ပန်များနှင့်အတူ ထွက်ပေါ်လာကြသည်။ ရွှမ်တုတွင် ကောင်းကင်နယ်စားမင်း စံမြန်းနေပြီး ယိုတုတွင် မြေအောက်ဘုံအရှင်သခင်က နေရာယူထားသည်။

ရှေးဟောင်းနတ်ဘုရားအသီးသီးက ကိုယ်ပိုင်ပိုင်နက်များတွင် ရပ်ကာ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုအား ဖြတ်ကျော် ပျံသန်းသွားကြလေသည်။ အမျိုးသမီးနှစ်ယောက်က ထိုထူးဆန်းသော ရှေးဟောင်းနတ်ဘုရားများကို ကြည့်လိုက်သည့်အခါ အားလုံးသည် ချင်မူ့မျက်နှာ ပိုင်ဆိုင်ထားကြကြောင်း သတိထားမိလိုက်သည်။

မျက်ခုံးဖြူ၊ မုတ်ဆိတ်ဖြူ၊ မျက်လုံးဖြူများနှင့် ကောင်းကင်နယ်စားမင်းမှ အစပြု၍ ကျွဲခေါင်း၊ ကျားမျက်နှာနှင့် နွားမြှီးတို့ဖြင့် မြေအောက်ဘုံအရှင်သခင်အထိ ချင်မူ၏ မျက်နှာ ဖြစ်နေ၏။

သူတို့ ပြန်လှည့်ကြည့်လိုက်ရာ မဟာတာအိုသင်္ကေတများစွာသည် ချင်မူ့ဦးခေါင်းနောက်တွင် ရောယှက်ဆက်နွယ်နေကြကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့က အုတ်ခဲများ၊ ဂူများနှင့် တိုင်လုံးများကဲ့သို့ ထူးဆန်းသော တာအိုသင်္ကေတမျိုးစုံကို ဖွဲ့တည်နေကြသည်။ ခေါင်းလောင်းများ၊ ဒယ်အိုးများ၊ ကန့်လန့်ကာများအပြင် တစ်ခုနှင့် တစ်ခုထပ်နေသော ပန်းချီများလည်း ပါရှိသည်။ မကြာမီ ခမ်းနားတင့်တယ်သည့် အုတ်မြစ်ကြီးတစ်ခု ပေါ်ထွက်လာတော့၏။

အုတ်ခဲကျောက်ပြားများက လေပေါ်သို့ မြောက်တတ်၍ ခမ်းနားလှသော နန်းဆောင်များ၊ ဇရပ်များ၊ အဆောက်အဦးများ၊ တံတားရှည်များ၊ ကောင်းကင်မုခ်၀များနှင့် နတ်ဘုရားစင်မြင့်များကို ဖွဲ့တည်ကာ ကျောက်စိမ်းမြို့တော်ကို တည်ဆောက်နေကြသည်။

ရှည်လျားလှသော ကောင်းကင်နတ်မြစ်ကလည်း တောင်ကောင်းကင်မုခ်၀ကို ဖြတ်ကာ ကောင်းကင်နတ်ဘုံထဲသို့ တန်းတန်းမတ်မတ် စီးဝင်နေသည်။

ကောင်းကင်နတ်မြစ် ဖြတ်သွားသည့်နေရာတိုင်းတွင် မရေမတွက်နိုင်သော အဆောက်အဦးများက မြေကြီးထဲမှ တိုးထွက်လာကြသည်။ ကောင်းကင်နတ်မြစ် ကျောက်စိမ်းမြို့တော်ကို ဖြတ်သန်းသွားသည့်အချိန်တွင် ကောင်းကင်နန်းဆောင် ဒါဇင်ချီမှာ ရုပ်လုံးပေါ်နေကြပြီဖြစ်၏။

ကြီးမားကျယ်ပြန့်သော ကောင်းကင်နတ်မြစ်က မြောက်ကောင်းကင်မုခ်၀ကို ဖြတ်သန်း၍ ကမ္ဘာလောကအားလုံးနှင့် ဆက်သွယ်သွားသည်။ ထို့နောက် ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်မှ တစ်ဟုန်ထိုး နိမ့်ဆင်းလာပြီး ယိုတုထဲ ဝင်ရောက်ကာ ယိုတုမြစ်အဖြစ် ပြောင်းလဲသွားလေသည်။

ယိုတုမြစ်က မြေအောက်ဘုံအရှင်သခင်ချင်မူ၏ ခြေထောက်ကို ဖြတ်ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ စီးဆင်းသွားသည်။

အသူရာချောက်နက်ထဲသို့ ရေများ စီးကျလာသည့်အချိန်တွင် ချောက်အနက်ပိုင်းထဲမှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာ၏။ ကြာပန်းပွင့်တစ်ပွင့်က မြစ်ရေပြင်ပေါ်သို့ မြောက်တက်လာပြီး တစ်ပတ်လည်ကာ အပွင့်ပွင့်သွားသည်။ ကြာပန်းပွင့်ပေါ်တွင် အဆုံးသတ်မြို့ပျက်ချင်မူက နိုးထလာပြီး သမ်းဝေလိုက်လေသည်။

ထိုချင်မူက ထရပ်၍ ရေရွတ်လိုက်သည်။ “သံသရာဆိုတာ ဘယ်ထိတောင် ရှိတာပါလဲ... ဖြစ်လိုက်ပျက်လိုက်နဲ့ ဆုံးခန်းမတိုင်နိုင်တော့ပါလား”

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ အံ့ဩမှင်သက်နေကြ၏။

လက်ရှိချင်မူသည် ယခင်ချင်မူနှင့် မတူတော့ပေ။ အဆုံးသတ်မြို့ပျက် အသူရောချောက်နက်က သူ၏ကောင်းကင်ရတနာများထဲမှ ထွက်ပေါ်လာသည့်အလားပင်။

ထိုမျှသာမက သူ၏ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံမှာလည်း ယခင်နှင့် မတူတော့ချေ။

ပထမဦးဆုံးအနေဖြင့် ကောင်းကင်နန်းဆောင်အရေအတွက်ဖြစ်သည်။

အတိတ်တုန်းက ချင်မူသည် ကောင်းကင်နန်းဆောင် ၂၃ ဆောင်သာ ပိုင်ဆိုင်ခဲ့၏။ နောက်ပိုင်းတွင် ကောင်းကင်နတ်အရှင်ယွင်ထံမှ ခရမ်းနတ်ဘုံကောင်းကင်ပြာကျင့်စဉ် ရရှိခဲ့ပြီး နောက်ထပ်ကောင်းကင်နန်းဆောင်တစ်ခု ပိုင်ဆိုင်ခဲ့သည်။ ထို့နောက် ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးထဲတွင် ချုပ်ခံထားရစဉ် ဟောင်၏ ကျင့်စဉ်နှစ်ခုကို သိမြင်နားလည်ခဲ့သဖြင့် နောက်ထပ်ကောင်းကင်နန်းဆောင်နှစ်ခု ရရှိခဲ့သည်။ စုစုပေါင်း ကောင်းကင်နန်းဆောင် ၂၆ ခုအား ပိုင်ဆိုင်ခဲ့၏။

ယခုတွင် နောက်ထပ်နှစ်ခု ရရှိသွားပြီဖြစ်ရာ စုစုပေါင်း ၂၈ ခု ရှိသွားလေပြီ။

ဤသို့အသက်ငယ်ငယ်လေးဖြင့် ကောင်းကင်နန်းဆောင် ၂၈ ခု ပိုင်ဆိုင်ထားခြင်းက သာမန်မဟုတ်သော အောင်မြင်မှုတစ်ရပ်ပင်။

ပို၍ထူးဆန်းသည်က ချင်မူ့ကျောက်စိမ်းမြို့တော်သည် အခြားသူများ၏ကျောက်စိမ်းမြို့တော်နှင့် အလွန်တရာ ကွဲပြားနေခြင်းပင်။

တခြားသူများ၏ ကောင်းကင်နတ်ဘုံများတွင် ကောင်းကင်နန်းဆောင်တစ်ခုချင်းစီ၌ ကျောက်စိမ်းမြို့တော်တစ်ခုစီ ရှိကြသည်။ သို့သော် ချင်မူကတော့ ကျောက်စိမ်းမြို့တော်အား ကောင်းကင်နတ်ဘုံရှိ ရတနာနန်းဆောင် ၅၈ ဆောင်ဖြင့် ဖွဲ့တည်ထားသော်လည်း အခြားကောင်းကင်နန်းဆောင်များတွင် ကျောက်စိမ်းမြို့တော်များ မရှိကြပေ။

အခြားကောင်းကင်နန်းဆောင်များအား ကျောက်စိမ်းမြို့တော်ပတ်ပတ်လည်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

“ကျောက်စိမ်းမြို့တော်က တစ်ခုပဲ ရှိတာဆိုတော့ သူကဘယ်လိုလုပ် ကျောက်စိမ်းမြို့တော်အဆင့် ရောက်သွားတာလဲ” ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာ ဇဝေဇဝါ ဖြစ်သွားကြ၏။

ရုတ်တရက် ချင်မူ့မူလဝိညာဉ်က ကျယ်ပြန့်လှသော ကောင်းကင်ရတနာပေါ်မှ ဆင်းသက်လာပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ၎င်းက ကောင်းကင်နတ်ဘုံအပြင်တွင် မြောလွင့်လျက် အလင်းတန်းတစ်သောင်းကို ထုတ်လွတ်လိုက်၏။

ချင်မူက ထရပ်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။ သူပင် မသိလိုက်ခင် ကြာပန်းပွင့်အစွန်းသို့ ရောက်သွားပြီဖြစ်သည်။

“ကောင်းကင်နတ်အရှင်မူ၊ နင် ဘာလုပ်နေတာလဲ” ကောင်းကင်နတ်ဧကရီက အရင်ဆုံးအသိစိတ်ဝင်လာပြီး မေးလိုက်သည်။

သခင်မယွမ်မုက ရင်တုန်စွာဖြင့် စူးရှစွာ အော်လိုက်သည်။ “ရူးကြောင်ကြောင်မလုပ်နဲ့နော်”

“ယောက်ျားတစ်ယောက်ဆိုရင် အရှုံးပေးရမှာထက် အသေခံလိမ့်မယ်… ကွေးညွတ်ခံမယ့်အစား အချိုးပဲ ခံလိုက်လိမ့်မယ်”

ချင်မူက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ခုန်ချ၍ ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်ရဲ့ အနိုင်ယူတာခံရမယ့်အစား ကျွန်တော်သေလိုက်မယ်”

အမျိုးသမီးနှစ်ယောက်က ကြာပန်းအစွန်းသို့ အပြေးသွား၍ လက်ဆန့်တန်းကာ လှမ်းဖမ်းလိုက်သော်လည်း မမှီလိုက်ပေ။

ချင်မူ အသူရာချောက်နက်ထဲသို့ ပြုတ်ကျပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရ၏။

သခင်မယွမ်မုက မျက်တောင်ခတ်၍ ရုတ်တရက် အော်ရယ်လိုက်သည်။ “ကောင်စုတ်လေး၊ အရင်တုန်းကတော့ ဉာဏ်များတတ်ပြီးတော့ ဘယ်လိုလုပ် ဒီလိုဖြောင့်မတ်သွားရတာလဲ…. ဟားဟား… စိတ်ဝင်စားဖို့ကောင်းလိုက်တာ..”

သူမကလည်း ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ချောက်နက်ထဲ ခုန်ချလိုက်သည်။

ကောင်းကင်နတ်ဧကရီက အော်ဟစ်၍ ကြာပန်းကို လှမ်းဆွဲလိုက်သော်လည်း နောက်ကျသွားလေပြီ။

All Chapters