ဒွေးချိုး
Vol. 1 Ch. 9
ပြခန်းတံခါးဘေးတွင် မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးရှိနေပြီး သူ၏ ဆံပင်ဖြူတစ်ခေါင်းလုံးဖြင့် မျက်လုံးမှိတ်ကာ စက္ကူယပ်တောင်ကို အေးအေးဆေးဆေး ခတ်ယမ်းနေလေသည်။ လှုပ်ရှားသံကြားသောအခါ မျက်လုံးဖွင့်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ဆို၏၊
"တော်တော် ဇွဲကောင်းပါပေတယ်။ ဝင်ခွင့်ရဖို့ အရည်အချင်းမရှိတာ သိသိကြီးနဲ့ နေ့တိုင်းပဲ ဒီကို လာနေတာပဲ။ မမောနိုင်ဘူးလားကွယ်?"
"ဟော၊ ဒီတစ်ခါတော့ အကူခေါ်လာတာကိုး?" ဆံပင်ဖြူအဘိုးအိုက ကန်းဖေးလန်နောက်မှ ချင်းဖုန်းကို သတိပြုမိသွားသည်။ သူ လှောင်ပြောင်မည်ပြုလိုက်သော်လည်း တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။ သူ ကြိမ်ကုလားထိုင်ပေါ်မှ ဗြုန်းခနဲ ထထိုင်လိုက်သည်။
"ဒါမျိုးကတော့... ဟေ့ကောင်လေး၊ မင်းနာမည် ဘယ်လိုခေါ်သလဲ?"
ဒီလူ တော်တော် ရိုင်းစိုင်းတာပဲ။ ငါ့ကို ကောင်လေးလို့တောင် ခေါ်နေသေးတယ်။ ငါက ဘာလို့ ကောင်လေးဖြစ်ရမှာလဲ? ချင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
"အဘိုး၊ တစ်ယောက်ယောက်ရဲ့ နာမည်ကို သိချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်သင့်တယ် မဟုတ်လား?" ကန်းဖေးလန်က ချင်းဖုန်းကို လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများက "နင် ဒီလောက် သတ္တိရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး" ဟု ပြောနေသည့်အလား။
ဆံပင်ဖြူအဘိုးအိုလည်း ခဏတော့ ကြောင်သွားသော်လည်း ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်၊ "ငါ အသက် ဒီလောက်ရှည်လာတာ၊ မင်းက ငါ့ကို ဒီလို စကားပြောရဲတဲ့ ဒုတိယမြောက်လူပဲ။ လူငယ်လေး၊ သေချာနားထောင်။ ငါ့မျိုးရိုးနာမည်က ပိုင်လီ။ ငါ့နာမည်အပြည့်အစုံကိုတော့ မင်းကို မပြောဘူး။ မင်း သိသွားလည်း မင်းအတွက် အကျိုးမရှိဘူး။"
သေစမ်း၊ ဒီအဘိုးကြီး ဘာလို့ ဒီလောက် မောက်မာရတာလဲ? ပြီးတော့ မစ္စကန်းရဲ့ အကြည့်ကရော၊ ငါ မတော်တဆ အကောင်ကြီးကြီး တစ်ယောက်ကို စော်ကားမိသွားတာလား? ချင်းဖုန်း တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး လေသံကို ချက်ချင်း ရိုကျိုးစွာ ပြောင်းလိုက်သည်။
"အဘိုး၊ စောစောက ရိုင်းပျမိတာကို ခွင့်လွှတ်ပါ။ ကျွန်တော့်နာမည် ချင်းဖုန်းပါ၊ သာမန် စာပေလေ့လာသူ တစ်ယောက်ပါ။" "ချင်းဖုန်း။" အဘိုးအိုက တိုးတိုးရေရွတ်လိုက်ပြီး သူ့မျက်လုံးများက အဓိပ္ပာယ်များစွာ ပါဝင်နေသလို။ ခဏအကြာတွင် သူ ကြိမ်ကုလားထိုင်ပေါ်သို့ ပြန်လှဲချလိုက်သည်။
"စည်းကမ်းက အရင်အတိုင်းပဲ။ ဒွေးချိုးရဲ့ ဒုတိယအပိုဒ်ကို မင်းတို့ တွေးစပ်နိုင်ရင် ငါ မင်းတို့ကို အထဲဝင်ခွင့်ပေးမယ်။" အဘိုးအိုက ယပ်တောင်ခတ်ရင်း အေးဆေးစွာ ပြော၏။ "ပထမအပိုဒ်ကို ပေးပါ၊" ကန်းဖေးလန်က ခဏစဉ်းစားပြီးနောက် ဆိုလိုက်သည်။ သူ့လေသံက သိပ်ပြီး ယုံကြည်မှုရှိပုံမပေါ်ချေ။
ပိုင်လီအဘိုးအိုက သူ့လက်ညှိုးဖြင့် ခပ်ဖွဖွ ပုတ်လိုက်ရုံဖြင့် မကြာခင်မှာပင် စာလိပ်အလွတ်တစ်ခု ပြခန်းထဲမှ ပျံထွက်လာပြီး ကန်းဖေးလန်ရှေ့တွင် ညင်သာစွာ ကျရောက်လာသည်။ ချင်းဖုန်း စပ်စုသဖြင့် ခေါင်းငုံ့ကြည့်လိုက်၏။ စာလိပ်လွတ်ပေါ်တွင် ရေးထားသည်မှာ -
"မိုးကောင်းကင်သည် စစ်တုရင်ခုံ၊ ကြယ်တာရာတို့သည် နယ်ရုပ်များ။ မည်သူက ရဲဝံ့စွာ စတင်ကစားမည်နည်း!"
ဝိုး၊ တော်တော် ရဲတင်းလှချည်လား။ Extra chew gum(ပူရှိန်း ပီကေ) စားထားသလား မသိဘူး? ချင်းဖုန်း ဒီ ပထမအပိုဒ်နဲ့ ရင်းနှီးနေသည်။ သူ့ယခင်ဘဝက သူ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ခဲ့၏။ ဒီဒွေးချိုးက မင်မင်းဆက် ဝန်ကြီးလီက အတွင်းဝန်ချုပ် ကျယ်ကျင်းကို လှောင်ပြောင်ရန် ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ကြီးကျယ်ခမ်းနားမှုနှင့် ရဲရင့်မှုကို ပြသနေသည်။ သူ မမျှော်လင့်ထားသည်မှာ ဒီကမ္ဘာမှာ တစ်စုံတစ်ယောက်က တူညီသော ပထမအပိုဒ်ကို ရေးစပ်နိုင်လိမ့်မည်ဟုပင်။ စာလုံးများက လူတစ်ယောက်၏ နှလုံးသားကို ထင်ဟပ်စေသည်။ ပထမအပိုဒ်ကို ရေးစပ်သူသည် ရာထူးကြီးမားသူ သို့မဟုတ် ကြီးမားသော ရည်မှန်းချက်ရှိသူဖြစ်ကြောင်း ထင်ရှားနေသည်။
ကန်းဖေးလန် စာလိပ်ပါ အကြောင်းအရာကို လေ့လာကြည့်ရှုလိုက်၏။ သူ့မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားကာ ထိုနေရာတွင် ရပ်နေသည်။ အချိန်အတော်ကြာသည်အထိ သူ ဘာလှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ ဒီဒွေးချိုးအတွက် ဒုတိယအပိုဒ်ကို တွေးစပ်ဖို့ မလွယ်ကူလှပေ။ မစ္စကန်း သေချာ စဉ်းစားနေရမည်။ ချင်းဖုန်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ သူ အဖြေကို သိနေသော်လည်း စကားမပြောခဲ့ပေ။ အချို့သော စည်းကမ်းများကိုတော့ လိုက်နာရန် လိုအပ်သေးသည်။
"အပင်ပန်းခံ မကြိုးစားပါနဲ့တော့။ ဒီနေ့ ပထမအပိုဒ်က အရင်ကထက် အများကြီး ပိုခက်တယ်။ အရင်ဟာတွေကိုတောင် မင်းတို့ မဖြေနိုင်ခဲ့တာ၊ ဒါကိုဆို ပိုလို့တောင် ဝေးသေး။" ပိုင်လီအဘိုးအိုက သူတစ်ပါးဒုက္ခရောက်တာကို ဝမ်းသာနေသည့်ပုံဖြင့် ဆို၏။
ချင်းဖုန်း သူ့ကို လှမ်းကြည့်လိုက်သည်၊ ဒီအဘိုးကြီး တကယ်ပဲ စိတ်ပုတ်လှချည်လား။ ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်ရတာကို ပျော်နေတယ်! ဒါပေမဲ့ ဒါက ဒွေးချိုးတစ်ခုပါပဲ၊ သူမ မဖြေနိုင်ရင် ကန်းဖေးလန်အတွက် သိပ်အရေးမကြီးလောက်ပါဘူး။ ချင်းဖုန်း ထိုသို့ တွေးလိုက်သော်လည်း ထို့နောက်တွင် ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဘာဖြစ်နေတာလဲ?!
ချင်းဖုန်း တုန်လှုပ်သွား၏။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ ကန်းဖေးလန်က လက်ပိုက်ထားပြီး ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေသည်။ သူ့ရဲ့ အပြာနုရောင် မျက်လုံးများထဲမှ မြူခိုးတို့သည် မျက်ရည်စများအဖြစ် ပြောင်းလဲသွားကာ ကြွေကျတော့မည်။ ခဏ၊ ဘာလဲ? ဒါက ဒွေးချိုးတစ်ခုလေ တစ်ယောက်ယောက် သေသွားတာမှ မဟုတ်တာ။ ဘာလို့ သူ ဒီလောက် စိတ်ထိခိုက်နေရတာလဲ?!
သူ အမြဲတမ်း တွေးထင်ခဲ့သည်မှာ ကန်းဖေးလန်ကဲ့သို့ လှပကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော အလှပဂေးသည် ရှေးခေတ်လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ မတုန်မလှုပ်တည်ငြိမ်ပြီး ပြင်ပအခြေအနေများကို ဂရုမစိုက်ဘဲ နေလိမ့်မည်ဟုပင်။ သို့သော် သူမက စာမေးပွဲမအောင်သော ကလေးမလေးတစ်ယောက်ကဲ့သို့ ဒွေးချိုးတစ်ခုမစပ်နိုင်ရုံဖြင့် စိတ်ဓာတ်ကျသွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ!
"မစ္စကန်း၊ ခင်ဗျား အဆင်ပြေရဲ့လား?"
"ရှင်စိတ်ပူစရာမလိုပါဘူး၊ ကျွန်မ ဒုတိယအပိုဒ်ကို ချက်ချင်း တွေးစပ်နိုင်ပါတယ်။" ကန်းဖေးလန်က မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီလျက် ခေါင်းမာစွာ ပြန်ဖြေ၏။ …
အချိန်ကုန်လွန်သွားသည်၊ ကန်းဖေးလန်၏ အရည်အချင်းများဖြင့် သူမသည် သဘာဝအတိုင်း ဒုတိယအပိုဒ်ကို တွေးမစပ်နိုင်ခဲ့ပေ။ ပိုင်လီ သမ်းဝေလိုက်ပြီး မထီမဲ့မြင်ဖြင့် ဆို၏၊
"ပြန်ကြတော့။ ငါ့ရဲ့ ကျင့်ကြံမှုကို လာမနှောင့်ယှက်နဲ့။" ဒီအဘိုးကြီးရဲ့ ပါးစပ်က တကယ်ပဲ စွာလှချည်လား။ ဒီလောက် လှပတဲ့ မိန်းကလေးတစ်ယောက်ကို သူ ဘယ်လိုလုပ် အနိုင်ကျင့်ရက်တာလဲ?
ဒီလိုတွေးမိတော့ ချင်းဖုန်း ချက်ချင်း ဆိုလိုက်သည်၊ "မစ္စကန်း၊ ခင်ဗျား ကျွန်တော့်ကို အရင်က နှစ်ကြိမ် ကူညီခဲ့ဖူးတယ်။ ကျွန်တော် သူများဆီ အကြွေးတင်နေရတာကို မကြိုက်ဘူး။ဒီဒွေးချိုးကို ကျွန်တော် ဖြေကြည့်ပေးရမလား?" ကန်းဖေးလန် မော့ကြည့်လိုက်သည်။ သူ၏ စွဲမက်ဖွယ် မျက်ဝန်းများသည် မူလကတည်းက ဆွဲဆောင်မှုရှိနေသော်လည်း မျက်ရည်စများ၏ ကန့်လန့်ကာ နောက်ကွယ်မှ ပိုလို့တောင် စွဲမက်ဖွယ်ကောင်းနေသလို။
"ရှင်ဖြေနိုင်လို့လား?" သူ့လေသံက ဒီတစ်ခါ မတူတော့၊ အရင်ကလို အေးစက်မနေဘဲ ထူးဆန်းသော ခံစားချက်တစ်ခု ပါဝင်နေသည်။ ချင်းဖုန်း ကိုယ်ကို မတ်လိုက်ပြီး ခပ်တင်းတင်းချောင်းဟန့်ကာ ဆို၏၊ "ကျွန်တော် ကြိုးစားကြည့်နိုင်ပါတယ်။ အဘိုးပိုင်လီ၊ ကျွန်တော် သူမအတွက် ဖြေဆိုကြည့်လို့ ရမလား?"
ဆံပင်ဖြူအဘိုးအို ပိုင်လီက အေးအေးဆေးဆေး ယပ်တောင်ဆက်ခတ်နေ၏။ "မင်းကို ငါ အထင်သေးတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းလိုကောင် နောက်ထပ် ဆယ်ယောက်လာရင်တောင် ဒီဒုတိယအပိုဒ်ကို ဖြေနိုင်မှာ မဟုတ်ဘူး။" ဒီအဘိုးကြီးရဲ့ ပါးစပ်က သိပ်အဆိပ်ပြင်းတာပဲ။ ငါသာ သိုင်းပညာ လေ့ကျင့်ခဲ့ရင် သူ့ကို သေချာပေါက် ထိုးပစ်မှာ။ ချင်းဖုန်း သူ့ဘယ်ဘက်လက်သီးကို ဆုပ်လိုက်သည်။ သူ အပြုံးကို အားယူဖန်တီးကာ ဆို၏၊
"ကျွန်တော် ဖြေနိုင်ခဲ့ရင်ရော?"
"ဒီလိုဆိုရင်တော့ မင်းတို့နှစ်ယောက်လုံးကို အတူတူ ဝင်ခွင့်ပေးလိုက်မယ်။"
"ကတိတည်ပါစေ!" ချင်းဖုန်း သူ့လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ပြီး မေးလိုက်သည်၊
"မှင်နဲ့ စုတ်တံ ရှိပါသလား?"
"ဘာလို့ မရှိရမှာလဲ?" ပိုင်လီ သူ့လက်ညှိုးကို ခပ်ဖွဖွ ညွှန်လိုက်ရာ ချက်ချင်းပင် စာလိပ်အလွတ်တစ်ခု ပြခန်းထဲမှ ပျံထွက်လာသည်။ မှင်စိုနေသော စုတ်တံတစ်ချောင်းလည်း လိုက်ပါလာ၏။
ချင်းဖုန်း စုတ်တံကို ယူလိုက်ပြီး စာလိပ်ကို သူ့ရှေ့တွင် ဖြန့်ခင်းကာ စုတ်တံကို လေထဲတွင် ကိုင်ထားလိုက်သည်။ သို့သော် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ သူ ဒုတိယအပိုဒ်ကို သိသော်လည်း စုတ်တံကိုင်ထားသော သူ့လက်က ကိုယ်ပိုင်စိတ်ရှိနေသလို မလှုပ်ရှားဘဲ ငြင်းဆန်နေသည်။ ဘာဖြစ်နေတာလဲ? ဒုတိယအပိုဒ်က ဘာလဲဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါ့လက်က နာခံမှုမရှိဘဲ အဲ့ဒါကို မရေးချင်ဘူး ဖြစ်နေပါလား!
ပိုင်လီ မျက်လုံးမှေးကြည့်လိုက်ပြီး ချင်းဖုန်း အဖြေမတွေးနိုင်ဟု ထင်ကာ ဆို၏၊
"လူငယ်လေး၊ မင်း ကိုယ့်အခြေအနေကို မသိပါလား။"
ဒါကို ငါ ဘယ်လို သည်းခံနိုင်မှာလဲ?! ချင်းဖုန်း မျက်လုံးများ ပြူးကျယ်သွားပြီး သွားများကို ကြိတ်လိုက်ရာ သူ့ညာလက်မှ သွေးကြောများ ထောင်ထလာသည်။ ချီတုံချတုံ ဖြစ်နေခဲ့သော စုတ်တံသည် နောက်ဆုံးတွင် စတင်လှုပ်ရှားလာသည်။ တစ်ချိန်တည်းမှာပင်၊ သူ့အသိစိတ်ပင်လယ်ထဲတွင် စာပေချီ ရေတံခွန်သည် စတင်လူးလွန့်လာပြီး စမ်းချောင်းတစ်ခုအဖြစ် ပြောင်းလဲကာ စုတ်တံထိပ်ဖျားထဲသို့ စီးဝင်သွားသည်။
သူ့လက်ချောင်းထိပ်များပေါ်မှ ဖိအားသည် ရုတ်တရက် လျော့ကျသွားပြီး သူ အရှိန်ပြင်းစွာ ဆက်လက်ရေးသားလိုက်သည်။ ခုနစ်လုံးမြောက် စာလုံးကို ရေးပြီးသောအခါ သူ့လက်က ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို ကိုင်ထားရသလို ခံစားလိုက်ရသည်။ တောက်၊ တောက်။ သူ့လက်ချောင်းထိပ်များမှ သွေးများ စီးကျလာသည်။ ပိုင်လီ ဒါကိုမြင်ပြီး အလျင်အမြန် အော်ဟစ်လိုက်သည်၊ "ဟေ့ကောင်လေး၊ ဆက်မရေးနဲ့တော့! မင်းရဲ့ လက်ရှိ အရည်အချင်းနဲ့ မင်း မခံနိုင်ဘူး!"
ပိုင်လီကို လျစ်လျူရှုလျက် ချင်းဖုန်း အော်ဟစ်လိုက်ရာ သူ့အသိစိတ်ပင်လယ်ထဲမှ စာပေချီသည် မီးတောင်ပေါက်ကွဲမှုကဲ့သို့ ပေါက်ကွဲထွက်လာပြီး စုတ်တံထိပ်ဖျားထဲသို့ အဟုန်ပြင်းစွာ စီးဝင်သွားသည်။ သူ့လက်ချောင်းပေါ်မှ ဖိအား ရုတ်တရက် လျော့ကျသွားပြီး သူ အရှိန်ပြင်းစွာ ဆက်လက်ရေးသားလိုက်သည်။
ဒွေးချိုး၏နောက်ဆုံးစာလုံးကို ရေးပြီးသောအခါ စာလိပ်မှ အဖြူရောင် တိုင်လုံးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ ချင်းဖုန်း သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားအားလုံး စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရပြီး အားလျော့စွာ ထိုင်ချလိုက်သည်။ ထိုအခိုက်တွင် သူ့ညာဘက်လက်တစ်ချောင်းလုံး သူနှင့် မဆိုင်တော့သလို ခံစားနေရသည်။ ပိုင်လီ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး စာလိပ်ရှေ့သို့ ရောက်ရှိလာသည်။ သူ့မျက်နှာသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။
"မြေပြင်သည် ပီပါကိုယ်ထည်၊ လမ်းခရီးတို့သည် ကြိုးများ။ မည်သူက တီးခတ်နိုင်မည်နည်း!"
PS : ပီပါ (Pipa) ဆိုတာ တရုတ်ရိုးရာ ဂီတတူရိယာ တစ်မျိုး ဖြစ်ပါတယ်။
ဒါက ကြိုးတပ်တူရိယာ ဖြစ်ပြီး သစ်တော်သီးပုံစံ ကိုယ်ထည် ရှိပါတယ်။ အများအားဖြင့် လက်ချောင်းတွေနဲ့ တီးခတ်ရပါတယ်။
တရုတ်ပြည်ရဲ့ ရိုးရာ ကြိုးတပ်တူရိယာတွေထဲမှာ ထင်ရှားတဲ့ တူရိယာတစ်မျိုး ဖြစ်ပါတယ်။