← Chapters

သူတို့ကို အပြတ်ရှင်းဖို့ ကူညီပေးမယ်

Vol. 13 Ch. 168

သူတို့ကို အပြတ်ရှင်းဖို့ ကူညီပေးမယ်

Vol. 13 Ch. 168

“ဘာဖြစ်ကုန်တာလဲ။ ဘာလို့သူ့အခန်းထဲက CCTVတွေက အလုပ်မလုပ်တော့တာလဲ”

ရီနို နှင့် အီဗာလာသည် သူတို့မျက်စိရှေ့မှောက်က မြင်ကွင်းကိုကြည့်ပြီး မျက်လုံးအပြူးသားဖြစ်ကုန်ကြသည်။

ထိုအခန်းထဲမှာ သူတို့ကိုယ်တိုင် အဆင့်မြှင့်ပြီး တီထွင်ထားသော CCtvများဖြစ်ကြသည်။သာမန် လျှို့ဝှက်စွမ်းအားရှင်များတောင်မှ ထိုစက်များကို ရှာတွေ့ဖို့ မလွယ်ကူပေ။

သို့သော် ဖန့်ကြွယ်ယွီအပေါ် သူတို့၏ ယူဆချက်များက အလွန်ပင်ရိုးရှင်းလှသည်။ဖန့်ကြွယ်ယွီမှာ ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံနှင့် သက်တော်စောင့်များသာရှိသည်ဟု ထင်မြင်ထားပြီး အဆင့်မြင့် နည်းပညာစနစ်တစ်ခုကို လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာထဲက ပိုင်ဆိုင်ခဲ့သည်ဆိုတာ မတွေးမိပေ။

“သူက ရှာတွေ့သွားတာများလား” ဟု အီဗာလာက မဝံ့မရဲမေးသည်။

“မဖြစ်နိုင်တာ။ သူသာ သိမယ်ဆို ဒီညမှာ ထွက်သွားမှာပေါ့။သူတစ်ယောက်တည်းနဲ့ ငါတို့တစ်မိသားစုလုံးကို ဆန့်ကျင်နိုင်မယ်ထင်နေလား။ သူသာအဲ့လောက်စွမ်းမယ်ဆို ဖန့်မိသားစုက တကမ္ဘာလုံးကို သိမ်းပိုက်နေမှာပေါ့ ”ဟု ရီနိုက ပြန်ဖြေသည်။

“အဲ့တာလည်းဟုတ်တာပဲ။ ငါတို့ဘိုးဘေးတွေကသာ သူတို့ကို နတ်ဘုရားလိုကိုးကွယ်နေတာ။ ဒါပေမဲ့ ဒီဖန့်ကြွယ်ယွီဆိုတဲ့လူက အလကားပါ” အီဗာလာက စားပွဲပေါ်တွင်တင်ထားသော ဖိုင်များကို ခပ်ပြင်းပြင်းရိုက်ရင်း ရယ်မောသည်။ ထိုဖိုင်တွဲထဲတွင် ဖန့်ကြွယ်ယွီ၏ အောင်မြင်မှုတစ်ခုမှ မပါနေပေ။

“ဒါနဲ့ နင့်လူတွေကို ဘယ်လိုစီမံထားလဲ” ရီနိုက သူစိတ်အပူရဆုံးသော အရာကိုမေးသည်။

“စိတ်မပူပါနဲ့ အကိုကြီး။ လျှို့ဝှက်စွမ်းအားရှင် ၇၀%က ငါတို့ထိန်းချုပ်မှုအောက်မှာရှိတယ်။ ကျန်တဲ့ ၁၀% က လည်း ဘယ်သူ့ဘက်မှာမှာမရှိနေဘူး။ သူ့ဘာသာသူပဲနေတယ်။ ကျန်တဲ့ ၂၀%ကတော့ ဘာပြသနာမှရှာမဲ့လူတွေမဟုတ်ပါဘူး”

အစ်ပို၏ သားသမီးလေးဦးထဲတွင် အီဗာလာက အထူးချွန်ဆုံးနှင့် ပါရမီအရှိဆုံးလူဖြစ်သည်။ လာဒီးနစ်မိသားစုက မွေးထုတ်ပေးသော စွမ်းအားရှင်များ၏ ပျမ်းမျှ အသက်သည် ၂၀ဖြစ်ပြီး အဆင့်မြင့်စွမ်းအားရှင်ဟူသော အဆင့်ကို အသက် ၅၀နောက်ပိုင်းမှ ရောက်ကြသည်။

သို့သော် အီဗာလာက ၁၂နှစ်အရွယ်မှာ လျှို့ဝှက်စွမ်းအားရှင်ဖြစ်ပြီး အဆင့်မြင့်စွမ်းအားရှင်အဆင့်ကို အသက် ၃၅နှစ်အရွယ်တွင် တက်လှမ်းနိုင်ခဲ့သည်။ထို့ကြောင့် မိသားစု၏ စွမ်းအားရှင် လေ့ကျင့်ရေးအပိုင်းကို အီဗာလာကသာ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ပြီးနောက် အီဗာလာ၏ အာဏာသည် တစ်စစနှင့် ကြီးထွားလာခဲ့သည်။ လေ့ကျင့်ပေးသမျှ စွမ်းအားရှင်တိုင်းသည် လာဒီးနစ်မိသားစုဝင်မဟုတ်သော်ငြား ထိုလူများက လာဒီးနစ်မိသားစုကို အလွန်အမင်းယုံကြည်ကြသည်။

လာဒီးနစ်မိသားစုတွင် ခေါင်းဆောင်အစ်ပိုက လွဲပြီး စီနီယာမန်နေဂျာများစွာရှိသည်။ ထိုမန်နေဂျာတစ်ဦးစီမှာ အဆင့်မြင့်စွမ်းအင်ပိုင်ဆိုင်ထားသည်။ အဆင့်မြင့်စွမ်းအားရှင်တစ်ဦးသည် သာမန်စွမ်းအားရှင်ပေါင်းများစွာကို အသာလေးရင်ဆိုင်နိုင်သည်။

“ခေါင်းဆောင်ရှစ်ယောက်ထဲမှာ လေးယောက်က ငါတို့ဘက်မှာ။ ကျန်တဲ့နှစ်ယောက်က အဖေ့ကို ပြုစုနေတာ။ ဒါကြောင့်မို့ ခေါင်းဆောင်ထဲမှာဆို တစ်ဝက်လောက်က ငါတို့ဘက်မှာလို့ ဆိုနိုင်မယ်”

တကယ်တော့ အီဗာလာနှင့် ရီနိုလို မည်သူကမှ မတွေးဖူးပေ။ ယခင်က ခေါင်းဆောင်များနှင့် အကြီးအကဲများသည် အာဏာကြီးမားလွန်းတာမို့ မည်သူကမှ ကလန်ကဆန် မလုပ်ရဲပေ။

သို့သော် မျိုးဆက်များကြား အာဏာထိန်းထားနိုင်မှု ကွဲပြားလဲလာသောအခါ ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကို မလွဲမသွေရင်ဆိုင်ကြုံတွေ့ရမှာဖြစ်သည်။

“အဲ့လိုဆိုဘာဆက်လုပ်မယ်တွေးထားလဲ”

“အဖေ့ကို ဆေးရုံမှာ သွားကြည့်ပါစေဦး။ လေဆိပ်ရောက်မှ လှုပ်ရှားမယ်။ သူ့လေယာဉ်မှူးက သာမန်လူလေ။ လေယာဉ်ပေါ်မှာ ငါ့လူတွေကို ဗုံးတွေတပ်ခိုင်းထားတယ်။ လေယာဉ်ပေါက်ကွဲသွားလျှင် အားလုံးက သူတို့ဆီရောက်သွားကြမှာပဲ။ ငါတို့ အောင်မြင်ဖို့ ၈၀%လောက် အလားအလာရှိတယ်”

“၈၀%” သူမ၏ခန့်မှန်းမှုက ရာခိုင်နှုန်းမြင့်မားသည်။ အကယ်၍ ၁၀၀% အောင်မြင်နိုင်ချေရှိပါစေဦးတော့ ရီနိုက စိတ်မအေးနိုင်ပေ။

“တခြား ဥရောပနိုင်ငံတွေကိုလည်း သူတို့ရဲ့စွမ်အားရှင်တွေကို ငှါးပေးဖို့ ဆက်သွယ်လိုက်ဦးမယ်” ရီနိုသည် လာဒီးနစ်မိသားစု၏ အမှတ်အသားထွင်းထုထားသော တံဆိပ်ကိုထုတ်လိုက်သည်။

“ဒါမျိုးကို ဥရောပမှာစီစဉ်တာကြာပြီ။ ခုတော့ ဒီအင်အားတွေကို ထုတ်သုံးမှရမယ်”

“သခင်လေး ဆေးရုံကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ”

နောက်တစ်နေ့မနက်တွင် ဖန့်ကြွယ်ယွီက မနက်စာစားပြီးချိန်တွင် အစ်ပို၏ သားသမီးလေးဦးက အချိန်ကိုက်ရောက်လာသည်။

လာဒီးနစ်မိသားစုပိုင်ဆိုင်သော ဆေးရုံပေါင်းများစွာရှိသည်။ထိုဆေးရုံက အကောင်းဆုံးသော ဆေးကုသပေးမှုကို ပေးစွမ်းနိုင်သည်။ အစ်ပိုသည် သူ့မိသားစုအပိုင် ဆေးရုံမှာ တက်ရောက်ကုသနေသည်။

“သွားကြစို့လေ” ဖန့်ကြွယ်ယွီက ဦးဆောင်ပြီး ထွက်လာသည်။

“နင်ဘယ်လောက်ထိ မာန်မာနထောင်လွှားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”အီဗာလာက ကောက်ကျစ်သောမျက်ဝန်းအစုံဖြင့် ဖန့်ကြွယ်ယွီနှင့် သူမ၏ ညီမလေးနှင့် မောင်လေးတို့ကို စိုက်ကြည့်နေသည်။ သူ့မောင်လေးနှင့် ညီမလေးသာ ခေါင်းဆောင်ဖြစ်ပါက လာဒီးနစ်မိသားစုသည် တစ်သက်လုံးအစေအခံသာဖြစ်တော့မည်။

လာဒီးနစ်မိသားစုဝင်များနေထိုင်ရာစံအိမ်တော်သည် မြို့စွန်နေရာမှာရှိပြီး ဆေးရုံက မြို့လယ်ခေါင်မှာတည်ရှိသည်။ ဆေးရုံဟုဆိုသော်ငြား အင်္ဂလန်တော်ဝင်မိသားစု၏ နန်းတော်တမျှ ကြီးကျယ်ခမ်းနားသည်။

အစ်ပို၏ အခန်းက အပေါ်ဆုံးအလွှာမှာတည်ရှိသည်။ ဆေးရုံမှာရှိသောအခန်းသည် ကြယ်ခုနှစ်ပွင့်ဟိုတယ်တမျှ ခမ်းနားလှသည်။

ဆေးရုံခန်းပြင်ပတွင် လူအများအပြားက စောင့်မနေဘဲ အသက် ၆၀၊ ၇၀ အရွယ် လူနှစ်ဦးက စောင့်နေသည်။ ထိုသူများသည့် အဆင့်မြင့်စွမ်းအားရှင်များဖြစ်ကြပြီး အစ်ပို၏ အားအထားရဆုံး သက်တော်စောင့်များ ဖြစ်ကြသည်။

ဖန့်ကြွယ်ယွီနှင့်အတူ သားသမီးလေးဦးက အခန်းထဲဝင်လာပြီး ကျန်သောလူများက အခန်းပြင်ပမှာ ထိုင်နေကြသည်။

အစ်ပိုသည် ရောဂါဒဏ်ကို အပြင်းအထန် ခံစားနေရပုံပေါ်ပြီး ပိန်လှီနေသည်။ သူ၏မျက်လုံးအစုံကို မှိတ်ထားပြီး အောက်စီဂျင်စက်၏ အကူအညီဖြင့် အသက်ရှုနေရသည်။

မိုခီက အစ်ပို၏ နား အနားကိုကပ်ပြီး “အဖေ..ဖန့်မိသားစုရဲ့ သခင်လေး ဖန့်ကြွယ်ယွီက အဖေ့ကို သတင်းမေးဖို့ရောက်လာပါပြီ”

မမြင်နိုင်သောစွမ်းအင်တစ်ခုက သူ့ဆီကိုတိုးဝင်လာသည့်အလား အစ်ပို၏မျက်လုံးအစုံက ဖြည်းညှင်းစွာပွင့်လာသည်။ သူ့ပါးစပ်ထဲမှာထည့်ထားသော ပြွန်ချောင်းများကြောင့် အစ်ပိုက စကားမပြောနိုင်ပေ။ သို့သော် သူ၏ နှုတ်ခမ်းအစုံက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။ သူ၏ မျက်လုံးထောင့်စွန်းနားမှ မျက်ရည်များ တသွင်သွင် ကျဆင်းနေသည်။

အစ်ပို၏ တုံ့ပြန်မှုကိုကြည့်ပြီး သူနှင့် ဖန့်မိသားစုပေါ်ထားရှိသော အစ်ပို၏ လေးစားမှု၊ ယုံကြည်မှု နှင့် သစ္စာရှိမှုတို့ကို အတိုင်းသားမြင်နေရသည်။

“အစ်ပို အေးအေးဆေးဆေးနားပါ။ အရမ်းကြီး တရိုတသေဆက်ဆံဖို့ မလိုပါဘူးဗျာ”

ဖန့်ကြွယ်ယွီက အစ်ပို၏ ပုခုံးကို အသာအယာလေးပုတ်ပေးသည်။

“ရှောင်းရီ..သူဘာဖြစ်တာလဲဆိုတာ တချက်စစ်ကြည့်”

ရှောင်းရီက ချက်ချင်းဆိုသလို အစ်ပို၏ ခန္ဓာကိုယ်ကို စစ်ဆေးသည်။

“ပိုင်ရှင် သူ့ကိုယ်ထဲမှာ အရမ်းပြင်းထန်တဲ့ ဇီဝအဆိပ်တစ်ခုရှိနေတာ။ ဒီအဆိပ်က သူ့အဆုတ်နဲ့ အစာအိမ်ကို ထိုးဖောက်ဝင်ရောက်ပြီး ရောဂါပိုးတစ်ခုအသွင် ရှိနေတာ။ ခုလက်ရှိ နည်းပညာတွေနဲ့ဆို ရှာတွေ့ဖို့ ခဲယဉ်းတယ်”

“တစ်ယောက်ယောက်က တမင်တကာ လုပ်ကြံထားတာလား”

“ဟုတ်ပါတယ်။ ဒီအဆိပ်ကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်အကြာကြီး လုပ်ကြံထားတာပါ။ ဒါက မကြာသေးခင်ကမှ ရတဲ့ရောဂါမဟုတ်ဘူး”

“ဟာ ဒီလူတွေက အတော်ရက်စက်တာပဲ” ဖန့်ကြွယ်ယွီက ဒေါသ ထွက်လာမိသည်။

“မင်းတို့အားလုံးခဏထွက်ပေးပါ။ ငါနဲ့ မစ္စတာအစ်ပို ဆွေးနွေးစရာလေးရှိလို့”ဟု ဖန့်ကြွယ်ယွီက အမိန့်ပေးသည်။

မိုခီနှင့်နာရှာက စကားဆုံးသည်နှင့် လှည့်ထွက်သွားသည်။ သူတို့က ဖန့်ကြွယ်ယွီကို လုံးဝရိုသေပြီး ယုံကြည်သည်။ ရီနိုနှင့် အီဗာလာက ထွက်သင့်မထွက်သင့်တွေဝေတုံ့ဆိုင်းပြီး

ခဏအကြာမှ ထွက်သွားကြသည်။

“မိုခီ..မင်းခဏနေခဲ့ဦး”ဟု ဖန့်ကြွယ်ယွီက ဆိုသည်။

“ကူးရီ..ငါတို့ပြောကြဆိုကြတာတွေကို ဘယ်သူမှ မကြားစေနဲ့” ဟု ဖန့်ကြွယ်ယွီက စိတ်ထဲမှ အမိန့်ပေးသည်။

“ဟုတ်ကဲ့ပါ သခင်လေး” ကူးရီက သူ၏အစွမ်းဖြင့် တစ်ခန်းလုံးကို ကာထားလိုက်သည်။

“မိုခီ..ဒီဆေးကို နောက်ရက်တွေကျ ဒီဆေးကိုတိုက်လိုက်” ဖန့်ကြွယ်ယွီက သူ၏ ဘိုးဘွားများပေးခဲ့သော ဆေးလုံးကို မိုခီအားပေးသည်။

“အများဆုံး နှစ်ရက်အတွင်း သူသက်လာစေရမယ်။ ငါပြောတာယုံပါ”

“ဟား သခင်လေးရယ်..ကျွန်တော်ခင်ဗျားကို ယုံပါတယ်။ ခင်ဗျားက အဖေ့ကို ဒုက္ခရောက်အောင်လုပ်ပါ့မလား”

မိုခီက ဖန့်မိသားစုကို အကြွင်းမဲ့ယုံကြည်သည်။ဆေးက အမြင်မလှသော်လည်း သူ့အဖေ၏ ရောဂါကိုကုသပေးနိုင်မည်ဟု အကြွင်းမဲ့ယုံကြည်သည်။

“လာဒီးနစ် ဘိုးဘွားတွေက ဖန့်မိသားစုအပေါ် အကြွင်းမဲ့ယုံကြည်ဖို့ သူတို့ကိုဘယ်လောက်တောင် ပြောထားခဲ့လဲမသိ” ဟု ဖန့်ကြွယ်ယွီ၏ စိတ်ထဲတွေးနေမိသည်။

ဖန့်ကြွယ်ယွီ၏ အစ်ပိုအနားကိုကပ်ပြီး “အစ်ပို ဒီစကားကို ခင်ဗျားကြားချင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြောမှဖြစ်မှာမို့ ငါပြောရမယ်။ ခင်ဗျားက ဘာရောဂါမှ ရှိတာမဟုတ်ဘူး။ ခင်ဗျားရဲ့ သားနဲ့သမီးက ခင်ဗျားကို အဆိပ်ခတ်ထားတာ”

အစ်ပို၏ မျက်ဝန်းအစုံမှာဒေါသအရိပ်အယောင်များအတိုင်းသားမြင်လိုက်ရသည်။ ဒေါသနှင့် အတူ စိတ်မကောင်းသည့် အရိပ်အယောင်များပါ ပေါ်လာသည်၌

“သူတို့က ငါ့ကိုလုပ်ကြံဖို့ ပြင်နေကြပြီ။ပြီးကျရင် ဖန့်မိသားစုရဲ့ လက်အောက်ကနေ သူတို့ထွက်ကြမယ်။ ဒီအကြောင်းကိုခင်ဗျားသိအောင် အရင်ဆုံးပြောပြတာပါ။ သူတို့ကို ခင်ဗျားကိုယ်စား သေချာဆုံးမပေးလိုက်ပါ့မယ်”

All Chapters